ငါ နှိမ့်ချပြီးနေချင်ပင်မယ့် ငါ့ညီအစ်ကိုတွေက မနေပါလား
Vol. 31 Ch. 461
“ရှောင်ရဲ့၊ ငါ မင်းကို ခဏလောက် ဖက်ပါရစေ၊ ဒါမှ ငါ ရဲ့နတ်ဘုရားရဲ့ အရှိန်အဝါတွေကို ထိတွေ့နိုင်မှာ”
အာလူလေးက ရဲ့လင်းချန်ကို ဖက်ရင်း ပြောလေသည်။
“ချီးပဲ၊ ငါလည်း ထိချင်တယ်ကွ”
ရှန်းရှင့် ရှောင်ကမ်းကလည်း ချက်ချင်း လိုက်လုပ်လေသည်။
ရဲ့လင်းချန်က စူပါစတားတစ်ယောက်၏ အရှိန်အဝါမျိုး ရသွားပြီးနောက် သူ့ကို ထပ်တွေ့ရန် ခက်လိမ့်မည်ဟု သူတို့ အစက စိုးရိမ်ခဲ့ကြသည်။ သို့သော် သူ့ကို တွေ့ပြီးနောက် ယင်းက သူတို့ စိုးရိမ်စရာ မလိုကြောင်း သတိပြု လိုက်မိသည်။
“ရှောင်ရဲ့၊ မင်း ဘာလို့ ဒီကို လာဖို့ အချိန်ပိုရတာလဲ၊ မင်း သိပါတယ်၊ အခု မင်းက စူပါစတား တစ်ယောက် ဖြစ်နေပြီဆိုတော့ ငါတို့ ကျောင်းအုပ်က မင်းကို နာမည်တပ်ပြီး ချီးကျူးနေတာ၊ မင်းက ငါတို့ကျောင်းရဲ့ ဂုဏ်ဆောင်လို့ ပြောနေတာလေ”
ရှောင်ကမ်းက ပြောပြသည်။
“မင်း ဒီရောက်နေတာကို တစ်ယောက်ယောက် သိလို့ကါတော့ ငါတို့ ဒီကစားကွင်းမှာ နင်းသတ်ခံရလောက်တယ်”
အာလူးလေးက ပြောသည်။
“ငါတို့ သတိထားမှ ဖြစ်မယ်”
“ငါ မင်းကို ပြောရဦးမယ်၊ ကျောင်းက မင်းပုံကို ဘောင်သွင်းပြီး လူရည်ချွန်တွေရဲ့ ပုံတွေ ထားတဲ့ နံရံမှာ ချိတ်ထားတယ်”
ရှန်းက ဆက်ပြောလေသည်။
“မင်းနဲ့ငါက အတန်းတူပြီးတော့ အခန်းဖော် ဖြစ်ခဲ့တာကို တွေးမိရင် ငါ အိပ်မက်လိုပဲ ခံစားရတယ်”
*နံရံမှာ ချိတ်ထားတယ် ဟုတ်လား*
ယင်းက အနေရခက်လှပေသည်။
အချင်းချင်း မတွေ့ရတာ ကြာနေသဖြင့် သူတို့ သုံးယောက်က သူတို့ ရင်ထဲက ပြောချင်သော ကိစ္စများကို ထုတ်ပြောကြသည်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ကျောင်းရှိ လတ်တလော အခြေအနေများကို ရဲ့လင်းချန် သိအောင် အလှည့်ကျ ပြောပြလေသည်။
ကိုရီးယားနိုင်ငံနှင့် ချစ်ကြည်ရေး ပြိုင်ပွဲ ကစားသည့်နေရာသို့ ရဲ့လင်းချန်အား အဖော်လုပ်၍ ခေါ်သွားခဲ့သည့် အချိန်ကို သူတို့ အမှတ်ရပါသေးသည်။ ထိုနေရာသည် ရဲ့လင်းချန်က ကွင်းထဲမှ အခြေအနေကို ပြောင်းပြန်လှန်၍ သူတို့ မထင်ထားလောက်အောင် လုပ်ပြခဲ့သည့် နေရာ ဖြစ်သည်။ ထို့နောက် သူသည် အားကစား ကြယ်ပွင့် တစ်ယောက် အနေနှင့် ရသစုံရှိုးပွဲများ၌ တောက်ပစွာ ပေါ်လွင်ခဲ့ပြီး ဘယ်သူမှ မချဉ်းကပ်ရသော မြင့်မြတ်သည့် စူပါစတားတစ်ယောက် ချက်ချင်း ဖြစ်လာခဲ့သည်။
