ဒါ ဘယ်လို မှော်မိတ်ကပ်ပညာမျိုးလဲ
Vol. 31 Ch. 459
“လခွမ်း၊ ဒါ တကယ်ပဲ ချောင်ရှန်ရှန်ဟ”
“တကယ်ပဲ၊ ဒါ တကယ်ပဲဟ၊ ချောင်ရှန်ရှန်က အခု နတ်သမီးလေး ဖြစ်သွားပြီ၊ တကယ်ကြီးပဲ”
“ရူးချင်စရာပဲ၊ ဒါက ဘယ်လို မှော်မိတ်ကပ်ပညာမျိုးလဲ”
“ငါ အခုထိ ယုံရခက်နေသေးတယ်၊ ဒါ သောက်ကျိုးနည်းကို မိတ်ကပ် မဟုတ်ဘူးကွ၊ ဒါ လုံးဝ နောက်လူ တစ်ယောက်ရဲ့ ခေါင်းနဲ့ ပြောင်းတပ်ထားသလိုပဲ”
“မီးလောင်ရာက မက်မွန်ပန်းပွင့်အဖြစ် ပြောင်းလဲသွားပြီးတော့ အမာရွတ်ရာ ဘာမှ မကျန်တော့ဘူး၊ ဒီပညာက ပြိုင်ဘက်ကင်းပဲ”
“ဝိုင်က ဝက်တစ်ကောင်ကို လှပတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းနိုင်တယ်လို့ ငါ လောင်းရဲတယ်”
…
လူတိုင်း စိတ်လှုပ်ရှားစါာ ပြောနေကြသည်။ သူတို့သည် ဆန်းကြယ်မှုတစ်ခု မွေးဖွားလာသည်ကို သူတို့၏ မျက်စိနှင့် တပ်အပ် မြင်တွေ့ခဲ့ကြလေသည်။
အိုးယာ ဌာနချုပ်အတွင်းမှ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း မှင်တက်နေကြသည်။
“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စီအီးအို၏ မျက်လုံးအိမ်က ရုတ်တရက် ကျဉ်းမြောင်းသွားပြီး အလွန်အမင်း ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်တွေ့ရသကဲ့သို့ အော်ဟစ်လေသည်။ သူမမျက်နှာက ပူလောင်လာပြီး အရိုက်ခံလိုက်ရသကဲ့သို့ နာကျင်သလို ခံစားနေရသည်။
ထိုလူက တကယ်ပင် ချောင်ရှန်ရှန် ဖြစ်ကြောင်း သူမ သိနေပါသည်။ သို့သော် ထိုသို့သော မိတ်ကပ် ပညာမျိုးက တုန်လှုပ် ချောက်ချားစရာ ကောင်းလှသည်။ ၎င်းကို မှော်ပညာနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး သူတို့၏ ကိုယ်ပိုင် အလှကုန်ပစ္စည်း ကုမ္ပဏီက ၎င်းကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပါ။
*ကြောက်စရာ ကောင်းတယ်၊ ဒါက လုံးဝ သဘာဝကို လွန်ဆန်နေတာပဲ၊ ဒါ မိတ်ကပ် လောကမှာ တော်တော်လေး ထူးခြားလွန်းတယ်*
“သောက်ကျိုးနည်း၊ သူ ဘယ်လိုလုပ်လိုက်တာလဲ၊ မက်မွန်ပန်းက လုံးဝကို ပြီးပြည့်စုံတယ်၊ ဒီပညာကိုသာ ငါတို့ ကုမ္ပဏီက ရလိုက်ရင် ငါတို့ စကြဝဋ္ဌာကို ခဏလေးနဲ့ သိမ်းနိုင်မှာ”
“မယုံနိုင်စရာပဲ၊ ထိတ်လန့်စရာပဲ၊ ဒါက လူတိုင်းကို ဆောက်တည်ရာမရ ဖြစ်စေတာပဲ”
