← Chapters

အစွမ်းပြခြင်း

Vol. 30 Ch. 459

အစွမ်းပြခြင်း

Vol. 30 Ch. 459

ရွှီချင်း မျက်လုံးများထဲတွင် အေးစက်သောအလင်းများ ဖြတ်သန်းသွားသည်။ သူက ညာလက်ကို မြှောက်လျက် သူ့နောက်ရှိ ဗလာနယ်နေရာမှ လူရိပ်တစ်ခုအား လည်ပင်းမှ ဖမ်းဆုပ်ကာ ပြင်းထန်စွာ ဆွဲထုတ်လိုက်သည်။

ထိုလူရိပ်က ရုန်းကန်သော်လည်း အချည်းနှီးပင်။ နောက်တခဏတွင် ၎င်းလူရိပ်သည် ထင်ရှားစွာ ပေါ်ထွက်လာသည်။ ထိုသူမှာ လီကျစ်လျန်ပင် ဖြစ်နေသော်လည်း သူ့မျက်နှာကတော့ မြန်ဆန်စွာ မဲနက်လာသည်။

ရွှီချင်း လက်တွင် အဆိပ်များ ပါနေသည်။

သူက လီကျစ်လျန်အား ထိကိုင်လိုက်ရုံဖြင့်ပင် တစ်ဖက်လူမှာ အဆိပ်မိကာ ပုပ်သိုးစပြုလာသည်။

ထိုအချိန်တွင် ပြေးထွက်သွားသည့် လီကျစ်လျန်၏ခန္ဓာကိုယ်မှာ မှုန်ဝါးကာ ပျက်ပြယ်သွားသည်။

“ငါ ဒီမှာရှိနေမှန်း မင်းဘယ်လိုသိသွားတာလဲ။ မဖြစ်နိုင်ဘူး။ ပြီးတော့ အခုအချိန်ထိ မင်းက သံသယစိတ်လည်း နည်းနည်းမှ မရှိပါလား။ မင်း…မင်းအရင်ကဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲ။ ဘယ်လိုလုပ် ဒီလောက်စိတ်က ခိုင်မာနေနိုင်တာလဲ။”

ရွှီချင်းထံတွင် လည်ပင်းညှစ်ခံထားရသည့် လီကျစ်လျန်သည် ချောက်ချားမှုနှင့် မယုံနိုင်နိုင်ဟန်တို့ ပြည့်နေသည့် မျက်လုံးတို့ဖြင့် အလိုလိုအော်မိတော့သည်။

သူ ယခင်က ကြုံတွေ့ခဲ့သည့် ပြိုင်ဘက်များဆိုလျှင် ဟန်မူရာတို့ပြောင်းကာ သူ့အား နှုတ်ပိတ်ရန် အစွမ်းကုန်လိုက်လံတိုက်ခိုက်ကြမည် ဖြစ်သည်။ အားလုံးတွင် လျို့ဝှက်ချက်များ ရှိကြသည်ချည်းဖြစ်ရာ ၎င်းတို့အား တခြားလူများ သိသွားမည်ကို သေချာပေါက် တားဆီးကြပေမည်။

သူ၏ အမှန်တဝက်စကားတို့က အခြားလူများအား အလွယ်တကူ သံသယစိတ်များ ပြည့်လာစေမည်သာ။ ထိုစကားတို့ကို ကြားသူတိုင်း အလိုလို အာရုံများသည့် အတွေးများ ဝင်လာကြပေမည်။ ထိုအာရုံ၏ဖမ်းစားမှု၌ ထိုသူသည် ထွက်ပြေးသွားသည့် လူနောက်ကိုသာ လိုက်ရန် အာရုံစိုက်ကြပေလိမ့်မည်။

ဤကား သူ့ရည်ရွက်ချက်ပင်ဖြစ်သည်။

လီကျစ်လျန်တွင် ကြိုဟောတွက်ချက်နိုင်စွမ်း အလျင်းမရှိသလို ကြိုဟောပဥ္စလက်အတတ်လည်း မရှိပါ။ သို့ရာတွင် ထိုက်စီရှန်းမုန်ဂိုဏ်း၏ မန္တာန်အတတ်တို့သည် လျို့ဝှက်ဆန်းကြယ်နေပြီး အတွင်းစိတ်နယ်ပယ်အပေါ် အားပြုတတ်ကြသည်။

