← Chapters

ကြည်လင်သော စွပ်ပြုတ်အချင်းချင်း နှိုင်းယှဉ်သော်

Vol. 3 Ch. 28

ကြည်လင်သော စွပ်ပြုတ်အချင်းချင်း နှိုင်းယှဉ်သော်

Vol. 3 Ch. 28

လင်းချီ တခဏမျှ ကြက်သေသေသွားသည်။ လူအုပ်၏ အကြည့်နှင့်ဆုံသောအခါ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး စားပွဲပေါ်ရှိ မီးဖိုချောင်သုံးပစ္စည်းများကို ကြည့်လိုက်သည်။

'မဖြစ်သေးဘူး'

သူချက်ပြုတ်ရန်အတွက် စနစ်ကို အသုံးပြုရသည်။ ထို့ကြောင့် လူတိုင်း၏ ရှေ့တွင် သူ၏သရုပ်မှန်ကို ဖုံးကွယ်ပြီး စနစ်ကိုသုံး၍ ချက်ပြုတ်နိုင်မည်မဟုတ်ပေ။

သူ ဘာလုပ်ရမှန်းမသိခင် စင်အောက်ရှိ ပရိတ်သတ်များက အားတက်သရော လက်ခုပ်တီးနေကြပြီဖြစ်သည်။ သူတို့ ငေးနေရာသို့ လိုက်ကြည့်မိသောအခါ သူ၏ ပြိုင်ဘက် ကျင်းလင်လင်မှာ စတင်ချက်ပြုတ်နေပြီဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် လင်းချီမှာ နေရာမှပင် မရွှေ့ရသေးပေ။ ပြိုင်ပွဲတွင် အချိန်သတ်မှတ်ချက်ရှိသည်။ အကယ်၍ သူ့အနေဖြင့် သတ်မှတ်အချိန်အတွင်း ဟင်းပွဲကို ပြီးအောင် မချက်ပြုတ်နိုင်ပါက ရှုံးနိမ့်သည်ဟု သတ်မှတ်ခံရပေလိမ့်မည်။

ပြိုင်ပွဲ၏ရလဒ်ကို စိတ်မ၀င်စားသော်လည်း လူအုပ်ကိုတော့ သူ လှည့်စားရပေမည်။

လင်းချီ အသက်ပြင်းပြင်းရှူလိုက်ပြီး ဖိအားမများစေရန် ပြုလုပ်လိုက်သည်။ ထို့နောက် တွေ့ကရာ ဟင်းအမယ်ကို ကောက်ယူလိုက်ပြီး သူ၏ ဗရုတ်ကျလှသော ဓားစွမ်းရည်ဖြင့် ပုံဆိုးပန်းဆိုးများ စတင်လှီးဖြတ်ရာ မြင်ရုံနှင့်ပင် စားချင်စိတ် ပျောက်ဆုံးသွားနိုင်သည်။

တစ်ဖက်က ကျင်းလင်လင်မှာတော့ အကုန်ချောမွေ့နေသည်။ ပိုပြီး အံ့ဩဖို့ကောင်းတာက ကျင်းလင်လင်မှာ အမှန်တကယ်ကို မှော်ဆရာတစ်ယောက်ပင်။ သို့သော်လည်း သူမ၏ မှော်အဆင့်မှာတော့ အနိမ့်ဆုံးသာဖြစ်သည်။

သူမက မီးဖိုပေါ်ရှိ မီးပြင်းအားကိုတိုး၍ ဟင်းအမယ်များ ချက်ပြုတ်သည့် အရှိန်မြင့်တင်ရန် မှော်ပညာကို အသုံးပြုလိုက်ခြင်းကြောင့် လူအများ အံ့အားသင့်သွားသည်။

"သူမ...သူမက တကယ့်ကို မီးမှော်ဆရာလား..."

"သူမ မီးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး ...မှော်ပညာကို သုံးနေတာကိုး.."

"ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ... မီးမှော်ဆရာက စားဖိုမှူးတစ်ယောက်လုပ်နေတာ"

စင်အောက်ရှိ ပရိတ်သတ်များမှာ တစ်ယောက်တစ်ပေါက် ပြောတော့သည်။ တစ်ဖက်ရှိ လင်းချီမှာတော့ ရှုပ်ပွနေပြီး တွေ့ကရာ အမယ်များကို တောက်တောက်စင်းထားသည်။ ချက်ပြုတ်နေတာနှင့်ပင် မတူပေ။ ရုတ်တရက် လင်းချီ ဟင်းပွဲမှာ ချက်ပြုတ်ပြီးသွားပြီး အရှေ့တွင် ခင်းကျင်းထားပြီးဖြစ်သွားသည်။

အမှန်တော့ လင်းချီ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းပင်။ ထိုသို့ ပရမ်းပတာပြုလုပ်ထားပြီး လူအုပ်ကို ရှုပ်ထွေးစေမှသာ စနစ်ထဲမှ ဟင်းပွဲကို ထုတ်ယူနိုင်ပေမည်။

ထိုကာလအတွင်း စနစ်က ပါဝင်ပစ္စည်းများကိုသုံး၍ ဟင်းတစ်ပွဲဖြစ်အောင် ချက်ပြုတ်လိုက်ခြင်းဖြစ်သည်။

[ဟင်းပွဲ အမည် : ညလမင်း၏ လှိုင်းတံပိုး ၊ အဆင့်(၂)ဟင်းပွဲ ၊ ရှားပါးအဆင့် ၊ မှော်အကျိုးသက်ရောက်မှု - စားသုံးသူ၏ မှော်စွမ်းအားကို တစ်ဆင့် တိုးမြင့်စေသည် (ထပ်ခါတလဲလဲ စားသုံးခြင်းအတွက် အသုံးမ၀င်)]

[ပါ၀င်သော အမယ်များ: ညရောင်မြက် × ၅ ၊ ငါး ×၂ ၊ မှို × ၂ ၊ သန့်ရှင်းသော စမ်းရေ × ၁ ၊ မြက်ချို × ၂]

[ချက်ပြုတ်နေသည်....ချက်ပြုတ်ခြင်း ပြီးစီးပါပြီ]

[ဒင်!...သင်သည် ညလမင်း၏ လှိုင်းတံပိုး ဟင်းပွဲကို ရရှိခဲ့ပါသည်]

ပေါက်တတ်ကရပြုမူနေသော သူ၏အပြုအမူကြောင့် လူတိုင်း စိတ်ရှုပ်နေစဉ် အခွင့်ကောင်းယူကာ လင်းချီ စနစ်မှ မှော်စွပ်ပြုတ်ကို ထုတ်လိုက်သည်။

အခြားတစ်ဖက်တွင် ကျင်းလင်လင်က မီးကို အရှိန်လျှော့လိုက်ပြီး ကျွမ်းကျင်စွာဖြင့် ကြည်လင်နေသော ဂေါ်ဖီစွပ်ပြုတ်ကို ကြွေပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် ဇကာဖြင့် မလိုချင်သော အမယ်များကို ဖယ်ရှားပြီး စွပ်ပြုတ်ကို ကြွေပန်းကန်ထဲသို့ တစ်ဖန်ပြန်ထည့်လိုက်သည်။

"အောင်မြင်ပြီ..."

ကျင်းလင်လင် ယုံကြည်မှုရှိစွာ ပြုံးလိုက်ရာ လူတိုင်းက သူမ၏ မှော်ပညာနှင့် အချက်ပြုတ်စွမ်းရည်ကို အထင်ကြီးသွားကြပြီး အားတက်သရော လက်ခုပ်ဩဘာများပေးကြလေသည်။ အကြောင်းမှာ ကျင်းလင်လင်က နဂိုကတည်းက သူမ၏ ဟင်းချက်လက်ရာများကြောင့် ကျော်ကြားသောကြောင့်ပင်။

လင်းချီဘက်မှာတော့ ညလမင်း၏ လှိုင်းတံပိုး စွပ်ပြုတ်က အသင့်ဖြစ်နေသော်လည်း ပရိတ်သတ်များအတွက်တော့ သာမန်စွပ်ပြုတ်သာ။

"အိုကေ..အချိန်စေ့ပြီ"

ကြီးကြပ်သူ၏ စကားအဆုံးမှာ ပြိုင်ပွဲမှာလည်း ပြီးဆုံးသွားသည်။ ကျင်းလင်လင်က သူမ၏ ဂေါ်ဖီစွပ်ပြုတ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး လင်းချီလည်း သူ၏ ညလမင်း၏လှိုင်းတံပိုး စွပ်ပြုတ်ကို ဘေးချင်းကပ် တင်ထားလိုက်သည်။

