မှော်အစည်းအရုံး
Vol. 4 Ch. 31
ယွီမုန့်နှင့် လူး၀စ် ထွက်ခွာသွားသည်ကို မြင်တော့ လင်းချီလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ သူပခုံးတွန့်လိုက်ကာ "ငါဒီလိုကြီး အထင်လွဲသွားမယ်လို့ မမျှော်လင့်ထားဘူး"
သို့သော်လည်း ဘာမှမတတ်နိုင်ဘဲ အိပ်ယာ၀င်တော့မည့် အချိန်တွင် တံခါးခေါက်သံ နောက်တစ်ခုကို ကြားလိုက်ရသည်။
"ဘယ်သူလဲ..."
လင်းချီ စိတ်မရှည်စွာ တံခါးဖွင့်လိုက်သည်။ သူစိတ်မကျေနပ်သမျှကို ပုံချတော့မည့်အချိန်တွင် တံခါးခေါက်သူမှာ ယွီမုန့်ဖြစ်ကြောင်းတွေ့သွားသည်။ သူမ၏ ပုံစံမှာ အနည်းငယ် ဂနာမငြိမ် ဖြစ်နေပုံပင်။
"အဲ့ဒါက..."
ယွီမုန့် သူတစ်ပါးကို အကူအညီတောင်းသည်က ရှားပါးလှသည်။ ထို့ကြောင့် သူမ စကားပြောသောအခါ အနည်းငယ် ကိုးရို့ကားယားနိုင်နေသည်။
"ဘာဖြစ်လို့လဲ"လင်းချီ စိတ်မလှုပ်ရှားပေ။ ယွီမုန့် ထိုကဲ့သို့ ဖြစ်နေပုံမှာ သူ၏ နှုတ်ခမ်းထောင့်များကို တွန့်ကွေးသွားစေသည်။
"ညလမင်းရဲ့လှိုင်းတံပိုးက တကယ်ပဲ အကျိုးသက်ရောက်မှုရှိတယ်လား...အဲ့တာက ငါ့မှော်ပညာအဆင့်ကို နောက်တစ်ဆင့် တိုးစေမှာလား....."
၎င်းကိုကြားပြီးနောက် လင်းချီ သူမ၏ လာရင်းကို နားလည်သွားသည်။ သူပြုံးလိုက်ပြီး
"ဒါပေါ့..ဘာလို့လဲ..မင်းလည်း လိုချင်လို့လား"
ယွီမုန့် ဘာမျှမပြောဘဲ မျက်နှာ နီရဲနေသည်။သူမပြောရန် ရှက်နေသည်။ သို့သော်လည်း သူမ၏ မှော်အဆင့်ကို အမှန်ပင် တိုးမြင့်ချင်နေသည်။
အကြောင်းမှာ သူမအချိန်အကြာကြီး လေ့ကျင့်ခဲ့သော်လည်း ဘာမျှ တိုးတက်မှု မရှိခဲ့ပေ။
ယွီမိသားစုရဲ့ နည်းပြကတော့ သူမ ပိတ်ဆို့မှုနှင့်ကြုံနေရသည်ဟုဆိုသည်။ သူမနောက်တစ်ဆင့် တက်ချင်ပါက မိမိ၏ နားလည်မှု စွမ်းရည်ကို အားကိုးရပေမည်။
သို့သော်လည်း တစ်နှစ်ကျော် လေ့ကျင့်ပြီးသည့်တိုင်အောင် အဆင့်က တက်မလာခဲ့သေးပေ။ ထို့ကြောင့် ယွီမုန့် အနည်းငယ် သောကရောက်နေသည်။
"ဒါကြောင့် နင့် ညလမင်းရဲ့လှိုင်းတံပိုး စွပ်ပြုတ်ကို ငါ....."
"ဒါပေါ့ ငါမင်းကို ချက်ပေးလို့ရတယ်...ဒါပေမဲ့ အလကား စားသောက်လို့မရဘူး ..ဒီတော့ မင်း တန်ရာတန်ကြေးတော့ ပေးရမယ်"
ယွီမုန့် မသိလိုက်ဘဲ ခြေနှစ်လှမ်းခန့် နောက်ဆုတ်မိသွားသည်။ သူမ၏ ဇင်ယော်မျက်ခုံးလေးများက တွန့်ကွေးသွားပြီး "နင်ဘာလိုချင်တာလဲ...ပိုက်ဆံ..ဒါမှမဟုတ်....."
"မဟုတ်ဘူး...မင်းအရင်က ငါ့ကို ပြတဲ့ သိုလှောင်အိတ်ကို လိုချင်တာ"
"ဒါက....."
ယွီမုန့် ပိုက်ဆံ အိတ်ထဲမှ ထုတ်လိုက်သည်။ သေးငယ်သော အိတ်လေးထဲတွင် အရာများစွာ ထည့်ထားနိုင်သည်။ ထို့ကြောင့်လည်း သိုလှောင်အိတ်ဟု ခေါ်ကြသည်။
"ဟုတ်တယ် ..အဲ့တာပဲ မင်းငါ့ကို ပေးလို့ရလား..."