သို့သော် သူက အတွင်းစိတ်နယ်ပယ်ကို ကျင့်ကြံခဲ့ခြင်းမရှိခဲ့သေးပဲ စိတ်အတွေးအဆင့်သာ ရောက်ရှိခဲ့သေးသည်။

ထိုစိတ်အတွေးက ခံစားချက်တို့ ကိုခြုံပြောထားခြင်းဖြစ်သည်။

အတိအကျဆိုရလျှင် သူ့ကျင့်ကြံသည်က သံသယစိတ်ဖြစ်သည်။ ရန်သူက သူ့အား ရင်ဆိုင်ရာတွင် သံသယတို့ရှိနေသရွေ့ ထိုလူ၏အာရုံကို ပိုဆူပွက်စေခြင်းဖြင့် အနိုင်ယူရန် လှည့်ကွက်တစ်ခုအဖြစ် အသုံးချသည်။

ယခင်က သူက ထိုတိုက်ကွက်ကိုသုံးကာ လူများစွာကို သတ်နိုင်ခဲ့သည်။ သူသည် တာအိုသားတော် ကျန်းစစ်ယွင်နှင့် ရင်ဆိုင်ချိန်၌သာ ပထမဆုံးအကြိမ် ကျရှုံးခဲ့ဖူး၏။

ယနေ့လည်း ထိုနည်းတူပင်ဖြစ်မည်ဟု မူလက ကြိုတွေးထားသည်။ ရွှီချင်းတွင် အာရုံများသည့် အတွေးများရှိသရွေ့ သူက အပိုင်တိုက်ကွက်ကို ထုတ်သုံးနိုင်ပေမည်။ ရွှီချင်းက ပြေးလိုက်ကာ သူ့ကိုယ်ပွားကို ပစ်မှတ်ထားနေချိန်တွင် သူက အလစ် တိုက်ခိုက်မည်ဖြစ်သည်။ သူ့ အပိုင်တိုက်ကွက် နောက်တစ်ခုနှင့် ပေါင်းလျှင် တစ်ဘက်လူ သေချာပေါက် သေလမ်းခရီးသို့ ကြွမြန်းရပေမည်။

သို့ရာတွင် ယ‌နေ့သူက ဒုတိယအကြိမ်ကျရှုံးမှုနှင့် ကြုံရ၏။

သူက ပထမတစ်ကြိမ်ကျရှုံးမှု၌ အသက်ရှင်နိုင်ခဲ့သော်လည်း သည်တစ်ခေါက်တွင်ကား လွတ်မြောက်ရန် မလွယ်ကူပါ။

ရွှီချင်းသည် ရန်သူအား ရှင်းပြတတ်သောလူမျိုး မဟုတ်ပေ။ ထိုအချိန်တွင် လျီကျစ်လျန်ရုန်းကန်နေချိန်၌ သူ့ ညာလက်သည် ‌ရေကြည်ရောင်ပြောင်းကာ တဖက်လူ၏ကောင်းကင်နန်းတော်ထဲသို့ တန်းဝင်သွားသည်။ သူ့လက်အား ဆွဲထုတ်လိုက်လျှင် သလင်း‌ကျောက်ပမာ ရွှေအမြုတေလေးခုကို ထုတ်ယူလိုက်သည်။

နားစည်ကွဲထွက်မတက်‌အော်သံတစ်ခုက အရပ်မျက်နှာမျိုးစုံသို့ ပြန့်လွင့်သွား၏။ ထိုအသက်ဘေးအန္တရာယ်အကျပ်အတည်းထဲကျရောက်ချိန်တွင် လီကျစ်လျန်၏ မျက်လုံးများထဲတွင် သွေးပျက်မှုတို့ပေါ်လာပြီး သူက တုန်လှုပ်စွာ ပြောလိုက်သည်။

“လူတစ်ယောက်က မင်းကိုစမ်းသပ်ခိုင်းခဲ့တာ။ ဒါ့ကြောင့် မင်းကို အရင်က ငါ စိန်ခေါ်ခဲ့တာပဲ။ ရွှီချင်း ငါ့ကို ချမ်းသာပေးပါ။ ငါ့ကို ချမ်းသာပေးရင် ဘယ်သူခိုင်းတာလဲ ပြောပြမယ်”

