ယခင် လင်းမိသားစု၏ လက်အောက်ခံ
Vol. 2 Ch. 19
အနိုင်ယူခံရပြီးနောက် လူသာ လင်းချီကို ကြည့်လိုက်သည်။ သို့သော်လည်း လင်းချီ လုံး၀ စိုးရိမ်မနေပေ။လူသာမှာ ပြန်ချရန် ခွန်အားမရှိတော့ကြောင်း သိနေသောကြောင့်ပင်။
"လင်းချီ"
"လင်း..."လူသာ ကြက်သေသေသွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်မိလိုက်သည်။ လင်းချီ၏ ကိုယ်ရံတော်များမှာလည်း ဓားပြများကို ဝိုင်းရံလိုက်ပြီး လှုပ်ရှား၍မရအောင် ပြုလုပ်လိုက်သည်။
"သခင်လေး.."
ကိုယ်ရံတော်ခေါင်းဆောင်မှာ စိုးရိမ်ကြီးစွာနှင့် ပြေးလာခဲ့ပြီး လင်းချီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ "သခင်လေး ဒဏ်ရာရသွားသေးလား"
"ဘာဒဏ်ရာမှ မရပါဘူးကွာ" လင်းချီ ခါးသီးစွာ ပြုံးလိုက်သည်။
"သခင်လေး...မင်း...မင်းက လင်းမိသားစုရဲ့ သခင်လေးပေါ့"
လူသာ တဖန် ပြန်မေးလိုက်သည်။
လင်းချီ လူသာ၏ လေသံမှာ တစ်ခုခု မှားနေကြောင်းသတိထားမိသွားသည်။ သူက လင်းမိသားစုနဲ့ ဆက်စပ်နေတာများလား။
ကိုယ်ရံတော်ခေါင်းဆောင်မှာ လူသာကို ချက်ချင်းမှတ်မိသွားပြီး "မင်း...မင်းက လူသာမဟုတ်လား"
လူသာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်...ငါပဲ"
"တကယ်ကြီး မင်းပဲ"
ကိုယ်ရံတော်ခေါင်းဆောင်မှာ ရုတ်ချည်းဆိုသလို စိတ်လှုပ်ရှားသွားပြီး လူသာ၏ ပုခုံးကို ပုတ်ကာ "လူသာ..မင်းက တကယ့်ကို လူသာပဲ..သခင်လေး သူက အရင်တုန်းက လင်းမိသားစုရဲ့ လက်အောက်ခံအစောင့်တစ်ယောက်လေ"
အကယ်၍ သူတို့ချင်း သိနေပါက ပြောရလွယ်ကူသွားပြီ ဖြစ်သည်။ လင်းချီလည်း မေးလိုက်သည်။ "မင်းက လင်းမိသားစုရဲ့ လက်အောက်ကဆိုမှတော့ ဘာလို့ ဓားပြခေါင်းဆောင် ဖြစ်လာရတာလဲ"
လူသာ သက်ပြင်း တစ်ချက်ချလိုက်ပြီး "ဇာတ်လမ်း ကတော့ အရှည်ကြီးပေါ့ဗျာ...."
လူသာ ခါးသီးစွာ သက်ပြင်းချလိုက်ပြီး ရှင်းပြရန် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။
"ကျွန်တော်တို့လည်း အစကဓားပြတွေ မဖြစ်ချင်ပါဘူးဗျာ ဒါပေမဲ့လည်း အရင်နှစ်တွေတုန်းက ကျွန်တော်တို့ရဲ့ သခင်လေး စမ်းသပ်မှုမှာ ကျဆုံးသွားတော့ ကျွန်တော်တို့လည်း ရှက်လို့ အိမ်မပြန်ရဲကြတော့ဘူး"
"စမ်းသပ်မှုကို ကျရှုံးတယ်...ဆိုလိုချင်တာက ငါလည်း ရှုံးဖို့ ကံပါလာတယ်ပေါ့"
လင်းချီက ပြောင်ချော်ချော်လုပ်၍ ပြောလိုက်သည်။
လူသာလည်း မျက်ရည်များ သုတ်လိုက်ပြီး ခေါင်းမော့ကာ "သခင်လေးကော စမ်းသပ်မှုမှာ ပါ၀င်နေတာလား"
"ဟုတ်တယ် ငါတို့အားလုံး လေနက်ခံတပ်ကို ဦးတည်နေကြတာ ဒါပေမဲ့ မင်းက ပြိုင်မဲ့သူတွေ အားလုံးကို ဖမ်းလိုက်တော့ ငါလည်း လာကယ်ရတာပေါ့"
ထိုစကားကိုကြားတော့ လူသာ ခေါင်းငုံ့လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ "ကျုပ် တကယ်ကို တောင်းပန်ပါတယ် သခင်လေး လင်းမိသားစုရဲ့ လက်အောက်ခံ တစ်ယောက်အနေနဲ့ သခင်လေးကို ဒီလို ဆက်ဆံမိတဲ့ အတွက် တကယ်ကို နောင်တရမိပါတယ်....."
