စိတ်ဆန္ဒမျိုးစေ့
Vol. 30 Ch. 458
ရွှီချင်း၏စကားသံသည် မြို့ထဲသို့ လျှပ်စီးပမာပျံ့နှံ့သွားပြီး တဝုန်းဝုန်းပဲ့တင်သံများပင် မြည်ဟိန်းသွား၏။
ထိုစကားကို ကြားသူတိုင်းက အံ့သြထိတ်လန့်သွားကြသည်။ အထူးသဖြင့် ဂိုဏ်းပေါင်းစုံမှ တပည့်များအတွက် အံ့အားသင့်စရာဖြစ်သည်။
လီယုံမြို့တွင် သေခြင်းရှင်ခြင်းတိုက်ပွဲ မရှိခဲ့သည်မှာ ကြာခဲ့ပြီ။
ယေယုယျဆိုရလျှင် ဤနေရာတွင် ဂိုဏ်းပေါင်းစုံမှ တပည့်များ အချင်းချင်း စိန်ခေါ်ကြသော အလေ့အထရှိသည်။ သူတို့အားလုံးသည် လူသားမျိုးနွယ်၏ ကောင်းကင်လက်ရွေးစင်များဖြစ်ကြ၏။ ထို့ကြောင့် သူတို့အကြား သာမန်ထက်မြက်သူကို ယှဉ်ပြိုင်ရွေးချယ်ခြင်းက သိပ်မထူးခြားပါ။
ဓားကိုင်ရုံးတောင်၏ စည်းမျဥ်းများနှင့် ပေါင်းစပ်လိုက်ပါက စိန်ခေါ်တိုက်ပွဲတို့မှာ ပို၍များပြားလာတော့သည်။
သို့ရာတွင် သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးတော့ သိပ်မရှိပါ။ ထို့ကြောင့် ရွှီချင်းစကားတို့က အားလုံး၏နားထဲတွင် မိုးခြိမ်းသံနှင့် အလားသဏ္ဍာန်တူနေသည်။
တိုက်ပွဲကို ရှောင်လွှဲနေခဲ့ပြီး လူများစွာက ကျိတ်ကာ စွမ်းရည်နိမ့်သူအဖြစ် သတ်မှတ်ထားခဲ့ကြသည့် ရွှီချင်းသည် စတင်စိန်ခေါ်သည်နှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်နေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
“ပြတ်သားလှချည်လား။”
“သူက တချိန်လုံး ငြိမ်သက်နေပြီး လှုပ်ရှားလိုက်တာနဲ့ တန်းပြီး သတ်ဖြတ်ချင်တော့တာပဲ။”
“ဒီမတိုင်ခင်ကတော့ တာအိုသားတော်တစ်ပိုင်းဖြစ်နေတဲ့ ရွှီချင်း ဘာလို့ ဒီလောက် ကြောက်နေရတာလဲလို့ တွေးမိသေးတယ်။ အခုတော့ စိတ်လှုပ်ရှားစရာပဲ။”
“ပြောဖို့တော့ ခက်သေးတယ်။ ရွှီချင်းက ကိုယ်သေတွင်းကိုယ်တူးတာ မဟုတ်ဖို့ မျှော်လင့်တယ်။ ဒီလီကျစ်လျန်က မရိုးဘူး”
ဆွေးနွေးသံများ ဆက်လက်ထွက်ပေါ်လာသည်။ ကျင့်ကြံသူများစွာတို့သည် လေထဲသို့ ပျံတက်ကာ ထိုက်စီရှန်းမုန်ဂိုဏ်းနေရာသို့ လှမ်းကြည့်ကြ၏။ လီကျစ်လျန်က စိန်ခေါ်မှုကို လက်ခံမည်လား သူတို့ သိလိုသည်။
ထိုသို့ပျံတက်လာကြသည့် လူအုပ်ထဲတွင် မဟာမိတ်အဖွဲ့မှ တပည့်များလည်း ပါဝင်နေသည်။
မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူတို့ကတော့ ရွှီချင်းအကြောင်းပိုသိရာ ဝမ်းသာအားရ ဖြစ်နေကြ၏။ ချီယွဲ့ထုံဂိုဏ်းတပည့်များကတော့ ပို၍ပင် ပျော်ကြလေသည်။
