စျေးနှုန်းမြှင့်တင်ခြင်း
Vol. 3 Ch. 23
လင်းချီသည် ကန်စွန်းဥ အလုံး ၅၀ ကို ချက်ချင်းပြင်ဆင်ပေးလိုက်ပြီးနောက် လူထွားကြီးက စကားတစ်ခွန်းမှ မပြောပဲ ရွှေဒင်္ဂါးတစ်ပြားပေးခဲ့သည်။
"ကောင်းပြီ!"
လင်းချီသည် ငွေလက်ခံရရှိပြီးနောက် သူ့မျက်နှာသည် ပျော်ရွှင်မှုနှင့် တောက်ပလာခဲ့သည်။ သူ၏ ပထမဆုံးအရောင်းအဝယ်က ရွှေဒင်္ဂါးတစ်ပြားစာလောက် အဖိုးတန်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
မင်ရှန့်သည် ကန်စွန်းဥသေတ္တာကို သယ်လာပြီး သူ့ပါးစပ်ထဲသို့ တစ်ခုထည့်လိုက်သည်။ သူသည် ပုံမှန်ကန်စွန်းဥများနှင့် အလွန်အကျွမ်းတဝင်ရှိပြီးသားဖြစ်သည်။
သို့သော် ဤကန်စွန်းဥမှာ သူ့ပါးစပ်ထဲသို့ ရောက်သည်နှင့် ပျော်ဝင်သွားခဲ့ပြီး ချိုမြိန်ကာ မွှေးကြိုင်နေသည်။ သူ့မျက်လုံးများလည်း ချက်ချင်း ပြူးကျယ်လာခဲ့ပြီး ဒုတိယတစ်ခုကို သူ့ပါးစပ်ထဲသို့ ထည့်ရန်ပင် မစောင့်နိုင်အောင်ဖြစ်ခဲ့ရသည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော သူက နောက်ဆုံးတွင်တော့ စကားလုံး တစ်လုံးကို ထုတ်ပြောခဲ့သည်၊ "အရသာရှိလိုက်တာ!"
စားပြီးနောက် ထိုလူထွားကြီး အဆင်ပြေနေသေးသည်ကို တွေ့လိုက်ရသောအခါ လူတိုင်းက မနက်စာဝယ်ရန် လင်းချီဆီသို့ လျှောက်လာခဲ့ကြသည်။
တစ်ကြိမ်တည်းမှာပင် ဒုတိယထပ်တစ်ခုလုံး လူပြည့်လုနီးပါးဖြစ်သွားခဲ့သည်။ လူတိုင်းသည် အရသာရှိသည့် မနက်စာကို ခံစားနိုင်ပြီး တစ်ချိန်တည်းမှာပင် လင်းချီကို မှတ်မိသွားကြသည်။
ဆန်းသစ်လမြို့တော်မှ လင်းမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် သူက မနက်စာရောင်းဖို့ ဤနေရာတွင် အမှန်တကယ် စျေးဆိုင်တစ်ခု ထောင်တယ်တဲ့။ ဒါဟာဘယ်လောက် ရှက်ဖို့ကောင်းလိုက်သလဲ?
ဆန်းသစ်လမြို့တော်၏ ထင်ရှားကျော်ကြားသည့် မိသားစုများမှဖြစ်သော ယွီမုန့်နှင့် လူးဝစ်နှစ်ဦးလုံးသည်လည်း ထိုကိစ္စကြောင့် အရှက်ရခဲ့ကြသည်။
"ဟေး လင်းချီ မင်း ငွေကိုစွဲလမ်းနေတာလား? မင်းဘာလို့ နေရာတိုင်းမှာ ဈေးဆိုင်ထောင်ချင်နေရတာလဲ?"
"မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။"
လင်းချီသည် လူးဝစ်ကို စာတစ်ကြောင်းတည်းဖြင့်သာ ပြန်ချေပခဲ့သည်။
သို့သော် လူးဝစ်က လက်မခံနိုင်စွာ ပြောလိုက်သည်။ "မင်းလုပ်နေတာတွေက ဆန်းသစ်မြို့တော်ရဲ့ မျိုးရိုးမြင့်တွေအတွက် အရှက်ရစေတယ် ဆိုတာ မသိဘူးလား?"
