ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ကျဆုံးခန်းကို ထိုင်စောင့်ခြင်း
Vol. 31 Ch. 456
တကယ်တမ်းတွင် ချောင်ရှန်ရှန်သည် ထိုသို့ အလွန်အကြူး ပြောဆိုထားသည့် ကြော်ငြာများကို လုံးဝ မယုံကြည်ပါ။
သို့သော် သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ပါ။ သူမ၏ ပျက်စီးသွားသော ရုပ်ရည်အတွက် မိတ်ကပ် နည်းလမ်းများ အသည်းအသန်ရှာ၍ ကြံရာမရ ဖြစ်နေချိန်တွင် ၎င်းသည် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်နေသည်။
ထို့ကြောင့် သူမ စမ်းကြည့်မည်ဟူသော စိတ်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။
လူတိုင်း၏ အကြည့်အောက်၌ သူမ ခြေတစ်လှမ်းချင်းစီ လှမ်းရန် အတော်လေး အားယူခဲ့ရသည်။ လူတိုင်း၏ ပြောဆိုသံများနှင့် ရင်ဆိုင်ရသောအခါ သူမ ခွေလုနီပါး ဖြစ်ခဲ့သည်။ သို့သော် သူမ သည်းခံထားခဲ့သည်။
သူမ စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် အားပေးနေပြီး ယင်းက သူမ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့သည်။ ယခုကဲ့သို့သော အချိန်၌ ဘုရားက သူမကို ကံထူးရှင် ဖြစ်အောင် လုပ်ပေးခဲ့သည့် အချို့သော အကြောင်းရင်းများ ရှိကိုရှိပေလိမ့်မည်။ ဘာတွေပဲ ဖြစ်နေပါစေ သူမ စမ်းကြည့်ရပေမည်။
နောက်ဆုံးတွင် သူမသည် မျက်လုံးကိုသာ ဖော်ပြီး ဝိုင်အလှကုန်ပစ္စည်းဆိုင်ထဲသို့ ဝင်သွားလေသည်။ ထိုမျက်လုံးများက လောကကို စိုးရိမ်တကြီး ကြည့်နေလေသည်။
တစ်ခါတုန်းက သူမ၏ မျက်လုံးများသည် တောက်ပ၍ ယုံကြည်ချက်တို့ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခု အရောင် မှေးမှိန်သွားလေပြီ။ ထိုမျက်ဝန်းတွင် သိမ်ငယ်ခြင်းနှင့် ရှောင်တိမ်းလိုခြင်းတို့သာ ရှိနေလေသည်။
“ရှင် ရောက်လာပြီပဲ၊ ခဏလေး စောင့်ပါဦးနော်၊ မိတ်ကပ် ပညာရှင်က မကြာခင် ရောက်လာတော့မှာပါ”
ကျန်းယွင်ရှီက ချောင်ရှန်ရှန်အတွက် ထိုင်ခုံ ပြင်ဆင်ထားပြီး ဖြစ်ကာ သူမအတွက် ရေတစ်ခွက် ထည့်ပေးလေသည်။
သူမတွင် ချောင်ရှန်ရှန်အတွက် သနားကြင်နာစိတ်တို့နှင့် ပြည့်နှက်နေသည်။
“ကျေးဇူးတင်ပါတယ်”
ချောင်ရှန်ရှန်က ခေါင်းညိတ်၍ ထိုင်လိုက်သည်။
ကျန်လူအုပ်ကြီးသည် စောင့်နေရုံသာ တတ်နိုင်လေသည်။
စောင့်ဆိုင်းခြင်းက ဘယ်သူ့ကိုမဆို စိုးရိမ်တုန်လှုပ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတစ်ယောက်၏ စိတ်ရှည်ခြင်းက တဖြည်းဖြည်း လျော့နည်းလာသည်။