ပျော်ရွှင်စွာ ပြုံးနေသော လူတိုင်း၏ အမူအရာက ရုတ်တရက် တောင့်တင်းသွားသည်။ ကြောက်ရွံ့စိတ်တို့က အစားထိုး ဝင်ရောက်လာပြီး သူတို့အားလုံး အဆက်မပြတ် ပြောဆိုနေကြသည်။
“အာ … ဘော့စ်၊ ကျွန်တော်တို့ ခဏနေရင် ညစာ သွားစားဦးမှာလား”
တစ်ယောက်က အားမရှိစွာ မေးလာသည်။
“သောက်ကျိုးနည်း သွားစရာလား၊ ထွက်သွားစမ်း”
သူဌေးတွင် ကြမ်းတမ်း ခက်ထန်သော အမူအရာ ဖြစ်ပေါ်နေပြီး သူမ၏ ဒေါသကို ဘယ်နေရာတွင် ဖြေဖျောက် ရမလဲ မသိ ဖြစ်နေပြီး ထအော်လေသည်။
“နင်တို့အားလုံး လုပ်တတ်တာဆိုလို့ နေ့တိုင်း စားသောက်ဖို့ပဲ ရှိတယ်၊ နင့်ကို အလုပ်ထုတ်တယ်”
…
ထိုအခိုက်တွင် ဝိုင်အလှကုန် ပစ္စည်းဆိုင်ထဲမှ လူအားလုံးသည် ချောင်ရှန်ရှန်ကို ကြည့်နေပြီး အချိန်အတော် ကြာသည်အထိ သူမထံမှ အကြည့်မလွှဲနိုင် ဖြစ်နေ၏။
“ကလင် ကလင် ကလင်”
ထိုစဉ် ချောင်ရှန်ရှန်၏ ဖုန်းက မြည်လာသည်။ သူမ ဖုန်းခေါ်သူကို ကြည့်ပြီး အံ့ဩသွားရသည်။ အဘယ်ကြောင့် ဆိုသော် ဖုန်းခေါ်သူက သူမ ယခင်က လက်မှတ်ထိုးခဲ့သော ကုမ္ပဏီက ဖြစ်သောကြောင့်ပင်။
သူမမျက်နှာ ပျက်စီးသွားပြီးနောက် သူမကိုယ်သူမ လူလုံးထွက်ပြခြင်း မလုပ်နိုင်ခဲ့ဘဲ စာချုပ်ချုပ်ခဲ့သော ကုမ္ပဏီ ကလည်း သူမကို ဘယ်ပွဲမှာမှ ပါဝင်ရန် မတောင်းဆိုခဲ့ပါ။
“အစ်မဟုန်လား”
“ချောင်ရှန်ရှန်၊ အဲ့ဒါက တကယ်ပဲ နင်လား”
“တကယ်ပဲ နင်လားဆိုတာက အစ်မ ဘာကို ပြောချင်တာလဲ၊ ဘာဖြစ်လို့လဲ”
ချောင်ရှန်ရှန် တွေဝေသွားသည်။
“ဝိုင်အလှကုန် ပစ္စည်းဆိုင်ထဲက လူက တကယ်ပဲ နင်ကိုး၊ ငါတော့ သွားပြီ၊ ဒါက မယုံနိုင်စရာပဲ”
အစ်မဟုန်၏ အသံက တုန်နေပြီး ခံစားချက်မျိုးစုံ ရောထွေးနေ၏။
“နင့်ရုပ်ရည်က ရုပ်သံဇာတ်လမ်းတွဲအတွက် သိပ်သင့်တော်တယ်၊ ပြီးတော့ နင်က အဲ့ဇာတ်လမ်းတွဲအတွက် ဒုတိယ ဇာတ်လိုက်ပဲ”
“တကယ်လား”
ကောင်းသောအရာများ သူမအပေါ် ကျရောက်လာပြီဟု သူမ ခံစားနေရသည်။ သူမ မူးဝေလာသလိုပင်။ ဤသည်က သူမအတွက် လိုဏ်ဂူအဆုံးမှ အလင်းရောင်လေလော။
“တကယ်ပြောတာ၊ အဲ့ဒါ နတ်သမီး ဇာတ်လမ်းတွဲပဲ၊ သမီးဖြစ်သူ ဇာတ်ကောင်ရဲ့ လိုအပ်ချက်က နင့်ပုံစံနဲ့ လုံးဝ ကွက်တိပဲ၊ သရုပ်ဆောင်ကောင်းရင် ဇာတ်လိုက် မင်းသမီးကိုတောင် ကျော်တက်သွားနိုင်လောက်တယ်၊ မြန်မြန်လာခဲ့”
“ကောင်းပါပြီ၊ ကျွန်မ အခု ပြန်လာခဲ့မယ်”
ချောင်ရှန်ရှန်သည် သကြားလုံး ရလိုက်သော ကလေးငယ်ကဲ့သို့ ပျော်ရွှင်နေပြီး သူမမျက်နှာတွင် အထင်းသား ပေါ်လွင်နေ၏။
