မင်းဘာသာ မှန်ထဲ ကြည့်ကြည့်လိုက်
Vol. 31 Ch. 457
ချောင်ရှန်ရှန်၏ နှုတ်ခမ်းများ တုန်နေသည်။
“ကျွန်မ …”
ရဲ့လင်းချန်က သူမစကားကို ဖြတ်၍ လိုရင်းကို ပြောလိုက်သည်။
“မင်းမျက်နှာကို ဖုံးထားတဲ့ အဝတ်စကို ဖယ်လိုက်ပါ”
“ဖယ် … ဖယ်ရမှာလား”
ချောင်ရှန်ရှန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမမျက်ဝန်းတွင် သိမ်ငယ်သော အမူအရာများ ပေါ်နေသည်။
“မင်း မဖယ်ရင် ငါ ဘယ်လိုလုပ် မိတ်ကပ် လိမ်းပေးလို့ ရမှာလဲ”
ရဲ့လင်းချန်၏ အသံက တည်ငြိမ်ပြီး ခံစားချက် ကင်းမဲ့နေသည်။
“မြန်မြန်လုပ်လေ”
“မိတ်ကပ်က တကယ်ပဲ ကျွန်မမျက်နှာကို ကယ်နိုင်မလား”
ချောင်ရှန်ရှန်က သူမမျက်နှာကို ဖုံးထားသည့် အဝတ်စကို လက်ဖြင့်ကိုင်၍ သနားခံသော မျက်ဝန်းတို့ဖြင့် ကြည့်လေသည်။
“ငါ လုပ်နိုင်တယ်လို့ ပြောရင် လုပ်နိုင်တယ်”
ရဲ့လင်းချန်နှင့် ချောင်ရှန်ရှန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
“မင်း ငါ့ကို မယုံဘူးဆိုရင် မင်းစိတ်နဲ့မင်း ထွက်သွားချင်လည်း ရတယ်၊ ငါ ဖိအားမပေးဘူး”
ချောင်ရှန်ရှန်၏ အကြည့်က အနည်းငယ် ဝေခွဲမရဟန် ပေါ်နေသော်လည်း နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက် ချလိုက်သည်။
“ကောင်းပြီလေ၊ ကျွန်မ ရှင့်ကို ယုံတယ်”
ထိုသို့ပြောပြီးနောက် သူမက မျက်လုံးမှိတ်၍ သူမမျက်နှာပေါ်မှ အနက်ရောင် အဝတ်စကို ဖယ်ရှား လိုက်လေသည်။
လက်ရှိတွင် သူမသည် အာရုံစိုက်စရာ ဖြစ်နေသည်။ ယင်းက လူအုပ်ကြီးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွား စေသည်။
“လခွမ်း တကယ်ကြီး ချောင်ရှန်ရှန်ပဲ”
“သူ ရုပ်ဆိုးသွားပြီပဲ၊ သူ့မျက်နှာက အစက သိပ်လှတာကို၊ သနားစရာ ကောင်းလိုက်တာ”
“ဟူး … သူက ငါ့ရဲ့ နတ်သမီးလေး ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ ဒီလို ဖြစ်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး”
“ကံဆိုးလွန်းပါတယ်ကွာ၊ သူက ပုံတွေထဲကထက်တောင် ရုပ်ဆိုးနေသေးတယ်၊ သနားစရာပဲ”
“ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ အမှတ်တံဆိပ်ကတော့ ဒီတစ်ခါ နာမည်ကြီးတော့မှာပဲ၊ ဘယ်လိုလုပ် ဒီလိုမျက်နှာကို ကယ်နိုင်မှာလဲ”
“သရဲကို မိတ်ကပ် ဘယ်လောက် လိမ်းပေးပေး လူဖြစ်အောင် မလုပ်နိုင်ဘူးလေ”
