လေနက်ခံတပ်ထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်း
Vol. 2 Ch. 20
"မဖြစ်နိုင်တာ"
လင်းချီမှ ဖြစ်နိုင်ခြေရှိတာတို့ကို စဉ်းစားနေသည်။ အကင်တွေက ခြေထောက်ပေါက်ပြီးများ ထွက်ပြေးသွားတာလား။
ထို့ပြင် တစ်ဖွဲ့လုံး ရှိနေပါသော်လည်း မည်သူမျှ ဘာဖြစ်သွားကြောင်း မမြင်လိုက်ရတာက သူ့ကို သံသယ ဖြစ်ပေါ်စေသည်။
"ကြည့်လိုက်"
သတိပေးသံကြောင့် လူတိုင်းအပြေးအလွှား သွားကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် ကျန်ခဲ့သည့် နောက်ဆုံးသော ကန်စွန်းဥတို့ကို တွေ့လိုက်ရသည်။
လင်းချီသည် ထိုကန်စွန်းဥကို ကောက်ကိုင်ကြည့်ရန်အတွက် ထိုင်ချလိုက်သည်။ ဤသည်မှာ သူ့၏ မှော်ကန်စွန်းဥပင်။ ဒါပေမဲ့ ဘယ်သူက စားလိုက်တာလဲ။
မြေပြင်ပေါ်ရှိ ကန်စွန်းဥများနောက် လိုက်သွားရာမှ ထူးဆန်းသော ခြေရာများကို တွေ့လိုက်ရသည်။
"ဒီမှာ ခြေရာတွေ"
ယွီမုန့် နှင့် လူး၀စ်တို့မှာ သူတို့ညွှန်ပြရာကို ကြည့်လိုက်ပြီး မကောင်းဆိုးဝါးသားရဲ၏ ခြေရာ ဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။
'မိစ္ဆာသားရဲဆိုရင်တောင် ဘယ်လိုပုံစံမျိုးလဲ ငှက်ပုံစံ သားရဲအမျိုးအစားလား ဒါမှမဟုတ် ခြေလေးချောင်း သတ္တဝါမျိုးလား '
ဘာတွေဖြစ်နေတာလဲဟ
စခန်းသို့ ပြန်ရောက်သောအခါ လူတိုင်း၏ အမူအရာများမှ လေးနက်နေသည်။ လင်းချီသည် သူ့နောက်မှ တစ်ခုခု လိုက်နေသည်ဟု ခံစားနေရသော်လည်း ထိုသတ္တဝါမှာ သူ့ကို ကိုယ်ထင်မပြရဲဘဲ အမှောင်ထဲတွင် ပုန်းနေခဲ့သည်။
လူသာမှ လူတိုင်းကို နိုးနိုးကြားကြား ရှိနေရန် သတိပေးလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ခြေရာများမှာ တိုက်ဆိုင်မှု မဖြစ်နိုင်သောကြောင့်ပင်။
ထိုည၌ မည်သူမျှ လျှောက်မသွားရဲကြပေ။သူတို့အားလုံး လုံခြုံသောနေရာတစ်ဝိုက်တွင်သာ သွားရဲကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် လူတိုင်း မည်သည့် မူမမှန်မှုမျိုးကိုမျှ မတွေ့ရ။ ကြည့်ရသည်မှာ သူတို့အားလုံး ညက ဘာမှ မဟုတ်သည်ကို စိတ်ပူနေမိကြပုံပင်။
ထို့နောက် ပစ္စည်းများ သိမ်းဆည်း၍ လေနက်ရဲတိုက်သို့ တစ်ဖန် ပြန်လည် ဦးတည်သွားကြတော့သည်။
တွက်ချက်မှုများအရ သူတို့နောက်တစ်နာရီတွင် လေနက်ရဲတိုက်သို့ ရောက်ရှိလိမ့်မည်။
ထိုနေရာမှာ နိဗ္ဗာန်ဘုံ မဟုတ် ။ မြို့ထဲတွင် မည်သူမျှ မတိုက်ခိုက်ရဟူသော စည်းမျဉ်းတစ်ခုသာရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ စည်းကမ်းချိုးဖောက်ပါက လူကြီးလူငယ် ကျား၊ မ မရွေး အပြစ်ပေးခံရမည်။
မြို့ကောင်းတစ်မြို့ဟု ထင်ရသော်လည်း စည်းမျဉ်းမှာ မြို့ထဲ၌သာ အကျုံး၀င်ပြီး မြို့နယ်စပ်ဘက်ခြမ်းများတွင်တော့ အသုံးမ၀င်ပေ။ နံရံ၏ အခြားတစ်ဖက်သို့ ရောက်သွားသည်နှင့် သင်သေလော၊ ရှင်လော မည်သူမျှ ဂရုစိုက်မည် မဟုတ်ပေ။
ထို့ကြောင့် လေနက်ရဲတိုက်၏ အပြင်ဘက်တွင် စိတ်တိုင်းကျ သ-တ်ဖြတ်နိုင်သည်။ အဖမ်းခံရမှာကို ကြောက်စရာမလိုပေ။
သူတို့ လေနက်ရဲတိုက်သို့ ရောက်ခါနီးတွင် မှော်ဆရာအချို့နှင့် ဆုံတွေ့လိုက်ရသည်။ ထိုသူများ၏ ၀တ်စုံမှာ တမူထူးခြားနေပြီး အစောင့်များကို တွေ့သော်လည်း အလေးမထားဘဲ စိတ်တိုင်းကျ ပြုမူနေကြသည်။
"ဟျောင့်တွေ ..ကြည့်ကြစမ်း.. ဒီမှာ အလန်းလေးကွ.."
