အထူးပါ၀င်ပစ္စည်းများ
Vol. 3 Ch. 26
သူတို့သုံးယောက်လုံး လေနက်ခံတပ်သို့ ပြန်လာခဲ့ကြသည်။ သို့သော် ထိုမိန်းကလေးမှာလည်း သူတို့နှင့်အတူ လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လမ်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မိတ်ဆက်လိုက်ကြသည်။ မိန်းကလေး၏ နာမည်မှာ ကျင်းလင်လင် ဖြစ်သည်။ သူမ၏ အသက်မှာ လင်းချီနှင့် တစ်ရွယ်တည်းလောက် ရှိပြီး သွယ်လျသော ကိုယ်လုံး ချစ်စရာကောင်းသော မျက်နှာလေးနှင့် ဆယ်ကျော်သက်အရွယ်လေး ဖြစ်ပုံရသည်။
သို့သော်လည်း မည်မျှပင် ငယ်ရွယ်ပုံပေါက်စေကာမူ သူမသည် ပင်မတည်းခိုဆောင်၏ ခေါင်းဆောင် စာဖိုမှူး တစ်ယောက်ဖြစ်သည်။ ထို့ပြင် လေနက်ခံတပ်၏ အကောင်းဆုံး စားဖိုမှူးတစ်ယောက်လည်း ဖြစ်သေးသည်။
"ကျွန်မကို ဒီည ကယ်တင်ပေးတဲ့အတွက် ကျေးဇူးပါပဲ ...ကျေးဇူးဆပ်တဲ့အနေနဲ့ ပြန်ရောက်ရင် အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ကျွေးပါ့မယ်..."
"အရသာရှိတဲ့ အစားအသောက်တွေ?"
လျှာကဝေစနစ်ရှိသော လင်းချီ အတွက်မူ အရသာရှိသော အစားအသောက်များမှာ စနစ်အတွင်း၌သာ တွေ့ရသည်။
"ဟင်...ဘာလဲ ရှင်က ကျွန်မရဲ့ ဟင်းချက်လက်ရာကို အထင်သေးတာလား"
လင်းချီ ခေါင်းရမ်းလိုက်ပြီး အားနာနာဖြင့်ပင် အစားအသောက်များကို မျှော်လင့်နေပါမည်ဟု ပြောလိုက်ရသည်။ ထို့နောက် လင်းချီနှင့် လူသာတို့ သက်ဆိုင်ရာ အခန်းဆီသို့ ပြန်၍ အနားယူခဲ့ကြသည်။
နောက်တစ်နေ့တွင် ကျင်းလင်လင်က သူတို့အတွက် စားကောင်းသောက်ဖွယ်များကို ချက်ပြုတ်ပေးခဲ့သည်။
လင်းချီမှာ ထိုအရာများကို စိတ်မ၀င်စားဘဲ စနစ်ထဲတွင် 'ညလမင်း၏ လှိုင်းတံပိုး' ဟင်းလျာကို ချက်ပြုတ်ရန်သာ စိတ်လောနေသည်။
ထိုဟင်းပွဲမှာ အထူးဟင်းလျာတစ်မျိုးဖြစ်သည်။ ထိုဟင်းပွဲက စားသုံးသူကို အဆင့်ကြီး တစ်ဆင့် တိုးမြင့်သွားစေနိုင်သည်။ သို့သော်လည်း အကျိုးသက်ရောက်မှုမှာ တစ်ကြိမ်သာရှိသည်။ ဒုတိယအကြိမ်တွင်တော့ ဘာမျှ ထူးခြားလာမည်မဟုတ်ပေ။
သူထိုဟင်းပွဲကို ယွီမုန့်ထံမှ သိုလှောင်အိတ်နှင့် လဲလှယ်မည်ဆိုပါက သူမသေချာပေါက် သဘောတူလိမ့်မည်။
သို့သော်လည်း ယခုချက်ပြုတ်ပါက မနက်ဖြန်ရောက်သောအခါ အေးသွားလိမ့်မည်။ မနက်ဖြန်ထိ ရောက်အောင်စောင့်ပြီးမှ ယွီမုန့်ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးတာ ပို၍ ကောင်းသည်။
စိတ်ပင်ပန်းဖွယ်ရာ ညပိုင်းကို ကျော်ဖြတ်ပြီးနောက် လင်းချီ အိပ်ယာပေါ်တွင် အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နံနက်တွင် လင်းချီ ဆက်တိုက်တံခါးခေါက်သံကြောင့် လန့်နိုးလာသည်။
"ဘယ်သူလဲကွ .. ..ဒီလောက် အစောကြီး ရှိသေးတာကို"
လင်းချီ အိပ်ချင်မူးတူးဖြင့် ခေါင်းကုတ်လိုက်ပြီး တံခါးဆီသို့ ဖြည်းညင်းစွာ လျောက်သွားသည်။
ဝုန်း......