ရွှီချင်း၏မျက်နှာက တည်ငြိမ်လှသည်။ သူ့ဘယ်လက်တွင် ဓားမြှောင်တစ်လက်ပေါ်လာပြီး လီကျစ်လျန်၏လည်ပင်းအား လှီးဖြတ်လိုက်၏။

သွေးများ နေရာအနှံ့ ပန်းထွက်သွားပြီး စီးကျလာတော့သည်။

ထိုသွေးတို့က သူ့ဝတ်စုံတို့အား စွန်းထင်းသွားပြီး မြေပေါ်စီးကျသွားတော့သည်။ နှင်းဖြူများထဲတွင် သွေးအိုင်သည် ထင်ရှားနေ၏။

လီကျစ်လျန်က လည်ပင်းကို တင်းတင်းကိုင်လျက် ရွှီချင်းအား မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်သည်။ ရွှီချင်းက ရပ်တန့်ကာ သူ့အား စကားပြောခွင့်မပေးရခြင်းကို နားမလည်နိုင် ဖြစ်နေဟန်ရှိသည်။

အခြားသူများသာ ထိုနေရာမှာဆိုလျှင် မေးခွန်းတစ်ခုတော့ အနည်းဆုံး မေးပေလိမ့်မည်။

သူက ထိုလူနာမည်ကို ထုတ်မပြောဝံ့သော်လည်း လှည့်ကွက်သုံးကာ အခြားနာမည်များ ထုတ်ပြောလျှက် အန္တရာယ်မှ ရှောင်နိုင်သည်။ ထို့အပြင် သူက မည်သူ့ကို ညွှန်းရမည်ကိုပင် ကြိုတင်တွေးထားပြီဖြစ်သည်။ သူတော်စင်ကြယ်၏အဖေ၊ သို့မဟုတ် ရွှီချင်း၏ဂိုဏ်းတူညီကိုများစသည့်ဖြင့်…။

သူ့ ရည်ရွယ်ချက်သာ အောင်မြင်ပါက တစ်ဖက်လူ၏ သံသယတို့အား တိုးပွားစေနိုင်ကာ ပထမတစ်ကြိမ် မအောင်မြင်ခဲ့သော ပွဲသိမ်းတိုက်ကွက်ကိုလည်း သုံးနိုင်သေးသည်။

သို့ရာတွင် ရွှီချင်းက နားထောင်ရန် စိတ်ကူးပင်မရှိသဖြင့် သူ့အကြံများအားလုံး ရေစုန်မြောသွားရ၏။

ထို့ကြောင့် ဤအချိန်တွင် သူ့မျက်လုံးတို့တွင် နာကျည်းမှုများပေါ်လာကြသည်။ သို့ရာတွင် ထိုနာကျည်းမှုတို့က အခြေအမြစ်လည်း မရှိပေ။ နောက်ဆုံးတွင် သူခန္ဓာကိုယ်သည် လဲပြိုသွားပြီး အရာအားလုံးက ထာဝရနောင်တအဖြစ်သာ ပြောင်းလဲသွားကြတော့သည်။

သူသည် အမှန်တကယ်နောင်တရနေ၏။

ထိုလူပေးခဲ့သည့် အကျိုးအမြတ်တို့ကို လောဘတက်မိကာ ရွှီချင်းအား စမ်းသပ်မိခြင်းအတွက် သူ နောင်တရမိသည်။ သူက ရွှီချင်းအား ကြိမ်ဖန်များစွာ စိန်ခေါ်ခဲ့ပြီး သူ၏ညီနောင်တပည့်များကိုပင် ဖမ်းချုပ်ကာ တိုက်ခိုက်ရန် အကြပ်ကိုင်ခဲ့သေးသည်။

သူက လောဘတက်မိခြင်းနှင့် ဤတိုက်ပွဲတွင် အနိုင်ရချေရှိသည်ဟု တွက်ဆခဲ့ခြင်းတို့အတွက် နောင်တရမိသည်။

သူ ပို၍နောင်တရမိသည်ကား အရှက်ရမည်စိုးကာ သေခြင်းရှင်ခြင်းတိုက်ပွဲကို လက်ခံခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၎င်းတို့သည် ယခု စိတ်ထွေပြားခြင်းနှင့်တော့ မနှိုင်းယှဉ်နိုင်ပါ။ သူမသေခင် နောက်ဆုံးအချိန်ထိ အဘယ်ကြောင့် ရွှီချင်းသည် အစမှအဆုံးထိ သံသယစိတ်အနည်းငယ်မျှ မဖြစ်ပေါ်လာသည်ကို နားမလည်ပါ။