"ငါက လင်းမိသားစုကိုဘဲ အရှက်ရစေတာပါ။ လီယိုနာ့ဒ်မိသားစုကိုတော့ ဘာမှမထိခိုက်စေဘူး မဟုတ်လား?"
"မင်း!"
လူးဝစ်သည် ပြန်လည်ချေပရန် အခက်အခဲတွေ့သွားတော့သည်။ အမှန်တကယ်လည်း ဒီကိစ္စက သူနှင့် မသက်ဆိုင်ပေ။ သူသည် စိတ်တိုတိုနှင့် လှည့်လာခဲ့ပြီး ယွီမုန့်အား ပြောလိုက်သည်၊ "မြင်လား? အဲ့ချာတိတ်မှာ သေချာပေါက် ပြဿနာရှိနေတာ"
ယွီမုန့်လည်း အမှန်တကယ် လင်းချီ၏အပြုအမူကို သဘောမကျပေ။ သူတို့အားလုံး မျိုးရိုးမြင့်များဖြစ်သည်မှာ မှန်သော်လည်း ဒီလင်းချီက ဘာလို့ သူလုပ်ချင်သလို လုပ်နေရတာလဲ?
လင်းချီသည် မည်သူ့အကြည့်ကိုမျှ ဂရုမစိုက်ခဲ့ပေ။ သူလုပ်ချင်သည့်အရာတိုင်းကို သူလုပ်နိုင်လေသည်။
တကယ်တော့ စနစ် အဆင့်မြှင့်တင်ရန်တစ်ခုတည်းသာ လင်းချီ၏စိတ်ထဲတွင် ရှိနေခဲ့သည်။
စနစ်ကို အဆင့်မြှင့်တင်နိုင်သရွေ့ အံ့ဩဖွယ်များနှင့် ပြည့်နှက်နေသည့် ဤတိုက်ကြီးပေါ်တွင် သူရှင်သန်ရပ်တည်နိုင်လိမ့်မည်ဟု တွေးနေမိ၏။
သူ့ရည်မှန်းချက်ပန်းတိုင်အတွက် အချိန်ခဏလောက် လှောင်ပြောင်ခံရလည်း ဘာအရေးလဲ?
"ဟေး၊ မင်း!"
လင်းချီသည် သူ၏ စားဖွယ်များကို အလျှင်အမြန် ရောင်းချနေစဥ် ဘေးနားမှ ရုတ်တရက် လှောင်ပြောင်သရော်သံတစ်သံ ထွက်လာခဲ့သည်။
"ဒါက လင်းမိသားစုရဲ့ သခင်လေးမဟုတ်လား? သူကဘာလို့ ဒီနေရာမှာ မနက်စာ ရောင်းနေတာလဲ?"
အသံလာရာသို့ ကြည့်လိုက်သည့်အခါ ဤစမ်းသပ်ပွဲတွင် အကျော်ကြားဆုံး ပြိုင်ပွဲဝင်ဖြစ်သည့် မုန်တိုင်းမြို့တော်မှ ချန်းလင်ကို တွေ့လိုက်ရ၏။
ရှားရှားပါးပါး မီးမှော်ဆရာတစ်ယောက်အနေနှင့် သူသည် သူ့ကိုယ်သူ အခြားသူများ၏ အထက်တွင် ရှိနေသည်ဟု ယူဆထားသူဖြစ်သည်။ သူခေါင်းကိုမော့လိုက်ချိန်၌ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟားဟားဟား၊ လင်းသခင်လေး ကြည့်ရတာ မင်းတော်တော်ခက်ခဲနေတဲ့ပုံပဲ ဟုတ်လား?"