အမြင်အရ ကြည့်မယ်ဆိုရင် စွပ်ပြုတ်နှစ်ခွက်စလုံးမှာ အတူတူပင်။ တစ်ခွက်က ကြည်လင်နေသော ဂေါ်ဖီ စွပ်ပြုတ်ဖြစ်ပြီး တစ်ခွက်က ဘာမျှမပါသော ကြည်‌လင်နေသော စွပ်ပြုတ်ဖြစ်သည်။

ရိုးရှင်းသော ဟင်းတစ်ပွဲဖြစ်သော်လည်း ဆွဲဆောင်မှုရှိသော ရနံ့များ ပေးစွမ်းနေသည် ။

ဒိုင်ကတော့ တည်းခိုခန်း ကြီးကြပ်သူပင်။ အဘယ်ကြောင့်ဆိုသော် သူမ၏ စေ့စပ်တိကျသော လျှာစွမ်းကြောင့်ဖြစ်သည်။ သူမ၏ အသိမှတ်ပြုခြင်းမခံရပါက စားဖွယ်ကောင်းတစ်ခွက် ဖြစ်လာမည်မဟုတ်ပေ။

ကျင်းလင်လင်ကို အားပေးသူများစွာ ရှိနေသော်လည်း လင်းချီတွင်တော့ အားပေးသူ တစ်ယောက်မျှ ရှိမနေချေ။ ကြည့်ရတာ တစ်ယောက်မျှ သူ့ကို မျှော်လင့်မထားကြပုံပင်။

ဆန်းသစ်လမြို့တော်မှ ယှဉ်ပြိုင်သူများမှာ ကြက်သေသေသွားကြသည်။ သူတို့ လင်းချီကို ကြည့်ရင်း ဘာဆက်ဖြစ်မလဲ သိချင်နေကြသည်။

"ယွီမုန့်...လင်းချီက စားဖိုမှူး ဖြစ်ချင်တာလား" လူး၀စ်က ရုတ်တရက် မေးလိုက်သည်။

သို့သော်လည်း ယွီမုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ငါဘယ်လိုလုပ် သိမှာလဲ"

အမှန်ပင် ယွီမုန့်လည်း လင်းချီကို နားမလည်နိုင်တော့ပေ။ သူ၏ ယခု လုပ်ဆောင်ချက်များမှာ ရယ်စရာ ဖြစ်နေသော်လည်း သူ့တွင် အလားအလာရှိကြောင်း သူမ သတိထားမိသည်။

"လင်းချီ ရဲ့ လုပ်ရပ်တွေက ဆန်းသစ်လမြို့တော်ကို ဂုဏ်ညိုးနွမ်းစေတယ်"

"ဟုတ်တယ်မလား...ငါတော့ သူပြဿနာ မရှာသ‌ရွေ့ စမ်းသပ်ပွဲပြီးရင် ခွင့်လွှတ်ပေးလိုက်လို့ရတယ်လို့ တွေးနေတာ ဒါပေမယ့် သူက သူကိုယ်တိုင် အရှက်ရစေရုံတင်မကဘူး ငါတို့မြို့ကလူတွေကိုတောင် ဆွဲထည့်လိုက်သေးတယ် "

"အမှန်ပဲ ...ပြီးတော့ စားဖိုမှူးတစ်ယောက်ဖြစ်ရတာ အရမ်းရှက်စရာကောင်းတယ်..ဒါ မျိုးရိုးမြင့်မိသားစုတွေကို စော်ကားလိုက်တာပဲ"

ဆန်းသစ်လမြို့တော်၏ ယှဉ်ပြိုင်သူများပင် လင်းချီကို လှောင်ပြောင်နေကြသည်။ တစ်စုံတစ်ယောက်မျှ သူ့ဘက်တွင် ရှိမနေချေ။

သို့သော်လည်း လင်းချီ ထိုအရာများကို မလိုအပ်ပေ။  သူယခု လိုအပ်သည်မှာ မန်နေဂျာက သူ့ဟင်းပွဲ၏ အာနိသင်ကို အတည်ပြုပေးရန်သာဖြစ်သည်။

"ဟင်..."

