← Chapters

သာလွန်နေသော လူ့ဘဝ

Vol. 31 Ch. 460

သာလွန်နေသော လူ့ဘဝ

Vol. 31 Ch. 460

ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ကျော်ကြားမှုကြောင့် ရဲ့လင်းချန်က ကျန်းယွင်ရှီကို သူတို့၏ ဝေ့ပေါ်၌ ပြောင်းလဲမှု အချို့ ပြုလုပ်ရန် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဝိုင်အလှကုန် ပစ္စည်းဆိုင်သို့ လာ‌ရောက်သည့် လူများက များများလာသောကြောင့်ပင်။ နေ့စဉ် လာရောက်သော သုံးစွဲသူ အရေအတွက်က အကန့်အသတ်နှင့် ဖြစ်နေပြီး လူအများအား မနက်မှ ညနေအထိ တန်းစီခိုင်းထားပြီး တစ်နေကုန် ဆိုင်ပြင်၌ စောင့်ခိုင်းထားသည်က မကောင်းပေ။ ထိုနည်းလမ်းက လူမဆန်လွန်းလှပါ။

ယခုအချိန်မှစ၍ ဝိုင်အလှကုန် ပစ္စည်းဆိုင်သည် ဝေ့ပေါ်မှ တန်းစီသော စနစ်ကို စတင်မည် ဖြစ်သည်။

နောက်တစ်နေ့ မိတ်ကပ် လိမ်းရန် လိုအပ်သောလူများသည် စာရင်းသွင်းမည်ကို တန်းနှိပ်နိုင်မည် ဖြစ်သည်။ ထို့နောက် ညကိုးနာရီတိုင်း ထီကဲ့သို့ လူသုံးဆယ့်ငါးယောက်ကို ကျပန်း ရွေးချယ်မည် ဖြစ်သည်။ သူတို့ နိုင်သည့် အစီလိုက်အတိုင်း သူတို့ကို မိတ်ကပ် လိမ်းမည့်အချိန် ပေးမည် ဖြစ်သည်။ ထိုနည်းအားဖြင့် အခြားသူများ ဘာမှမဟုတ်ဘဲ လာတန်းစီစောင့်စရာ မလိုတော့ပါ။

သို့သော် စာရင်းသွင်းပြီး နောက်နေ့ ပေါ်မလာသူအား သူတို့၏ ပါဝင်ခွင့်ကို ခြောက်လ ပိတ်ပင်မည် ဖြစ်သည်။

ရဲ့လင်းချန်သည် ဤစနစ်ကို တစ်ခဏအတွင်း တီထွင်နိုင်ခဲ့သည်။ သူ့ကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက် ဤသို့သော ရိုးရှင်းသည့် ကွန်ပျူတာ စနစ် ရေးခြင်းက ကလေးကစားစရာလိုပင်။

ထုတ်လိုက်ပြီးသည်နှင့် အစီအစဉ်သည် ချီးမွမ်းမှုများစွာကို ရရှိလာသည်။ အားလုံးက ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ အသုံးပြုသူအပေါ် ရင်းနှီးဖော်ရွေမှုအပေါ် ချီးကျူးကြသည်။ သို့သော် ဝိုင်အလှကုန်ပစ္စည်းဆိုင်အား ဆိုင်ခွဲများ ဖွင့်ရန် အသည်းအသန် တောင်းဆိုကြပြီး ဤသို့သော နာမည်ကြီးသော ဆိုင်က တစ်နေ့ကို သုံးစွဲသူ ၃၅ ယောက်ပဲ လက်ခံသည်က ရယ်စရာ ကောင်းသလို ဖြစ်နေ၏။

ဤအတောအတွင်းတွင် အလှကုန် ပစ္စည်းဆိုင်များစွာက ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို ဆက်သွယ်၍ လုပ်ငန်းလုပ်ပိုင်ခွင့် ရလိုသည့် သူတို့၏ ဆန္ဒကို ထုတ်ဖော်ပြောဆိုကြသည်။ သူတို့သည် အလွန် မြင့်မားသော လုပ်ပိုင်ခွင့်ကြေးကို ကမ်းလှမ်းသော်လည်း ရဲ့လင်းချန်က အားလုံးကို ငြင်းပယ်ခဲ့သည်။ ရဲ့လင်းချန်သည် ပိုက်ဆံ ရှာချင်သော်လည်း ဥဥပေးသော ကြက်ကို သတ်လိုက်ရန် မဖြစ်နိုင်ပါ။