ရဲ့လင်းချန်သည် သူ့နာမည်နှင့် ဘာအလုပ်မှ မလုပ်ရသေးသော်လည်း သူ့အား အေအဆင့် ကြယ်ပွင့် တစ်ယောက်ဟု ပြောလျင် လွန်ရာမကျပါ။ သူသည် ရုပ်ရှင်ကား သို့မဟုတ် ဇာတ်လမ်းတွဲ ရိုက်ကူးပါက ချက်ချင်း ကျော်ကြားလာလောက်သည်။
“ခုနက မင်းတို့သုံးယောက် ဘာလို့ အောက်ထပ်မှာ စောင့်နေတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“သေရောဟေ့”
သုံးယောက်သား ပြိုင်တူ ထအော်၍ ခေါင်းမူးလာသည်။
“သေရော ငါတို့ ဟောင်ကျန်းကို စောင့်နေတာကွ”
“ဟောင်ကျန်းကို စောင့်နေတာလား”
ရဲ့လင်းချန်က အချိန်ကို ကြည့်၍ နှုတ်ခမ်းမဲ့သွားသည်။ သူတို့ လေးယောက်သား ကစားကွင်း၌ စကား ပြောနေသည်က နာရီဝက်ပင် ရှိသွားလေပြီ။
“သူ့ကို မြန်မြန် သွားပြန်ကြည့်ရအောင်”
လေးယောက်သား အဆောင်ဘက်သို့ ပြန်လျှောက်လာသောအခါ ဟောင်ကျန်းကို တွေ့လိုက်ရသည်။
သူသည် အဝါရောင် အင်္ကျီလက်တိုကို ဝတ်ထားပြီး ဆံပင်များ ပြားကပ်နေအောင် နောက်လှန်ဖြီးထားကာ မျက်နှာက ကြည်လင်နေ၏။ သူ့ဆံပင်ကို သေချာ ဖြီးလိမ်းထားပုံရသည်။ သို့သော် သူ့ကို မြင်သည့် ဘယ်သူမဆိုသည် ပွဲလမ်းသဘင် သွားတော့မည့်ပုံမျိုးဟု ထင်သွားလောက်သည်။ သူသည် သွားလာနေသော မိန်းကလေး အတန်းဖော်များကို ကြည့်၍ သူ့နားရွက်နှင့် ပါးကို ကုတ်နေသည်။ သူသည် သူတို့ထံသွား၍ စကားပြောချင်ပုံ ပေါ်နေသော်လည်း ထိုသို့လုပ်ရန် ကြောက်နေပုံရသည်။
“ငါတို့ မလိုအပ်ဘဲ စိုးရိမ်နေတဲ့ပုံပဲ၊ ဒီကောင်က ပျော်နေပုံရတယ်”
ရှန်း ရယ်လိုက်မိသည်။
“သူက အမြဲတမ်း သန့်ပြန့်နေတာ၊ သူက အပြင်မသွားခင် facial mask တောင် သုံးလိုက်သေးတယ်၊ နေ့တိုင်း ချိန်းတွေ့သလို လုပ်နေတာ၊ ချီးပဲ ဒီကောင်ကတော့”
ရှောင်ကမ်းက စကားပြောရင်း ဟောင်ကျန်းကို လက်လှမ်းပြလိုက်သည်။
သူက အရပ်ရှည်ပြီး လူကောင်ထွားသဖြင့် ဟောင်ကျန်းကို ချက်ချင်း သတိထားမိသွားစေသည်။
“ယီးပဲ၊ မင်းတို့တွေ ဘာလုပ်နေတာလဲ၊ ငါ မင်းတို့ကို စောင့်နေတာ ကြာလှပြီ”
ဟောင်ကျန်း၏ အမူအရာက ပြောင်းလဲသွားပြီး စောဒက တက်သည်။