မကြာမီ ထိုကိစ္စအား အာရုံစိုက်သူတို့ ပိုမိုများပြားလာကြပြီး အားလုံးက လီကျစ်လျန်၏အဖြေကို စောင့်နေကြ၏။
လီယုံကျောက်တိုင်ပေါ်တက်နေကြသူတို့ပင် တစ်ဦးပြီးတစ်ဦးဆင်းလာပြီး ဤတိုက်ပွဲအား အာရုံစိုက်လာကြသည်။ ရွှီချင်း၏စကားတို့က မြို့ထဲမှ လူများအားလုံး၏အာရုံကို ဖမ်းစားလိုက်သည်ဟုပင် ဆိုနိုင်သည်။
ရွှီချင်းသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့တွင် တာအိုသားတော်အဖြစ် နေရာယူထားသူဖြစ်သည်။ သူ့အဆင့်အတန်းက မနိမ့်ပါ။
လျီကျစ်လျန်လည်း ထိုနည်းတူပင်ဖြစ်သည်။ သူက ထိုက်စီရှန်းမုန်ဂိုဏ်း၏ တာအိုသားတော်မဟုတ်သော်လည်း အတော်လေး နာမည်ကြီးသည်။
ထို့အပြင် သူသည် လတ်တလောတွင် လူအများကြား ထင်ပေါ်နေသူ ဖြစ်သည်။ သူသည် စိန်ခေါ်ပွဲဆယ်ပွဲကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။ သူ၏ နန်းတော်လေးခုတိုက်ခိုက်ရေးစွမ်းအားမှာ အံ့မခန်းပင်။ သူက လီယုံကျောက်တိုင်တက်သူများထဲတွင် အမြင့်ဆုံးနေရာရောက်နိုင်သူလည်း ဖြစ်သည်။
အမှန်တကယ်အားဖြင့် သူ့အား ဓားကိုင်သူအချို့ပင် အာရုံစိုက်နေကြသည်။ ထိုကြောင့် ဤတိုက်ပွဲက ချက်ချင်းပင် လူတိုင်းပါးစပ်ဖျားရောက်သွားတော့သည်။
အကြည့်ပေါင်းမြောက်များစွာအောက်တွင် ထိုက်စီရှန်းမုန်ဂိုဏ်းထဲရှိ လီကျစ်လျန်က တည်ငြိမ်စွာပင် ရှိနေသည်။ သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲ လက်သွားသော်လည်း သူက တွန့်ဆုတ်နေမိသေးသည်။
အပြင်လူများက ရွှီချင်းကို နားမလည်ကြသော်လည်း သူကတော့ ထိုလူကို လေ့လာထားရသမျှ သာမန်မဟုတ်ကြောင်း သိပေသည်။
သေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်လျှင် သူက တွန့်ဆုတ်နေမည် မဟုတ်ပါ။ အသက်အန္တရာယ်နှင့် မကြုံရသရွေ့ သူသည် ကောင်းကောင်း တိုက်ခိုက်နိုင်မည်ဟု ယုံကြည်သည်။
သူ့တွင် အနိုင်ရနိုင်ချေလည်း မြင့်မားသည်ဟု ခံစားရ၏။
ထို့အပြင် ရွှီချင်းနဲ့ တိုက်ခိုက်ခြင်းက သူ့အား ပိုကျော်ကြားစေသည်။ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့၏တာအိုသားတော်နေရာမှာ အဆင့်အတန်းမြင့်မား၏။ သူ အနိုင်ရလျှင် သူ့အဆင့်အတန်းက တဟုန်ထိုး မြင့်မားသွားနိုင်သည်။
သူ့ ပါရမီစွမ်းတို့အား ပြသခြင်းဖြင့် ဓားကိုင်ရုံးတော်အာရုံကို ဆွဲဆောင်နိုင်ပြီး အမှတ်များလည်း တိုးပွားလာနိုင်သည်။