"မှော်တုတ်တံပါလား..သူလည်း ငါတို့လို မှော်ဆရာတစ်ယောက်ပဲ နေမှာ"
"ခုမှ မှော်ပညာသင်ခါစလေးကိုများကွာ..."
ထိုမှော်ဆရာများမှာ တေလေဂျပိုးများကဲ့သို့ တစ်ကမ္ဘာလုံးကို ဂရုမစိုက်ဘဲ ယွီမုန့်ဆီသို့ လျှောက် လာခဲ့ကြသည်။
"ကောင်မလေး မှော်ပညာ သင်ချင်လား ကိုယ့်ကိုသင်ပေးစေချင်လား"
ယွီမုန့်မှ သူမ၏ခေါင်းကို ဆန့်ကျင်ဘက်သို့လှည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
"သွားစမ်းပါ"
"အိုး...ကြည့်စမ်းပါအုံး သူမက စိတ်ကြီးတာပဲ"
ထိုမှော်ဆရာများ တဖြည်းဖြည်း နီးကပ်လာသောအခါ ယွီမိသားစု၏ အစောင့်များမှ တားလိုက်ပြီး"ငါတို့ရဲ့ သခင်မလေးက စမ်းသပ်မှုမှာ ပါ၀င်နေတာမလို့ ကျေးဇူးပြုပြီး...မနှောင့်ယှက်ရင်ကောင်းမယ်"
"လေမှော်ပညာ: လေဆင်နှာမောင်းတိုက်ခတ်ခြင်း"
ထိုမှော်ဆရာအဖွဲ့၏ ခေါင်းဆောင်မှ မန္တန်ရွတ်ဆိုလိုက်သောအခါ အစောင့်၏ ခြေထောက်အောက်ခြေတွင် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်သို့ လွင့်ထွက်သွားစေသည်။
"နင်....."
ယွီမုန့် ထိုမှော်ဆရာများထံမှ ရန်လိုမှုကို ခံစားမိသည်နှင့် တိုက်ခိုက်ရန်အတွက် သူမ၏ မှော်ကြိမ်လုံးကို ထုတ်လိုက်သည်။
သို့သော်လည်း သူမရှေ့တွင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။
တစ်ယောက်မှ မမျှော်လင့်ထားခဲ့သော အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူမရှေ့တွင် ရပ်နေသော ပုံရိပ်က လင်းချီ ဖြစ်မည်ဟု ထင်ထားကြသော်လည်း အမှန်တကယ် ရပ်နေသူမှာ လူး၀စ်ပင်။
"ဒီက လူကြီးမင်းတို့က လေနက်ခံတပ်ထဲကနေ လာခဲ့ကြတာ မဟုတ်လား.."