တံခါးဖွင့်ပြီးနောက် မွှေးပျံ့သော ရနံ့များက သူ၏ နှာခေါင်းထဲသို့ တိုး၀င်လာသည်။ ထိုင်းမှိုင်းနေသော လင်းချီမှာ ချက်ချင်းပင် တက်ကြွသွားပြီး
"မွှေးလိုက်တာ"
သူ၏ နှုတ်မှ ရုတ်တရက် ရေရွတ်လိုက်မိသည်။ ထို့နောက် လင်းကျင်ကျင်မှန်း သိသွားတဲ့အခါ လင်းချီရဲ့ မျက်လုံးတွေ ချက်ချင်းပြူးကျယ်လာသည်။
သူမက လင်ဗန်းတစ်ချက်ကို ကိုင်ထားပြီး လင်ဗန်းပေါ်တွင် အငွေ့တထောင်းထောင်းထနေသော ဝါဖန့်ဖန့် စွပ်ပြုတ်လေး တစ်ခွက်ရှိသည်။ ထိုပန်းကန်လုံးလေးမှာ မွှေးရနံ့များ၏ အရင်းအမြစ်ပင်။
"ဟင်း ဟင်း.....ရှင့်အတွက် အရသာရှိတာတွေ ယူလာပေးတာလေ..."
ကျင်းလင်လင်မှာ ရိုးသားပွင့်လင်းပြီး ခင်ဖို့ကောင်းသူ တစ်ယောက်ဖြစ်သည်။ သူမက ခေါင်းမော့ပြီး အခန်းထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် ၀င်လာသည်။ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ် တင်ပြီးနောက် သူမက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်မက ဒီလို စွပ်ပြုတ်ကို တစ်လမှ တစ်ခွက်ပဲ လုပ်တာနော်...လေနက်ရဲတိုက်က တော်၀င်မိသားစုတွေတောင် ဒီစွပ်ပြုတ်ကို မြည်းရဖို့အသက်စွန့်ရဲကြတယ်"
ထိုစကားကိုကြားပြီးနောက် လင်းချီ သိချင်စိတ် ပြင်းပြသွားသော်လည်း ယဉ်ကျေးစွာဖြင့်ပြုံး၍ မေးလိုက်သည်။ "ဒါဆို...ဒီစွပ်ပြုတ်ရဲ့ အကျိုးသက်ရောက်မှုက ဘာများလဲမသိဘူး......မှော်စွမ်းအင်ကို တိုးပွားစေတာလား...ဒါမှမဟုတ် မှော်စွမ်းအားနဲ့ ခန္ဓာကိုယ် အင်အားကို တိုးတက်စေတာလား"
ကျင်းလင်လင် သူမ မျက်လုံးကို လှန်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "သခင်လေးလင်း..ကျွန်မက စားဖိုမှူးတစ်ယောက်ပါ ...မှော်ဆေးပညာရှင် မဟုတ်ဘူး....ပြီးတော့ မှော်ဆေးပညာရှင်ဆိုရင်တောင် ခုနက ရှင်ပြောတဲ့ဟာတွေကို မလုပ်ပေးနိုင်ဘူး"
လင်းချီ ကိုယ့်ကိုယ်ကို ပြုံးလိုက်သည်။ မှော်ဆေးပညာရှင် မလုပ်နိုင်ရင်တောင် သူလုပ်နိုင်သည်။
ဖြစ်နိုင်သည်မှာ လျှာကဝေစနစ်မှ ဟင်းလျာများ၏ လုပ်ဆောင်နိုင်စွမ်းကို မသိသေးတာဖြစ်နိုင်သည်။
"ဒီစွပ်ပြုတ်ရဲ့ နာမည်ကို ပင်လယ်ရဲ့ အရသာလို့ ခေါ်တယ် ..လေနက်ခံတပ်တောင်မှ ရှားပါးတဲ့ 'ပိုင်ရုန်'ကို တစ်လမှ တစ်ခါဘဲ ရတာ..ဒါကြောင့် တစ်လတစ်ကြိမ်ကို စွပ်ပြုတ်တစ်ခွက်ပဲ ချက်နိုင်တာ..."
