← Chapters

စီးပွားပြိုင်ဖက်များ

Vol. 2 Ch. 13

စီးပွားပြိုင်ဖက်များ

Vol. 2 Ch. 13

ရွှေဒင်္ဂါးများ အလုံ‌အလောက်ရရှိရန် လင်းချီ လုံး၀ အလုပ်ကြိုးစားနေရသည်။ သူ မနက်စာရောင်းရန် ဆိုင်ကို စောစီးစွာ ဖွင့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း သူ၏ ဆိုင်မှာ လွန်စွာ ကျော်ကြားနေပြီး ဆိုင်သို့ လာ၀ယ်ရန် လက်ယက်မခေါ်ဘဲနဲ့တင် ကြိတ်ကြိတ်တိုး စည်ကားနေသည်။

အဘယ်ကြောင့်ဆိုသော် မှော်ကန်စွန်းဥ၏ ဈေးနှုန်းမှာ မယုံနိုင်စရာကောင်းလောက်အောင် ဈေးသက်သာလှသောကြောင့်ဖြစ်သည်။ အခြားသော ဆိုင်များမှာ မှော်စွမ်းအင်ဖြည့်တင်းပေးသော ပစ္စည်းများကို ရွှေဒင်္ဂါး ဆယ်ပြားနှင့် ရောင်းချကြသော်လည်း လင်းချီ၏ ဆိုင်တွင် ငွေဒင်္ဂါး ‌သုံးပြားတည်းနှင့် ရရှိနိုင်သည်။

ထို့ကြောင့် လင်းချီ၏ ဆိုင် လည်ပတ်နေသမျှ ကာလပတ်လုံး အခြားသောဆိုင်များတွင် လူပြတ်လွန်း၍ တ‌စ္ဆေတောင်  ခြောက်သွားနိုင်သည်။

ဤသို့ဖြင့် မှော်ကိရိယာရောင်းချသော ဆိုင်ရှင်များမှာ ဘာတွေများဖြစ်ပျက်နေတာလဲဆိုတာကို သိရှိရန် စတင်စုံစမ်းကြရတော့သည်။

စုံစမ်းမှုများအရ လင်းချီ၏ ‌ဆိုင်မှာ အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ထားကြောင်းနှင့် မှော်စွမ်းအင်ပြန်ဖြည့်ပေးသောမှော်ကန်စွန်းဥများကို အထူးရောင်းချကြောင်းသိရှိသွားကြသည်။

ပထမတော့ ထိုကုန်သည်များအားလုံး ယုံကြည်ရန် ငြင်းဆန်ခဲ့ကြသည်။ မှော်စွမ်းအင်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများကို မှော်ဆေးဆရာများထံမှသာ ရရှိနိုင်သောကြောင့် ထိုမှော်ဆန်သော ကန်စွန်းဥများမှာ လှည့်ကွက်တစ်ခုသာ ဖြစ်မည်ဟု ထင်ခဲ့ကြသည်။

မော့ထ်ဆိုသူမှာ မှော်ကုန်သွယ်ရေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး ထိုကိစ္စကိုကြားသိပြီးနောက် ထိုစီးပွားရေးလုပ်ငန်းကို ကိုယ်တိုင်ကိုင်တွယ်‌ဖြေရှင်းရန် စီစဉ်‌လိုက်သည်။ ထို့နောက် လူအချို့ငှား၍ လင်းချီ၏ မကောင်းသတင်း ကော‌လဟာလများကို လူထုထံ ဖြန့်ရန် စေခိုင်းလိုက်သည်။

လင်းချီမှာတော့ သာယာနေပြီး သူ့အိတ်ကပ်ထဲသို့ ပိုက်ဆံများစွာ ၀င်လာသောကြောင့် လွန်စွာပျော်ရွှင်နေခဲ့သည်။

သူ ကန်စွန်းဥများကို စိတ်လှုပ်ရှားစွာ ရောင်းနေစဥ် အသံတစ်သံကို ကြားလိုက်ရသည်။

"ဟေး ....မင်းရပ်သင့်ပြီ"

လင်းချီ ကြက်သေသေသွားသည်။ ထို့နောက် သူ့ရှေ့တွင် လူတချို့ရပ်နေပြီး သူတို့၏ အ၀တ်များမှာ သာမန်လူများနှင့် မတူညီစွာ ကွဲပြားခြားနားနေသည်။

သူ့အရှေ့တည့်တည့်၌ရှိနေသော လူမှာ ဂုဏ်သိက္ခာကြီးမားစွာ ၀တ်ဆင်ထားပြီး သူ့နောက်လိုက်နှစ်ဦးမှာတော့ မှော်ဆရာ ဝတ်စုံများ ၀တ်ဆင်ထားကြသည်။