“ယီးပဲ၊ မိတ်ကပ် ပညာရှင်က မလာတော့ဘူးလား”
“အဲ့လိုပဲ ဖြစ်လောက်တယ်၊ ဒီလို အခြေအနေကို မိတ်ကပ်နဲ့ မဖြေရှင်းနိုင်းဘူး၊ မိတ်ကပ် ပညာရှင် ထွက်ပြေး သွားတာ ဖြစ်နိုင်ချေ ရှိတယ်”
“ဝိုင်အလှကုန် ပစ္စည်းဆိုင်က ဟန်လုပ်ချင်လို့ ဒီလို ဆူပူအောင် လုပ်တာ၊ ဒီလို ပြဿနာကို သူတို့ ရှင်းတဲ့နည်းက တော်တော် မဟုတ်တာပဲ”
“ချီးပဲ၊ ပြီးခဲ့တဲ့ လတွေက ဒီမိတ်ကပ်ဆိုင် လိမ်ညာတာတွေကနေ ပိုက်ဆံ ဘယ်လောက်တောင် ရသွားလဲ မသိဘူး၊ ဒါ လိမ်လည်တာပဲ”
“ဟုတ်တယ်၊ ညာစားတာ၊ သူတို့ကို တရားစွဲပြီး ငွေပြန်တောင်းကြ”
…
လူအုပ်ကြားထဲမှ အချို့က စတင်၍ ဆူဆူညံညံ လုပ်လာပြီး အခြေအနေက ဖရိုဖရဲဘက်သို့ ကူးပြောင်းလာသည်။
လူအုပ်ထဲတွင် အခြား အလှကုန်ပစ္စည်းဆိုင်မှ လူများလည်း ပါရှိသည်။ သူတို့ ယခုအချိန်မှ ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို မတိုက်ခိုက်လျင် ဘယ်အချိန်မှာမှ သူတို့ လုပ်နိုင်တော့မည်နည်း။
သူတို့သည် အခွင့်အရေးကို အရယူ၍ ပြဿနာ ဖြစ်စေလေသည်။ ဆူဆူညံညံ ပိုဖြစ်လေ ပိုကောင်းလေပင်။ ပြိုလဲဖူးသော အမှတ်တံဆိပ်တစ်ခုသည် ပြန်ဦးမော့ရန် အလွန် ခက်ခဲပေသည်။
အိုးယာ အလှကုန်ပစ္စည်း ဌာနချုပ်။
လက်ရှိတွင် ကြီးမားသော အစည်းအဝေးခန်းမတွင်း၌ လူများနှင့် ပြည့်နှက်နေပြီး စီအီးအိုမှာ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ လက်ရှိတွင် သူမသည် အစည်းအဝေးခန်းထဲမှ ပရိုဂျက်တာကို ကြည့်ပြီး ပြုံးနေ၏။
ပရိုဂျက်တာတွင် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ လက်ရှိ အခြေအနေကို ပြသနေ၏။ တစ်စုံတစ်ယောက်က ထိုနေရာမှ အဖြစ်အပျက်ကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။
“မင်းတို့ ဒါကို ဘယ်လို ထင်လဲ”
သူမက ရုတ်တရက် မေးလာသည်။
တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့ထဲက တစ်ယောက်က စပြောလာသည်။
“ဘော့စ်၊ ဒီကိစ္စကနေ ဝိုင်အလှကုန် ပစ္စည်းဆိုင် ပြန်ဦးမော့လာဖို့ ခက်ပါလိမ့်မယ်”
“တကယ်လား၊ မင်း အဲ့လောက် ယုံကြည်ချက် ရှိလား”
“ဘော့စ် ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ မိတ်ကပ် ပညာရှင်က သိပ်ထူးချွန်တာကို ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ တော်တော်၊ လက်တွေ့မှာတော့ ကျဆင်းရမှာပဲ၊ လက်ရှိ ထုတ်ကုန်တွေကို စဉ်းစား ကြည့်သလောက်ဆိုရင် ချောင်ရှန်ရှန်ရဲ့ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာမပြောနဲ့၊ မီးလောင်ဒဏ်ရာ ဒါမှမဟုတ် ပုံပျက်ပန်းပျက် ဖြစ်တာကို ဖုံးနိုင်စွမ်းရှိတဲ့ အရာ တစ်ခုမှ မရှိဘူး၊