သူ့အမှားကို သိသွားတော့ လင်းချီလည်း သူ့ကို ခွင့်လွှတ်လိုက်သည်။ သို့သော်လည်း သူ့ကို သတိတော့ ထားဆဲပင်။
"မေ့လိုက်တော့ ...ငါတို့လည်း ဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်တာ ဒါပေမဲ့ လင်းမိသားစုရဲ့ လက်အောက်ခံလူတစ်ယောက်အနေနဲ့ ခုလို တောင်ဓားပြလုပ်နေတာက မိသားစုရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်"
"နားလည်ပါပြီ"
လူသာ အံကြိတ်လိုက်ပြီး ဓားကို သူ၏ လည်ပင်းပေါ်တွင် တင်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အသက်စွန့်ရဲသော အကြည့်များဖြင့် "ကျုပ် တောင်းပန်ပါတယ် သခင်လေး ကျုပ် လင်းမိသားစုကို အရှက်ရစေမိပြီ ဒါကြောင့် ကျုပ်ရဲ့ လုပ်ရပ်အတွက် အကျိုးဆက်ကို ပေးဆပ်ဖို့ အချိန်ပဲ.... "
"နေဦး...နေဦးဟ"
လင်းချီ သူ့ကို အလျင်အမြန် တားလိုက်ရသည်။ သူယခုအခြေအနေကြောင့် ရယ်ရအခက် ငိုရအခက်နှင့် "အဲ့လောက်ထိ လုပ်စရာမလိုပါဘူး ငါက မင်းကို လင်းမိသားစုစီ ပြန်ပြီး တာဝန်ထမ်းဆောင်စေချင်ယုံတင်ပါ"
"ဒါ...ဒါပေ...မဲ့"
"အဆင်ပြေပါတယ် ငါက အငြိုးထားတတ်တဲ့သူ မဟုတ်ဘူး ပြီးတော့ မင်းက သန်မာတယ် တကယ်လို့ မင်းသာသေသွားမယ်ဆိုရင် လင်းမိသားစုအတွက်လည်း ဆုံးရှုံးမှုပဲ ဒီလိုလုပ် မင်းငါ့ကို စမ်းသပ်မှုမှာ ကူညီပါလား"
"သခင်လေး.."
လူသာ၏ မျက်ရည်များ ဝဲသွားသည်။ လင်းချီကို သူ၏ ရွှေရောင်ကြယ်လေးကဲ့သို့ ကြည့်နေသည်။ သူ့ကို တင်းကြပ်စွာ ဖက်လိုက်ပြီး မျက်ရည်များ စီးကျလာတော့သည်။
အမွေခံသခင်လေးများနှင့် လူး၀စ်တို့မှာလည်း ထိုမြင်ကွင်းကို ကြည့်ပြီး လင်းချီအပေါ် အမြင်များ ပြောင်းလဲသွားကြသည်။
အဆင့်မြင့် ဓားသခင် တစ်ယောက်က လင်းချီကို ချက်ချင်း သစ္စာခံလိုက်သည်မှာ မယုံနိုင်ဖွယ် ကောင်းလှသည်။
"တော်ပြီ..လုံလောက်ပြီ ယောက်ျားကြီးဖြစ်ပြီး ငိုနေတာ မရှက်ဘူးလား ...မင်းလူတွေကိုပြောလိုက် ဓားပြလုပ်တာ ရပ်ပြီး လင်းမိသားစု ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ သံချပ်ကာတွေကို ပြန်၀တ်ဖို့ပြောလိုက် "
"အမိန့်အတိုင်းပါ သခင်လေး"
လူသာ သူ့လူများကို ဓားပြတိုက်ထားသော ပစ္စည်းများအားလုံးကို ပြန်ပေးရန် အမိန့်ပေးလိုက်သည်။ တစ်ခဏမျှကြာပြီးနောက် သံချပ်ကာများ ၀တ်ဆင်ပြီး လက်ရှိ လင်းမိသားစု၏ ကိုယ်ရံတော်တပ်ဖွဲ့ထဲသို့ ၀င်ရောက် ပူးပေါင်းလိုက်ကြသည်။ လူသာမှာလည်း လင်းချီ၏ ကိုယ်ပိုင်သက်တော်စောင့် ဖြစ်လာသည်။ သူ၏ တာ၀န်မှာ လင်းချီကို ကာကွယ်ရန်နှင့် စမ်းသပ်မှုကို အောင်မြင်စေရန် ကူညီပေးရမည်။