…
လူအုပ်ကြီးသည် ဆူညံစွာ ပြောဆိုနေပြီး အချို့က သူတို့ဖုန်းကို ထုတ်၍ ဓာတ်ပုံများ စရိုက်ကြသည်။
ချောင်ရှန်ရှန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲတော့မယောင် ဖြစ်နေ၏။ သူမတွင် ထပ်၍ ဆုံးရှုံးစရာ မရှိတော့သဖြင့် သူမကိုယ်သူမ ပုန်းကွယ်စရာ မလိုတော့ပါ။
ဤသို့ နီးကပ်သော အကွာအဝေး၌ အရာအားလုံးကို ပို၍ ရှင်းလင်းစွာ မြင်ရလေသည်။ ယင်းက ဓာတ်ပုံတွင် ဖော်ပြထားသည်ထက် ပို၍ ထိတ်လန့်စရာ ကောင်းပေးသည်။ အမာရွတ်က မီးလောင်ခြင်းကြောင့် ရရှိခဲ့ခြင်း ဖြစ်သဖြင့် ၎င်းသည် အနီရင့်ရောင်ဖြစ်နေကာ ချိုင့်ဝင်၍ လုံးဝ ပျက်စီးနေ၏။
“ကျွန်မ … ကျွန်မမျက်နှာကို မိတ်ကပ်လိမ်းဖို့ ဖြစ်နိုင်သေးလို့လား”
ချောင်ရှန်ရှန်က သူမနှုတ်ခမ်းကို ကိုက်၍ ရဲ့လင်းချန်အား လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
“အင်း”
တုံ့ပြန်စကားက ရိုးရှင်းသော်လည်း ယင်းက ချောင်ရှန်ရှန်၏ မျက်လုံးများအား မယုံနိုင်သော အရိပ်အယောင် နှင့်အတူ ဝင်းပသွားစေသည်။ သူမသည် နေရာ၌ တစ်ခဏမျှ ငိုင်တွေသွားသည်။
“ငါနဲ့ အပေါ်ထပ်ကို လိုက်ခဲ့ပါ”
ရဲ့လင်းချန်က အသာအယာ ပြောလိုက်သည်။
“ယွင်ရှီ၊ မင်းလည်း ကိုယ်နဲ့အတူတူ အပေါ်ကို လိုက်ခဲ့”
သုံးယောက်သား အပေါ်ထပ်သို့ တက်သွားပြီး တံခါးပိတ်လိုက်ကာ လူအုပ်ကြီးအား အောက်ထပ်၍ အကြောင်သား ငေးကြည့်၍ ထားခဲ့သည်။
“သူတို့ သူ့ကို မိတ်ကပ် လိမ်းပေးနိုင်ပါ့မလား”
“သူတို့ ထူးခြားဆန်းကြယ်အောင် ဘာတွေများ လုပ်မလို့ပါလိမ့်”
“မြေယိုး၊ ငါ ဒီအောက်ထပ်မှာ စောင့်နေမယ်ကွ၊ သူတို့ သူ့ကို လှအောင် လုပ်နိုင်မယ်လို့ ငါ မယုံကြည်ဘူး”
…
အလှကုန်ပစ္စည်းဆိုင်ကြီးမှ လူများကလည်း မသိမသာ မျက်မှောင်ကြုတ်နေကြသည်။
“သူတို့က တော်တော် ဟန်ဆောင်ကောင်းတာပဲ၊ မသိရင် သူတို့ တကယ် မိတ်ကပ် လိမ်းပေးတော့မယ့် အတိုင်းပဲ”
“အဲ့လိုလုပ်တာက သူတို့ တော်တော် အပြစ်ရှိသလို ခံစားရတာကို သက်သေ ပြနေတာပဲ၊ ငါတို့ ဒီကနေ စောင့်နေမယ်”
“ဟမ့် … ဒါ နောက်ဆုံး ကြိုးစားမှုလေးပါပဲ”
မိတ်ကပ်နှင့် ပစ္စည်းကိရိယာ အားလုံးကို အပေါ်ထပ်၌ ရရှိနိုင်သည်။ ရဲ့လင်းချန်သည် ချောင်ရှန်ရှန်ကို ထိုင်ရန် ညွှန်ကြားလိုက်ပြီး သူမမျက်နှာကို သေချာ ကြည့်ရှု စစ်ဆေးလေသည်။