“ငါ မင်းတို့ကို ပြောတယ်လေ၊ ထမင်း …”
ရုတ်တရက် သူ စကားစ ပြတ်သွားသည်။ သူက ရဲ့လင်းချန်ကို ပါးစပ် အဟောင်းသားနှင့် ကြည့်နေပြီး သူ့မျက်လုံးတွင် အံ့ဩဟန်တို့နှင့် ပြည့်နှက်လာသည်။ သူ့တစ်ကိုယ်လုံး နေရာ၌ အမြစ်တွယ်သလို ရပ်နေသည်။ အချိန် အတော်ကြာအောင် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ပြီးမှ သူ သတိပြန်ဝင်လာ၏။ ထို့နောက် ခံစားချက်များက ပြောမပြတတ်လောက်အောင် ပွင့်အံလာသည်။
“ငါ့ကို စောင့်ဦး၊ မင်း ငါ့ကို ဒီမှာ စောင့်နေနော်၊ မသွားနဲ့”
ထိုသို့ပြောပြီးနောက် သူသည် ယောက်ျားလေး အဆောင်ထဲသို့ သုတ်ခြေတင် ပြေးလေသည်။ သူ၏ မြန်ဆန်ပုံကြောင့် ရှောင်ကမ်းတို့ အံ့ဩသွားကြသည်။
“ဒီကောင် … သူ့ဦးနှောက်က ပြတ်သွားတာလား”
အာလူးလေး မနေနိုင်ဘဲ ပြောလိုက်မိသည်။
မကြာခင်မှာပင် ဟောင်ကျန်းက မီးခိုရောင် ကျောပိုးအိတ်ကို ပိုက်၍ ပြန်ရောက်လာသည်။
သူသည် အချိန်တိုလေးအတွင်း အားကုန်သုံး၍ ပြေးထားမှန်း သိသာလှသည်။ သူက အသက်ကို မနည်းရှူနေရပြီး မျက်နှာက နီရဲနေ၏။
“ရဲ့၊ ရဲ့ … ရှောင်ရဲ့”
ဟောင်ကျန်း ဟောဟဲလိုက်နေလေသည်။
“ရှောင်ရဲ့၊ ငါ နေရာတိုင်း လိုက်ရှာခဲ့ပြီးတော့ နေ့တိုင်း ကွမ်ရင်မယ်တော်ဆီမှာ ဆုတောင်းခဲ့တာ၊ နောက်ဆုံးတော့ ငါ့ဆန္ဒတွေ ပြည့်လာပြီ၊ မင်း ဒီကို ရောက်လာပြီပဲ”
“ငါ … ငါ …”
“ခဏလေး ငါတို့ သွားရင်း ပြောတာပေါ့၊ မင်း လျှာခလုတ်တိုက်နေပြီ”
ရှန်းက မညှာမတာ ဖြတ်ပြောလိုက်သည်။
“လျှာခလုတ်တိုက်နေတာ မင်းကွ၊ ငါ နည်းနည်း အသက်ရှူမဝ ဖြစ်သွားရုံလေးပဲ”
ဟောင်ကျန်းက ချက်ချင်း ပြန်ပြောသည်။
“မင်းခန္ဓာကိုယ်က အားနည်းလွန်းတယ်၊ ဟောင်ကျန်း၊ ကျန်းမာအောင် လေ့ကျင့်ခန်း နည်းနည်းလုပ်ဖို့ အချိန်တန်ပြီ”
ရဲ့လင်းချန်က ပြုံးနေ၏။
“ရှောင်ရဲ့၊ ငါက စိတ်လှုပ်ရှားလွန်းလို့ပါ၊ စိတ်လှုပ်ရှားလွန်းလို့ပါ”
ဟောင်ကျန်းက အသက်ပြင်းပြင်းရှူပြီးမှ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ”
ထိုသို့ပြောပြီးနောက် သူသည် ကျောပိုးအိတ်ကို ချက်ချင်း ဖွင့်လိုက်သည်။
“ငါ မင်းရဲ့ ကဒ်တွေနဲ့ အရုပ်လေးတွေ အားလုံး ဝယ်ထားတယ်”
“ယီးပဲ၊ မင်းက ရူးနေတာပဲ၊ မင်း ကျောပိုးအိတ် အပြည့် ဝယ်ထားတာပဲ၊ မင်း အဲ့ဒါနဲ့ ဘာလုပ်မလို့လဲ”
