← Chapters

တောထဲမှ တိုက်ပွဲ

Vol. 3 Ch. 25

တောထဲမှ တိုက်ပွဲ

Vol. 3 Ch. 25

မြို့အပြင်ဘက်တွင် ညရောင်မြက်ရှာရန် လင်းချီသည် လူသာကို အတူခေါ်လာသည်။ နောက်ဆုံးတော့ သူ့ဘေးမှာ ဓားသမားတစ်ယောက်ရှိ‌နေပြီမို့ နတ်ဆိုးသားရဲတွေရဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာမလိုပေ။

သူတို့နှစ်ယောက် ညဉ့်နက်သန်းခေါင်တွင် မြို့ပြင်သို့ ထွက်ခွာလာခဲ့ကြသည်။ လေနက်ခံတပ် ပတ်ပတ်လည် ဧရိယာတွင် သစ်တောများဖြင့် ဝန်းရံထားပြီး လင်းချီသည် အခြားသောသူများနှင့်အတူ ဆန်းသစ်လတောအုပ်မှ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုသစ်တောသည် အရပ်မျက်နှာလေးခုစလုံးတွင် အဆင့်အနိမ့်ဆုံးသစ်တောဖြစ်ပြီး ကျန်သစ်‌တောအားလုံးမှာ ပို၍အန္တရာယ်များသည်။

လူသာသည် ဓားသမားတစ်ဦး၏ အစွမ်းသတ္တိရှိသောကြောင့် သာမန်ဆိုလျှင် သူတောထဲ၌ မည်သည့်မိစ္ဆာသားရဲကိုမျှ မကြောက်ပေ။ သို့သော် ခြွင်းချက်တော့ ရှိသည်။

မြို့ပြင်ရောက်သောအခါ လင်းချီသည် လူသာကို တောထဲသို့ ခေါ်သွားခဲ့၏။ သူ့အထင် သစ်တောပဲ တိတ်ဆိတ်နေသည်လားမသိပေ။ သူခံစားရသလောက်တော့ သစ်တောတွင်းတွင် ဇီးကွက်ရဲ့ အော်သံတောင် မကြားနိုင်လောက်အောင် တိတ်ဆိတ်နေပေသည်။

"သခင်လေး မင်းလိုက်ရှာနေတဲ့ ညရောင်မြက်က ရှေ့နား‌လေးမှာ ရှိတယ်!"

လူသာ၏ တောင်ကြီးနှင့် ရင်းနှီးကျွမ်းဝင်မှုနှင့်အတူ မကြာမီပင် သူတို့နှစ်ဦးသည် ညရောင်မြက်ခင်းပြင်ကြီးရှိသော ဧရိယာသို့ ရောက်ရှိလာသည်။ အလင်းရောင်အနည်းငယ်‌လင်း‌နေသော မြက်ခင်းတစ်ကွက်ကို မြင်လိုက်ရသည်။ ထိုအရာများသည် လင်းချီ လိုအပ်သော ပါဝင်ပစ္စည်းများပင်ဖြစ်သည်။

လင်းချီသည် အခြားဘာကိုမှ ဂရုမစိုက်ဘဲ မြက်ပင်အချို့ကို ဆွဲနုတ်လိုက်သည်။ သူလိုအပ်သည်ထက် ဒီနေရာတွင် တစ်စက္ကန့်ပင်ကြာအောင် မနေချင်ပေ။

"ဒီလောက်ဆို လုံလောက်ပြီ!"

လင်းချီ ညရောင်မြက်ကို သူ့ကျောပိုးအိတ်ထဲသို့ ထည့်ကာ ပြန်ရန် လှည့်လိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းချီ အော်သံကိုကြားလိုက်ရသည်။

အဝေးမှ တစ်စုံတစ်ယောက် အကူအညီတောင်းနေပုံရသည်။ အသံသည် အလွန်တိုးလျနေသောကြောင့် အကူညီတောင်းနေသူသည် လင်းချီတည်နေရာနှင့် အလွန်ဝေးကွာကြောင်း သိနိုင်ပေသည်။

"ဘာဖြစ်လို့လဲ?" လူသာ လှည့်ပြီး မေးလိုက်တော့ လင်းချီ မလှုပ်မယှက်ရပ်‌နေသည်ကို တွေ့လိုက်ရသည်။