“ခေါင်းမော့”
ရဲ့လင်းချန်က ချောင်ရှန်ရှန်၏ မေးကို လက်ဖြင့် ပင့်၍ သူမ၏ လှပသော ဆံနွယ်အား နားနောက်သို့ သပ်တင် ပေးလိုက်သည်။
“ဘယ် … ရှင် ဘယ်လို ထင်လဲ”
ချောင်ရှန်ရှန်၏ အသံက စိုးရိမ်စွာ တုန်ယင်နေသည်။
သူမ ဘယ်လိုပုံပေါက်နေလဲ သူမ သိပါသည်။ ထို့ကြောင့် အလွန် မသက်မသာ ခံစားနေရသည်။ တစ်စုံတစ်ယောက်က သူမကို ထိုသို့ ကြည့်လာလျင် သူမကိုယ်ပေါ်သို့ ပုရွက်ဆိတ်ပေါင်းများစွာက တက်နေသကဲ့သို့ ခံစားရသည်။ သူမမျက်နှာက အလွန် ပူလောင်လာ၏။
“မဆိုးပါဘူး”
“မဆိုးပါဘူး ဟုတ်လား”
ချောင်ရှန်ရှန်၏ အသံက ပြောင်းလဲသွားသည်။
“ရှင် ဘာပြောချင်တာလဲ”
“အမာရွတ် တည်နေရာက အတော်လေး ကောင်းတယ်၊ မျက်နှာတစ်ခြမ်းက ကောင်းပြီး နောက်တစ်ခြမ်းက မီးလောင်သွားတာပဲ”
ရဲ့လင်းချန်က အေးအေးလူလူ ပြောသည်။
“ရှင် ကျွန်မကို သရော်နေတာလား”
“မဟုတ်ဘူး၊ ငါ မင်းကို ပြောပြရုံပါပဲ၊ လူတိုင်း သူတို့ကိုယ်သူတို့ ရင်ဆိုင်တတ်ဖို့ သင်ယူမှဖြစ်မယ်”
ရဲ့လင်းချန်က ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“မင်းရဲ့ ခွန်အားကို ရင်ဆိုင်ဖို့က မခက်ခဲဘူး၊ ဒါပေမဲ့ လုပ်ရမယ့် အရေးကြီးဆုံး အရာက မင်းရဲ့ အားနည်းချက် တွေကို ရင်ဆိုင်ဖို့ပဲ၊ ဒါ လူတစ်ယောက်ရဲ့ အားနည်းချက်တွေကို ရင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ”
“ရင်ဆိုင်ရမယ် ဟုတ်လား၊ ကျွန်မ ဒါကို ဘယ်လိုလုပ် ရင်ဆိုင်ရမလဲ၊ ငါ ရင်ဆိုင်ရင် ဘာတွေ ဖြစ်လာမှာလဲ”
ချောင်ရှန်ရှန်က ပြန်လည် တုံ့ပြန်သည်။
“ရှောင်ပြေးတာက အဖြေလား၊ မင်းရဲ့ အားနည်းချက်တွေကို ရင်ဆိုင်ဖို့ သတ္တိမရှိဘူးဆိုရင် အခြားသူတွေက မင်းကို သေချာပေါက် ရယ်ကြမှာပဲ”
ရဲ့လင်းချန်၏ စကားက ချောင်ရှန်ရှန်၏အသံကို ငြိမ်ကျသွားစေပြီး သူမအား ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်မိသွား စေသည်။
“ရှင် … ရှင့်မှာ အဖြေရှိလို့လား”
“စောင့်ကြည့်နေလိုက်”
ရဲ့လင်းချန်သည် ပြောပြီးသည်နှင့် ကျန်းယွင်ရှီအား လှမ်းကြည့်သည်။
“ယွင်ရှီ၊ သူ့ဆံပင်တွေ ပုံကျနေအောင် ကိုယ့်ကို ကူပေးပါဦး၊ ကိုယ့်ဘေးကနေ သေချာ ကြည့်ထား၊ အသေးစိတ် မိတ်ကပ် ဘယ်လို လိမ်းရမလဲဆိုတာကို ကိုယ် မင်းကို သင်ပေးသည်။