ယခုတော့ အားလုံးက နှောင်းနောင်တအဖြစ်သာ ပြောင်းလဲသွားချေပြီ။

တစ်စုံတစ်ယောက်က ဘဝပိတ်ကားကို ချလိုက်သောကြောင့် သူ့ရှေ့မှ လောကကြီးတစ်ခုလုံးမှာ မှောင်မိုက်သွားချေပြီ။

မြို့ပြင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

နှင်းကျဲကျဲတို့သည် လေအ‌‌ဝှေ့တွင် ပါလာပြီး ကောင်းကင်မှ တဖြည်းဖြည်းကျဆင်းလျက် သွေးအလိမ်းလိမ်းဖြင့် အလောင်းပေါ်သို့ ဖြန်းပက်ကြသည်။

မကြာမီ…သွေးများကိုပင် မြင်နိုင်ခြင်းမရှိတော့ပါ။ လီကျစ်လျန်၏အလောင်းသာ မလှုပ်မယှက်ကျန်ပါတော့သည်။

ရွှီချင်း၏မျက်နှာမှာကား ခံစားချက်ကင်းမဲ့နေ၏။ သူက တစ်ဖက်လူ၏စကားတို့အား ကြားခဲ့သော်လည်း တချို့တစ်ဝက်တို့ကို ယုံကြည်ကာ တချို့တစ်ဝက်မှာ မှားယွင်းကြောင်း နားလည်သည်။

ဤကိစ္စအား တစ်စုံတစ်ဦးက နောက်ကွယ်မှ ကြိုးကိုင်ကြံစည်ထားကြောင်း သူ နားလည်သည်။ ထိုအချက်သည် သူ ကြိုတင်တွက်ဆထားသည့်အတိုင်း ဖြစ်၏။

သို့ရာတွင် တခြားသော စကားများကိုမူ မယုံပါ။

နောက်ဆုံးတွင် ရွှီချင်းကိုယ်တိုင်က တခြားလူများ၏စကားကို ယုံကြည်လေ့မရှိခြင်းသည်သာ အဓိက ဖြစ်သည်။

လီကျစ်လျန်ကို စမ်းသပ်ရန် ခိုင်းစေနိုင်သူသည် သေချာပေါက် နောက်ခံအင်အားကောင်းပေလိမ့်မည်။ ထို့ကြောင့် လီကျစ်လျန်သာ ထိုနာမည်ကို ထုတ်ဖော်ပြောလျှင် သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် သူပြောမည့်နာမည်သည် အတုအယောင် ဖြစ်ဖို့များ၏။

ရွှီချင်းက နာမည်တုတစ်ခုအတွက် အသက်တစ်ချောင်းနှင့် လဲလှယ်ခြင်းက မတန်ဟု ခံစားရသည်။

သူ့အကျင့်နှင့် စိတ်ထားတို့မှာလည်း ထိုသို့ ဖြစ်နေသည်။ သူသည် အန္တရာယ်ကို အာရုံခံမိသော်လည်း ထိုအကြံအစည်ပိုင်ရှင်ကို ရှာမတွေ့နိုင်လျှင် ၎င်း၏ လက်သည်းနှင့် အစွယ်တို့အား ရက်စက်စွာချိုးဖျက်ခြင်းကလည်း အဟန့်အတား တစ်ခုမဟုတ်ပါလား။

လီကျစ်လျန်၏ သံသယတို့အတွက် အဖြေကတော့ ရိုးစင်းလှပေသည်။

ရွှီချင်းသည် သူ့ကိုယ်ပိုင် အတွေး အယူအဆနှင့် မှတ်ဉာဏ်တို့ကိုသာ ယုံကြည်အားထားသည်။

“ရွှီချင်း မင်းကိုငါရှာနေခဲ့တာကြာပြီ။ ငါတို့ကြားက ရန်ငြိုးကို မှတ်မိသေးရဲ့လား…”

ဤက လီကျစ်လျန်၏ ပထမဆုံးစကားဖြစ်သည်။ သို့ရာတွင် ရွှီချင်းသည် သူ့ရန်သူအားလုံးကို ဝါးပေလွှာတွင် ထွင်းထုထားခဲ့သည်ကိုတော့ တစ်ဘက်လူ သေသည့်အထိ မသိသွားခဲ့ပါ။ သူသည် ထိုပေလွှာကို မကြာခဏထုတ်ကြည့်တတ်ပြီး တခြားအရာများကို မေ့လျော့သွားသည့်တိုင် သူ့ရန်သူများကိုတော့ အမြဲအမှတ်ရနေမည် ဖြစ်ပေသည်။