လင်းချီ ရပ်တန့်သွားပြီး လူသာအား ပြောသည်။ "နားထောင် တစ်ယောက်ယောက် အော်နေတာကို ကြားရလား"

လူသာက ဂရုမစိုက်ဘဲ သက်ပြင်းချလိုက်သည်။ “သခင်လေး ဒါက ဆန်းသစ်လတော‌အုပ် ညဘက်‌တွေမှာ နတ်ဆိုးသားရဲ‌တွေ အမဲလိုက်ထွက်လေ့ရှိကြတယ် အဲ့ကောင်တွေနဲ့တွေ့တဲ့သူက‌တော့ ကံဆိုးတယ်လို့ပဲ မှတ်ယူလိုက်ပါ!”

လူသာသည် ထိုအရာများကို ဂရုမစိုက်‌ပေ။ ပုံမှန်အားဖြင့် ဆန်းသစ်လသစ်တောတွင် အလောင်းအချို့ကို ရှာတွေ့လေ့ရှိသည်။

သို့သော်လည်း လင်းချီသည် သူပြောတာကို သဘောမတူခဲ့ပေ။ သူ လှည့်ပြီးပြောလိုက်သည်။ "ငါတို့ အကူအညီတောင်းသံကို ကြားမှတော့ သူတို့ကို သေ‌အောင် ထားလိုက်လို့မရဘူး"

လင်းချီ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် လူသာလည်း ကူကယ်ရာမဲ့စွာသက်ပြင်းကိုချကာ  သူ့နောက်သို့ လိုက်သွားရန်သာ တတ်နိုင်ခဲ့သည်။

သို့သော် ထိုအချိန်တွင် လင်းချီဘေးပတ်၀န်းကျင်ရှိ အငွေ့အသက်သည် ရုတ်တရက် ထူးဆန်းသွားသည်ကို လူသာတွေ့ရှိလိုက်ရသည်။

“နေဦး!”

အသံလာရာဆီသို့ ဦးတည်သွားနေသောကြောင့် လင်းချီသည် သူ့အား မကြားရတော့ပေ။ လူသာပျောက်ကွယ်သွားသည်ကိုပင် သူလုံးလုံး သတိမပြုမိခဲ့ပေ။

“လူသာ နောက်နတ်ဆိုးသားရဲနဲ့တွေ့ရင် ထိန်းထားစရာ မလိုဘူး…”

လင်းချီလှည့်ကြည့်လိုက်သောအခါ လူသာကို မည်သည့်နေရာမှ မတွေ့ရတော့သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ အဲဒါက သူ့ကို ထိတ်လန့်သွားစေခဲ့သည်။

"လူသာ!"

ထိုတောအုပ်တွင် မိစ္ဆာသားရဲတစ်ကောင်ကောင် တစ်နေရာရာမှထွက်လာပြီး သူ့အား တိုက်ခိုက်နိုင်သည်။ လူသာ၏ အကာအကွယ်မပါဘဲနှင့် သူသည် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေသည်။

"မဟုတ်ဘူး...အဲလောက်မဆိုးနိုင်ပါဘူး ဟုတ်တယ်မလား"

လင်းချီ ထိတ်လန့်သွားသည်။ သူ အကြိမ်ကြိမ်အော်ပေမယ့် လူသာ ပြန်‌ရောက်မလာပေ။

သူ ထိတ်ထိတ်ပြာပြာဖြစ်လာသည် ။ အရင်က လူသာရဲ့ အကာအကွယ်အောက်မှာ အေးအေးဆေးဆေး နေခဲ့ရပေမယ့် အခုချိန်မှာတော့ အလွန်ကြောက်လန့်ပြီး သူ့ခန္ဓာကိုယ်ပင် တုန်တုန်ယင်ယင် ဖြစ်လာသည်။

"ကူညီကြပါ...ကူညီကြပါ!"