သူသည် သူ့ကိုယ်သူ ယုံကြည်မှု ရှိသည်။ အကယ်၍ သူသာ အခြားသူများကို လုပ်ပိုင်း လုပ်ပိုင်ခွင့် ရောင်းလိုက်ပါက ယင်းက သူတို့ကို သူ့အပေါ် အခွင့်ကောင်းယူခွင့် ပေးလိုက်သလို ဖြစ်မသွားပေဘူးလား။

ထိုကိစ္စများကို ဖြေရှင်းပြီးနောက် ရဲ့လင်းချန်၌ အချိန်များ ပိုနေပြန်ပြီး ဘာမှလုပ်စရာ မရှိသဖြင့် အိမ်၌ နေနေရသည်။ ဤသည်မှာ ဘာမှမလုပ်ဘဲ အခြားသူများကို အလုပ်လုပ်ခိုင်းသည့် သူဌေးဖြစ်ရခြင်း၏ ကောင်းကျိုး တစ်ခုပင်။ သူသည် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရန်နှင့် ဖြေရှင်းနည်းများ ပေးရန်သာ လိုအပ်ပေသည်။ ကျန်သော အရာများကို အခြားသူများက လုပ်သွားပေမည်။

သူ အတန်းသွားမတက်သည်မှာ အတော်ကြာပြီ ဖြစ်သဖြင့် သူ တစ်ချက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရဲ့လင်းချန်သည် သင်္ချာပြိုင်ပွဲ၌ ကျောင်းဂုဏ်သိက္ခာ တိုးအောင် ကူညီပေးခဲ့သည့်အပြင် ဘတ်စကက်ဘော ပြိုင်ပွဲတွင်လည်း အနိုင်ရအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် သူသည် နောက်ဆုံး စာမေးပွဲ မဖြေခင်အထိ အတန်းသွားတက်ရန် မလိုအပ်ပါ။ ယင်းမှာ အထူး အခွင့်အရေးတစ်ခုပင်။

ရဲ့လင်းချန်သည် တက္ကသိုလ်၏ အငွေ့အသက်ကို အလွန်အမင်း နှစ်ခြိုက်နေပါသေးသည်။ ထိုနေရာတွင်မှ သူ၏ ငယ်ရွယ်နုပျိုမှုနှင့် သွေးပူသော နှလုံးသားတို့၏ ခံစားချက်တို့ကို သူ ခံစားမိသည်။

ကျောင်းသို့ လမ်းလျှောက်သွားခြင်းက ကောင်းသော အရာဖြစ်ပြီး လမ်းလျှောက်ခြင်းက အပျင်းပြေစေသည်။

သူသည် ထိုသို့ အတွေးဝင်သည်နှင့် တန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရဲ့လင်းချန်သည် လမ်းကို ကျွမ်းကျင်နေသဖြင့် ကျောင်းသို့ ခပ်သွက်သွက် လျှောက်လာသည်။ သူ ကျောင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်ကနှင့် ခံစားချက်ခြင်း မတူညီပါ။

သူ ပထမဆုံး ဝင်ရောက်ခဲ့စဉ်က ပါရမီရှင်စနစ်ကို ရရှိခါစ ဖြစ်ပြီး အခြားသူများနှင့် သူ တူမှာ မဟုတ်တော့သည်ကို သိနေသော်လည်း သူ့စိတ်က လူအများစုနှင့် အကြမ်းဖျင်း တူညီလေသည်။ သူသည် စိတ်လှုပ်ရှား၍ တက္ကသိုလ် ကျောင်းသား ဘဝကို မျှော်လင့်တွေးတောနေခဲ့မိသည်။