“မင်းငါ့ကို ဘာလို့ မမှတ်မိတာလဲ ငါသိပြီ။ မင်းခန္ဓာကိုယ်က…မင်းက တကယ်တော့…”

ထိုဒုတိယစကားသည်လည်း ရွှီချင်း၏စိတ်ခံစားချက်တို့ကို အနည်းငယ်မျှပင် လှုပ်ခါနိုင်စွမ်းမရှိခဲ့ပါ။ သူ့ လျို့ဝှက်ချက်များကို ဖုံးကွယ်သည်က သူ့အကျင့်တစ်ခုလို ဖြစ်နေတတ်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက လျို့ဝှက်ချက်များကို ယုံကြည်ချက်အပြည့် ရှိနေသည်။ အခြားလူက အတိအကျ ထုတ်ဖော်ပြောခြင်း မဟုတ်ပါက သူ အနည်းငယ်မျှ သံသယစိတ်တို့ ဖြစ်မည် မဟုတ်ပေ။

နောက်ဆုံးတွင် လီကျစ်လျန်၏ စိတ်အတွေးမျိုးစေ့နည်းစနစ်သည် စွမ်းအားမလုံလောက်ခြင်း မဟုတ်ဘဲ သူသည် ရွှီချင်း၏စရိုက်လက္ခဏာအား နားမလည်ခြင်းသာ ဖြစ်သည်။

“ဟိတ်ဟန်ပဲ ရှိတယ်”

ရွှီချင်းက တည်ငြိမ်စွာ မှတ်ချက်ချသည်။ တိုက်ပွဲစချိန်ကတည်းက ယခုအချိန်ထိ ထိုတစ်ခွန်းတည်းသာ သူ့ပါးစပ်မှ ထွက်လာသည်။

အချိန်တစ်ခုကြာတိတ်နေပြီးနောက် လီယုံမြို့တွင် ဆူညံပွတ်လောရိုက်သွားသည်။ လေထဲတွင် ရပ်နေကြသည့် ဂိုဏ်းပေါင်းစုံတပည့်တို့၏ ပါးစပ်မှ အထိတ်တလန့်ရေရွတ်သံများ ထွက်လာကြသည်။

“သေသွားပြီလား။”

“ဒါ…ဒါက မြန်လှချည်လား။ သူက တစ်ချက်တည်းနဲ့ ကောင်းကင်နန်းတော်တွေကို ဖြိုခွဲလိုက်ပြီး လည်ပင်းကို လှီးလိုက်တာပဲ။”

“သူက တကယ်ကို ရက်စက်တာပဲ။”

“ဒီရွှီချင်းကို ငါတို့ သွားထိလို့ မဖြစ်ဘူး။ ဒီလူက တကယ်ရက်စက်တာပဲ။ သူက တိုက်ခိုက်တာနဲ့ လီကျစ်လျန်ကို တန်းသတ်လိုက်ပြီ။..ရက်စက်လိုက်တာ။ ဂိုဏ်းရှစ်ဂိုဏ်းမှာ တာအိုသားတော် အဖြစ်တစ်ဦးတည်း နေရာယူထားတဲ့သူဆိုတဲ့ ဂုဏ်ပုဒ်အတိုင်းပဲ”

လန့်အော်သံများ ထွက်ပေါ်လာပြီး ဆွေးနွေးပြောဆိုသံများ ကြွက်ကြွက်ညံသွားသည်။ ဤနေရာရှိ ဂိုဏ်းပေါင်းစုံမှ တပည့်များနှင့် လေလွင့်ကျင့်ကြံသူများအားလုံး ထိတ်လန့်နေမိကြသည်။

သူတို့က ရွှီချင်း၏ အမြန်နှုန်းနဲ့ ရက်စက်ပြတ်သားမှုတို့ကို ထိတ်လန့်နေမိကြသည်။ သူတို့က ဆန်းကြယ်သည့် ကွေ့ယုံသိုတောက်အတတ်ကိုတော့ မမြင်နိုင်ခဲ့သော်လည်း လီကျစ်လျန်၏အလောင်းခြောက်ကပ်သွားခြင်းနဲ့ မသေခင်အော်ခဲ့သော နားစည်ကွဲမတတ်‌အော်သံကိုတော့ ကြားခဲ့မြင့်ခဲ့ကြရသည်ပင်။