ရုတ်တရက်ပင် နောက်ထပ် အော်ဟစ် အကူအညီတောင်းသံကြားလိုက်ရသည်။ ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် သူ့ဆီ ပြေးလာသကဲ့သို့ အသံက ပိုကျယ်လောင်လာသည်။

လင်းချီ စိတ်လှုပ်ရှားလာသည်။ အသံ၏ ဦးတည်ရာကို ကြည့်လိုက်ရာ မဲမဲအသွင်တစ်ခုသည် သူရှိရာ လမ်းကြောင်းအတိုင်း ပြေးလာသည်ကို တွေ့လိုက်ရသည်။

သူ အံကြိတ်ကာ လျှောက်သွားလိုက်သည်။

ဝံပုလွေတစ်ကောင် မိန်းကလေးတစ်ယောက်၏နောက်သို့ လိုက်နေတာကို သူသိလိုက်ရသည်။

လင်းချီသည် ထိုမိန်းကလေးကို ကယ်တင်လိုသော်လည်း လူသာ သူ့အနားတွင် မရှိသောကြောင့် ယခုအချိန်တွင် ၎င်းကို တိုက်ခိုက်ရန် အခွင့်အလမ်းမရှိပေ။

သူ့စိတ်ထဲရှိ ပထမဦးဆုံး အတွေးမှာ ထွက်ပြေးရန် ဖြစ်သည်။ ထိုအမျိုးသမီး မည်သူဖြစ်သည်ကို သူမသိသောကြောင့် သူမကို မကယ်တင်လျှင်လည်း သူ့အတွက် ပြသနာမရှိပေ။

သို့သော် သူပြန်လှည့်လိုက်ချိန်၌ ဝံပုလွေ၏ အူသံစူးစူးကိုကြားလိုက်ရပြီး မိန်းကလေးသည်လည်း သိသိသာသာပင် မောပန်းနေပုံရလေသည်။

ဒီတိုင်းဆက်သွားရင် ကောင်မလေး အစားခံရလိမ့်မယ်။ သူတကယ်ထွက်သွားမှာလား။

လင်းချီ သူ၏ ကွဲလွဲနေသော ခံစားချက်များကို ဖြေဖျောက်နေစဉ်ပင် ကောင်မလေးက သူ့ဆီသို့ ပြေးလာခဲ့သည်။ သူသည် ထိုဘေးဆိုးမှ လွတ်မြောက်နိုင်မည်မဟုတ်ဟု ထင်ရသောကြောင့် သူ့ကိုယ်သူ အားတင်းပြီး လှုပ်ရှားလိုက်သည်။

လင်းချီ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် လူသာ ပေးခဲ့သော ဓားရှည်ကို ထုတ်လိုက်သည်။ သူ့ဦးနှောက်ကို ဖုံးအုပ်ထားတဲ့ အကြောက်တရားတွေကို ဖယ်ထုတ်ဖို့ အသံကုန်ဟစ်ပြီး သူ့စိတ်ဓာတ်ကို မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။

“ရား!”

သူ့အသံက အလွန်ကျယ်လောင်ပြီး ကောင်မလေးက သူမ၏ ကယ်တင်ရှင်ကို သတိပြုမိပုံရပြီး သူ့နောက်သို့ အပြေးအလွှားပုန်းအောင်းလာသည်။

"ကျွန်မကိုကယ်ပါ!"

လင်းချီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ယခင်က နတ်ဆိုးသားရဲတစ်ကောင်ကို တစ်ခါမျှ မတိုက်ဖူးသော်လည်း သူ၏ဓားကို မြဲမြံစွာ ကိုင်နိုင်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

ဝံပုလွေသည် ကောင်မလေးနောက်သို့ လိုက်လာသည်။ လင်းချီ ဓားရှည်ကိုင်ထားသည်ကို တွေ့လိုက်ရသည်နှင့် ၎င်းသည် ချက်ချင်း အလျင်စလိုမတက်လာခဲ့ပေ။ ယင်းအစား ၎င်းသည် လင်းချီကို စိုက်ကြည့်ကာ တိုက်ခိုက်ရန် တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။

ထိုအချိန်တွင် လင်းချီသည် သူ့တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ရှိနေသည်မှာ ကြယ်နှစ်ပွင့် ဝံပုလွေတစ်ကောင်သာဖြစ်သော်လည်း သူလွတ်မြောက်နိုင်သည် မလွတ်မြောက်နိုင်သည်မှာ သူ့အတွက် တကယ့်ပြဿနာဖြစ်သည်။

ဝံပုလွေသည် လင်းချီ၏တုန်ရီနေသောလက်များကို သတိပြုမိပြီး လင်းချီကို ချက်ခြင်းခုန်အုပ်လိုက်သည်။