ဖုန်းခေါ်သံက မကျယ်သော်လည်း ထိုနေရာမှ လူတော်တော်များများ ကြားရပါသည်။ သူတို့အားလုံးသည် ချောင်ရှန်ရှန်အား အားကျမှုနှင့် ကြည့်နေကြပြီး နတ်သမီးလေးက မတူညီသော အသွင်အပြင်နှင့် ပြန်လာ တော့မည် ဖြစ်ကြောင်း တန်းသိလိုက်ကြသည်။
ဤမိတ်ကပ်က ချောင်ရှန်ရှန်၏ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေလေပြီ။
သို့သော်လည်း ချောင်ရှန်ရှန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ကျန်းယွင်ရှီအား ကြည့်လေသည်။ သူမသည် တစ်ခုခု ပြောလိုဟန်နှင့် ပါးစပ်ဟလိုက်သော်လည်း ဘာစကားလုံးမှ ထွက်မလာချေ။
ကျန်းယွင်ရှီက ပြုံး၍ ပြောလိုက်သည်။
“ရှင် ဘာပြောချင်တာလဲဆိုတာကို ကျွန်မ သိပါတယ်၊ ကျွန်မ ရှင့်မိတ်ကပ် လိမ်းပုံကို ကြည့်ခဲ့ပြီးပါပြီ။ နောက်ပိုင်း ရှင် အကူအညီလိုရင် ကျွန်မဆီ လာလို့ ရပါတယ်၊ ဒါပေမဲ့ အခကြေးငွေတော့ ရှိပါမယ်”
သူမပညာက ရဲ့လင်းချန်လောက် မတော်သော်လည်း သူမသည် လုပ်ငန်းစဉ်တစ်ခုလုံးကို ကူးယူနိုင်ပြီး စိတ်ကျေနပ် စေသော ရလဒ်ကို ဖန်တီးနိုင်ပါသေးသည်။
“ကျေးဇူးတင်ပါတယ်၊ ကျွန်မ တကယ် စိတ်ရင်းနဲ့ ကျေးဇူးတင်တာပါ”
ချောင်ရှန်ရှန်က ကျန်းယွင်ရှီကို အလေးအနက် ဦးညွှတ်ပြီးနောက် အလှကုန် ပစ္စည်းဆိုင်ထဲမှ ထွက်လာသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က ဓာတ်ပုံကို အွန်လိုင်းပေါင် တင်ပြီးသွားလေသည်။
[ဝိုင်အလှကုန် ပစ္စည်းဆိုင်မှာ အံ့ဩစရာကောင်းတဲ့ မိတ်ကပ် ပညာတွေ ရှိတယ်လို့ ငါ ကြားဖူးတယ်၊ ဆန်းကြယ်မှုကို ငါ့မျက်လုံးနဲ့ မြင်တွေ့ရဖို့ ငါ ဘတ်စ်ကား သုံးကြိမ်ပြောင်းစီးပြီး ဒီကို လေယာဉ်နဲ့ လာခဲ့ရတယ်၊ သူတို့ မိတ်ကပ် မလိမ်းပေးခင်တုန်းက ဘယ်သူကမှ အကောင်းမမြင်ခဲ့ဖူး၊ ဒါပေမဲ့ မိတ်ကပ် လိမ်းပေးပြီး သွားတော့ ငါ လန့်သွားရတယ်၊ ဒါ မိတ်ကပ်လေးပဲ မဟုတ်တော့ဘူး၊ မှော်ပညာပဲ၊ ဒါက တကယ် ကြောက်ဖို့ ကောင်းတယ်၊ စာကြွင်း: ချောင်ရှန်ရှန်က နတ်သမီးလေးလိုပဲ၊ သူက သိပ်အံ့ဩဖို့ကောင်းတယ်၊ သူ့ကို ချစ်တယ်၊ ချစ်လိုက်တာ]