အရေးကြီးဆုံးကတော့ ရွှီချင်း၏ စွမ်းရည်ကို စမ်းသပ်ကြည့်ရန် သူ့အား အကျိုးအမြတ်များစွာ ကတိပေးထားသူတစ်ဦး ရှိနေခြင်းပင်။
ထိုလူသည် ရွှီချင်း၏သက်စောင့်မီးအိမ်ကို တန်ဖိုးထားကြောင်း သူကောင်းကောင်းသိနေသည်။
ထိုလူသည် လုပ်ဆောင်သမျှ ကိစ္စရပ်တိုင်း၌ စေ့စပ်သေချာကာ အောင်မြင်အောင် စွမ်းဆောင်လေ့ရှိသူ ဖြစ်သည်။
အမှန်က သူလည်း ရွှီချင်း၏ သက်စောင့်မီးအိမ်ကို မျက်စိကျနေ၏။
သို့ရာတွင် သူသည် အဆင်သင့်မဖြစ်သေးသဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို လက်ခံရန် ဝန်လေးနေမိသည်။
ဤနေရာက ထိုက်စီရှန်းမုန်ဂိုဏ်း မဟုတ်ပါ။ သူ အမှန်တကယ် အပြင်သို့ ထွက်လိုက်လျှင် သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်လာပေတော့မည်။ လူများစွာတို့၏ စောင့်ကြည့်နေမှုအောက်တွင် ထိုက်စီရှန်းမုန်ဂိုဏ်းနဲ့ မဟာမိတ်အဖွဲ့တို့က သူတို့အား ကာကွယ်ပေးနိုင်မည်မဟုတ်ကြပေ။
သို့ရာတွင် သူသည် စွမ်းအားမြင့်မားလှသည့် နန်းတော်လေးခုအား ပိုင်ဆိုင်ထားသလို သတင်းများအရ ရွှီချင်းတွင် ကောင်းကင်နန်းတော်သုံးခုသာရှိသေးကြောင်း သိထား၏။
တစ်ဘက်လူတွင် အင်ပါယာအဆင့်ကျင့်စဉ် ရှိနေလျှင်ပင် သူနှင့် တန်းတူသာရှိနိုင်သေးသည်။
“သေခြင်းရှင်ခြင်းတိုက်ပွဲ…ငါသူ့ကို သတ်ပြီး သူ့သက်စောင့်မီးအိမ်ကို ယူလိုက်ရင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်နဲ့ အဲဒီလူက ဘာမှပြောနိုင်မှာမဟုတ်တော့ဘူး။”
“ဒါပေမဲ့ ရွှီချင်းက ဒီလိုသေခြင်းရှင်ခြင်းတိုက်ပွဲကို စပြောရဲတော့ သူ့မှာ ယုံကြည်အားကိုးစရာတစ်ခုခုတော့ ရှိနေမှာပဲ။ ဒီတိုက်ပွဲအဖြေက ပြောဖို့တော့ ခက်နေသေးတယ်…”
လီကျစ်လျန်သည် တုံးအသူတော့ မဟုတ်ပါ။ သူ့ ခွဲခြမ်းစိတ်ဖြာမှုတို့က အသေစိတ်ကျသည်။ သူသည် ယခုအချိန်တွင် ရှေ့မတိုးသာ နောက်မဆုတ်သာနေရာတွင် ကြားညှပ်မိနေခြင်းတစ်ခုသာ ဖြစ်နေသည်။
သူသည် စိန်ခေါ်မှုများစွာကြိုတင်ကို စတင်ခဲ့သူလည်း ဖြစ်သည်။ သူက သေခြင်းရှင်ခြင်းတိုက်ပွဲကို လက်မခံလျှင် မျက်နှာပျက်ရပြီး ယခင်က ရရှိခဲ့သမျှ သိက္ခာတို့ကျဆင်းသွားနိုင်၏။
“မသိနိုင်တဲ့ ဘေးရန်တွေရှိနေပေမဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်နေသေးတာပဲ။”