ထိုအချက်တို့ဖြင့် လီကျစ်လျန်တစ်ယောက် မသေခင် မည်မျှနာကျင်နေခဲ့ကြောင်း သူတို့ မှန်းဆကြည့်နိုင်ပေသည်။

တိုက်ကွက်၏ရက်စက်မှုက အားလုံး၏စိတ်ထဲတွင် အေးစိမ့်သွားရသည်အထိပင်။ ထိုနေရာတွင် ရပ်နေသည့် ရွှီချင်းမှာ သူတို့မျက်လုံးထဲတွင် နတ်ဆိုးတစ်ကောင်ဖြစ်သွားသည့်အလားပင်။

ထိုဖြစ်ပျက်သမျှအားလုံးသည် ထိုနေရာရှိလူတိုင်းကို တည်ကြည်လေးနက်သွားစေသည်။ အထူးသဖြင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများပင် အာရုံစိုက်မိကြ၏။ အတော်များများက ရွှီချင်းအား မကောင်းဆိုးဝါးသားရဲတစ်ကောင်အလား ကြည့်မိကြ၏။

ဂိုဏ်းအဖွဲ့များစွာတို့မှ တပည့်အဖွဲ့များကို ဦးဆောင်ကြသော ခေါင်းဆောင်များပင် ထိုတိုက်ပွဲကို အာရုံစိုက်မိကြသည်။ လူများစွာက ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်တို့၏ စခန်းများထံသို့ လှမ်းမျှော်ကြည့်ကြ၏။

ထိုက်စီရှန်းမုန်ဂိုဏ်းသည် တိတ်ဆိတ်နေ၏။

ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှာလည်း ထိုနည်းတူပင်။

သူတို့အားလုံးက စောင့်နေကြခြင်းဖြစ်သည်။ အဖြစ်အပျက်က ရှင်းလင်းပြတ်သားနေကာ သူတို့က ဓားကိုင်ရုံးတော်၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။

မကြာခင် လီယုံကျောက်တိုင်အပေါ်မှ အေးစက်သော အသံတစ်ခု မြည်ဟိန်းလာသည်။

“ဘယ်လိုတောင် ပြတ်သား၊ရဲရင့်လိုက်တဲ့ ကောင်လေးလဲ။”

“ငြိမ်းချမ်းနေချိန်မှာတော့ မင်းစိတ်ထားပုံစံနဲ့ ကြာကြာရှင်နေနိုင်မှာ မဟုတ်တာသေချာတယ်။ ဒါပေမဲ့ ခုချိန်မှာတော့… ငါတို့ ဓားကိုင်ရုံးတော်က ဒီလိုဝံပုလွေပေါက်မျိုးလိုအပ်နေတာပဲ။”

“ချီယွဲ့ထုံက မျိုးဆက်ကောင်းမွေးထုတ်ပေးနိုင်ခဲ့တာပဲ။”

“ကောင်လေး မင်းရဲ့ အကဲဖြတ်ပွဲရလဒ်ကို ငါကြည့်ချင်နေမိပြီ။”

အသံက အမျက်နှာမျိုးစုံမှ ပဲ့တင်ထွက်လာပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ရွှယ်လျန့်ကျစ်၏ရယ်သံကြီးလည်း ထွက်လာတော့သည်။

“ရွှီချင်း သခင်ကြီးကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောလိုက်လေ။”

ရွှီချင်းက ထိုမျက်နှာသာပေးချီးကျူးခံရမှုအား ဝန်လေးနေမိသော်လည်း သူ့စိတ်ထဲတွင် မှန်းဆချက်တစ်ခု တက်လာပြီး သူကကောင်းကင်သို့ ဦးညွှတ်လိုက်တော့သည်။

“ကျေးဇူးပါပဲ သခင်ကြီး။”

ဓားကိုင်ရုံးတော်က မိန့်ကြားပြီးဖြစ်သဖြင့် ထိုကိစ္စက ဆုံးဖြတ်ပြီးဖြစ်ပေသည်။ ဤအကဲဖြတ်ပွဲတွင် ယခုအချိန်ထိ သေဆုံးမှုမရှိခဲ့သေးသော်လည်း အရင်ပွဲများတွင်တော့ သေကျေမှုတို့ ရှိခဲ့သည်ပင်။

