← Chapters

တည်ငြိမ်နေသော လင်းချီ

Vol. 3 Ch. 21

တည်ငြိမ်နေသော လင်းချီ

Vol. 3 Ch. 21

"ဟားဟားဟား"

ခန်းမအတွင်းတွင် လှောင်ပြောင်ရယ်မောသံများ ပဲ့တင်ထပ်နေပါသော်လည်း လင်းချီ၏ မျက်နှာအမူအရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိခဲ့ပါ။ သူ့အား လှောင်ပြောင်နေသော်လည်း ဂရုမစိုက်ပေ။ သူသည် တခြားသူများအား လိုက်လံမထိန်းချုပ်နိုင်သောကြောင့် သူတို့ရယ်ချင်သလို ရယ်မောနိုင်သည်။

"မင်းတို့ ရယ်ပြီးကြပြီလား? မင်းတို့ပြီးပြီဆိုလျှင် လစ်လိုက်တော့ ငါ ဒီမှာ အခန်းယူဖို့ စောင့်နေတာ!"

လင်းချီ၏ တည်တည်ငြိမ်ငြိမ်နှင့် အမှတ်မထင် ပြောလိုက်သည့်စကားက လှောင်ရယ်နေသောလူအုပ်ကြီးအား တဖြည်းဖြည်း တိတ်ဆိတ်သွားစေခဲ့သည်။

သူ့အား ဒေါသဖြစ်အောင်လှုံ့ဆော်သည့် လူငယ်မှာ မုန်တိုင်းမြို့တော်မှ ချန်းလင်ဟုခေါ်သော မီးဒြပ်စင်မှော်ဆရာဖြစ်သည်။  ကျော်ကြားသည့် ဆရာတစ်ဦး၏ လမ်းညွှန်ချက်နှင့် သူ၏အရည်အချင်းတို့ကြောင့် သူသည် အလယ်အလတ်အဆင့် မှော်ဆရာအဆင့်သို့ ရောက်နေပြီး ဖြစ်သည်။ သူသည် သူနှင့် ရွယ်တူများကြားထဲတွင် ပါရမီရှင်ဟု ပြောရလောက်အောင် အမြဲရှေ့မှ ပြေးနေခဲ့သူဖြစ်သည်။

ထိုသို့ကွာဟချက်ကြောင့် သူသည် လူတိုင်းအား အထင်သေးပြီး အထူးသဖြင့် မှော်ပညာ အခြေခံမရှိသူများကိုဆို ပိုဆိုးသည်။

ဒီတစ်လျှောက် သူသည် ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့နိုင်ပြီး လင်းချီကဲ့သို့သော လူများကို အမြဲလှောင်ပြောင်ခဲ့သည်။

သို့သော် ဤသည်က  သူ ပထမဆုံးအကြိမ် ငြင်းပယ်ခံရခြင်း ဖြစ်သည်။

"မင်း ဘာပြောလိုက်တာ?"

လင်းချီသည် လေနက်ရဲတိုက်၏ စည်းမျဉ်းစည်းကမ်းများကို ကောင်းကောင်းသိထားသည်။ ချန်းလင် သူ့အား ဘာမှ မလုပ်နိုင်တာကို သိသောကြောင့် ဆက်ပြီး ပြောလိုက်သည်။ "ငါပြောတာက မင်းရဲ့မှော်တုတ်တံက ငါ့ကိုလမ်းပိတ်နေတယ်လို့"

"မင်း!"

ချန်းလင်၏ ဒေါသတို့ တောက်လောင်လာခဲ့သည်။ သူသည် သူ၏မှော်တုတ်တံအား မြှောက်၍ လင်းချီအား သင်ခန်းစာပေးခါနီးတွင် ရုတ်တရပ် ရပ်တန့်သွားခဲ့သည်။

လင်းချီ၏နောက်တွင် ရပ်နေသော လူသာသည် စွမ်းအားကြီးပုံပေါ်သည်။ ထိုသွင်ပြင်သည် ကြီးမြတ်သည့် အဆင့်မြင့်ဓားသခင်များတွင်သာ ရှိနိုင်သည်။