“ဟုတ်တယ်၊ ဒီတခါတော့ ဝိုင်အလှကုန် ပစ္စည်းဆိုင် ကံကောင်းတာတွေ မရှိတော့ဘူး၊ သူတို့ရဲ့ မိတ်ကပ် ပညာရှင်က သိပ်ထူးချွန်လွန်းနေလို့ ကျွန်တော်တို့ သူတို့ကို စိုးရိမ်စရာအဖြစ် သဘောထားခဲ့တာ၊ ဒါပေမဲ့ သူတို့ ကံစမ်းမဲ ရွေးချယ်တဲ့ ထောင်ချီတဲ့ လူတွေထဲကမှ ချောင်ရှန်ရှန်ကို ရွေးမိရတယ်လို့ဗျာ၊ ဟားဟားဟား …”
“စီအီးအို၊ ဘုရားက ငါတို့ကို အကူအညီ ပေးလိုက်တာပဲ၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ တည်ရှိမှုက ကျွန်တော်တို့ အလှကုန်လုပ်ငန်းရဲ့ ကနဦး ကုန်ကျစရိတ်တွေကို လုံးဝ ကိုင်လှုပ်ခဲ့တယ်၊ ဒီအခွင့်အရေးကို ကျွန်တော်တို့ အရယူပြီး သူတို့ကို တစ်ချက်တည်းနဲ့ နင်းချေနိုင်ပြီ”
“ဟုတ်တယ်၊ ပြီးတော့ အဲ့ဒီ မိတ်ကပ်ပညာရှင်ရဲ့ ကျော်ကြားမှုကလည်း လုံးဝ ပျက်စီးသွားလောက်ပြီ၊ မဟုတ်ရင် ကျွန်တော်တို့ သူတို့ကို မျက်နှာသာ ရအောင် လုပ်ပေးပြီး ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်သွားလိမ့်မယ်”
လူတိုင်း အပြန်အလှန် ကောက်ချက်များ ချနေပြီး လက်ရှိတွင် ဝိုင်အလှကုန် ပစ္စည်းဆိုင် ပြိုလဲတော့မည့် ဆိုးရွားသော အဖြစ်အပျက်ကို ကြည့်နေကြသည်။ သူတို့၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၏။
အလှကုန် ပစ္စည်းဆိုင်များသည် အမြတ် အမြောက်အများ ဝင်သော နယ်ပယ်များထဲတွင် ထိပ်တန်း ဖြစ်ပေသည်။ ယှဉ်ပြိုင်မှုက ကြီးမားလွန်းပြီး မိမိ ထင်ထားသည်ထက်ပင် ကျော်လွန်နေလောက်သည်။
ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ပေါ်ထွက်လာမှုသည် အခြားသော အလှကုန်ပစ္စည်းဆိုင်များကို တပ်လှန့်လိုက်သလို ဖြစ်သွားပြီး နယ်ပယ်တူထဲမှ လူများကို သူတို့၏ အလားအလာကို သတိပြုမိလာစေသည်။
ဝိုင်အလှကုန် ပစ္စည်းဆိုင်က ထိုသို့သော အခြေအနေအောက်၌ ပို၍ ကြီးမားလာနိုင်သည်က ရှောင်လွှဲ၍ မရနိုင်ပါ။ ထိုသို့ ဖြစ်လာပါက အခြားသော အလှကုန် ပစ္စည်းဆိုင်များ ဖယ်ရှားခံရပေလိမ့်မည်။
သူတို့သည် ဘာမှမလုပ်နိုင်ဘဲ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အင်တာနက်ပေါ်၌ ကျော်ကြားလာသည်ကို စိုးရိမ်တကြီး ထိုင်ကြည့်ရုံသာ တတ်နိုင်လေသည်။