“မင်းက သောက်ရမ်း ရူးနေတာပဲ၊ မင်း ရှောင်ရဲ့ကို အမာခံ ပရိသတ်လောက်အထိ အားပေးနေတာလား”
“မြတ်စွာဘုရား၊ ဟောင်ကျန်း မင်းက တော်တော် လန့်ဖို့ကောင်းတာပဲ၊ မင်းမှာ ပုံမှန်မဟုတ်တဲ့ အစွဲအလမ်း ကြီးစိတ်တော့ မရှိပါဘူးနော်၊ ဟုတ်တယ်မလား”
ရှောင်ကမ်းတို့ သုံးယောက်လုံး အံ့ဩကုန်သည်။ ကျောပိုးအိတ် တစ်ခုလုံး ပြည့်ကျပ်နေပြီး အားလုံးက ရဲ့လင်းချန်၏ ကြည့်ကောင်းသော ဓာတ်ပုံများ ဖြစ်နေသည်။
“သွားစမ်း၊ မင်းကမှ ပုံမှန်မဟုတ်တဲ့ စွဲလမ်းစိတ် ရှိတဲ့သူ”
ဟောင်ကျန်း နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
“မင်းတို့တွေ ဘာသိလို့လဲ၊ ရဲ့လင်းချန် ဒါတွေအားလုံးမှာ လက်မှတ်ထိုးလိုက်ရင် ဘယ်လောက် တန်ဖိုးရှိသွားမလဲ မင်းတို့ သိလို့လား”
သူက ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။
“အခြားသူတွေကို ရှောင်ရဲ့က ငါ့အတန်းဖော်လို့ ပြောပြတာကို တော်တော်များများက မယုံကြဘူးလေ၊ ငါ သူတို့ကို မြင်အောင် ပြချင်ရုံလေးပါ၊ ပြီးတော့ ငါတို့ ရှောင်ရဲ့ရဲ့ လက်မှတ်ကို ပြလိုက်တာနဲ့ ဘယ်သူနဲ့မဆို အဆင်ပြေပြေ စကားစလို့ ရပြီ မဟုတ်ဘူးလား၊ ငါ ဘောပင်တွေတောင် ဝယ်ထားတယ်”
သူ့စကားက လူသုံးယောက်ကို အံ့ဩသွားစေသည်။ ထို့နောက် သူတို့က ဝမ်းသာအားရဖြစ်သော မျက်နှာထားမျိုး ဖြစ်လာလေသည်။
“မင်းက ဉာဏ်ကြီးရှင်ပဲ၊ ဒီကောင်ရဲ့ မကောင်းတဲ့စိတ်မှာ အကျိုးရှိတာလေးတော့ ရှိသားပဲ”
“မိုက်တယ်ဟ၊ ငါ အရင်က တစ်ခါမှ မတွေးမိဖူးဘူး”
“ရှောင်ရဲ့၊ ငါ့ဝမ်းကွဲ ညီနဲ့ညီမ နှစ်ယောက်လုံးက မင်းရဲ့ ပရိသတ်တွေ၊ ငါ့ကို လက်မှတ်ထိုးပေး၊ သူတို့ လုံးဝ မနာလိုဖြစ်မှာ”
သုံးယောက်သား မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
ရဲ့လင်းချန် သူ့နှာခေါင်းသူ ပွတ်နေမိသည်။ သူ့နဖူးကြောများ တွန့်နေပြီး အိတ်အပြည့် ကဒ်များကို ကြည့်နေ၏။ အနည်းဆုံး ကဒ်က တစ်ရာမျှ ရှိသည်။ ၎င်းတို့အားလုံးကို လက်မှတ်ထိုးပေးရလျင် ဘယ်လောက် သေချင်စော် နံလိုက်လေမလဲ။
“မင်းတို့ တစ်ယောက် ငါးကဒ်စီ ရွေးပြီး ငါ လက်မှတ် ထိုးပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”