လအနည်းငယ် အတွင်းမှာပင် သူ၏ အကျင့်စရိုက်က လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။ သူ ကျောင်းသို့ ပြန်လာသောအခါ ဂုဏ်ယူစိတ်နှင့် ပြန်လည် ဆုံစည်းသော ခံစားချက်တို့ကို ခံစားမိ လိုက်သည်။

ကိစ္စတော်တော်များများတွင် ရဲ့လင်းချန်က ဟန်များတတ်သော်လည်း လက်ရှိတွင် သူသည် ဟန်များခြင်းနှင့် အတော်လေး မတူကွဲပြားနေသည်ဟု ခံစားမိသည်။ ယင်းမှာ သူ့ရင်ထဲက လာသော ပျော်ရွှင်မှုနှင့် အောင်မြင်မှု ခံစားချက်တို့ပင်။

သို့သော် တစ်ခဏအတွင်းမှာပင် သူ၏ အေးချမ်း၍ ပျော်ရွှင်နေသော ခံစားချက်က အော်သံတစ်ခုကြောင့် လွင့်ပြယ်သွားလေသည်။

“အား … ရဲ့နတ်ဘုရားပဲ”

ထိုစူးရှသော အော်သံက လမ်းတစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။

“ရွှစ် ရွှစ် ရွှစ်”

မရေတွက်နိုင်သော မျက်လုံးများက ရဲ့လင်းချန်ပေါ် ကျရောက်လာ၏။

ရဲ့လင်းချန် အံ့ဩနေသကဲ့သို့ လမ်းပေါ်မှ လူများသည်လည်း ထပ်တူ အံ့ဩနေသည်။

တစ်ခဏကြာသော် …

“လခွမ်း၊ တကယ်ကြီး ရဲ့နတ်ဘုရားဟ”

“ငါ ရဲ့နတ်ဘုရားကို အရှင်လတ်လတ် တွေ့လိုက်ရပြီ၊ အားလုံး မြန်မြန်လုပ်ကြ၊ သူ့ကို ထွက်မပြေးစေနဲ့”

“အား … အား … အား … ငါ့ယောက်ျားရေ၊ ကျွန်မ ရှင့်ကို ချစ်တယ်နော်၊ ကျွန်မ ရှင့်ကို ဖက်ချင်တယ်၊ နမ်းချင်တယ်၊ ပြီးတော့ ခပ်မြင့်မြင့် မြှောက်ထားလိုက်ချင်တယ်”

“ရဲ့နတ်ဘုရား ကျေးဇူးပြုပြီးတော့ လက်မှတ်လေး ထိုးပေးပါ”

“အားလုံး လမ်းဖယ်စမ်း၊ ငါ ရဲ့နတ်ဘုရားနဲ့ ဓာတ်ပုံ တွဲရိုက်မလို့”

…

ထိုသို့သောအချိန်၌ တစ်လမ်းလုံး ဆူညံ ပွက်လောရိုက်လာသည်။ အမျိုးသားနှင့် အမျိုးသမီးများ၊ လူကြီးလူငယ်မရွေး အားလုံးက ရဲ့လင်းချန်ထံ ပြေးလာသဖြင့် သူ ကြောက်သွားရသည်။

ဤနေရာက တက္ကသိုလ်မြို့ပတ်ဝန်းကျင် ဖြစ်သဖြင့် အတော်လေး လူထူထပ်ပြီး လူများလေသည်။

“မြတ်စွာဘုရား”

ရဲ့လင်းချန် ကြက်သီးထသွားပြီး နေရာ၌ ဆက်မနေရဲတော့ချေ။ သူသည် လူအုပ်ထဲမှ နေရာလွတ်ကို ရှာ၍ တစ်စက္ကန့် နောက်ကျသည်နှင့် သူ့လူပျိုရည် ပျက်သွားမည်ကို ကြောက်သကဲ့သို့ အသည်းအသန် ပြေးထွက် လေသည်။

“ရဲ့နတ်ဘုရားက ဈေးဝယ်စင်တာထဲ ပြေးသွားတယ်၊ သူ့နောက်လိုက်ကြဟေ့”