ချန်းလင်သည် မနေ့က လင်းချီ လစ်လျူရှုတာကို ခံရပြီးနောက် မျိုသိပ်ခဲ့ရသည့် ဒေါသတို့ကို ပေါက်ကွဲပစ်ချင်ခဲ့သည်။ သို့သော် ဤမြို့တော်၌ ရှိနေချိန်တော့ သူ အကြမ်းနည်းကို သုံး၍မရနိုင်ချေ။ ထို့ကြောင့် သူသည် လင်းချီကို လှောင်ပြောင်ဟားတိုက်ရန် ဤအခွင့်အရေးကို အသုံးပြုလိုခြင်းဖြစ်သည်။
"မင်းရဲ့ မိသားစု မွဲပြာကျသွားလို့လား? ဒါမှမဟုတ် မင်းက တော်တော်လေး အသုံးမကျလွန်းလို့ မင်းမိသားစုကတောင်မှ မင်းအတွက် ငွေအကုန်မခံချင်တော့တဲ့ပုံပဲ"
"လင်းမိသားစုက ဆန်းသစ်လမြို့တော်ရဲ့ နံပါတ်တစ်မိသားစု မဟုတ်ဘူးလား? ဒီနေရာမှာ အရောင်းအဝယ်လုပ်ဖို့ ဆိုင်ခင်းတယ်ဆိုတာ သိပ်ရှက်ဖို့ မကောင်းဘူးလားကွာ"
သူ၏ ထေ့ငေါ့ပြောသည်များကို ကြားသော်လည်း လင်းချီသည် မျက်တောင်ပင် မခတ်ခဲ့ပေ။ သူသည် နံရံကို မှီရပ်ရင်း ရင်အုပ်ရှေ့ လက်နှစ်ဖက်ကို ကြက်ခြေခတ် ပိုက်လိုက်သည်။ သူသည် မထူးခြားသော အမူအရာဖြင့် "မင်း ဒါကို ဝယ်မှာလား၊ မဝယ်ဘူးလား? မင်းမဝယ်လို့ရှိရင်လည်း ငါ့စီးပွားရေးကို လာမနှောက်ယှက်နဲ့၊ ဟုတ်ပြီလား?"
လင်းချီ၏ မျက်နှာသေနှင့် ပြောလာသည့် စကားလုံးများကို ကြားပြီးနောက် ချန်းလင်သည် ပို၍ပင် သူ့အား စိတ်အနှောင့်အယှက်ပြုလိုခဲ့သည်။ သူ့မျက်နှာမှာ ခက်ထန်တင်းမာလာခဲ့ပြီး သာမန်ကာလျှံကာဟန်ဖြင့် ပြောလာသည်။ "ကောင်းပြီ၊ မင်းကို ကြည့်ရတာ သနားစရာကောင်းလွန်းလို့ ဝယ်ပေးလိုက်ပါ့မယ်လေ ငါ့ကို ကန်စွန်းဥတစ်လုံးပေး!"
"ရတယ် ရွှေဒင်္ဂါးဆယ်ပြားပေး!"
လင်းချီပြောလိုက်သည့် စကားလုံးများကြောင့် ချန်းလင်၏အမူအရာမှာ ရုတ်တရက် တောင့်ခဲသွားခဲ့သည်။ သူမော့ကြည့်လိုက်ကာ မတတ်သာဘဲ ထပ်မေးလိုက်သည်။ "မင်း. . . ဘာပြောလိုက်တာလဲ"
လင်းချီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြောခဲ့သည်၊ "ကန်စွန်းဥတစ်လုံး ကို ရွှေဒင်္ဂါးဆယ်ပြား!"
"မင်း ငါ့ကို ဓားပြတိုက်နေတာလား ကန်စွန်းဥတစ်လုံးတည်းကို ရွှေဒင်္ဂါးဆယ်ပြားကျသင့်တယ် ဟုတ်လား? မင်း ကန်စွန်းဥ အလုံး ၅၀ ကို ရွှေဒင်္ဂါးတစ်ပြားတည်းနဲ့ ဒီဝတုတ်ကို ရောင်းလိုက်တာလေ။ ဘယ်လိုဖြစ်ပြီး ငါ့ကိုကျ ကန်စွန်းဥတစ်လုံး ရွှေဒင်္ဂါးဆယ်ပြားနဲ့ ရောင်းနေတာလဲ?"
"ဈေးတက်သွားပြီ"
"အလိမ်အညာတွေ၊ ငါ့ကို သည်းမခံနိုင်အောင်လုပ်ဖို့ စျေးနှုန်းမြှင့်လိုက်တာ ဟုတ်တယ်မလား?"
လင်းချီသည် ဘာမှ မပြောခဲ့ပေ၊ သို့သော် သူ့အကြည့်များကမူ ချန်းလင်အား ဟုတ်တယ်လို့ ပြောနေသည့်အတိုင်းပင်။
ချန်းလင်သည် အေးစက်စွာဖြင့် နှာရှုံလိုက်ပြီး "ဟမ့်၊ မနက်စာရောင်းတာ မင်းတစ်ယောက်တည်းလို့များ ထင်နေတာလား?"
