← Chapters

အချက်အပြုတ် ပြိုင်ပွဲ

Vol. 3 Ch. 27

အချက်အပြုတ် ပြိုင်ပွဲ

Vol. 3 Ch. 27

"လင်းမိသားစုရဲ့ သခင်လေးဆိုတာတော့ မှန်ပါတယ်....ဒါပေမဲ့ သခင်လေးဖြစ်တာနဲ့ပဲ မချက်ပြုတ်တတ်ဘူးလို့တော့ ပြောလို့မရဘူးလေ"

လင်းချီ စကားဆုံးတော့ ကျင်းလင်လင် သူ့ကိုရှုပ်ထွေးစွာ ကြည့်လိုက်ပြီး "ဂုဏ်သရေကြီးမားတဲ့ လင်းမိသားစုရဲ့ သခင်လေးက ဘယ်လိုလုပ် ချက်ပြုတ်တတ်မှာလဲ"

"ငါ့ကို မယုံဘူးပေါ့?"

လင်းချီ ပြောရင်း သက်သေပြရန် ကြိုးစားလိုက်သည်။

"မင်းလုပ်ထားတဲ့ ပင်လယ်အရသာ ဟင်းပွဲက တန်ဖိုးကြီးနေတာ...ဘာကြောင့်လဲဆိုတော့ ရှားပါးတဲ့ အမယ်တွေကြောင့်ပဲ....တကယ်လို့ အဲ့ဒီအမယ်သာ မပါ၀င်ဘူးဆိုရင် ဒီစွပ်ပြုတ်ရဲ့ တန်ဖိုးက တော်တော်လေး နိမ့်ကျသွားလိမ့်မယ်...စားဖိုမှူးကောင်း တစ်ယောက်က ရိုးရှင်းတဲ့ အမယ်တွေနဲ့ အရသာရှိအောင် ချက်တတ်ရတယ်"

အမှန်တော့ ထိုစကားလုံးများမှာ လင်းမိသားစု၏ စားဖိုမှူးခေါင်းဆောင် သူ့ကို ပြောခဲ့ဖူးသော စကားများဖြစ်သည်။ ယခုတော့ သူလည်း ပြောဖို့ အခွင့်ရေး ရသွားပြီ ဖြစ်သည်။

ထို့နောက် လင်းချီ စနစ်ထဲမှ ကန်စွန်းဥတစ်လုံး ထုတ်လိုက်ပြီး ကျင်းလင်လင်ကို ကမ်းပေးလိုက်သည်။

"ဒါကို မြည်းကြည့်လိုက်..."

ကန်စွန်းဥကို မြင်တော့ ကျင်းလင်လင် ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားသည်။ကန်စွန်းဥများမှာ အဆင့်အနိမ့်ဆုံး ဟင်းအမယ်များဖြစ်ပြီး စားဖိုမှူးများ မသုံးချင်ကြပေ။ ထို့ကြောင့် သူမလည်း ထိုကန်စွန်းဥအပေါ် အထင်အမြင်သေးပေသည်။

"ကန်စွန်းဥဖုတ်တွေလား.....ဒါက လမ်းဘေးအစားအစာတွေလေ ....ဟင်းကောင်းတစ်ခွက် လုံးဝမဖြစ်နိုင်ဘူး..."

"အရင်ဆုံး မြည်းကြည့်ပါအုံး..."

လင်းချီ၏ သေချာနေသည့် အမူအရာကိုတွေ့သောအခါ သူမ ခပ်သေး‌သေးလေး တစ်ကိုက် ကိုက်လိုက်သည်။ အစက‌တော့ ဒီလိုလမ်းဘေးအစားအစာတွေက အရသာမရှိဘူးလို့ ထင်ထားတာဖြစ်သည်။

သို့သော်လည်း သူမ မြိုချလိုက်သောအခါ အရသာမှာ ရိုးရှင်းစွာနှင့် လွန်စွာ ကောင်းမွန်လှသည်။ ထိုကဲ့သို့ဆိုလျှင်တောင် သူမယခင်က ဤကန်စွန်းဥထက်အရသာရှိသော ဟင်းပွဲများစွာကို မြည်းစမ်းကြည့်ဖူးသည်။ ထို့ကြောင့် ကန်စွန်းဥအပေါ်သူမ၏ အကဲဖြတ်မှုမှာလည်း သိပ်အထင်မကြီး။ သို့သော် လင်းချီ ချက်ပြုတ်တတ်ကြောင်းတော့ သူမယာယီ လက်ခံနိုင်သွားသည်။

"ကောင်းပြီ...ကျွန်မ လုပ်ဖော်ကိုင်ဖက်တစ်‌ယောက်နဲ့ လာတွေ့မိမယ်လို့ မမျှော်လင့်ထားဘူး ...အရင်နေ့တွေတုန်းက ကျွန်မတို့ တည်းခိုဆောင်မှာ ကန်စွန်းဥတွေရောင်းတာ ရှင်မလား..."