၎င်းတို့၏ အကြည့်များမှ တစ်ဆင့် သူ့ကို ပြဿနာ ရှာရန် ဖြစ်ကြောင်း သိသာနေသည်။ ထို့ကြောင့် သူလည်း အနည်းငယ် သတိထား၍ မေးမြန်းလိုက်သည်။

"မင်းတို့ ငါ့ဆီက ကန်စွန်းဥလာ၀ယ်တာလား"

"အိပ်မက်မက်နေလိုက်… လူတွေဆီက ပိုက်ဆံကို လိမ်ယူနေတာ တရားမ၀င်ဘူးဆိုတာ မင်းမသိဘူးလား"

"ဘာ… ငါဘယ်တုန်းက လူတွေကို လိမ်ဖူးလို့လဲဟ...ငါကတကယ့်ကို ရိုးသားတဲ့ ကုန်သည်တစ်ယောက်ပါ"

လင်းချီ သူတို့၏ စကားအား အမှန်ပြင်ပေးလိုက်သည်။

သို့သော်လည်း မော့ထ်က နှာခေါင်းရှုံ့လိုက်ပြီး "ကောင်စုတ်လေး... မင်းဒီနားမှာ အထူးကုန်သွယ်ရေး အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ သိတယ်မလား ..တကယ်လို့ မင်းက ကုန်သည်အဖြစ် မှတ်ပုံတင်မယ်ဆိုရင် ငါ့ခွင့်ပြုချက် လိုတယ်ကွ..နားလည်လား....."

"အမ်..." လင်းချီ ပြောစရာစကား ပျောက်ဆုံးသွားပြီး သူ့ခေါင်းကို ကုတ်လိုက်သည်။ သို့သော်လည်း ပြန်လည်ချေပ လိုက်သည်။ "နေဦး...မင်းက ငါ့ကို မှောင်ခိုရောင်းလို့ ဖမ်းမယ်ဆို ဒီနားမှာ မှောင်ခို ဈေးသည်တွေ အများကြီး မမြင်ဘူးလား ဘာလို့ ငါ့ကျမှ ပစ်မှတ်ထားနေတာလဲ"

"သူတို့ရောင်းနေတာက အသေးမွှားလေးတွေကွ..ဒါပေမဲ့မင်းဟာကတော့ မတူဘူး....မင်း‌ရောင်းနေ‌တာ မှော်ကန်စွန်းဥလို့ ခေါ်တဲ့ ကန်စွန်းဥတွေကို ရောင်းနေတာမလား..ဘာမှော်ကန်စွန်းဥလဲ ..ဒါလုံး၀ကို သောက်အဓိပ္ပာယ်မရှိတာပဲ"

မော့ထ် သူ၏ ဘာမျှမရှိသော သွားများဖြင့် ထေ့ငေါ့ပြောဆိုလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ထင်နေလဲ ..မှော်ဆေးဆရာတွေတောင် မှော်စွမ်းအင်ပြန်ဖြည့်ပေး‌တဲ့ ပစ္စည်းကိုတစ်နာရီလောက် သန့်စင်ရတယ် ..မင်းကတော့ မိနစ်အနည်း‌ငယ်လောက် ဖုတ်လိုက်တာနဲ့ ဟော...ဆိုထွက်လာရောလား"

လင်းချီ သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အစက သူတစ်ခုခု အမှားကြီး လုပ်မိသည်ဟု ထင်ထားသော်လည်း နောက်မှ အထင်လွဲ‌သွားကြောင်း သိသွားသည်။

"အိုကေ ..နားလည်ပြီ..ခင်ဗျားက ကျုပ်ပစ္စည်း အတုတွေ ရောင်းမှာ စိုးရိမ်နေလို့မဟုတ်လား"

လင်းချီ ချက်ချင်း မှော်ကန်စွန်းဥ တစ်လုံးကို ဆွဲယူလိုက်ပြီး မော့ထ်ထံသို့ ကမ်းပေးလိုက်သည်။

"အဲ့လိုဆိုမှတော့..ကိုယ်တိုင်သာ မြည်းကြည့်ကြည့်လိုက်ဗျာ..ကျုပ်လိမ်နေလားဆိုတာကို"

မော့ထ် ခေါင်းရမ်းလိုက်ပြပြီး သူ့လက်အောက်ရှိ သူ့‌လက်အောက်ရှိ မှော်ဆရာတစ်ယောက်ကို မြည်းစမ်းခိုင်းလိုက်သည်။

ထိုမှော်ဆရာမှာ အစပိုင်းတွင် အဆိပ်ရှိမည်ဟု သံသယ ရှိနေသောကြောင့် မစားချင်သော်လည်း မော့ထ် ငှားရမ်းခဲ့သူဖြစ်၍ ရွေးချယ်စရာ မရှိခဲ့ပေ။

"ဟမ်..."