သူပြောပြီးလျှင်ပြီးခြင်း ပထမထပ်ရှိ မီးဖိုဆောင်ဆီမှ အသံတစ်ခုက အော်လိုက်သည်။
"မနက်စာ ရောင်းကုန်သွားပါပြီ။ ထပ်မှာလို့ မရနိုင်တော့ပါ။"
ထိုအရာကို ကြားလိုက်သည်နှင့် ချန်းလင်မှာ ချက်ချင်း မှင်တက်သွားခဲ့သည်။ သူ့မျက်လုံးများက သူရှက်ရွံ့သွားခဲ့ကြောင်း ပြသနေပြီး အရှက်ကွဲမှု လှိုင်းတံပိုးက သူ့ကို တစ်ခုခုပြောရန် တားဆီးထားသည်။
လင်းချီသည် ရယ်မောရင်း မေးလိုက်သည်၊ "အခုရော ဘယ်လိုလဲ? မင်းဒါကို ဝယ်ချင်သေးလား?"
"ဒါက ဒီလောက်စျေးကြီးတာ. . . အရူးပဲ အဲ့တာကို ဝယ်မှာ!"
"အို? မုန်တိုင်းမြို့တော်ရဲ့ ချန်းမိသားစုက ရွှေဒင်္ဂါးဆယ်ပြားပေးဖို့တောင် မတတ်နိုင်ဘူးလို့တော့ ငါ့ကိုမပြောနဲ့နော်? ရွှေဒင်္ဂါးဆယ်ပြား စုဆောင်းထားဖို့အတွက်နဲ့ မင်းအငတ်ခံတော့မလို့လား? မင်းက ငါ့ထက် အဆပေါင်း တစ်ရာလောက် ပိုတော်တဲ့ ပြိုင်ပွဲဝင်ဆိုတော့ အဲ့လိုမလုပ်ဘူးလို့တော့ ထင်တာပဲ!"
လူပေါင်းများစွာ၏ အကြည့်များနှင့် ရင်ဆိုင်လိုက်ရချိန်၌ ချန်းလင်မှာ အံ့ကြိတ်မိလိုက်သည်။ သို့သော် သူစကားမပြောနိုင်ခင် သူ့အစာအိမ်မှ တကျုတ်ကျုတ်မြည်သံ ထွက်လာခဲ့သည်။
ပတ်ဝန်းကျင်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်း၏ အကြည့်များက ချန်းလင်ပေါ်သို့ ရောက်လာခဲ့၏။
အကြီးအကျယ် ကို့ရို့ကားယားနိုင်မှုကြောင့် လေထုသည် မွန်းကြပ်ဖွယ်ကောင်းလာသည်။
လင်းချီအား ခက်ထန်စွာ စိုက်ကြည့်နေရင်း ချန်းလင်၏မျက်နှာမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် နီရဲနေခဲ့သည်။ သို့သော် သူက နာခံစွာနှင့် ရွှေဒင်္ဂါးဆယ်ပြားကို ထုတ်ယူလိုက်သည်။ ကြည့်လိုက်ရုံဖြင့် သူ့ပုံစံမှာ စိတ်ထိခိုက်လွန်းလို့ ငိုချင်နေပုံပေါက်လေသည်။
"ပေး. . . ငါ့ကို ကန်စွန်းဥတစ်လုံးပေး!"
ချန်းလင်သည် သူ၏ဒေါသများကို ချိုးနှိမ်ပြီး လင်းချီလက်ထဲသို့ ရွှေဒင်္ဂါးဆယ်ပြား ထည့်ပေးလိုက်သည်။
လင်းချီက ၎င်းရွှေဒင်္ဂါးဆယ်ပြားကို ယူလိုက်ကာ အပျော်လွန်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ အော်ပြောလိုက်သည်။ "ကောင်းပြီ! ဒီမှာ မင်းအတွက် ကန်စွန်းဥတစ်လုံး!"