သို့သော် ဘုရားသခင်က တစ်ခါတရံ၌ ဘဝထဲတွင် အချိုးအကွေ့အချို့ ထည့်လိုက်လေ့ ရှိသည်။ ဘဝက အံ့ဩစရာ အပြည့်ပဲ ဟူသည့် စကားလိုပင်။
ဝိုင်အလှကုန် ပစ္စည်းဆိုင်သည် သူတို့၏ ဒုတိယ မဲနှိုက်ပွဲ၌ ကံဆိုးသောသူတစ်ယောက်ကို ပေါက်သွားလေသည်။
“ဟင်းဟင်း၊ ရှင်တို့အားလုံး အတော်လေး မှန်ပါတယ်၊ ဘုရားသခင်က မျက်နှာသာပေးနေတာပဲ၊ သူက ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို ကျဆင်းစေချင်နေတာဆိုတော့ ငါတို့ လိုက်မလုပ်စရာ အကြောင်း မရှိဘူးလေ”
စီအီးအိုက အပြုံးကြီး ပြုံးနေ၏။
“ဒီအတွေး ရှိနေတာ ငါတို့တစ်ခုတည်း မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်၊ အခြား အလှကုန် ပစ္စည်းဆိုင်တွေလည်း ဒီအတွေး ရှိမှာပဲ၊ သူတို့ကလည်း ဝိုင်အလှကုန် ပစ္စည်းဆိုင်မှာ ရိုက်ခတ်နေတဲ့ မုန်တိုင်းကို စောင့်ကြည့်နေမှာပဲ”
“စီမံခန့်ခွဲရေးဌာနကို သတင်းပို့ပြီး သတင်းကို တတ်နိုင်သမျှ များများ ဖြန့်ခိုင်းလိုက်၊ လူပိုသိလေ ကောင်းလေပဲ၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာကနေ လမ်းပေါ်က ကြွက်ဖြစ်သွားမှာကို ငါ သေချာအောင် လုပ်ချင်တယ်”
…
အိုးယာ အလှကုန်ပစ္စည်းဆိုင်လိုပင် အလှကုန် ပစ္စည်းဆိုင်ကြီး တော်တော်များများက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပြီး ဆိုင်အသေးများက ကျိတ်၍ ဝမ်းသာနေကြလေသည်။ သူတို့ ပြိုင်ဘက် ပြိုလဲတော့မည်ကို မြင်ပြီး သူတို့ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်ပါမည်နည်း။
“ဟေ့ မိတ်ကပ်ဆရာက လာဦးမှာလား၊ သူ ထွက်ပြေးသွားပြီဆိုရင်လည်း ငါတို့ကို ပြောဦးလေ၊ လူတွေ အများကြီးက ဒီမှာ စောင့်နေကြတာ”
“ဟုတ်တယ်၊ မင်း ဒီဆိုင်ကို ဆက်လည်ပတ်ချင်သေးလား ဒါမှမဟုတ် မလည်ပတ်ချင်တော့တာလား”
“မောက်မာတာက နည်းနည်း များနေပြီ မဟုတ်လား၊ ချောင်ရှန်ရှန်ကို မိတ်ကပ်နဲ့ ကူညီဖို့ ခက်မှန်း ငါတို့ သိတယ်၊ ဒါပေမဲ့ မင်းတို့က ကြွားတာ လွန်နေပြီလေ၊ မင်းတို့ လုပ်ငန်းလုပ်နေရင် မရိုးမသား လုပ်လို့မရဘူး၊ ဒီလို ဖြစ်နေမယ်ဆိုရင် ငါတို့ ဒီကို လုံးဝ ထပ်မလာတော့ဘူး”
“ဟုတ်တယ်၊ ဒီလိုဆိုင်မျိုးကို ဘယ်သူက လာရဲမှာလဲ”
“ငါ ကဒ်တောင် လျှောက်ထားသေးတာ၊ ငါ့ကို ပိုက်ဆံ ပြန်ပေး”
…
သူတို့၏ စကားလုံးများက ချောင်ရှန်ရှန်၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးစိုက်သွားပြီး သူမခန္ဓာကိုယ်လေး တုန်ယင်လာသည်။ သူမသည် ထပ်၍ သည်းမခံနိုင်တော့သဖြင့် ထရပ်ကာ ထွက်သွားရန် ပြင်လေသည်။