“အားလုံး နားထောင်ပေးပါ၊ တီရှပ် ဝတ်ထားတဲ့လူက ရဲ့နတ်ဘုရားပါပဲ၊ သူ့ကို တားထားကြပါ”

“အာ … ရဲ့နတ်ဘုရားလား၊ သေစမ်း”

“ရဲ့နတ်ဘုရား၊ မပြေးနဲ့လေ …”

…

*သောက်ကျိုးနည်းကွာ၊ သူတို့က သောက်ရမ်း ကြမ်းလွန်းတယ်*

ရဲ့လင်းချန် စိတ်ထဲမှ ရေရွတ်နေမိသည်။ ဤသို့ ဆိုးရွားသော အခြေအနေနှင့် ကြုံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ ယင်းက ကြောက်စရာ ကောင်းလွန်းလှပပေသည်။

သူ့ကျန်းမာရေးက ကောင်းနေ၍ တော်ပါသေးသည်။ သူသည် ပထမထပ်သို့ ခြေလှမ်း အနည်းငယ်မျှနှင့် လျင်မြန်စွာ တက်သွားနိုင်ခဲ့သည်။ ဘယ်သူမှ သူ့ကို မတားနိုင်ပါ။ လူတိုင်း သတိမထားမိချိန်ကို အခွင့်ကောင်းယူ၍ သူ တစ်ဖက်လှည့်၍ အဝတ်အစားဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

သူသည် အနက်ရောင် Mask ကိုထုတ်၍ တပ်လိုက်ပြီး သူ၏ အဖြူရောင် ရှပ်အင်္ကျီကို ခပ်မြန်မြန်ချွတ်၍ အနက်ရောင် ရှပ်အင်္ကျီကို လဲဝတ်လိုက်လေသည်။

*ဟူး … အခု ဘေးကင်းလောက်ပါပြီ*

ရဲ့လင်းချန်သည် တည်ငြိမ်ပုံဖမ်း၍ ပိုက်ဆံရှင်းကာ ဆိုင်ထဲမှ ထွက်လာပြီးနောက် ဈေးဝယ်စင်တာထဲမှ ထွက်လာသည်။

လမ်းတစ်လျှောက်တွင် လူပေါင်းများစွာက သူ့ကို ဖြတ်ကျော်သွားကြသည်။

“ဟမ်၊ ရဲ့နတ်ဘုရားက ဘယ်မှာလဲ၊ သူ ဒီဘက်သွားတာကို ငါ သေချာ မြင်လိုက်ပါတယ်”

“အားလုံး လူခွဲပြီး ရှာကြရအောင်၊ သူ့ကို မြင်တာနဲ့ အော်ဖို့ သတိရကြနော်၊ တစ်ကိုယ်ကောင်း မဆန်ကြနဲ့ ဟုတ်ပြီလား”

“ဈေးဝယ်စင်တာက ကြီးလွန်းတယ်၊ သူ ဘယ်မှာ ပုန်းနေလောက်မလဲ”

“ဒီနေ့ ငါ ရဲ့နတ်ဘုရားကို ရှာမတွေ့မချင်း လက်မလျှော့ဘူး၊ ငါ သူ့ကို စိတ်ရှိတိုင်း ကိုင်ကို ကိုင်နိုင်ရမယ်”

“ဟဲ့ နင် သူ့ကို တွေ့ရင် ဘယ်နေရာကို ကိုင်မလို့လဲ၊ ငါ ကိုင်ချင်တာက …”

…

ခပ်လှမ်းလှမ်းရှိ အနက်ရောင် ရှပ်အင်္ကျီနှင့် လူတစ်ယောက်သည် တုန်တက်သွားပြီး သူ့ခြေလှမ်းကို ချက်ချင်း ခပ်သုတ်သုတ် လျှောက်လေသည်။

*ကြမ်းတယ်၊ လုံးဝ ကြမ်းလွန်းတယ်*

*ဒီမိန်းကလေးတစ်သိုက်က လူမဆန်ဘူးပဲ*

သူ ဝိုင်ဖြစ်လာစဉ်က သူ့မျက်နှာကို ဖုံးထားရသည်။ သို့သော် အနုပညာရှင် ဖြစ်လာပြီးနောက်တွင်လည်း သူ့မျက်နှာကို ဖုံးထားရလိမ့်မည်ဟု သူ ထင်မထားမိပါ။