“ပြီးတော့ အဲဒီ ကောက်ကျစ်ဉာဏ်များပြီး လူ မဟုတ်လောက်အောင် သွေးအေးတဲ့ ကျန်းစစ်ယွင်ကလွဲပြီး ငါ့နောက်ဆုံးအနိုင်တိုက်ကွက်ကို ရှောင်နိုင်တဲ့သူ မတွေ့ဖူးသေးဘူး။”
လီကျစ်လျန် အချိန်ခဏတာ တွေးတောနေစဉ်မှာပင် အပြင်မှ ဆွေးနွေးပြောဆိုသံတို့မှာလည်း ပိုဆူညံလာသည်။ သရော်လှောင်ပြောင်သော စကားသံတချို့ ထွက်ပေါ်လာကြရာ လီကျစ်လျန်၏မျက်လုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
သူက ဆက်တွန့်ဆုတ်နေ၍မရတော့ကြောင်း သိလိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။
“ရွှီချင်း မင်းက သေချင်နေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့။”
သူ တဲအတွင်းပျံထွက်လိုက်သည်။ သူ ကောင်းကင်သို့ ပျံတက်လာသည်နှင့် လီယုံမြို့မှ ကျင့်ကြံသူမြောက်များစွာတို့၏ မျက်လုံးများစွာက သူ့ထံ ကျရောက်လာကြသည်။
အားလုံး၏ အကြည့်အောက်တွင် လီကျစ်လျန်က အလင်းတန်းအဖြစ် ပျံထွက်သွားပြီး ရွှီချင်းထံ ဦးတည်သွားသည်။
ရွှီချင်းသည်ကား မြို့ပြင်ရှိ လေထဲတွင် ရပ်နေသည်ကို သူ အဝေးမှပင် လှမ်းမြင်နိုင်၏။
သူသည် ခရမ်းရောင်ဝတ်စုံဝတ်ထားပြီး ဆံပင်ရှည်အား နောက်သို့ ဖြန့်လျက်ချထားသည်။ သူ့တွင် နတ်ဆိုးပမာ အေးစက်သည့်ဟန်ပင်နှင့် တည်ငြိမ်သောမျက်လုံးတို့ ရှိနေ၏။
ထိုအဖြစ်က လီကျစ်လျန်အား မျက်မှောင်ကြုတ်စေသည်။ သူက ရွှီချင်းထံ အရှိန်မလျှော့ဘဲ တန်းတန်းမတ်မတ် ပျံသွား၏။ သူသည် မြို့ပြင်သို့ ရောက်ခါနီးတွင် ယခင်ထက် နှစ်ဆခန့် ပိုမြန်လာသည်။
သူ ရောက်ရှိသွားချိန်တွင် သူ့အမြန်နှုန်းမှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။ ထို့နောက် သူက ထိုအမြန်နှုန်းကို ပိုတိုးမြှင့်လိုက်ရာ ကြည့်နေသူများအားလုံးကို တအံ့တဩဖြစ်စေခဲ့သည်။ လီကျစ်လျန်သည် ထိုသို့ အမြန်နှုန်းအား ယခင်တိုက်ပွဲများ၌ တစ်ခါမှ ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ထိုအချိန်တွင် သူ့အမြန်နှုန်းက တဟုန်ထိုးမြင့်တက်သွားသည်။ သူ့ တကိုယ်လုံးသည် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ ရွှီချင်းထံ တိုးဝင်သွား၏။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ပြင်းထန်စွာရိုက်ချလိုက်သည်။
ကောင်းကင်နန်းတော်လေးခုသည် သူ့နောက်တွင် ထင်ဟပ်လာ၏။