သေးသေးလေး ကိုက်ပြီးနောက် မှော်ဆရာ၏ အမူအရာ မှာ မျက်လုံးများ ကျွတ်ကျလုနီးပါး ပြူးကျယ်သွားသည်။

"ဒါ..ဒါကဘာကြီးလဲ အရမ်းအရသာ ရှိလွန်းတယ် ပြီးတော့ မှော်စွမ်းအင်တွေလည်း အပြည့်ပဲ"

"ဘာ..."

မော့ထ် ကြက်သေသေသွားသည်။ ထို့နောက် လင်းချီ လက်ထဲရှိ ကန်စွန်းဥကို သံသယများဖြင့် ကြည့်လိုက်သည်။

"ကြည့်လိုက်..."

လင်းချီ ချက်ချင်းပြောလိုက်သည်။ "ငါမင်းကို မလိမ်ဘူးလို့ ပြောသားပဲ သူ့ရဲ့ မှော်စွမ်းအင်ကို တစ်ချက်ကြည့်ကြည့်လိုက်ဦး ပြည့်လွန်းလို့တောင် လျှံနေပြီ။"

မှော်ဆရာများ၏ မျက်လုံးများတောက်ပသွားပြီး လင်းချီကို မေးလိုက်သည်။

"မှော်ကန်စွန်းဥတွေက တစ်လုံးဘယ်လောက်လဲ"

"ငွေဒင်္ဂါးသုံးပြား"

သုံးယောက်လုံး နေရာမှာတင် အေးခဲသွားသည်။ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသော ပစ္စည်းများမှာ အနည်းဆုံး ရွှေဆယ်ပြားခန့် တန်ကြေးရှိကြောင်း နားလည်ထားသည်။ ယခုတော့မူ သူ ငွေပြား သုံးပြားဖြင့်ပင် ၀ယ်ယူနိုင်နေခဲ့ပြီ။

'အားလုံး၀ယ်လိုက်ရမလား...ဒါအခွင့်အရေးပဲ'

‌မော့ထ်မှာ ထိုအကြံကို တွေးပြီးဖြစ်သည်။ ထို့ကြောင့် အခြားသူတွေ မပြောမီ လက်ဦးမှု ရယူကာ လင်းချီကို မေးလိုက်သည်။

"ဟားဟား...ကျုပ်အစောပိုင်းတုန်းက အထင်လွဲမိတဲ့အတွက် ဗွေမယူပါနဲ့"

"ဘာမှ မဖြစ်ပါဘူး အခု နားလည်သွားတော့ ပိုကောင်းသွားတာပေါ့"လင်းချီသည် သဘောထားကြီးစွာ ပြောလိုက်သည်။

မော့ထ်သူ၏ လက်ကို လင်းချီ၏ ပခုံးပေါ်တွင် တင်လိုက်၍ ညင်သာစွာ ပြောလိုက်သည်။ "လူငယ်လေး မင်းရဲ့ ကန်စွန်းဥတွေက အရမ်းကောင်းမယ့်ပုံပဲ ...ကျုပ်လည်း နည်းနည်းလောက် မြည်းကြည့်ချင်တယ်"

ထို လူမှာ မှော်ကုန်သွယ်ရေး ဥက္ကဌဖြစ်ကြောင်း လင်းချီလည်း သိနေသည်။ ထို့‌ကြောင့် သူ့အတွက်ကန်စွန်းဥတစ်လုံးကို ကောက်ယူပေးလိုက်သည်။

"ဒါဆို ကျွန်တော်တို့ ပထမဆုံး တွေ့တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ဆောင်ပေးလိုက်ပါမယ်"

"အာ...ကျေးဇူးပါကွာ"မော့ထ် ကန်စွန်းဥကိုယူပြီး မြည်းကြည့်လိုက်သည်။ အစောပိုင်းမှ မှော်ဆရာ ပြောခဲ့သည့်အတိုင်း ကန်စွန်းဥတွင် မန်နာ ပြည်လည်ဖြည့်တင်းပေးသော စွမ်းရည်ရှိနေ‌လေသည်။

"လူငယ်လေး..ငါ့၀မ်းက ကန်စွန်းဥတစ်လုံးထဲနဲ့တော့ မပြည့်နိုင်ဘူးလေ"

"အာ..တကယ်လား ဒါဆိုနောက်တစ်လုံးပေါ့ "

"မဟုတ်တာကွာ ငါအလကားတော့ မစားနိုင်ပါဘူး..ဒီလိုလုပ် မင်းမှာ ကန်စွန်းဥတွေ အများကြီးလည်း ကျန်သေးတယ်ဆိုတော့ ငါအကုန်၀ယ်လိုက်မယ်ဆိုရင်ရော.."