လင်းချီ ပြုံးလိုက်သည်။

"အိုး...ဒါနဲ့ ရှင်တို့ ယှဉ်ပြိုင်သူတွေက ပြိုင်ပွဲအတွက် မြို့သခင်ကို စောင့်ရ‌အုံးမှာ...ဒီတော့..အဲ့ဒီ အခွင့်အရေးကို အသုံးချပြီး ကျွန်မနဲ့ အချက်အပြုတ် ပြိုင်မလား"

လင်းချီ မှာ ကျင်းလင်လင်နှင့် အချက်အပြုတ်ပြိုင်ချင်‌သော စိတ်အ‌ခြေအနေတွင် ရှိမနေချေ။ သူယခု ယွီမုန့်ထံမှ သိုလှောင်အိတ်ကို လိုချင်နေသည်။

"နေဦး"

လင်းချီ ရုတ်တရက် အကြံရလာပြီး ကျင်းလင်လင်ကို မေးလိုက်သည်။ "တကယ်လို့ ငါမင်းနဲ့ပြိုင်မယ်ဆို ဒီက လူတွေ အကုန် သိမှာလား"

"ဒါပေါ့ ငါတို့ လူမြင်ကွင်းမှာဘဲ ပြိုင်မှာလေ"

လင်းချီ တွင် အကြံတစ်ခုရှိနေတာကြောင့် ချက်ချင်းပင် ပြုံးမိသွားသည်။

"အဲ့လိုဆို ကောင်းတယ် ....စိန်ခေါ်တာကို လက်ခံတယ်"

မကြာမီ နေရာတစ်ခုလုံး သတင်းပျံ့နှံ့သွားသည်။ ထိုအချိန်တွင် တည်းခိုဆောင်မှ ဧည့်သည်အားလုံးမှာ ယှဥ်ပြိုင်သူများဖြစ်ကြသည်။ သူတို့တွင် နောက် လေးငါးရက်အထိ လုပ်စရာ ဘာမျှ မရှိပေ။ အချိန်တွေကို ဘယ်လိုဖြတ်သန်းရမလဲလို့ကြံနေတုန်း ဤကဲ့သို့ ပွဲတစ်ခုကို ကြုံကြိုက်ရမည်ဟု မမျှော်လင့်ထားကြပေ။

လင်းချီအတွက်တော့ ထိုပြိုင်ပွဲကို အသုံးပြု၍ သူ၏ ဟင်းပွဲအသစ် 'ညလမင်း၏လှိုင်းတံပိုး'ကို လူတိုင်းသိအောင် ကြေညာချင်နေသည်။ အကယ်၍ ယွီမုန့် မကြိုက်ဘူးဆိုလျှင်တောင် တခြားသူများကို ဈေးအများကြီးနှင့် ရောင်းချနိုင်သည်။မည်သို့ပင်ဖြစ်စေကာမူ ထိုဟင်းပွဲမှာ လူတစ်ယောက်၏ မှော်စွမ်းအားကို အဆင့်တိုးမြင့်ပေးစေနိုင်သော ဟင်းပွဲဖြစ်သည်။အကယ်၍ ဤအကြောင်းသာ ပျံ့နှံ့သွားပါက ၀ယ်သူမရှိမှာ ပူစရာမလိုတော့ပေ။

သူတို့ အချက်ပြုတ်ပြိုင်ပွဲကို နောက်ဆုံး အချိန်ကပ်မှ ကျင်းပသော်လည်း လေနက်ရဲတိုက်‌ထဲရှိ တော်၀င်မိသားစု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထို့ပြင် ပြိုင်ပွဲ၌ စားဖိုမှူး ကျင်းလင်လင် ပါ၀င်ယှဉ်ပြိုင်မည်ဟု ကြားသောအခါ လူတိုင်းမှာ ထိုပွဲကို ပို၍ မျှော်လင့်နေကြတော့သည်။

အခြားအုပ်စုမှာမူ လင်းမိသားစု၏ သခင်လေး လင်းချီ အချက်အပြုတ်ပြိုင်ပွဲ ၀င်နေသည်ကို မျက်မြင်တွေ့လိုကြသည်။

"လင်းသခင်လေးကတော့ အချက်ပြုတ်ပြိုင်ပွဲတောင် ၀င်ပြိုင်လိုက်သေးတယ်...တကယ်လို့ သခင်ကြီး လင်းသာ သိသွားလို့ကတော့ သေချာပေါက် စိတ်ဆိုးတော့မှာဘဲ"