သို့သော် အလယ်အလတ်အဆင့် ရှိသည့် မှော်ဆရာတစ်ယောက်အနေနဲ့ အဆင့်မြင့်ဓားသခင်ကိုပင် ကြောက်ရွံ့နေမည်မဟုတ်။ ချန်းလင်ကို ရပ်တန့်အောင် ပြုလုပ်ခဲ့သည့်အရာမှာ အမှန်တကယ်တော့ လေနက်ရဲတိုက်၏ စည်းမျဉ်းစည်းကမ်းများသာဖြစ်သည်။

လေနက်ရဲတိုက်တွင် တိုက်ခိုက်ရန်ဖြစ်ခဲ့ပါက ထိုသူများသည် မြို့တော်မှ နှင်ထုတ်ခံရမည် ဖြစ်သည်။

သူသည် သူ့ကိုယ်သူ ဒေါသကို အနိုင်နိုင်ထိန်းပြီး လင်းချီအား ပြောလိုက်သည်။ "ချာတိတ်၊ သိပ်ပြီး စိတ်ကြီးဝင်မနေစမ်းနဲ့၊ ငါမင်းကို ပြောရအုံးမယ်၊ လေနက်ခံတပ်ထဲမှာမို့ မင်းကို ဘာမှမလုပ်တာ ဒါပေမယ့် အနှေးနဲ့ အမြန်တော့ မင်း ဒီခံတပ်ကနေ ထွက်သွားရမှာပဲ!"

"အချိန်တန်ရင် ဘာဖြစ်မလဲ ကြည့်ကြတာပေါ့" လင်းချီက ဘာသိဘာသာပြောပြီး သူ့ကိုကျော်လျှောက်သွားခဲ့သည်။ သူသည် ကောင်တာမှ စာရေးအား ပြောလိုက်သည်။ "ငါ့ကိုတစ်ယောက်ခန်း တစ်ခန်းပေး"

ခန်းမထဲရှိ လူအားလုံးမှာ ကြက်သေသေသွားကြသည်။ သူတို့အားလုံးသည် အထူးသဖြင့် မီးဒြပ်စင်မှော်ဆရာဖြစ်သော ချန်းလင်၏စွမ်းအားကို သိပြီးဖြစ်သည်။ သူ၏မှော်ပညာဖြစ်စေ သူ၏သေစေလောက်သည့် အစွမ်းသတ္တိဖြစ်စေ သူသည် အလွန်စွမ်းအားကြီးသည်ဆိုသည့်အချက်က ငြင်းပယ်မရနိုင်ပေ။

ထို့ကြောင့် အဖွဲ့ဝင်များသည် သူ့အား ရန်မစဝံ့ကြဘဲ အချို့ဆိုလျှင် သူ့အား ခ,ယတောင်းပန်၍ သူတို့ခေါင်းဆောင် လုပ်စေလိုပြီး သူတို့ကို ကာကွယ်ပေးရန် ဦးဆောင်စေလိုကြသည်။

သို့သော် ချန်းလင်အပေါ် လင်းချီ၏ မာနကြီးမှုသည် သူတို့ ဘယ်တုန်းကမှ စိတ်ကူးမယဥ်ဖူးသည့် အရာဖြစ်သည်။

ချန်းလင်က အင်အားအကြီးဆုံးဖြစ်ပြီး လင်းချီက ယှဥ်ပြိုင်သူများကြားထဲတွင် အားအနည်းဆုံးဖြစ်ကြောင်း သူတို့အားလုံးသိကြသည်။ သူတို့ကြားတွင် သိသာရှင်းလင်းသည့် အဆင့်ကွာဟမှုရှိသော်လည်း ဘာကြောင့် လင်းချီက သူ့ကိုအဲ့ဒီလို ပြောဆိုဆက်ဆံတာလဲ?