အဖြစ်အပျက်က ချောင်ရှန်ရှန် မိတ်ကပ် မလိမ်းခင်ကတည်းက အွန်လိုင်းပေါ်၌ အုတ်အုတ်ကျက်ကျက် ဖြစ်နေပြီးသားပင်။ ချောင်ရှန်ရှန်က အတော်လေး လူစိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်။ ထို့အပြင် သူမ၏ မီးလောင်ထားသည့် အမာရွတ်ကို ပေါင်းလိုက်သောအခါ တော်တော်များများက ဝိုင်အလှကုန် ပစ္စည်းဆိုင် ဘယ်လို ဖြေရှင်းမလဲ သိချင်နေကြသည်။ ထို့အပြင် နောက်ကွယ်၌ ဖိအားပေးသော အင်အားစုများ ရှိသဖြင့် အစကတည်းက ဆူဆူညံညံ ဖြစ်နေခဲ့သည်။
လူတစ်ယောက်က မိတ်ကပ် မလိမ်းခင်ကပုံနှင့် လိမ်းပြီးပုံကို အင်တာနက်ပေါ်၌ ယှဉ်တွဲ၍ တင်လိုက်သောအခါ လူအများစုသည် ထိုပုံစံကြောင့် မျက်စိကန်းလုမတတ် ဖြစ်သွားကြသည်။
TikTok၊ ဝေ့ပေါ်နှင့် Toutiao တို့အားလုံးတွင် ၎င်းက နေရာယူသွားလေသည်။
လူတစ်ချို့သည် လှောင်ရယ်ရန် ပြင်ဆင်ထားသော်လည်း အံ့ဩသွားပြီး အားကျသွားလေသည်။
[ယီးပဲ၊ ငါတို့ကို ငတုံးများ မှတ်နေလား၊ အဲ့ပုံနှစ်ပုံက လူတစ်ယောက်တည်းတောင် ဟုတ်ရဲ့လား]
[လခွမ်း၊ ဒီမိတ်ကပ်ပညာက အရမ်း အံ့ဩဖို့ ကောင်းလွန်းတယ်၊ မျက်နှာပေါ်မှာ ဆွဲထားတဲ့ ပန်းပွင့်က ပန်းချီ လက်ရာလား]
[သောက်ရမ်း အံ့ဩဖို့ကောင်းတယ်၊ မိတ်ကပ်ကို ဒီလိုအဆင့်ထိ ရောက်အောင် လုပ်နိုင်တယ်လို့ မကြားဖူးဘူး၊ ဒါဆို ဘယ်မိန်းကလေးမဆို နတ်သမီးလေးအဖြစ် ပြောင်းနိုင်တယ်လို့ ဆိုလိုတာလား]
[ရုတ်တရက်ကြီး ငါ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံတစ်ခု ရလာတယ်၊ ငါ့မှာသာ ဒီအစွမ်း ရှိရင် ငါ့ကောင်မလေးကို နေ့တိုင်း မတူတဲ့ပုံစံတွေ လိမ်းဖို့ ကူညီပေးမယ်၊ ဟီးဟီးဟီး …]
[အပေါ်ကလူ၊ ငါတော့ မိန်းကလေး အနုပညာရှင်တွေရဲ့ ပုံစံအတိုင်း လိမ်းပေးမှာ၊ ဟဲဟဲဟဲ …]
[ဘုရားရေ၊ ယုတ်ညံ့တဲ့လူတွေပါလား၊ အဲ့အကြံက တော်တော်လေး ထူးဆန်းတယ်လို့ ပြောရမှာပဲ]
ထိုပြောဆိုမှုများသည် အစိတ်အပိုင်း အသေးလေးမျှသာ ဖြစ်သည်။ အမှန်တကယ် ရူးမတတ် ဖြစ်သွားကြသူများက အမျိုးသမီးများပင်။
ရုပ်ရည်သွင်ပြင်သည် ဘယ်အမျိုးသမီးကိုမဆို ရူးမတတ် ဖြစ်သွားစေနိုင်သည်။
[အား … အိပ်မက်ဆန်လွန်းလိုက်တာ၊ ငါ့ကို မိတ်ကပ်လေး တစ်ခါလောက်လေးပဲ လိမ်းပေးပါလို့ ငါ ဝိုင်ကို တောင်းဆိုချင်တယ်၊ တစ်ခါတည်းပါပဲ၊ ငါ့ကို တစ်နေ့လောက် ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေး ဖြစ်ခွင့် ပေးပါ … မဟုတ်ဘူး တစ်နာရီလောက်လေးပါပဲ]
[ဝိုင်၊ ရှင် ကျွန်မကို ကူလိမ်းပေးသရွေ့ ကျွန်မ ရှင့်ကို အရာအားလုံး ပေးမယ်လို့ ကတိပေးတယ်၊ တကယ်ပါ]