"အမှန်ဘဲ ..လင်းမိသားစုက မထင်ရှားတဲ့ စားဖိုမှူးလေးကို မွေးထုတ်ထားတယ်..ဒါ တကယ် ရယ်စရာကောင်းလိုက်တာ"

"စားဖိုမှူးဖြစ်ရတာလည်း မဆိုးပါဘူးဟ...ကြီးမြတ်တဲ့ မှော်ဆရာတွေတောင် ကျင်းလင်လင်လို ပါရမီရှင် စားဖိုမှူးကို လေးစားကြသေးတာပဲ"

"မင်းပြောတဲ့ ကျင်းလင်လင်က ပါရမီရှင်လေ...လင်းမိသားစုရဲ့ ဘာမှ အသုံးမကျတဲ့ သခင်လေးက အာလူးပဲ ဖုတ်တတ်ပြီးတော့ သူမကိုတောင် စိန်ခေါ်ချင်လိုက်သေးတယ်... သူ ရူးနေတာဖြစ်ရမယ်"

လူတွေ တဖြည်းဖြည်း များသထက် များလာပြီး တည်ခိုးဆောင်၏ ခန်းမထဲတွင် ဆူညံသံများ ပြည့်နှက်နေသည်။

"သခင်လေး...ဒီလိုလုပ်နေတာ အကြံကောင်းတော့ မဟုတ်ဘူး ထင်တယ်နော်.." လူသာ ‌ဖျောင်းဖျရန် ကြိုးစားနေသည်။

"သခင်လေးက လင်းမိသားစုရဲ့ ဆက်ခံသူလေ ..ဘယ်လိုလုပ် စားဖိုမှူးတစ်ယောက်နဲ့ တန်ဖိုးခြင်း ယှဉ်နိုင်မှာလဲ ...သခင်လေးက ပိုကြီးမြတ်တာပေါ့"

လင်းချီ နိုင်ခြင်း ရှုံးခြင်း ကို စိတ်မ‌၀င်စားပေ။ လင်းချီ လိုချင်သည်မှာ 'ညလမင်း၏လှိုင်းတံပိုး' ကို ကြေညာချင်ပြီး လူတစ်ယောက်၏ မှော်အဆင့်ကို တိုးပွားစေသော ဟင်းတစ်ခွက်ရှိကြောင်း လူများအား သိ‌စေလို၍ဖြစ်သည်။ သတင်းပျံ့သွားသည်နှင့် တစ်ပြိုင်နက် စမ်းချောင်းမှရေများ တသွင်သွင်စီးသကဲ့သို့ သူ့ဆီတွင် လူများ လာရောက်၀ယ်ယူပေတော့မည်။

သူ၏ တွက်ချက်မှုများအရ တစ်ပွဲကို ရွှေပြား၂၀ဆိုလျှင်ပင် စနစ်ကို အဆင့်မြင့်တင်ရန် လုံလောက်ပြီဖြစ်သည်။

"စိတ်ပူစရာမလိုပါဘူး....ငါကသူ့ကို နှောက်ယှက်နေတာမှ မဟုတ်တာ"

မကြာမီ ပြိုင်ပွဲ စတင်ခဲ့သည်။ စမ်းသပ်မှုတွင် ပါ၀င်ယှဉ်ပြိုင်သူများစွာသည် လင်းသခင်လေး မည်သို့ မည်ပုံ အရူးလုပ်မလဲ မြင်ချင်နေကြသည်။

ထိုအထဲတွင် ဆန်းသစ်လမြို့တော်မှ ယှဉ်ပြိုင်သူများလည်း ပါ၀င်ပြီး သူတို့မြို့ကို ညှိုးနွမ်းစေသည်ဟုဆိုကာ ဆဲဆိုချင်နေကြသည်။

လူး၀စ်ပင် သူ့ကို လူ့ဂွစာဟု ခေါ်လိုက်သေးသည်။ ယွီမုန့်ကတော့ လင်းချီ၏ အပြုအမူများကို တစ်ဖန် မေးခွန်းထုတ်မိသည်။ သေချာသည်မှာတော့ လင်းချီ၏ ပြိုင်ဘက်တစ်ယောက်အနေနှင့် ချက်ပြုတ်ပြိုင်ပွဲလောက်ကိုတော့ ခေါင်းထဲ ထည့်စဉ်းစားမည်မဟုတ်ပေ။

ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် တည်းခိုဆောင် ကြီးကြပ်သူ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ လူတိုင်း အံ့အားသင့်သွားသည်။ အထူးသဖြင့် အမျိုးသားများပင်။ မည်သူမျှ ပင်မတည်းခိုဆောင်၏ ကြီးကြပ်သူကို ဤမျှလှပသော အမျိုးသမီးဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူမက လှရုံသာမက ကိုယ်လုံးကိုယ်ပေါက်နှင့် စိတ်နေသဘောထားမှာလည်း စွဲမက်ဖွယ် ကောင်းလှပေသည်။