ထိုစကားကို ကြားပြီးနောက် လင်းချီသည် မော့ထ်၏ ရည်ရွယ်ချက်အား သိရှိသွားသောကြောင့် ပြုံးလိုက်သည်။

"ဥက္ကဌမော့ထ် ကျုပ်ဆိုင်မှာ စည်းမျဉ်းတစ်ခုရှိတယ်ဗျ"

"ဘာစည်းမျဉ်းလဲ"

"ကျုပ်က လူတစ်ယောက်ကို တစ်နေ့ ငါးလုံးပဲရောင်းတာ..ငါးလုံးထက်ပို ၀ယ်လို့မရဘူး"

လင်းချီစကားပြောပြီးတော့ မော့ထ် နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသည်။ထို့နောက် "မင်းရူးနေတာလား...ပိုက်ဆံမလိုချင်ဘူးလား" လင်းချီ ငွေလိုချင်သော်လည်း ထိုကဲ့သို့သောသူမျိုးကို ‌အကုန်လုံးရောင်းလိုက်ပါက သူ၏ အကျိုးအမြတ်အတွက် သေချာပေါက် အမြတ်တင်ပေမည်။ ထိုအခါ သာမန်လူတန်းစားများက ကန်စွန်းဥလေးများ၏ အရသာကို ခံစားနိုင်တော့မည် မဟုတ်‌ပေ။

ထို့ကြောင့် သူ့အတွက် အကျိုးများသော်လည်း ငြင်းဆန်လိုက်ခြင်းပင်ဖြစ်သည်။

"ကျုပ် ပိုက်ဆံမလိုချင်တာမဟုတ်ဘူး ဘာလို့လဲ ဆိုတော့ အဲ့စည်းမျဉ်းက ကျုပ်ကိုယ်တိုင် ချမှတ်ထားတာမို့လို့ပဲ ...ကိုယ်ချတဲ့စည်းမျဉ်းကို ကိုယ်တိုင်တော့ မချိုးဖောက်သင့်ဘူး မဟုတ်လား"

ထို့နောက် လင်းချီ ဘာမှ မဖြစ်ခဲ့သလိုမျိုး ကန်စွန်းဥများကို ဆက်လက်ရောင်းချနေလိုက်သည်။ မော့ထ်မှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်လုမတတ်ပင်။

သူ၏ အကြံ မအောင်မြင်မှတော့ လင်းချီကိုလည်း ဆက်လက် ရောင်းချခွင့် မပြုနိုင် ။ မဟုတ်ပါက အနီးရှိ ဆိုင်များအားလုံး အရင်းပြုတ်သွားနိုင်သည်။ မော့ထ်၏ မျက်လုံးများက မှောင်မိုက်လာပြီး ခုံကို တစ်ချက်ရိုက်ကာ "သောက်ကလေး ...မင်းငါ့ကို ပစ္စည်းတွေ မရောင်းနိုင်ဘူးဆိုမှတော့ ဆိုင်ပိတ်ပြီး မြို့ထဲကနေ ထွက်သွားလိုက်တော့"

သူ၏ စကားလုံးများတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော်ငြား လင်းချီမှာ သည့်ထက် ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့်ပင် ကြုံဖူးခဲ့သည်။ ထို့အပြင် သူ့တွင် ငြင်းဆန်ရန် အခွင့်အရေးလည်း ရှိသည်။ထို့ကြောင့် သဘာ၀အတိုင်း ငြင်းဆန်လိုက်ပြီး "ဥက္ကဌ မော့ထ် ...ခင်ဗျား ထင်နေတာ ကျုပ်ရဲ့ ကန်စွန်းဥတွေက ခင်ဗျားရဲ့ စီးပွားရေးဈေးကွက်ကို လုမယ်လို့ ထင်နေတာ.... ဟုတ်တယ်မလား"

"ဟမ့်...မင်းသိပြီးသားပဲ မဟုတ်လား"

"မတတ်နိုင်ဘူးလေ ..အားနည်းသူက အားကြီးသူရဲ့ သားကောင်ပဲ..ကျုပ်ကန်စွန်းဥတွေက ခင်ဗျားရောင်းတဲ့ ပစ္စည်းတွေထက် ကောင်းတာ အမှန်တရားပဲလေ... ခင်ဗျားလက်မခံနိုင်လဲ ‌‌ဈေး နည်းနည်းလောက် လျှော့ရောင်းလိုက်ပေါ့"

ထိုစကားကို ကြားတော့ မော့ထ်မှာ ပို၍ ဒေါသထွက်လာခဲ့သည်။

All Chapters