လူး၀စ်မှ ပြုံးပြီး မေးလိုက်သည်။
"အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ ထွက်သွားစမ်းပါ မဟုတ်ရင် မင်းပါ လေပေါ် မြှောက်တက်သွားမယ်"
လူး၀စ် စိတ်မဆိုးခဲ့ပေ။ သူ့ကိုကြည့်ရသည်မှာ လုံး၀ကွဲပြားသော လူတစ်ယောက်ကဲ့သို့ပင်။ ထို့နောက် ခေါင်းကို မော့၍ ယုံကြည်ချက် အပြည့်ဖြင့် မေးလိုက်သည်။
"မင်းတို့က လေနက်ခံတပ်ကဆိုမှတော့ ချားလ် လီယိုနာ့ဒ်ကို သိမှာပေါ့"
ထိုမှော်ဆရာများ ဆွံ့အသွားကြသည်။ ထို့နောက် သူတို့ အချင်းချင်းပြန်ကြည့်လိုက်ကြပြီး "သူက လေနက်ရဲတိုက်အရှင်ရဲ့ အစောင့်လေ ဘယ်သူက မသိဘဲနေမှာလဲ"
"မင်းတို့သူ့ကို သိတယ်ဆိုတာက ကောင်းတာပေါ့ အခု ငါကကော ဘယ်သူလို့ထင်လဲ"
လူး၀စ် သူ၏ နောက်ခံကို ကြေညာ လိုက်သည်။
"ငါ လူး၀စ်က ဆန်းသစ်လမြို့ လီယိုနာ့ဒ် မိသားစုရဲ့ သခင်လေးပဲ ချားလ် လီယိုနာ့ဒ်က ငါ့ဦးလေး မင်းတို့ထဲက ဘယ်သူငါ့ကို စော်ကားရဲလဲ .. စော်ကားရဲရင် ငါ့ဦးလေးကို ပြန်တိုင်မယ်.. "
နောက်ဆုံးတော့ လူတိုင်း လူး၀စ် ဘာကြောင့် ဒီလောက် ရဲရင့်နေလဲ ဆိုတာ နားလည်သွားသည်။
'လေနက်ရဲတိုက်မှာ သူ့ကို ကာကွယ်ပေးမဲ့သူ ရှိလို့ကိုး'
ပထမတော့ သူတို့လည်း မယုံကြည်သေးပေ။ သို့သော်လည်း လီယိုနာ့ဒ်မိသားစုနှင့် ယွီမိသားစု၏ အစောင့်များ ပြင်ဆင်ထားသော ကြီးမားလှသည့် ဖွဲ့စည်းပုံကို မြင်သောအခါ သူတို့ထွက်ခွာသွားကြတော့သည်။
"မေ့လိုက်တော့ နည်းနည်းလေးပျော်ဖို့လောက် အတွက်နဲ့ သူတို့ကို မစော်ကားနဲ့တော့ "
"သူပြောတာသာ မှန်မယ်ဆိုရင်တော့ ငါကြားဖူးတာ မြို့အရှင်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့က လူတွေက ဒေါသကြီးတယ်တဲ့ သူတို့နဲ့ သွားမရှုပ်တာကောင်းမယ်"
သူတို့ မစဉ်းစားဘဲ မပြုမူရဲပေ။ ထို့ကြောင့် သူတို့ ခေါင်းငုံ့လိုက်ပြီး ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။
"ကျုပ် ...ကျုပ်တို့ တောင်းပန်ပါတယ်"
"လစ်စမ်း..."