မန်နေဂျာက ကျင်းလင်လင်ကို ကြည့်ပြီး မေးလိုက်သည်။

"လင်လင် ဟင်းပွဲက ဘာလို့ အရမ်းပေါ့နေတာလဲ။ နင်ဒီနေ့ ဂေါ်ဖီစွပ်ပြုတ် လုပ်တော့မယ်ပေါ့"

ကျင်းလင်လင် ပြုံးပြီး လင်းချီကို တည့်တည့်ကြည့်လိုက်ကာ "တစ်ချို့က ပြောကြတယ်..စားဖိုမှူးကောင်းတစ်ယောက်ဆိုတာ ရိုးရှင်းတဲ့ အမယ်တွေနဲ့ အရသာရှိအောင် ချက်တတ်ရတယ်တဲ့..."

လင်းချီ သူ့စကားနှင့်သူ အနှပ်ခံလိုက်ရသည်။ သို့သော်လည်း သူမက သူ၏စကားကို အတည်ယူ၍ ဂေါ်ဖီထုပ်ကိုသာ သုံးပြီး ယှဉ်ပြိုင်လိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။

မန်နေဂျာလည်း ကြည်လင်နေသော ဂေါ်ဖီစွပ်ပြုတ်ကို ကြည့်လိုက်ပြီး လင်းကျင်ကျင်၏ နည်းလမ်းကို သတိထားမိပုံပင်။ ထို့နောက် သူမက ဝါးတူဖြင့် စွပ်ပြုတ်အလယ်တွင်ရှိနေသော ဂေါ်ဖီထုပ် အပိုင်းအစတစ်ခုကို ထောက်လိုက်သည်။ ထို့နောက် ထိုအပိုင်းအစလေးကို အလယ်မှ ဆွဲထုတ်လိုက်ရာ ဂေါ်ဖီထုပ်မှာ စွပ်ပြုတ်ပန်းကန်ထဲတွင် ကြာပွင့်သဏ္ဌာန် တည်ရှိနေသည်။

"ဝိုး...ကောင်းလိုက်တဲ့ ဓားကိုင်စွမ်းရည်"

လူတိုင်း သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။  ဂေါ်ဖီအပိုင်းအစလေး တစ်ခုက ကျင်းလင်လင်၏ လက်ရာကြောင့် ကြာပွင့်ကဲ့သို့ ပွင့်လန်းလာမည်ဟု သူတို့ မျှော်လင့်မထားပေ။ တကယ့်ကို အံ့ဖွယ် ကောင်းလှသည်။

ဖြောင်း... ဖြောင်း..... ဖြောင်း......

လက်ခုပ်သံများ တစ်ဖန် မြည်ဟီးသွားသည်။ ကျင်းလင်လင် ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်သည်။ ထိုအချိန်တွင် မန်နေဂျာမှာ ဟင်းပွဲကို စတင်မြည်းကြည့်တော့သည်။

သူမ‌တွင် အသီးအရွက်နှင့် ပတ်သက်၍ မြင့်မားသော အရသာခံနိုင်စွမ်းရှိသည်။ သူမက ဇွန်းကို ညင်သာစွာဖြင့် နီဆွေးသော နှုတ်ခမ်းဆီသို့ ဦးတည်လိုက်ပြီး နည်းနည်းလောက် စုပ်သောက်လိုက်သည်။

"ဟင်..."

ချက်ချင်းပင် ချိုမြသော အရသာကို သူမ ခံစားမိလိုက်သည်။ ဂေါ်ဖီထုပ်များမှာ များသောအားဖြင့် ပေါ့သော အရသာရှိသည်။ သို့သော်လည်း နုပ်နုပ်စင်းထားသော ကြက်သားအနှစ်နှင့် ပေါင်းစပ်လိုက်သောအခါ စွပ်ပြုတ်ကို ပို၍ ချိုမြစေသည်။

"အင်း...အံ့ဩစရာပဲ။ လင်လင်က ဒီလို ‌ရိုးရှင်းတဲ့ စွပ်ပြုတ်ကိုတောင် ဒီလောက်အဆင့်မှီအောင် ချက်ပြုတ်‌နိုင်တယ်ဆိုတော့ ကျွန်မတို့ တည်းခိုဆောင်ရဲ့ ပင်တိုင်စားဖိုမှူး ပီသပါပေတယ်"

မန်နေဂျာ၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် ကျင်းလင်လင်က လင်းချီကို ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။

လင်းချီ ဂရုမစိုက်သော်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းလိုက်သည်။ "ဒီကလေးမကတော့ တော်တော် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တာပဲ"

All Chapters