'ပိုင်ရုန်'ဆိုသည်မှာ ပင်လယ်ထဲတွင် နေသော မကောင်းဆိုးဝါး သားရဲတစ်မျိုးဖြစ်သည်။ ၎င်းမှာ ကြယ်လေးပွင့်သားရဲဖြစ်ပြီး မြင်ရန်ပင် ခက်ခဲသည်။ ထို့ကြောင့် တစ်လမှ တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်သာ ဖမ်းဆီးရမိသည်။
ကျင်းလင်လင် အချက်အပြုတ်ကို လေ့လာပြီးနောက် ပိုင်ရုန်ကို သူမ၏ လျှို့ဝှက် ပင်လယ်စာဟင်းထဲ့သို့ ပေါင်းထည့်ခြင်းက ပိုင်ရုန်၏ အရသာကို ပို၍ချိုပြီး အရသာရှိသွားစေကြောင်း သိရှိသွားသည်။ ထို့ပြင် ဟင်းပွဲတွင် မျက်နှာကို လှပစေသော အကျိုးသက်ရောက်မှုလည်း ရှိသေးသည်။ ထို့ကြောင့် တော်၀င်မင်းသမီးများမှာ ထိုဟင်းပွဲကို အလွန်နှစ်သက်ကြခြင်းဖြစ်သည်။
"ဝိုး....ဒါဆို ဒီ စွပ်ပြုတ်တစ်ခွက်က ဘယ်လောက်ကျလဲ..."
လင်းချီ သိချင်စွာဖြင့် မေးလိုက်သည်။
"ကျွန်မ ပြောပြလိုက်ရင် ရှင်သေချာပေါက် လန့်သွားမှာ..."
"ပြောစမ်းပါ..ဒီထက်ကြောက်ဖို့ ကောင်းတာတွေတောင် ကြုံခဲ့ဖူးသေးတယ်"
"တစ်ခွက်ကို ရွှေပြား ၁,၀၀၀ "
လင်းချီ ကြက်သေသေသွားပြီး စွပ်ပြုတ်ကိုင်ထားသော သူ၏လက်များမှာ တုန်ယင်သွားသည်။
"ဘယ်....ဘယ်လောက်...."
"တစ်ခွက်တည်းအတွက်ကို...ရွှေပြားတစ်ထောင်?"
ကျင်းလင်လင် ခေါင်းငြိမ့်ပြလိုက်သည်။ လင်းချီလက်များ တုန်ယင်နေသောကြောင့် သတိပေးလိုက်သည်။
"သတိထားဦး..."
လင်းချီ လျင်မြန်စွာ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ပြူးကျယ်စွာဖြင့် "မင်း....ဒီတစ်ပွဲကို ရွှေပြားတစ်ထောင်ကျတယ်ဆိုတာ သေချာလား..."
ကျင်းလင်လင်က မျက်စိပေကလပ်ပေကလပ် လုပ်လိုက်ပြီး မျက်မှောက်ကြုံ့ကာ "ဟုတ်တယ် ..အမြဲတမ်းဒီဈေးဘဲ ..ဘာလို့လဲဆိုတော့ ရှားပါးလေ...ပိုတန်ဖိုးကြီးလေပဲလေ"
လင်းချီ ပို၍ စိတ်လှုပ်ရှားသွားသည်။
'ဒါဆို ငါချမ်းသာပြီပေါ့'
ရွှေပြားတစ်ထောင်...!
ထိုပိုက်ဆံနှင့်ဆိုပါက စနစ်ကို အဆင့်မြင့်ရန် ပြဿနာရှိတော့မည် မဟုတ်ပေ။
"အမြန်....နင်ဒီစွပ်ပြုတ်ကို မသောက်တော့ဘူးဆိုရင် သူ့အရသာတွေ ရှိတော့မှာ မဟုတ်ဘူးနော်..."
"ဘာ...!"
ထိုစကားလုံးများက လင်းချီ၏ တောက်လောင်နေသော နှလုံးသားလေးကို ရေအေးအေးနှင့် ငြိမ်းသတ်လိုက်သကဲ့သို့ပင်။
ထိုတခဏတွင် အစားအစာတစ်ခုဆိုတာ လုပ်ခါစတွင်သာ တန်ဖိုးရှိကြောင်း သူမေ့သွားခဲ့မိသည်။ အေးသွားပါက အရသာများ လျော့ပါးသွားလိမ့်မည်။
"ဟင်း...မင်းငါ့ကို ရွှေတစ်ထောင် တိုက်ရိုက် ပေးလိုက်လဲ ရနေတာပဲကို.." လင်းချီ အထွန့်တက်လိုက်သည်။
ထိုစကားများက ကျင်းလင်လင်ကို အနည်းငယ် သံသယဝင်သွားစေသည်။ "ရှင်... ရှင်က ဆန်းသစ်လမြို့တော်ရဲ့ သခင်လေးလင်းမဟုတ်လား...ရှင် ငွေပြတ်နေလို့လား..."
"ငါ့မိသားစုက ချမ်းသာပေမဲ့ အခုငါက စမ်းသပ်မှုထဲရောက်နေတာလေ ...ငါအခု ငွေအတော်လိုနေတာ... ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ပါဘူးကွာ"
ပြောပြီးသည်နှင့် လင်းချီ စွပ်ပြုတ်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး နည်းနည်းလောက် စုပ်သောက်လိုက်သည်။
"ဟမ်...!"