ထိုကောင်းကင်နန်းတော်လေးခုမှာ ဆင်တူ ဖြစ်ကြသော်လည်း သာမန်ကောင်းကင်နန်းတော်များနှင့် ကွဲပြားခြားနားသည်။ ၎င်းတို့သည် လှေကားထစ်ပမာဆင့်ထပ်ကာ သလင်းကျောက်သားအတိဖြင့် ပြုလုပ်ထား၏။ ၎င်းတို့တွင် ကမ္ပည်းစာများဖြင့် ပြည့်နေပြီး တောက်ပသော ရောင်စုံအလင်းများ တဖိတ်ဖိတ်လက်နေသည်။
လီကျစ်လျန်၏လက်ဝါး ကျဆင်းလာသည်နှင့် ထိုကောင်းကင်နန်းတော်လေးခုသည်လည်း ရွှီချင်း၏ခေါင်းပေါ်သို့ သက်ဆင်းလာသည်။
၎င်းတို့က စုပုံထပ်နေသောအခါ အဝေးမှကြည့်လျင် သလင်းကျောက်ဘုရားကျောင်းတစ်ဆောင်အလား ထင်မှတ်ရ၏။
၎င်းနန်းတော်တို့က ရွှီချင်းအား ချက်ချင်းဖိနှိပ်လိုက်ကြသည်။
ထိုအရာအားလုံးသည် မျက်စိတမှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်ကာ လီကျစ်လျန် ၏အမြန်နှုန်းနှင့် ပေါင်းစပ်ထားသော အပိုင်တိုက်ကွက်တစ်ခုဟုလည်း သတ်မှတ်နိုင်သည်။
ကောင်းကင်နန်းတော်များက အောက်သို့ဖိကျလာသည်နှင့် လီကျစ်လျန်က နတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ရွှီချင်းတစ်ဦးတည်းသာ ကြားနိုင်ရုံ အသံပို့လွှတ်ပြောလိုက်သည်။
“ရွှီချင်း မင်းကို ငါရှာနေခဲ့တာ ကြာခဲ့ပြီ။ ငါတို့ကြားက ရန်ငြိုးကို မင်းမှတ်မိသေးလား….”
ထိုစကားတို့က ရွှီချင်းနှလုံးအိမ်ထဲ ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏ အမူအရာများ ပြောင်းလဲခြင်း မရှိပါ။ သူက တစ်ဖက်လူကို မသိသလို တစ်ခါမှ မြင်ဖူးခြင်းမရှိသည်မှာလည်း သေချာ၏။ တစ်ဘက်လူနှင့် ရန်ငြိုးများရှိပါက သူသည် ယခင်ကတည်းက ဝါးပေလွှာထဲတွင် မှတ်သားထားပြီး ဖြစ်ပေမည်။
ထို့ကြောင့် သူက လီကျစ်လျန် ပြောသည်ကို အာရုံမစိုက်တော့ပါ။ ထိုအချိန်တွင် ကောင်းကင်နန်းတော်လေးခုသည် အပေါ်မှ တဝီဝီဖြင့် သူ့ထံသို့ ပြင်းထံစွာ ဖိကျလာ၏။ ၎င်းတို့ထံမှ စွမ်းအားများ မီးကုန်ယမ်းကုန်ပေါက်ကွဲထွက်လာကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တုန်ခါလာသည်။ ထိုကောင်းကင်နန်းတော်လေးခုဖြင့် ဖွဲ့စည်းထားသည့် ဘုရားကျောင်းကြီးမှာ ရွှီချင်းကိုယ်ပေါ်သို့ အုပ်မိုးလာ၏။
၎င်းဘုရားကျောင်းကြီး ပတ်လည်တွင် လျှပ်စီးကြောင်းများစွာ ဖြစ်လာပြီး မြေပြင်သို့ ချည်မျှင်များကဲ့သို့ ချိတ်ဆက်လာကြသည်။ ဘုရားကျောင်းကြီးက မြေပြင်သို့ ဆက်လက်ဖိကာ ချနေဆဲပင်။
သို့ရာတွင် ဘုရားကျောင်းမှာ လေထဲတွင် ရုတ်တရက်ရပ်တန့်သွား၏။ ကျောင်းကိုယ်ထည်ကြီးက တုန်ခါလာပြီး မြေတုန်ဟီးသည့် အသံတစ်ခု မြည်ဟိန်း ပဲ့တင်သွားသည်။