ရဲ့လင်းချန်သည် ဈေးဝယ်စင်တာထဲမှ ထွက်လာပြီးနောက် ပို၍ သတိထားလာသည်။ သူသည် သူ့မျက်နှာမှ mask ကို တင်းနေအောင် လုပ်ထားပြီး ဘေးဘီကို မကြာခဏ ကြည့်နေသည်။

ကြောက်လန့်ပြီးနောက် သူသည် တက္ကသိုလ်သို့ ပြန်သွားပြီး ရင်းနှီးသော ပတ်ဝန်းကျင်နှင့် သွားလာနေသော ကျောင်းသားများကို ကြည့်လိုက်သည်။ ယောက်ျားလေးများသည် တက်ကြွ၍ သွက်လက်နေပြီး မိန်းကလေးများက အလွန် လှပစွာ ဝတ်စားထားကြသည်။ ဘယ်အရာကမှ ပြောင်းလဲသွားပုံ မရပါ။

သူသည် အရင်းနှီးဆုံး ဖြစ်ခဲ့သော လမ်းအတိုင်း အလိုလို လျှောက်နေမိပြီး မကြာခင်မှာပင် ယောက်ျားလေး အဆောင်၏ တံခါးနားသို့ ရောက်သွားသည်။

သို့သော် အဆောင်ထဲမှ ထွက်လာသော လူသုံးယောက်ကို မြင်သောအခါ သူ အနည်းငယ် မှင်တက်သွားရသည်။ တစ်ချိန်တည်းမှာပင် ထိုသုံးယောက်သည်လည်း အံ့အားသင့်သွားလေ၏။

“ချီးပဲ၊ ရဲ့ …”

ရှောင်ကမ်းက ပြောနေစဉ်မှာပင် သူ့ပါးစပ်ကို အုပ်၍ တစ်ချက် ကြည့်လေသည်။ လေးယောက်သား စုဝေး၍ ကစားကွင်းသို့ တန်းသွားကြသည်။

“လခွမ်း၊ ရှောင်ရ့ မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ”

ရှန်းက ရဲ့လင်းချန်ကို ရိုက်၍ မထိန်းနိုင်ဘဲ ပြောလိုက်သည်။

“ရှောင်ရဲ့ အခု မင်းက ပြည်တွင်း အနုပညာရှင် ဖြစ်နေပြီနော်၊ မင်းက တကယ် မိုက်တယ်ကွာ”

ရှောင်ကမ်းကလည်း ဝင်ပြောလာပြီး သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေ၏။

တစ်ချိန်က သူတို့အားလုံးသည် အဆောင်တစ်ခုတည်းမှ အတန်းဖော်များ ဖြစ်ခဲ့ကြပြီး တက္ကသိုလ်ထဲ၌ စာရင်း သွင်းခဲ့ကြသည်ကို ထင်ထင်ရှားရှား မှတ်မိနေပါသေးသည်။ သို့သော် သိပ်မကြာလိုက်ခင်မှာပင် ရဲ့လင်းချန်က သူတို့ရှေ့၌ အမြင့်သို့ တက်လှမ်းသွားခဲ့သည်။

ရဲ့လင်းချန်က ထူးခြားသော လူတစ်ယောက်ဟု သူတို့ အမြဲ ခံစားမိသော်လည်း သူက ထိုမျှ တကယ် အံ့ဩစရာ ကောင်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။

ယခုခေတ်တွင် သူဌေးသားများ၊ စူပါစတားများ၏ ကလေးများ၊ အရာရှိများ၏ ကလေးများ၊ နာမည်ကြီးသော လူများ၏ ကလေးများ အကြောင်းကို မကြာခဏ ကားရသော်လည်း ရဲ့လင်းချန်က ထိုကိစ္စများထဲ၌ လုံးဝ မပါပါ။ သူက လုံးဝကို အပြတ်အသတ် သာလေသည်။

All Chapters