ရဲ့လင်းချန် ပြောသော အသေးစိတ်ကျသည့် မိတ်ကပ်သည် သာမန်လူများ သုံးသော အသေးစိတ်ကျသည့် မိတ်ကပ်များနှင့် မတူပါ။
သူ၏ အသေးစိတ် မိတ်ကပ်က ပို၍ တိကျသည်။ ၎င်းသည် သီးသန့်နေရာတစ်ခုစီကို အာရုံစိုက်စရာ မလိုဘဲ ရှုထောင့်တိုင်းမှ ပေါင်းစပ်၍ ပေါ်လွင်စေသည့် အကောင်းဆုံး မိတ်ကပ် ပုံစံ ဖြစ်လေသည်။
လူတိုင်းတွင် မတူညီသော မျက်နှာ အသွင်အပြင်များ ရှိကြသည်။ ဥပမာ မျက်ရစ်တစ်ထပ်၊ မျက်ရစ် နှစ်ထပ်၊ သို့မဟုတ် မတူညီသော မျက်ခုံးများ၊ မျက်နှာပေါ်မှ အလှမှဲ့လေးတစ်ခုကတောင်မှ တစ်ခါတရံတွင် ၎င်း၏ ကိုယ်ပိုင် အကျိုးသက်ရောက်မှုများ ရှိလေသည်။
၎င်းသည် ပြောင်းလဲမှုအချို့ သို့မဟုတ် မိတ်ကပ်ကလောင်တံလေးနှင့် အနည်းငယ် ပွတ်ပေးရန် လိုအပ်ပေသည်။
၎င်းသည် သာမန် မိတ်ကပ်လေး မဟုတ်တော့ဘဲ ရဲ့လင်းချန် ရုပ်ပြောင်းရုပ်လွှဲပညာနှင့် ဖန်တီးထားသည့် မိတ်ကပ် နည်းလမ်း ဖြစ်သည်။ ထိုနည်းအားဖြင့် လူအများ လက်ခံလာအောင် လုပ်ရန် ပိုလွယ်ပေသည်။
ကျန်းယွင်ရှီသည် မွေးကတည်းက ဉာဏ်ကောင်းသူ ဖြစ်ပြီး သူမ၏ အစွမ်းကုန် ကြိုးစားတတ်ပုံနှင့် ပေါင်းလိုက်သောအခါ သူမသည် မိတ်ကပ်ညာ၌ အတော်လေး တိုးတက်လာခဲ့သည်။ ရဲ့လင်းချန် သူမကို သင်ပေးခဲ့သည့် အရာအများစုကို သူမ ကျွမ်းကျင်သွားပြီ ဖြစ်သည်။ သို့မဟုတ်ပါက ဝိုင်အလှကုန်ပစ္စည်းဆိုင်က နာမည်ကြီးသော်လည်း နည်းပညာမရှိဘဲ ကြာကြာခံနိုင်မည် မဟုတ်ပါ။
ရဲ့လင်းချန်၏ ခန့်မှန်းချက်အရဆိုလျင် ကျန်းယွင်ရှီ၏ ကျွမ်းကျင်မှုက ၆၅ ရာခိုင်နှုန်း ကျော်သို့ ရောက်နေလေပြီ။
*အရေးအကြီးဆုံးကတော့ သင်ပေးတဲ့ ဆရာကလည်း ကောင်းလို့ပဲလေ*
ရဲ့လင်းချန်သည် စိတ်ထဲ၌ သူ့ကိုယ်သူ ချီးကျူးရန် မမေ့ပါ။
ကျန်းယွင်ရှီသည် အသေးစိတ် မိတ်ကပ်ပညာကို ကျွမ်းကျင်နေပြီ ဖြစ်ပြီး သူမ၏ ကျွမ်းကျင်မှုက သိသိသာသာ တိုးတက်လာပြန်သည်။ နောက်တွင် ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို ရဲ့လင်းချန် စီမံရန် မလိုတော့ပါ။ ကျန်းယွင်ရှီ ကိုယ်တိုင် အားလုံး လုပ်နိုင်လောက်လေသည်။
တံခါးအပြင်ဘက်၌ အခြား အလှကုန်ပစ္စည်းဆိုင်မှ သူလျှိုများစွာ ရှိလေသည်။ ထို့ကြောင့်ပင် သူမကို လူမြင်ကွင်း၌ သင်ပေးမည့်အစား သူမနှင့်အတူ အပေါ်ထပ်သို့ တက်သွားခြင်း ဖြစ်သည်။