တဝုန်းဝုန်း အသံများကြားတွင် ဘုရားကျောင်းသည် ထင်ရှားစွာ ပြိုလဲကွဲအက်လာပြီး အပိုင်းအစများစွာအဖြစ် အရပ်ရပ်သို့ ပေါက်ကွဲပျံ့နှံ့ထွက်သွားသည်။
ထို့နောက် လေထဲတွင် ရွှီချင်း၏ပုံရိပ် ပြန်ပေါ်လာပြီး သူ့ဘေးပတ်လည်တွင် ကောင်းကင်ဆန်တင်နေသော လှိုင်းကိုးထပ် ဖြစ်တည်နေ၏။
လှိုင်းများအထပ်ထပ်သည် ဘက်ပေါင်းစုံသို့ ပြန့်ထွက်သွား၏။ ရွှီချင်းကတော့ ပင်လယ်နတ်ဘုရားတစ်ပါးအလား လှိုင်းပေါ်တွင် ရပ်လျက် ရှိနေသည်။
ဟိန်းသံတစ်ချက် မြည်ဟိန်းထွက်သွားသည်။ ရွှီချင်းနောက်တွင် ရွှေကျီးကန်းသည် ပင်လယ်ထဲမှ ပေါ်ထွက်လာသည့် နေလုံးပမာ ရွှီချင်းအပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်၏။
၎င်း၏ခန္ဓာကိုယ်သည် ရွှေရောင်အလင်းထဲတွင်မှ အနက်ရောင်ဖြစ်နေသော်လည်း ကိုယ်ပေါ်တွင်တော့ သက်တံ့ရောင် မီးငှက်မြီးဆယ့်ကိုးခုလည်း လေထဲတွင် ကခုန်လှုပ်ယမ်းနေကြ၏။ ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်းတွင် လောင်ကျွမ်းနေသည့် ဖီးနစ်မီးငှက်မွေးများသည် တလောကလုံးကို ပတ်ဝဲလျက်ရှိတော့သည်။
လီကျစ်လျန်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ရွှီချင်းသည် အလွန်သန်မာကြောင်း သူ သိထားခဲ့သော်လည်း ထိုအချိန်တွင်မှ သူက ရွှီချင်းကိုယ်ပေါ်က ပြင်းထန်လှသည့် စွမ်းအားတို့ကို မျက်ဝါးထင်ထင်တွေ့မြင်ရခြင်းဖြစ်၏။
ထိုလူက နန်းတော်ငါးခု တိုက်ခိုက်ရေးစွမ်းအားနီးနီးသို့ပင် ရောက်ရှိနေသည်ဟု သူ ခံစားမိသည်။
‘သေစမ်း… ငါ့အသံပို့လွှတ်မှုက သူ့ကို ဘာလို့ သံသယစိတ်တွေ မမွေးဖွားစေနိုင်တာလဲ။’
သူက ရွှီချင်းအား ကြည့်လိုက်သည့် ခဏတွင်ပင် ရွှီချင်းကလည်း လှုပ်ရှားလိုက်သည်။
သူက လီကျစ်လျန်ထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ ရွှေကျီးကန်းက အတောင်များဖြန့်လိုက်ပြီး နောက်တွင် တဟုန်းဟုန်းထနေသည့် လှိုင်းလုံးများကလည်း လိုက်ပါလာကြ၏။
လီကျစ်လျန် မျက်လုံးများ ပြူးကျယ်သွားပြီး သူက နောက်သို့ အလောတကြီးဆုတ်လျက် လက်နှစ်ဖက်ဖြင့် လက်ဟန်များ အတွဲလိုက်ပြုလုပ်လိုက်သည်။
“အင်မော်တယ်ပညာရပ်၊ စစ်မှန်ဝိညာဉ်လှံချက်…”
တလက်လက်ထနေသည့် ရေခဲလှံများ ပတ်ပတ်လည်တွင် ဖြစ်တည်လာပြီး ရွှီချင်းထံသို့ လှစ်ခနဲပျံထွက်သွားကြသည်။