"ဝိုး...အလှလေးပါလား.."လင်းချီလည်း သူမ၏ အလှတရားကြောင့် ဆွံ့အသွားခဲ့သည်။

သူထင်ထားခဲ့သည်မှာ မြို့ထဲရှိ အဆင့်အတန်းမြင့် ဗဟိုတည်းခိုဆောင်၏ ‌ကြီးကြပ်‌ရေးမှူးကို အဖိုးကြီး ဖြစ်မည်ဟုပင်။ သို့သော်လည်း သူ့အထင်နှင့် ဆန်ကျင်စွာ ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု ‌မျှော်လင့်မထားခဲ့ပေ။

ကျင်းလင်လင်က ပြိုင်ဘက်လင်းချီ အပေါ် အထင်သေးစွာ ပြုမူခဲ့သည်။

"ကောင်းပြီ...ရှင်တို့နှစ်ယောက် ယှဉ်ပြိုင်ဖို့အတွက် ဒီစင်မြင့်ကို ပေးသုံးမယ် ..အလွန်အကျွံ မလုပ်ဖို့ သတိရပါ..မဟုတ်ရင်တော့ ပြန်ပေးဆပ်မှုကြီးလိမ့်မယ်"

၎င်းကိုကြားပြီးနောက်တစ်စုံတစ်ယောက်မှ သူ့ကို အမှောင်ထုထဲမှ ကြည့်နေသလိုမျိုး  လင်းချီ ကျောရိုးတစ်လျှောက် ကြက်သီးထသွားသည်။

ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ အရှိန်အဝါလဲ။

စင်အောက်ရှိ ပရိတ်သတ်များမှာတော့ အမျိုးသမီး၏ ညို့ယူ ဖမ်းစားခြင်းကို ခံထားရသည်။ ထိုအချိန်တွင် မည်သူမျှ ပြိုင်ပွဲကို အာရုံမရှိတော့။

အခြားတစ်ဖက်တွင်တော့ ကျင်းလင်လင် ဆုံးဖြတ်ချက် ချပြီးသော အမူအရာနှင့် လင်းချီကို ပြောလိုက်သည်။ "သခင်လေးလင်း..ကျွန်မ ငယ်ငယ်ကတည်းက အချက်အပြုတ်ပြိုင်ပွဲဆို မရှုံးဖူးဘူးနော်...တကယ်လို့ ဒီပြိုင်ပွဲမှာသာ ကျွန်မရှုံးရင် ရှင့်ကို ဆရာခေါ်မယ်"

"အိုး..မင်းက ငယ်ငယ်ကတည်းက ဒီလိုမျိုးပြိုင်ပွဲတွေကို ယှဉ်ပြိုင်လာတာပေါ့.."

၎င်းကိုကြားပြီးနောက် လင်းချီ ကောင်မလေးကို အနည်းငယ် လေးစားသွားသည်။ သို့သော်လည်း ထိုမျှပင်။ သူ၏ ရည်မှန်းချက်မှာ အနိုင်အရှုံး က ပဓာနမဟုတ်။ ပြိုင်ပွဲမှ သူ့အတွက် အကျိုးအမြတ် မည်မျှယူလာမည်ကိုသာ စိတ်၀င်စားသည်။

လင်းချီ က သူ၏ စနစ်မှာ အဆင့်(၂)မျှသာ ရှိသေးကြောင်း သတိရလိုက်သည်။ သူပြုလုပ်သော ဟင်းပွဲများမှာ သူမချက်သော ဟင်းများလောက် အရသာရှိချင်မှ ရှိပေလိမ့်မည်။ သို့သော်လည်း အကျိုးသက်ရောက်မှုချင်း ယှဉ်ပါက သူ၏ ဟင်းပွဲကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ရှုံးရှုံး နိုင်နိုင် သူ၏ အစီအစဉ်များမှာ အောင်မြင်ပြီးဖြစ်သည်။

"ကောင်းပြီ...ခုစလိုက်ကြရအောင်"

မန်နေဂျာ၏ စကားဆုံးသောအခါ အားလုံးမှာ လက်ခုပ်ဩဘာများ ပေးလိုက်‌သောကြောင့် တည်းခိုဆောင်ကြီး တစ်ခုလုံး တုန်ဟီးသွားသည်။

လင်းချီလည်း အသက်ပြင်းပြင်းရှူလိုက်ပြီး အရသာရှိသော ဟင်းပွဲများကို စတင်ချက်ပြုတ်တော့သည်။ သို့သော်လည်း အဲ့ဒီနောက်မှာ သူတစ်ချက်ကို သတိပြုမိသွားသည်။

"ဟိုက်...သွားပြီဟ"

All Chapters