ရဲ့လင်းချန်သည် ချောင်ရှန်ရှန်၏ မျက်နှာကို အသုံးချ၍ အားလုံးကို ရှင်းပြသွားသည်။ ချောင်ရှန်ရှန်၏ မျက်နှာက သူ၏ ပေါင်းစပ်ထားသော ပညာကို သင်ပေးရန် အသင့်တော်ဆုံး သင်ကြားရေး ပစ္စည်း ဖြစ်လေသည်။ အကြောင်းရင်းမှာ သူမမျက်နှာတွင် ဂရုစိုက်စရာလိုသည့် အသေးစိတ်ကျသည့် အရာများ များလွန်း၍ ဖြစ်သည်။
“ဒီအနီစက်က အရောင်အားဖြင့် ပိုရင့်တယ်၊ အဲ့တော့ ဒီမှာ တစ်ချက် ထပ်လုပ်ရမယ်၊ ဒါပေမဲ့ ဒီနားက ဖျော့တယ်၊ ဆိုတော့ နောက်တစ်ဆင့်က ထပ်ဖုံးဖို့ပဲ၊ ဒီနားမှာ နည်းနည်းလေး ချိုင့်နေတာကို မင်း …”
ရဲ့လင်းချန် အများဆုံး သုံးဖြစ်သည့် ပစ္စည်းမှာ ထိပ်ပိုင်း အပါးဆုံးဖြစ်သည့် မိတ်ကပ်ကလောင်တံလေး ဖြစ်သည်။ သူက ကလောင်တံနှင့် အရောင်များစွာ တင်လိုက်သည်။
ကျန်းယွင်ရှီသည် စိတ်ပါဝင်စားစွာ နားထောင်နေသော်လည်း ရဲ့လင်းချန် မိတ်ကပ် လိမ်းလေလေ သူမမျက်ဝန်းတွင်းမှ အံ့ဩရိပ်တို့က ပိုပို၍ ထင်ရှားလာပြီး နောက်ဆုံး၌ ထိတ်လန့်မှုသို့ ပြောင်းလဲသွားသည်။
ရဲ့လင်းချန်က ချောင်ရှန်ရှဣ်၏ မျက်နှာပေါ်မှ အနာအဆာများကို စုတ်ချက်အချို့ဖြင့် ဖုံးနေသည်ကို သူမ ကြည့်နေမိသည်။ ၎င်းသည် မိတ်ကပ် လိမ်းပေးနေသည်ဟုပင် မပြောနိုင်တော့ဘဲ အနုပညာလက်ရာတစ်ခုကို ဖန်တီးနေသည်ဟုပင် ဆိုရပေတော့မည်။
သူမမျက်စိရှေ့မှ ပြောင်းလဲမှုကို မျက်ဝါးထင်ထင် မြင်လိုက်ရသဖြင့် သူမ ထိတ်လန့်ကာ စိတ်လှုပ်ရှားလာရသည်။
သို့သော် ရဲ့လင်းချန်၏ စကားများက ချောင်ရှန်ရှန်၏ နားထဲတွင် ဂီတသံနှင့် တူမနေပါ။ သူမ တစ်ချိန်လုံး မသက်မသာ ခံစားနေရသည်။ သူမ ရဲ့လင်းချန်နှင့် ငြင်းခုန်ချင်သော်လည်း သူ၏ အကူအညီကို သူမ မှီခိုနေရသဖြင့် သူမ စိတ်လိုက်မာန်ပါ မလုပ်ရဲပါ။
အစောပိုင်းက သူမ ရဲ့လင်းချန်၏ အကူအညီကို ယူခဲ့ရသဖြင့် သူ့အပေါ် အကောင်းမြင်စိတ် ရှိသော်လည်း ပြီးသည်နှင့် သူမသည် ရဲ့လင်းချန်အား စိတ်ဆိုးသော အကြည့်တို့ဖြင့်သာ ကြည့်နိုင်ပေသည်။
အချိန်တစ်ချို့ကြာပြီးနောက် ရဲ့လင်းချန်က ပြောလာသည်။
“ပြီးသွားပြီ”
ရဲ့လင်းချန်၏ အသာအယာ အသံက ချောင်ရှန်ရှန်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို ဖြစ်ကာ သူမ၏ ခန္ဓာကိုယ်လေးအား ပြင်းထန်စွာ တုန်ယင်သွားစေသည်။
“မင်းဘာသာ မှန်ထဲ ကြည့်ကြည့်လိုက်”
…