စွပ်ပြုတ်မှာ အမှန်ပင် အရသာရှိသည်။ နာမည်အတိုင်း မြည်းကြည့်လိုက်သောအခါ ငါးအရသာကို ခံစားမိပြီး မျိုချလိုက်သောအခါ ပင်လယ်၏ ချိုမြမှုနှင့် လတ်ဆတ်မှုကို ခံစားရစေသည်။ ပင်လယ်ထဲသို့ ရောက်ရှိနေသည့်အလား လန်းဆန်း၍ သက်တောင့်သက်သာ ရှိလှသည်။
"အရသာ ဘယ်လိုလဲ"
ကျင်းလင်လင်မှာ သူ၏ ဟင်းချက်လက်ရာတွင် အပြည့်အ၀ ယုံကြည်ပြီး လင်းချီ အားရပါးရ စားနေသောအခါ ပြုံးမိသည်။
"အင်း....အရမ်းကောင်းတယ်..."
လင်းချီ စွပ်ပြုတ်စားပြီးနာက် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ သို့သော်လည်း သူ့စနစ်၏ အစားအသောက်များကို မှီရန်တော့ လိုအပ်နေဆဲပင်။
လင်းချီ၏ နောက်ဆုံးမှတ်ချက်မှာ ကျင်းလင်လင်ကို အံ့ဩသွားစေသည်။
"ဒါပဲလား?"
"ဟင်...ဘာဖြစ်လို့လဲ"
ကျင်းလင်လင် ကြောက်လန့်တကြား အနောက်သို့ အနည်းငယ် ဆုတ်မိလိုက်သည်။ ထို့နောက် "ကျွန်မစွပ်ပြုတ်ကို ပထမဆုံးအကြိမ် သောက်တဲ့သူတိုင်း အရမ်းကို စိတ်လှုပ်ရှားပြီး မဆုံးနိုင်အောင် ချီးမွမ်းကြတယ် ..ရှင်က ဘာလို့ ဒီလောက် တည်ငြိမ်နေတာလဲ "
လင်းချီ ခေါင်းကုတ်လိုက်သည်။ သူ ကောင်မလေးကို မလိမ်ချင်ပေ။ "အာ..တကယ်တော့ စားစားချင်းတုန်းက ငါးညှီနံ့ နည်းနည်းရတယ် ..ဒါကြောင့် လုံး၀ကြီး ပြီးပြည့်စုံတာတော့ မဟုတ်ဘူး"
အဓိက တည်းခိုဆောင်၏ စားဖိုမှူး တစ်ယောက်အနေနဲ့ ကျင်းလင်လင် သူမ၏ အချက်အပြုတ်စွမ်းရည်ကို လွန်စွာ ယုံကြည်မှုရှိသည်။ များစွာသော မှော်ဆရာများ နှင့် ဓားသမားများမှာ သူမ၏ ဟင်းပွဲကို စားသောက်ပြီးတိုင်း အထင်ကြီးသွားကြစမြဲပင်။
သို့သော်လည်း သူမရှေ့ရှိ လူထံတွင်တော့ သူမ၏ အကောင်းဆုံး ဟင်းပွဲမှာ မျှော်မှန်းထားသော ရလဒ် မရသောကြောင့် အနည်းငယ် ဒေါသထွက်နေသည်။
"မဖြစ်နိုင်တာ...."
ကျင်းလင်လင်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်။ထို့ပြင် သူမ၏ မျက်လုံးလေးများမှာလည်း လင်းချီကို သူမ သဘောမကျကြောင်းဖော်ပြနေသည်။
လင်းချီ ကူကယ်ရာမဲ့စွာနှင့် "အထင်မလွဲပါနဲ့....ငါလည်း ချက်ပြုတ် တတ်......."
အမှန်တော့ လင်းချီမှာ အရသာရှိသော အစားသောက်များကို ထောက်ပံ့သူသာ။ သို့သော်လည်း သူ၏ စနစ်မှာ ကိုယ်တိုင်ချက်ပြုတ်နိုင်သည်ဖြစ်ရာ သူ့တွင် ရွေးချယ်စရာမရှိ။ သဘာ၀အတိုင်း စားဖိုမှူး ဖြစ်လာပေသည်။
"ရှင်...ရှင်ကလည်း စားဖိုမှူးပေါ့...."
ကျင်းလင်လင် လွန်စွာ စိတ်ရှုပ်သွားသည်။ သူမ ခါးထောက်လိုက်ပြီး "ရှင်က လင်းမိသားစုရဲ့ သခင်လေး မဟုတ်ဘူးလား...."