အခြေအနေက ပဟေဠိဆန်သော်လည်း လင်းချီတစ်ယောက်သာ နားလည်နိုင်သည်။

ချန်းလင်သည် မြေပြင်ပေါ်၌ အမြစ်တွယ်နေသည့်အလား ရပ်နေပြီး လင်းချီအား စိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူသည် အလွန်ပင် စိတ်ရှုပ်ထွေး ဒေါသထွက်နေခဲ့သည်။ သူသည် ထိုအရှုံးသမားကို လှောင်ပြောင်လိုသော်လည်း ထိုအမှိုက်စက သူ့အား လျစ်လျူရှုပြီး ရှောင်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

လေနက်ခံတပ်၏ စည်းကမ်းများကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် လင်းချီ၏အဝတ်များကို လောင်ကျွမ်းစေပြီး အများရှေ့တွင် အရူးတစ်ယောက်ဖြစ်အောင် လုပ်လိုက်မည်ဖြစ်သည်။

လင်းချီသည် ချန်းလင်အား စောင်းငဲ့တောင်မကြည့်ဘဲ အဝေးသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။

"လင်းချီ နင်တော့ ပြသနာတက်ပြီ"

ခဏအကြာတွင် ယွီမုန့်က သူ့ကို ပြောလာသည်။

"ဘာပြသနာလဲ?"

"နင် သူဘယ်သူလဲဆိုတာ သိလား"

"မသိဘူးလေ၊ ဒါပေမယ့် ငါသိတာတော့ သူက ရိုင်းစိုင်းတဲ့ နှံပီစုတ်လိုကောင်ပဲ"

ယွီမုန့်သည် လင်းချီ၏ မသိနားမလည်မှုကြောင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

"ဟင်း သူက မုန်တိုင်းမြို့တော် ချန်းမိသားစုရဲ့ သခင်လေးပဲ သူက သိန်းချီသန်းချီတဲ့ လူတွေ မျှော်လင့်ချက်ကြီးကြီးမားမားထားရတဲ့ အမြင့်မြတ်ဆုံးသော မှော်အကြီးအကဲအလောင်းအလျာဆိုတာ နင်သိရဲ့လား"

"အိုး! ကြားရတာတော့ အရမ်းမိုက်မယ့်ပုံပဲ" ဟု လင်းချီက အလေးအနက်မထားသကဲ့သို့ ပေါ့ပျက်ပျက်ပြောလိုက်သည်။

လူးဝစ်သည်လည်း သူတို့ဘက်သို့ လျှောက်လာကာ "မုန်တိုင်းမြို့တော်က ချန်းမိသားစုက လင်းမိသားစုနဲ့ ရန်ငြိုးတွေရှိတယ်လေ ဒါ့ကြောင့်ပဲ ချန်းလင်က မင်းအတွက် ခက်ခဲအောင် တမင်ဦးဆောင်လုပ်နေတာ"

"သူက လေနက်ခံတပ်ထဲမှာ မင်းကို ရန်ပြုရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့က အနှေးနဲ့အမြန်တော့ ထွက်သွားရမှာပဲ။ အဲ့ဒီအချိန်ကျရင် သူမင်းကို  ကြိမ်းသေပေါက် ထပ်ပြီး လာနှောက်ယှက်လိမ့်မယ် ရှင်းရှင်းပြောမယ်ကွာ မင်း ငါတို့ကို အရင်တစ်ခေါက်တုန်းက ကယ်တင်ပေးခဲ့တယ်ဆိုပေမယ့် သူ့လိုလူကို ငါတို့လည်းပဲ မယှဥ်နိုင်ဘူး ဒါ့ကြောင့် ဖြစ်နိုင်ရင် သူ့ကို သွားရန်မစနဲ့!"

လင်းချီသည် မှော်ပညာတွင် ပါရမီမရှိသော်လည်း သူ့တွင် လျှာကဝေစနစ်ရှိသောကြောင့် သူသည် ထိုကိစ္စအတွက် ထွေထွေထူးထူးပူပန်မနေပေ။

မည်သို့ပင်ဆိုစေကာမူ ချန်းလင်သည် အလယ်အလတ်အဆင့်မှော်ပညာရှင်မျှသာ ဖြစ်၏။

"စိတ်မပူပါနဲ့၊ ငါအဆင်ပြေမှာပါ"

လင်းချီ၏ စကားလုံးများသည် ယွီမုန့်နှင့် လူးဝစ်အား မယုံသင်္ကာ ထပ်ဖြစ်စေသည်။ ရှေ့က ကိစ္စရပ်များနှင့် ကြုံတွေ့ရပြီးနောက် လင်းချီတစ်ယောက် ဖြီးဖြန်းနေခြင်း မဟုတ်ကြောင်း သူတို့နားလည်လိုက်သည်။ သူသည် ထိုအရာက ကြီးမားသည့် ပြဿနာတစ်ခု မဟုတ်ဟု ပြောခဲ့လျှင် သူကိုယ်သူ အမှန်တကယ် ယုံကြည်မှုရှိသောကြောင့် ဖြစ်ရမည်။

ဒါပေမယ့်လည်း သူက မှော်ဆရာတောင် မဟုတ်တာကို ဘယ်လိုဖြေရှင်းမလို့တဲ့လဲ?