“ရှောင်ရဲ့ သက်တော် ရာကျော် ရှည်ပါစေကွာ၊ မင်း ညီအစ်ကို သံယောဇဉ်ကို တန်ဖိုးထားမယ်ဆိုတာကို ငါ သိနေပြီးသား”
“ဟားဟားဟား ရှောင်ရဲ့က ဒီပုံထဲမှာ ချောနေတယ်ကွ၊ ငါ ဒီတစ်ခုကို ရွေးမယ်”
“ရှောင်ရဲ့၊ ဒါ မင်း အနက်ရောင် စစ်သည်တော်ကို စီးနေတဲ့ အနီးကပ်ပုံပဲကွ၊ ဝိုး … လက်မှတ်ထိုးထားတဲ့ ဒီပုံအတွက် မိန်းကလေးတွေ အများကြီး လာမေးမှာ သေချာတယ်”
“ဒါ ရှောင်ရဲ့ ရေငုပ်နေတဲ့ပုံပဲ၊ မိုက်လိုက်တာ”
လေးယောက်သား အံ့ဩတကြီး ဖြစ်နေပြီး သူတို့၏ လက်မှတ်ထိုးထားသော ဓာတ်ပုံများကို သေသေချာချာ သိမ်းနေကြသည်။ သူတို့၏ စိတ်လှုပ်ရှားနေပုံက မသိလျင် ယွမ်ငါးသန်း ရသွားသကဲ့သို့ ယှဉ်မရပေ။
ဟောင်ကျန်းက သူ့ဖုန်းကို တန်းထုတ်၍ လက်မှတ်ထိုးထားသောပုံကို ဓာတ်ပုံ ရိုက်လိုက်သည်။ ထို့နောက် သူ၏ WeChat Moments ၌ တင်လိုက်သည်။ ၎င်းနှင့်အတူ စာတစ်ခုကိုပါ တွဲ၍ တင်လိုက်လေသည်။
[ရဲ့နတ်ဘုရားက ငါ့သူငယ်ချင်းကောင်းပါလို့ ငါ အမြဲ ပြောခဲ့တယ်၊ လူတစ်ချို့က ငါ့ကို မယုံကြဘူး၊ ကဲ … ဒီနေ့ ငါ သက်သေပြပြီ …]
အာလူးလေးသည်လည်း ဟောင်ကျန်း လုပ်သလို လိုက်လုပ်ပြီး WeChat Moments နှင့် TikTok တွင် တင်လေသည်။
[ရဲ့နတ်ဘုရား လက်မှတ်ထိုးထားတဲ့ ဒီဓာတ်ပုံ ငါးပုံကို ငါ ဘယ်သူ့ကို ပေးရမလဲ]
ရှောင်ကမ်းကလည်း အားကျမခံပါ။ သူက ဤသို့သော တုံ့ပြန်စာကို ရေးလေသည်။
[ငါက နှိမ့်ချပြီး နေချင်ပင်မယ့် ငါ့ညီအစ်ကိုတွေက မနေပါလား]
တစ်ဖက်တွင် ရဲ့လင်းချန်သည် ငိုရမလား၊ ရယ်ရမလားမသိ ဖြစ်နေ၏။ သူတို့ တစ်ယောက်ချင်းစီက ကြွားဝါ နေကြလေသည်။
သူတို့သည် စကားပြောလိုက်၊ ရယ်လိုက်နှင့် ငါးယောက်သား ကျောင်းထဲမှ ထွက်လာကြသည်။
“မင်းတို့ ဒီနေ့ ဘယ်သွားမလို့လဲ၊ မင်းတို့ အတန်းတောင် မသွားဘူးလား”
သူတို့၌ နောက်ပြန်လှည့်မည့် စိတ်ကူးမရှိသည်ကို မြင်သောအခါ သူ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
“Anime ပွဲလေ”
အာလူးလေးက ပြောသည်။
“Anime ပွဲ ဟုတ်လား”
“ဟုတ်တယ်၊ တက္ကသိုလ်မြို့လယ်မှာ Anime ပွဲတစ်ခု ရှိတယ်၊ အဲ့ဒါက တော်တော် လူများတာ”
ဟောင်ကျန်းက ရှင်းပြသည်။
“အဲ့ဒါက သုံးရက် ကျင်းပမှာ၊ ငါတို့ အခုသွားရင် လက်မှတ် ရလောက်သေးတယ်”