“လခွမ်း အဲ့လူ ရောက်လာပြီ ထင်တယ်”
ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က ထအော်လာသဖြင့် ချက်ချင်း ဆူညံသံများကို တိတ်သွားစေသည်။ ထို့နောက် အားလုံးက ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။
ဝိုင်မျက်နှာဖုံးကို တပ်၍ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုလူ၏ ခန္ဓာကိုယ်မှ ပြောမပြတတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး လူတိုင်းအား အလိုလို လမ်းဖယ်ပေး မိသွားစေသည်။
လူအုပ်ကို အသာတစ်ချက် ကြည့်ပြီးနောက် ရဲ့လင်းချန်က ဝိုင်အလှကုန် ပစ္စည်းဆိုင်ထဲသို့ တန်းဝင်သွား လိုက်သည်။
ပတ်ဝန်းကျင်သည် ရဲ့လင်းချန် ရောက်ရှိလာခြင်းနှင့်အတူ အလွန်အမင်း တိတ်ဆိတ်သွားပြီး အခြေအနေက အမှတ်တမဲ့နှင့် လေးနက် တည်ကြည်လာသည်။
“ဟင်းဟင်း၊ လူလုံးထွက်ပြတဲ့အထိ သတ္တိရှိသေးတာလား”
အိုးယာ အလှကုန် ပစ္စည်းဆိုင်၏ စီအီးအိုက သူမတို့၏ ဌာနချုပ်မှနေ၍ ဗွီဒီယိုကို ကြည့်ပြီး အံ့ဩဟန်နှင့် မျက်မှောင်ကြုတ် လိုက်မိသည်။
“သူ လာတော့ရော ဘာဖြစ်လဲ၊ သူက ခေါင်းမာနေရုံ သက်သက်ပဲ၊ သူ ချောင်ရှန်ရှန်ကို ဘယ်လိုလုပ် ကူညီပြီး မိတ်ကပ် လိမ်းပေးနိုင်မှာလဲ၊ ဒါ အရှက်ရမယ့် အဓိပ္ပာယ် မရှိတဲ့ ကြိုးစားမှုပဲ”
“ပိုတောင် ကောင်းသွားသေးတယ်၊ တကယ်လို့ သူ သင့်တော်တဲ့ မိတ်ကပ် လိမ်းပေးဖို့ မအောင်မြင်ဘူးဆိုရင် ပိုပြီးတော့တောင် ခက်သွားဦးမယ်”
“စောင့်ကြည့်ကြတာပေါ့၊ ဝိုင်အလှကုန်ပစ္စည်းဆိုင်ရဲ့ ကျဆုံးခန်းကို စောင့်ကြည့်လိုက်ရအောင်”
လူတိုင်း အထင်အမြင်သေးစွာ ခနဲ့သံများ ပြုကြလေသည်။
သူတို့သည် ထိုလုပ်ငန်းနယ်ပယ်တွင်းမှ ဖြစ်သဖြင့် ဖြစ်နိုင်ချေနှင့် မဖြစ်နိုင်ချေများကို အတိအကျ သိရှိကြသည်။
အားလုံး အတွေးကိုယ်စီနှင့်ဖြစ်နေပြီး အားလုံးက ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်နေကြသည်။
ထိုအကြည့်ထဲတွင် သိချင်စိတ်၊ အားကျစိတ်၊ ရွံရှာစိတ်နှင့် အထင်သေးစိတ်တို့ ပါဝင်နေသည်။ သူတို့ အဓိက ကြည့်နေရသည့် အကြောင်းရင်းမှာ အရာအားလုံး ပူလောင်နေသည်ကို စိတ်လှုပ်ရှားသဖြင့် ဖြစ်လေသည်။
အနက်ရောင် အဝတ်စအောက်မှ ချောင်ရှန်ရှန်၏ ငိုက်စိုက်ကျနေသော အကြည့်များက ရုတ်တရက် သူမရှေ့မှ ရဲ့လင်းချန်ကို မော့ကြည့်လာသည်။ သူမ၏ မျက်လုံးတွင် စိုးရိမ်မှုနှင့် မျှော်လင့်မှု စသည့် ခံစားချက်များ ရောပြွန်း နေသည်။
…