သူ့ဘက်တွင် သူ့အားကူညီရန် အဆင့်မြင့်ဓားသခင်ဖြစ်သည့် လူသာရှိနေလျှင်တောင် အလယ်အလတ်အဆင့်မှော်ဆရာတစ်ယောက်နှင့် ယှဥ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဖြစ်နိုင်တာက. . . . "

လူးဝစ်သည် မျက်လုံးတို့ကို မှေးကျဥ်းလိုက်ပြီး တွေးလိုက်သည်။ ကြည့်ရတာ လင်းချီဆီမှာ စွမ်းအားတိုးမြင့်စေတဲ့ သကြားလုံးတွေ အခုထိ ရှိနေသေးတာများလား?

ယွီမုန့်သည်လည်း ထိုသို့ တူညီစွာတွေးလိုက်မိသည်။ သူမသည် လင်းချီကို ပြိုင်ဘက်အဖြစ်သတ်မှတ်ထားသော်လည်း သူသည် သူမအား အကြိမ်ကြိမ်ကယ်တင်ခဲ့၏။ သူမ တွေးရင်း စိတ်ရှုပ်ထွေးလာသလိုပင် ခံစားလာရသည်။

ယွီမုန့်သည် သူမအား အရင်တစ်ခေါက်က  ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေးကို ပြန်ဆပ်လို၍ လင်းချီ တစ်ခုခုဖြစ်ရန် အမှန်တကယ် မျှော်လင့်နေမိသည်။

ထိုအဖြစ်အပျက်များပြီးနောက် အနားယူရန် သူတို့၏ ကိုယ်ပိုင်အခန်းများဆီသို့ ပြန်ခဲ့ကြသည်။ သူ့အခန်းသို့ပြန်ရောက်ပြီးသည်နှင့် လင်းချီ ပထမဆုံးလုပ်သည့်အရာမှာ သူ၏စနစ်ကိုဖွင့်ပြီး ပြီးခဲ့သောရက်များက စုဆောင်းခဲ့သော အတွေ့အကြုံရမှတ်များကို ကြည့်ရှုခြင်းဖြစ်သည်။

လျှာကဝေစနစ်ကို အဆင့်မြှင့်တင်ရန် နည်းလမ်းမှာ အလွန်လွယ်ကူ ရိုးရှင်းသည်။ ဟင်းလျာများကို ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများကို အဆက်မပြတ် အသုံးပြုနေပေးရမည်ဖြစ်ပြီး ထိုသို့လုပ်ပြီးသည်နှင့် အတွေ့အကြုံရမှတ်များ ရရှိလာလိမ့်မည်ဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူချက်ပြုတ်ခဲ့သည်များကို အခြေခံရလျှင် လျှာကဝေစနစ်သည် အဆင့် (၃) သို့ တက်လုနီးပါးပင်ဖြစ်နေပြီ။ အဆင့် (၃) ရောက်ပြီးနောက် အသစ်ထပ်ပွင့်လာမည့် အစားအစာမှာ သူ့အား တိုက်ပွဲတွင် ကူညီပေးနိုင်သည့် စွမ်းရည်များ ပါရှိလိမ့်မည် ဖြစ်သည်။ ထိုအရာသည် လက်နက်မရှိသည့် သူ့လိုလူအတွက် အတော်ကြီးမားသော တိုးတက်မှုဖြစ်ပေသည်။

လင်းချီသည် အိပ်ယာပေါ်တွင် လဲလျောင်းပြီး သူ၏စနစ်အား စစ်ဆေးနေရင်း အိပ်ပျော်သွားခဲ့သည်။

သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် နောက်နေ့မနက်သို့ ရောက်နေပြီဖြစ်သည်။

အိပ်ယာထ မျက်နှာသစ်ပြီးနောက် သူ၏စနစ်ထဲမှ မှော်ကန်စွန်းဥကို ထုတ်ယူစားပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။