ထိုလှံများသည် ရွှီချင်းအား ဟန့်တားရန်ကြိုးစားလိုက်ကြသော်လည်း ရွှေကျီးကန်းက အားလုံးကို ဖျက်ဆီးလိုက်သည်။
“အင်မော်တယ်ပညာရပ်၊ နိမိတ်မီးတောက်။”
ထိုချက်ချင်းပင် မီးလျှံပင်လယ်ကြီးတစ်ခု အရပ်မျက်နှာမျိုးစုံသို့ ပြန့်ထွက်သွားကာ မီးလက်ဝါးကြီးအဖြစ်ပြောင်းလဲသွားပြီး ရွှီချင်းထံ ရိုက်ခတ်လာသည်။ သို့ရာတွင် ၎င်းလက်ဝါးကြီးကလည်း တဟုန်းဟုန်းတလာသည့် လှိုင်းလုံးများအကြား ဖုံးလွှမ်းနစ်မြုပ်သွားသည်။
“အင်မော်တယ်ပညာရပ်၊ နန်းတော်လေးခု ပဥ္စလက်။”
ကောင်းကင်နန်းတော်အပိုင်းအစများက ကောင်းကင်တွင် မှုန်ဝါးလှုပ်ရှားကာ ပျက်ပြယ်သွားကြသည်။ ထို့နောက်တွင် လေထဲ၌ကောင်းကင်နန်းတော်လေးခု ထပ်မံပေါ်ထွက်လာပြီး စီတန်းသွားကြသည်။ နန်းတော်နှစ်ခု ဘေးချင်းကပ်ရှေ့တွင် စီတန်းကာ နောက်တွင် ဒေါင်လိုက်တန်းနှစ်ခု ရှိနေသည်။
၎င်းက ပဥ္စလက်အစီအရင်အပိုင်းအစတစ်ခုပမာ သုံးသပ်တွက်ချက်နေဟန်ရှိနေသည်။
ဤမျှနှင့်မဆုံးသေး၊ လီကျစ်လျန်က လက်တစ်ဖက်ယမ်းလိုက်ရာ ရွှီချင်းအောက်တွင် မှန်ကြီးတစ်ချက်လည်း ပေါ်ထွက်လာပေသည်။
ထိုမှန်ကြီးမှာ ပုံရိပ်ယောင်များ ဝေဝါးနေပြီး အထဲတွင် ဝိုးတဝါးကိုယ်ရိပ်များစွာ ထင်ဟပ်လျက်ရှိနေသည်။ ၎င်းအား ပြတ်သားစွာမမြင်နိုင်သော်လည်း ၎င်းတို့ကထူးဆန်းသည့် စွမ်းအားတို့ ရှိနေသည့်အလား အကြည့်တို့ကို အလိုလိုဖမ်းစားလျက်ရှိနေသည်။ ပြတ်သားစွာမမြင်နိုင်လေ ပိုကြည့်လိုစိတ်ပြင်းပြလာလေပင်။
ထိုသို့လုပ်ပြီးသော် လီကျစ်လျန်က ညာလက်ကိုမြှောက်လိုက်ပြီး လက်ဟန်တို့အတွဲလိုက် လျင်မြန်စွာ ပြုလိုက်သည်။ သူက တစ်ခုခုတွက်ချက်နေသည့်ဟန်ပင်။
မှန်ကြီးထဲက အရိပ်များကလည်း တဖြည်းဖြည်းပြတ်သားလာကြသည်။
နောက်တစ်ခဏတွင် ရွှီချင်းက ကောင်းကင်နန်းတော်များကို ထိုးဖောက်ခွဲလိုက်ရာ လီကျစ်လျန်၏အမူအရာက သွေးဆုတ်သွားကာ သွေးတစ်ပွက်ထွေးအန်လိုက်တော့သည်။ သူက ရွှီချင်းအား မယုံနိုင်ဟန်ကြည့်ကာ ဖျပ်ခနဲအော်လိုက်သည်။
“မင်းက ငါ့ကို ဘာလို့မမှတ်မိတာလဲ နားလည်ပြီ။ မင်းခန္ဓာကိုယ်က…မင်းဟာ တကယ်တမ်း…”
သူက ပြောရင်းဖြင့် တစေတစ်ကောင်မြင်လိုက်ရသည့်အလားဖြစ်သွားကာ ချာခနဲလှည့်ထွက်ပြေးသွားတော့သည်။
သူ ပြေးသည်နှင့် ရွှီချင်းကလည်း လက်လှမ်းကာဖမ်းဆွဲလိုက်သည်။
ရွှီချင်းဖမ်းကုပ်ဆွဲလိုက်သည်က လီကျစ်လျန်ပြေးထွက်သွားသည့်ဘက်သို့ မဟုတ်ဘဲ သူ့နောက်မှ နေရာသာ ဖြစ်နေသည်။
***