[ဝိုင်ကို မိတ်ကပ် ကူလိမ်းပေးဖို့ ပြောရင် အနုပညာလောကထဲကို ချက်ချင်း ဝင်နိုင်မယ်လို့ ငါ ခံစားရတယ်၊ သူက မိန်းမလှလေးကို စိတ်ရှိသလို ဖန်တီးနိုင်သလိုပဲ]
[ချောင်ရှန်ရှန်က တကယ် ကံကောင်းတာပဲ၊ သူ ကြံရာမရ အဖြစ်ဆုံးအချိန်မှာ ဝိုင်အလှကုန် ပစ္စည်းဆိုင်နဲ့ သိလိုက် ရတာပဲ]
[ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး၊ ငါ ဒီည မြို့တော်ကို ပျံသွားမယ်၊ ငါ နောက်ဆို ဝိုင်အလှကုန် ပစ္စည်းဆိုင်ကပဲ သုံးတော့မယ်]
[ဝိုင်အလှကုန် ပစ္စည်းဆိုင်က ဘယ်တော့မှ နောက်ထပ် ဆိုင်ခွဲတစ်ခု ဖွင့်မှာလဲ၊ ငါတို့မြို့ကို လာခဲ့ပါ၊ အား …. သူတို့က တအား တော်တာပဲ]
[နင်တို့ မကြားလိုက်ဘူးလား၊ မန်နေဂျာ ကျန်းယွင်ရှီက ချောင်ရှန်ရှန်ကို မိတ်ကပ်လိမ်းပေးတဲ့ ကိစ္စမှာလည်း ကူပေးတယ်တဲ့၊ သူက ဝိုင်ရဲ့ အနီးကပ် တပည့်တစ်ယောက်ဆိုတာ သိသာတယ်၊ နောက်ဆို သူ့ကို အကူအညီ တောင်းရင်လည်း သူ လုပ်ပေးလောက်တယ်]
…
ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ အဆင့်အတန်းကို ထပ်မံ၍ သက်သေ ပြသွားနိုင်လေပြီ။ အနုပညာ ကြယ်ပွင့်တစ်ယောက်ကို ရလိုက်သည့် အကျိုးသက်ရောက်မှုက အခြားသော သာမန် အကျိုး သက်ရောက်မှုများနှင့် မတူဘဲ လူတိုင်းအား ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ အံ့ဩစရာကောင်းသော မိတ်ကပ်အား လေးစားမိသွားစေသည်။
ညနေဘက်တွင် အနုပညာ သတင်းတွင် ချောင်ရှန်ရှန်က ခေါင်းစီးဖြစ်နေပြီး ချက်ချင်းဆိုသလိုပင် ရေပန်းစားနေသော ရှာဖွေမှုစာရင်း၏ နံပါတ်တစ်သို့ ရောက်ရှိသွားသည်။
[ဂုဏ်ကျက်သရေကနေ ကျဆင်းပြီး ကြံရာမရ ဖြစ်နေတဲ့အချိန်မှာ ရုပ်ဆိုးတဲ့ ဘဲလေးက ငန်းဖြူလေးတစ်ကောင် ဖြစ်သွားတယ်၊ ဒါ ဘယ်လို အတွေ့အကြုံမျိုးလဲ]
ရဲ့လင်းချန်သည် အဖြစ်အပျက်၏ နောက်ပိုင်းကို အရေးစိုက်မနေပါ။ သူ ဂရုစိုက်တာဟူ၍ သူ၏ ရေပန်းစားမှု အမှတ်သာ ရှိသည်။ သို့သော် သူ ခန့်မှန်းထားခဲ့သလိုပင်၊ ယခုအဖြစ်အပျက်မျ ရရှိလာသော သူ၏ ရေပန်းစားမှု အမှတ်သည် ပထမတစ်ခေါက်ထက် အတော်လေး နည်းသည်။ အမှတ်က ခြောက်သောင်းသာ မြင့်တက်လာခဲ့ သော်လည်း သူ စိတ်အေးရပါသည်။ အဖြစ်အပျက်နှစ်ခုလုံးက အတူတူပင် ဖြစ်သဖြင့် ထပ်နေသော အကျိုးသက်ရောက်မှုက အတော်လေး အကန့်အသတ်နှင့် ဖြစ်နေလောက်သည်။