အုပ်စုမှာ စခန်းမှ ထွက်လာကြသည်။ သူတို့၏
နောက်ထပ် ဦးတည်ရာမှာ လေနက်ခံတပ်ပင်။ အဆိုးဆုံးအခြေအနေများကို ထည့်တွက်ပါက ခံတပ်သို့ရောက်ရန် သုံးရက်ခန့် လမ်းလျှောက်ရဦးမည်။ စခန်းတွင်းမှ တိုက်ပွဲပြီးနောက် အမွေခံသခင်လေး အားလုံး လင်းချီအပေါ် အမြင်များ ပြောင်းလဲသွားကြသည်။ အပြောင်းလဲဆုံးကတော့ ယွီမုန့်ပင်။
သူမ လူသာကို အနိုင်ယူခဲ့သော်လည်း လင်းချီ သူမကို ကျွေးသော သကြားလုံးလေးကြောင့် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်ထားသည်။ ထိုသကြားလုံး မရှိဘဲနှင့် သူမ လူသာထံမှ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခုခံနိုင်မည်မဟုတ်။
'သူ့မှာ ဘာလို့ ဒီလောက် ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီး ရှိနေတာလဲ လင်းမိသားစုရဲ့ အထူးနည်းစနစ်များလား'
အဘယ်ကြောင့်ဆိုသော် မျှော်လင့်ခြင်းတောင်ကြားသို့ မလာမီ ယှဉ်ပြိုင်သူများမှာ မည်သည့် အထူးပစ္စည်းကိုမျှ ယူဆောင်ခွင့်မရှိ။ ၀င်ရောက်ပြီးမှ ကိုယ့်ဘာသာကိုယ် ပြုလုပ်မည်ဆိုရင်တော့ ပြဿနာမရှိ။
ထိုအတွေးများမှာ သူမကို တစ်ချိန်လုံး စိုးမိုးနေပြီး နောက်ဆုံးတွင် လင်းချီထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး "လင်းချီ....."
"ဘာကိစ္စရှိလို့လဲ"
ယွီမုန့်မှ စတင်စကားစလာသောကြောင့် လင်းချီ အံ့ဩသွားသည်။
"အဲ့ဒီတုန်းက နင်ငါ့ကို ကျွေးတဲ့ သကြားလုံးက ဘယ်လို သကြားလုံးလေးလဲ"
'သေချာတာပေါ့ ...စနစ်နဲ့ သက်ဆိုင်နေတာကို ငါကဘယ်သိမှာ'
လင်းချီ သူမ ဒီလို မေးမယ်လို့ မျှော်လင့်ထားပြီး စနစ်ကြောင့်ဟုလည်း ပြော၍မရ။ ထို့ကြောင့် ဆန်းကြယ်ချင်သယောင် ဆောင်နေလိုက်သည်။
"အဲ့တာက လျှို့ဝှက်ချက်"
ယွီမုန့် နှုတ်ခမ်းကိုက်လိုက်ပြီး "ဘာလျှို့ဝှက်ချက်လဲ"
"ဟားဟား ..အချိန်ယူပြီး စဉ်းစားပေါ့ အဲ့ဒါကငါ တစ်ယောက်ထဲ သိတဲ့ လျို့ဝှက်ချက်"
သူတို့၏ စကားဝိုင်းကို လူး၀စ် ကြားသွားပြီး
"ဟမ့် ဘာသူတစ်ယောက်ထဲ ရှိတာတုန်း ဘယ်သူက ယုံမှာလဲ အဲ့လိုသာဆို ဒီသခင်လေးက သူ့ထက်တောင် လျှို့၀ှက်ချက်တွေ များသေးတယ်"