သူခန်းမထဲသို့ ဝင်လာခဲ့ချိန်တွင် ယွီမုန့်၊ လူးဝစ် နှင့် လူသာတို့ ရောက်နေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့သည် စမ်းသပ်မှုတွင်ပါဝင်သူများအားလုံး လေနက်ခံတပ်သို့ ရောက်ရှိရမည့်နေ့ ဖြစ်သောကြောင့်ပင်။

၎င်းတို့အနက် ပထမဆုံး ရောက်ရှိလာသူများမှာ  မုန်တိုင်းမြို့တော်မှ ယှဥ်ပြိုင်သူများဖြစ်ကြသည်။ သူတို့သည် အဖျက်စွမ်းအားကြီးမားသော မှော်ဆရာတစ်ယောက်ဖြစ်သည့် ချန်းလင်ကို အားကိုးကာ စမ်းသပ်မှုအား လွယ်လွယ်ကူကူ ဖြတ်ကျော်ရန် ရည်ရွယ်ထားကြသည်မှာ သိသာလှသည်။ တစ်ဖက်တွင် လင်းချီ ကိုယ်စားပြုသည့် ဆန်းသစ်လမြို့တော်မှ လူများမှာ နောက်ဆုံးရက်မတိုင်ခင် တစ်ရက်အလိုမှသာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။ ရောက်ရှိလာကြချိန်မှာ သုံးရက်မျှသာ ကွာဟသော်လည်း ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် နှစ်ဖက်ကြားမှ စွမ်းအားကွာခြားမှုကို တွေ့နိုင်လေသည်။

ထိုအခိုက် တခြားဒေသများမှ ယှဥ်ပြိုင်သူများသည်လည်း ဗဟိုနားနေဆောင်တွင် စုဝေးရောက်ရှိနေခဲ့ကြပြီးဖြစ်သည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး ရန်သူများကဲ့သို့ ကြည့်နေခဲ့ကြသည်။

လင်းချီလည်း စဥ်းစားမရဖြစ်သွားကာ ခါးသက်သော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ "သူတို့ ဘာလို့ ငါတို့ကို ရန်သူတွေလိုကြည့်နေကြတာလဲ? သူတို့ ဒီစမ်းသပ်မှုကိုပဲ အာရုံစိုက်သင့်တာမဟုတ်ဘူးလား?"

"ဟားဟား မင်း နားမလည်ပါဘူးကွာ ဘယ်သူကမှ အခြားသူတွေကို သူတို့ထက် ပိုမသာစေချင်ကြဘူး ဒီစမ်းသပ်မှုမှာလည်း အတူတူပဲ တခြားသူတွေထက် ပိုတော်ကြောင်း ပြနိုင်ဖို့ လူတိုင်းက အခြားပြိုင်ပွဲဝင်တွေရဲ့ ရမှတ်ကို နှိမ့်ပစ်ချင်နေကြတာ!"

"ဒါ့အပြင် အဲ့ဒီပြိုင်ပွဲဝင်အားလုံးက  အဆင့်သတ်မှတ်ချက်ဆိုတာကို အခြားသူတွေထက် ပိုတန်ဖိုးထားတဲ့ ဂုဏ်မောက်တဲ့ မျိုးရိုးမြင့်တွေပဲလေ"

လူးဝစ်နှင့် ယွီမုန့်တို့၏ ဝေဖန်သုံးသပ်ချက်များကိုနားထောင်ပြီးနောက် လင်းချီလည်း ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။

'လူတိုင်း စမ်းသပ်ရွေးချယ်မှုမှာ ပါဝင်ဖို့လာခဲ့ကြတာပဲကို ဘာကြောင့်များ တစ်ယောက်နဲ့တစ်ယောက် ခက်ခဲအောင်လုပ်နေကြတာလဲ? ဒါက ပေါပေါပဲပဲဖြစ်နေတာနဲ့ မတူဘူးလား?'

သူ တွေးရင်း ခေါင်းခါယမ်းနေတုန်းမှာပဲ ကြီးမားသည့်သွင်ပြင်တစ်ခုသည် သူ့မြင်ကွင်းထဲသို့ ရောက်လာခဲ့သည်။

"ဝါး! တော်တော်ကြီးတာပဲ!"

~~~

All Chapters