လင်းချီ စိတ်လှုပ်ရှားလာပြီး သူ့ဓားရှည်ကို ထိတ်ထိတ်ပြာပြာ လွှဲလိုက်သည်။ ကံကောင်းစွာဖြင့် ၎င်းသည် ကြယ်နှစ်ပွင့် နတ်ဆိုးသားရဲဖြစ်သည်။ လင်းချီ သူ့ဓားရှည်ကို ဝှေ့ယမ်းနေတာကို တွေ့လိုက်တဲ့အခါ ရပ်သွားသည်။

အဲ့ဒါက လင်းချီကို စဉ်းစားရန် အခွင့်အရေး ပေးခဲ့သည်။ ထိုအဆင့်နိမ့်သားရဲများသည် မီးကိုကြောက်ကြောင်း သူသိသည်။

ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး လင်းချီက သူ၏ မီးခြစ်ကို ထုတ်လိုက်သည်။ သူ့ခြေ‌ထောက်အောက်တွင် ထင်းခြောက်တချို့ ရှိနေတာကို မြင်တော့ မီးခြစ်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။

မီးသည် တဖြည်းဖြည်း ကြီးထွားလာပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။ ဝံပုလွေက မီးကိုမြင်ပြီး‌နောက် အော်ကာ ချက်ချင်းလှည့်ပြေးတော့သည်။

ဝံပုလွေ ထွက်‌ပြေးသွားတာကို စောင့်ကြည့်နေတဲ့ သူတို့နှစ်ဦးလည်း အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ ထို့နောက် လင်းချီ အနောက်လှည့်ကာ မေးလိုက်သည်။ “မင်း အဆင်ပြေလား”

မိန်းကလေးသည် မှော်ဆရာဝတ်စုံကို ၀တ်ထားသည်။ သူမက မှော်ဆရာတစ်ယောက်ဖြစ်နိုင်သည်။ သို့သော် ထိုသို့မှော်ဆရာတစ်ယောက်ကို ကြယ်နှစ်ပွင့်အဆင့်ရှိသော ဝံပုလွေတစ်ကောင်က လိုက်ရန် အကြောင်းပြချက်မရှိပေ။

ကောင်မလေးက သူ့ဝတ်ရုံကို ခြုံလိုက်ပြီး လင်းချီကို‌ ပြောလာသည်။ "ကျေးဇူးတင်ပါတယ်!"

"ရပါတယ် စကားမစပ် မင်းက မှော်ဆရာလား"

ကောင်မလေး ကြောင်သွားသည်။ သူမ မျက်တောင်ခတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး ကျွန်မက မှော်ဆရာမဟုတ်ပါဘူး ကျွန်မက လေနက်ခံတပ်ရဲ့ ဗဟိုနားနေဆောင်က စားဖိုမှူးပါ”

"ဗဟိုနားနေဆောင်က စားဖိုမှူးလား ဒါဆို မင်းဘာလို့ ညကြီးသန်းခေါင် ဒီကို ရောက်နေတာလဲ"

လက်စသတ်တော့ သူမသည်လည်း သူမလိုချင်တဲ့ ပါဝင်ပစ္စည်းတွေ ရှာရန်အတွက် လင်းချီလိုပင် တောထဲသို့ လာခဲ့တာ ဖြစ်သည်။ ကွဲပြားသည်မှာ သူမက လေအဟုန်မှိုကို ရှာရန် လာခြင်းဖြစ်သည်။

လင်းချီသည် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ကောင်မလေးက သိပ်ရဲရင့်ပုံမပေါ်ပေ။ ပါဝင်ပစ္စည်းများရှာရန် ညဉ့်နက်သန်းခေါင်ကြီးမှ ဘာကြောင့် သူမ ဒီကိုလာတာလဲ။

ဒီအကြောင်းကို သူထပ်မတွေးခင်မှာ အနောက်ကနေ ရုတ်တရက် အသံတစ်ခုထွက်လာသည်။ "သခင်လေး!"

လူသာ၏အသံ‌ပေ။ လင်းချီ ခေါင်းကို လှည့်ကာ သက်ပြင်းချလိုက်သည်။ "မင်းဘယ်ကိုများ ထွက်ပြေးသွားတာလဲကွာ"

All Chapters