ထိုသကြားလုံး၏ အစွမ်းကို မျက်မြင်တွေ့ပြီးနောက် လူး၀စ်လည်း သူစားပြီးရင် အဆင့်မြင့် ဓားသခင်ဖြစ်လာနိုင်မလားဟု တွေးကာ စမ်းကြည့်ချင်သွားသည်။
ထိုကဲ့သို့ စွမ်းအားတိုးစေသော ပစ္စည်းများမှာ မေးလ်ကုန်းမြေတိုက်ကြီးတွင် လွယ်လွယ်ရနိုင်သော ပစ္စည်းများမဟုတ်ပေ။ အထူးသဖြင့် မှော်စွမ်းအင်နှင့် ခွန်အားကို တစ်ဆင့်တိုးစေသော ပစ္စည်းမျိုးမှာ ပို၍ပင် ရှားပါးသည်။
ထိုအချိန်တွင် လူး၀စ် လင်းချီထံမှ သကြားလုံးကို လိုချင်လာမိသည်။ သို့သော်လည်း သူ မသိသည်မှာ
လင်းချီ ယွီမုန့်ကို လိမ်ညာနေခြင်းမဟုတ်။ ယင်းသကြားလုံးက စနစ်ကို အဆင့်မြှင့်လိုက်ခြင်းကြောင့် ရရှိလာသော စနစ်၏ လက်ဆောင်သာဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုကဲ့သို့ သကြားလုံးမျိုး လုပ်ရန် မစွမ်းပေ။ ထို့ကြောင့် သူ့တွင် တစ်လုံးတည်းသာရှိသည်။
လမ်းတစ်လျောက်တွင် ကြယ်တစ်ပွင့် သားရဲများနှင့် ဆုံမိသော်လည်း လူသာ၏ ခွန်အားဖြင့် ထိုသားရဲတို့မှာ စိုးရိမ်စရာ မဟုတ်ခဲ့ပေ။ တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် ညရောက်လာသည်။သူတို့အားလုံး တဲထိုး ၊မီးမွှေး၊ အစာခြောက်များစားပြီး ကုန်ဆုံးသွားသော အားအင်များကို ပြန်လည် ဖြည့်တင်းနေကြသည်။
လင်းချီ အသားကင်နှင့် ကန်စွန်းဥများကို အစောင့်များအတွက် ပြင်ပေးနေသည်။ ထို့နောက် မီနူးအသစ်လုပ်ရန် စတင်တော့သည်။
စနစ်ထဲတွင် လင်းချီ ဖားမွှေကြော်အတွက် ဟင်းအမယ်များ ပြင်ဆင်ပြီးဖြစ်သည်။ စနစ်မှ ပြောထားတာကတော့ ဤဟင်းပွဲမှာ လူတစ်ယောက်၏ မှော်စွမ်းအင်ကို တစ်စက္ကန့်အတွင်း အများဆုံးအထိ တိုးပွားသွားစေသည်။ သို့သော်လည်း မကြာမီတွင် ပြန်လည်အားနည်းသွားလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ငါက မှော်ဆရာမှ မဟုတ်တာ စားလည်း ဘာမှ မဖြစ်ပါဘူး။
သူစားခါနီးတွင် အစောင့်များအားလုံးထံမှ အံ့ဩသံများ ထွက်ပေါ်လာသည်။ လင်းချီ မေးလိုက်၏။
"ဘာဖြစ်နေတာလဲ"
အစောင့်ခေါင်းဆောင်မှာ ခေါင်းကုတ်လိုက်ပြီး "အာ..သခင်လေး ခုလေးတင် အကင်တွေနဲ့ ကန်စွန်းဥတွေ ပြင်ဆင်ထားတယ်မလား အခု အကုန် မရှိတော့ဘူးဗျ.."
"မရှိတော့ဘူး..."လင်းချီ ရုတ်တရက် စိတ်ရှုပ်သွားသည်။ သူ ယခုလေးတင် စနစ်ထဲမှ အကင်များစွာကို ထုတ်ထားခြင်းဖြစ်သည်။
'ဘာလို့ ချက်ချင်း ကုန်သွားတာလဲဟ'
~~~