ဓားကိုင်ရုံးတော်က တမင်ထောက်ခံအားပေးခြင်းမရှိခဲ့သော်လည်း မြို့ပြင်က သေဆုံးမှုတို့ကိုတော့ စည်းကမ်းဖောက်မှုအဖြစ် ယူဆခြင်းမရှိခဲ့ပေ။

ရွှယ်လျန်ကျစ်က ထိုအချက်ကိုသိသလို ထိုက်စီရှန်းမုန်ဂိုဏ်းကလည်း ထိုသို့သိထားပေသည်။

ဂိုဏ်းကြီးတစ်ဂိုဏ်းက အတွေးများတိမ်မည်တော့ မဟုတ်ပေ။ မကြာမီ ထိုက်စီရှန်းမုန်ဂိုဏ်းက ကျင့်ကြံသူများရောက်ရှိလာကြပြီး လီကျစ်လျန့်၏အလောင်းကို သိမ်းယူသွားကြတော့သည်။

ရွှီချင်းသည်လည်း လီယုံမြို့ထဲသို့ ပြန်ဝင်လာ၏။ သို့ရာတွင် ဤတစ်ကြိမ်တွင်တော့ သူ့ခြေလှမ်းတို့က ယခင်ကနှင့် မတူတော့ပေ။

ယခင်က သူ့စကားနဲ့ ပြုမူသမျှတို့ကို အာရုံစိုက်သူ သိပ်မရှိပါ။ အများစုက သူ စိန်ခေါ်များကို ရှောင်ပုန်းနေသည့်အကြောင်းတို့သာ ကျိတ်ပြောနေတတ်ကြသည်။ ယခုတော့ သူဖြတ်သွားသည့်နေရာတိုင်းတွင် လေးစားမှုကို ပြသလာကြပြီး လူများစွာက သူ့အား လမ်းဖယ်ပေးနေကြတော့သည်။

သူက စိန်ခေါ်မှုများကို ရှောင်ပုန်းနေသည်ဟုတော့ မည်သူမျှ မထင်ကြ‌တော့ပေ။ ထိုအစား သူက စိန်ခေါ်မှုများကို အဘယ်ကြောင့် ရှောင်လွှဲနေခဲ့သည်ကိုပင် နားလည်လာကြသည်။ လင်းယုန်က စာကလေးစိန်ခေါ်မှုကို အာရုံစိုက်မည်မဟုတ်သောကြောင့်ပင်။

လီယုံကျောက်တိုင်ကြီးပေါ်တွင် ဓားကိုင်ရုံးတော်၏နန်းတော်ရှေ့၌ ဓားကိုင်နှစ်ဦး ရပ်နေကြသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် အဘိုးကြီးတစ်ဦးဖြစ်နေပြီး ကျန်တစ်ဦးကတော့ သက်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်နေသည်။ ထိုအချိန်တွင် သူတို့က အဝေးမှ ရွှီချင်းထံ လှမ်းကြည့်နေကြသည်။

ရွှီချင်းသာ  ထိုနေရာတွင် ရှိလျှင် ထိုနှစ်ဦးသား မှတ်မိလောက်မည်ပင်။

အဘိုးကြီးက ထိုစဉ်က ဝိညာဉ်သခင်မယုံကျင်းအား တိုက်ခိုက်နေသည့် လူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သက်လတ်ပိုင်းလူကြီးမှာလည်း ဝိညာဉ်သုံးပါးတောင်ကုန်းအား တိုက်ခိုက်သည့်ပွဲတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်နေသည်။ သူသည် အရှင်ထိုက်ယွမ်နှင့် တိုက်ခိုက်ခဲ့သည့် ခန့်ညားကာ အစွမ်းထက်လှသော ဗလာနတ္တိ ဒုတိယအဆင့် ကျင့်ကြံသူပင် ဖြစ်သည်။

“ဒီကောင်လေးလား”

ထိုအစွမ်းထက်သောလူကြီးက အမှုထမ်းဝတ်စုံကိုလည်း ဝတ်ဆင်ထားပေသည်။ သူသည် မြေပြင်ရှိ ရွှီချင်းအား တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာမေးလိုက်၏။

***

All Chapters