ချန်းလင်သည် ကန်စွန်းဥကို ယူလိုက်ချိန်၌ သူ့တွင် လင်းချီအပေါ် ကြီးမားသည့် အမုန်းတရားတစ်ခု ရှိနေခဲ့သည်။ လင်းချီ လေနက်ခံတပ်၏ အပြင်ဘက်ကို ထွက်လာဝံ့သည်နှင့်တစ်ပြိုင်နက် သေချာပေါက် သင်ခန်းစာပေးမည်ဟု ကြုံးဝါးမိလိုက်သည်။
ထိုအချိန်တွင် လင်းချီ မနေ့က စိုက်ကြည့်နေခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးမှာ ဖြေးဖြေးချင်း သူ့ဆီသို့ လျှောက်လာခဲ့သည်။
"ကန်စွန်းဥတစ်လုံး ဘယ်လောက်ပေးရမလဲ?"
လင်းချီသည် ခဏလောက် အံ့အားသင့်သွားခဲ့ပြီး ပါးစပ်မှ အလိုအလျောက် ပြန်ဖြေလိုက်မိသည်။ "ဆယ်ပြား. . .ငွေဒင်္ဂါးဆယ်ပြား!"
"အို ဒါဆို ကျွန်မကို တစ်လုံးပေးပါ"
မိန်းကလေးက လင်းချီလက်ထဲသို့ ငွေဒင်္ဂါးဆယ်ပြားထည့်ပေးလိုက်သည်နှင့် လင်းချီသည် ချက်ချင်းပင် သူမအတွက် ကန်စွန်းဥအလုံးကြီးကြီးတစ်ခုကို ယူပေးခဲ့သည်။
"ဘာ?"
ရုတ်တရက် ချန်းလင်သည် သူ၏ဒေါသကို ထပ်ထိန်းမထားနိုင်တော့ပေ။ သူ ချက်ချင်း အလျင်စလို လင်းချီကို လက်ညိုးထိုးပြီး အော်ပြောလိုက်သည်။
"ခွေးကောင်၊ မင်း သူမကိုကျ ငွေဒင်္ဂါးဆယ်ပြားနဲ့ ရောင်းပြီး ဘာလို့ ငါ့ကိုကျ ရွှေဒင်္ဂါးဆယ်ပြား တောင်းရတာလဲ?"
"ဒါက ရှင်းပါတယ်!"
"ဟမ်"
"ဘာ့ကြောင့်လဲဆိုတော့ စျေးကျသွားလို့လေ!"
"မင်း!"
ချန်းလင်သည် ဒေါသထွက်လွန်းလို့ ပေါက်ကွဲလုမတတ် ခံစားနေရသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် တင်းတင်းဆုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က လင်းချီ၏မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် "လင်းချီ မင်းလေနက်ခံတပ်နယ်နမိတ်ကနေ ထွက်လာတာနဲ့ ငါ့ကို ဒူးထောက်တောင်းပန်ရအောင်လုပ်ပြမယ်!"
"အို့!"
လင်းချီကတော့ ဘာကိုမှ ဂရုမစိုက်။ သူ့အတွက်တော့ ချန်းလင်က သူ့မျက်လုံးထဲတွင် ကလေးတစ်ယောက်သာသာမျှသာ ဖြစ်ခဲ့သည်။ သူသည် မီးတောက်မှော်ဆရာတစ်ယောက်ဖြစ်သောကြောင့်သာ တောင်တန်းငယ်လေးရဲ့ ဘုရင်အဖြစ် သမုတ်ခံရခြင်းဖြစ်သည်။ သို့သော် လင်းချီ၏ ပန်းတိုင်မှာ ထိုတောင်တစ်တောင်တည်း မဟုတ်ပေ ၎င်းသည် ဤကုန်းမြေကြီး တစ်ခုလုံးဖြစ်၏။
တစ်မနက်လုံး အလုပ်ကြိုးစားပြီးနောက် လင်းချီတွင် ငွေအချို့ ရလာခဲ့သည်။ သို့သော်လည်း ထိုငွေသည် စနစ်အဆင့်မြှင့်တင်ရန် လုံလောက်ဖို့အတွက် ဝေးကွာနေသေးသည်။ သူ ငွေရရန် တခြားနည်းလမ်းများ စဥ်းစားရအုံးမည်။
"လင်းသခင်လေး!"
ထိုအချိန်တွင် လူသာသည် အနောက်ဘက်မှ ရောက်လာခဲ့ပြီး လင်းချီကို ပြောလိုက်သည်။ "သခင်၊ မင်းငွေလိုချင်လား?"