လူး၀စ် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့စိတ်ထဲတွင် သိမ်းဆည်းထားသော ဒေါသအားလုံးကို လွှတ်ထုတ်လိုက်သည်။
ထိုအုပ်စုလည်း ခေါင်းငုံ့၍ ထွက်ပြေးသွားကြသည်။
လူး၀စ်လည်း ယွီမုန့်ဘက်သို့ ကြည့်ကာ ပြုံးပြလိုက်ပြီး
"ယွီမုန့်....တွေ့လား လေနက်ရဲတိုက်ကိုလာတာက ငါ့ပိုင်နက်ဆီ ပြန်လာသလိုပဲ ငါ့နာမည်ကိုသာပြောလိုက် ဘယ်သူမှ မင်းကို မနှောက်ယှက်ရဲတော့ဘူး"
ရုတ်တရက် လူအများအပြား လူး၀စ်ကို ဝိုင်းရံလာကြသည်။
လူတိုင်း လူး၀စ်တွင် ဝင့်ကြွားစရာမရှိဘဲ သူ့ဦးလေး မြို့အရှင်၏ ကိုယ်ရံတော်ဟူသော နောက်ခံကြောင့်သာ မိမိုက်သလို ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သတိထားမိကြသည်။
ဒီလိုနှင့် သူတို့လည်း ခံတပ် အတွင်းရှိ မြို့ထဲသို့ ၀င်လာခဲ့ကြသည်။ လေနက်ခံတပ်မှာ ငြိမ်းချမ်းပြီး စည်ကားနေသော လမ်းများမှာ ဆူညံသံများနှင့် သက်၀င်လှုပ်ရှားနေသည်။ လင်းချီသည် လည်း တစ်ခြားမြို့မှလာသော ယှဉ်ပြိုင်သူများအားလုံး ခံတပ်သို့ ရောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။
ကြည့်ရသည်မှာ အခြားသော ပြိုင်ပွဲ၀င်များမှာလည်း အလွန်သန်မာပုံပေါ်သည်။
"ခဏနားဖို့ ဟိုတယ် ရှာလိုက်ကြရအောင်" လူသာက ပြောလိုက်သည်။
အစောင့်ဘက်ခြမ်းတွင် အစောင့်များနားနေတည်းခိုရန် နေရာရှိပြီး လင်းချီနှင့် အခြားသော ယှဉ်ပြိုင်သူများမှာတော့ ဗဟိုမြို့တော်ရှိ အဓိက တည်းခိုဆောင်တွင် အနားယူကြသည်။
လူး၀စ်မှာ သူ့ဦးလေးက ဤနေရာတွင် အာဏာ အတော်အတန် ရှိသောကြောင့် တခြားသော ယှဉ်ပြိင်သူများကို ဂရုစိုက်မနေဘဲ အခန်းတစ်ခန်း ယူလိုက်သည်။ ယွီမုန့် လည်း ထိုအတိုင်းပင်။
လင်းချီမှာတော့ အခန်းယူခါနီးတွင် တစ်စုံတစ်ယောက်မှ သူ့အား မှော်တုတ်တံနှင့် တားဆီးခြင်းကိုခံလိုက်ရသည်။
"နေဦး.."
လင်းချီ အမူအရာ ပြောင်းသွားသည်။လင်းချီ လှည့်ကြည့်လိုက်သောအခါ သူ့ကို တားဆီးသူက မှော်၀တ်ရုံကို ၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိနေသော ကောင်လေးတစ်ယောက် ဖြစ်သည်။
"မင်းက ဆန်းသစ်လမြို့တော်က လင်းမိသားစုရဲ့ သခင်လေး ဟုတ်တယ်မလား"
"အမှန်ဘဲ ခင်များက ဘာလိုချင်လို့လဲ ကျုပ်ကို ဒီမှော်တုတ်တံ လက်ဆောင် ပေးချင်နေတယ်လို့တော့ မပြောနဲ့နော်"
လင်းချီ တည်ငြိမ်စွာ ရယ်မောလိုက်သည်။
"မင်း တကယ် ဒီကို ရောက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး"
လူငယ်လေး၏ စကားမှာ ဟောခန်းထဲရှိ လူအားလုံးကို ရယ်မောသွားစေသည်။
"အမှန်တိုင်းပြောရရင် လင်းမိသားစုရဲ့ ဆန်ကုန်မြေလေးလို့နာမည်ကြီးနေတဲ့ သခင်လေးလင်းက ရဲတိုက်ကို တကယ်ကြီး ရောက်လာနိုင်လိမ့်မယ်လို့ တကယ် မထင်ထားဘူး ဒါလုံး၀ကို သောက်ဆန်းကြီးပဲ "
သူ့ဘေးနားရှိ လူတစ်ချို့က ရယ်လိုက်ပြီး "သူဒီရောက်ဖို့ တခြားယှဉ်ပြိုင်သူတွေဆီ မှီခိုခဲ့ရတာနေမှာပေါ့ ဟားဟား....."
လင်းချီ၏ ဂုဏ်သတင်းများမှာ မေးလ်ဒေသတစ်ခွင်လုံး တိုင်းသိပြည်သိပင်။ လင်းမိသားစု၏ သခင်လေးမှာ ဘာမှအသုံးမကျသော လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းနီးပါးသိကြသည်။ ဒါတောင် သူက စမ်းသပ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ဖို့ ရောက်လာခဲ့သည်တဲ့။
သူ့လိုလူမျိုးက ဤစမ်းသပ်ပွဲတွင် ရှင်သန်ရန်မှာ မဖြစ်နိုင်လုနီးပါးပင်။