ယွီမုန့် အနည်းငယ်တုန့်ဆိုင်းနေသည်။ သိုလှောင်အိတ်မှာ တန်ဖိုးကြီးလွန်းသောကြောင့်တော့ မဟုတ်ပေ။ သူမ၏ ကိုယ်ပိုင်ပစ္စည်းသဖွယ်ဖြစ်နေသောကြောင့် သူတစ်ပါးကို ပေးလိုက်ရန် အနည်းငယ် ဝေခွဲရခက်နေသည်။
သို့သော်လည်း သိုလှောင်အိတ်၏ အသုံး၀င်မှုမှာ ကန့်သတ်ချက်ရှိသည်။ ထို့ကြောင့် လင်းချီနှင့် လဲလှယ်ရန် မဖြစ်နိုင်စရာ မရှိပေ။
"နင် ... ဘာလို့ ငါ့ရဲ့သိုလှောင်အိတ်ကို လိုချင်တာလဲ "
ယွီမုန့်မေးလိုက်သည်။
လင်းချီ သိုလှောင်အိတ်ကို ရောင်းစားချင်သောကြောင့်ဟုတော့ ပြော၍မရပေ။ ထို့ကြောင့် လိမ်လိုက်ရသည်။ "တကယ်တော့ ငါ့မှာ သယ်စရာ ပစ္စည်းတွေက အရမ်းများတာ ..လွယ်အိတ်နဲ့ သယ်ရတာလည်း အရမ်းဒုက္ခရောက်တယ်..မင်းလည်း သိုလှောင်အိတ်ကို သိပ်ပြီး သုံးတာမှ မဟုတ်တာ ..ဘာလို့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် မပစ်မှာလဲ"
ယွီမုန့် အသက်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်သည်။
"ကောင်းပြီ..ရတယ်လေ"
လင်းချီ အောက်ထပ်ရှိ မီးဖိုချောင်ထဲသို့ သွားချင်ယောင်ဆောင်လိုက်ပြီး ဘယ်သူမှ မရှိချိန်တွင် စနစ်ထဲ၌ ညလမင်း၏ လှိုင်းတံပိုးကို ချက်ပြုတ်လိုက်သည်။
"ပြီးသွားပြီ"
ယွီမုန့် အံ့အားသင့်စွာဖြင့် "ပြီးသွားပြီပေါ့..."
"ဒါပေါ့..မြန်မြန် စားကြည့်လိုက်"
ယွီမုန့် ခုထက်ထိ မယုံနိုင်သေးပေ။ စွပ်ပြုတ်တစ်ခွက် က သူမ၏ မှော်အဆင့်ကို အမှန်ဘဲ တိုးမြင့်ပေးနိုင်ပါမည်လော။
သူမ တစ်နှစ်ကျော် လေ့ကျင့်ခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ချေ။ အကယ်၍ စွပ်ပြုတ် တစ်ခွက်တည်းနှင့် အဆင့်တက်သွားပါက တကယ့်ကို အံ့ဩဘနန်း ဖြစ်သွားလိမ့်မည်။
ညလမင်း၏လှိုင်းတံပိုးစွပ်ပြုတ် ရနံ့မှာ ပတ်၀န်းကျင်တစ်ခွင် ပျံ့နှံ့သွားပြီး သူမ စားသောက်ချင်စိတ်ကို မြင့်တက်လာစေသည်။ သူမ အနည်းငယ် စုပ်သောက်လိုက်ပြီး အေးမြသော စမ်းချောင်းထဲ ရောက်နေသလို ခံစားလိုက်ရသည်။ လုံး၀ လန်းဆန်း၍ ချိုမြသော အရသာပင်။
"အ..အရမ်း..အရသာရှိတာပဲ!"
ယွီမုန့်၏ ချီးမွမ်းသံကို ကြားတော့ လင်းချီ ပြုံးလိုက်ပြီး"ဘယ်လိုလဲ ..အရသာရှိတယ်မလား"
အရသာရှိရုံတင် မကပေ။ ထိုအချိန်တွင် သူမကိုယ်ထဲ၌ ပြေးလွှားနေသော မှော်လှိုင်းလုံးကြီးကို ခံစားလိုက်ရပြီး မှော်အဆင့် နောက်တစ်ဆင့်သို့ တက်ရောက်သွားသည်။
"အံ့ဩစရာဘဲ"
ယွီမုန့် သူမ၏ မှော်တုတ်တံနှင့် အလယ်အလတ်အဆင့် မှော်မန္တန်ကို ရွတ်ဆို လိုက်သည်။ သို့သော်လည်း အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ငါတကယ်ကြီး တစ်ဆင့်တက်သွားပြီ ဒီစွပ်ပြုတ်က အရမ်းမှော်ဆန်တာဘဲ ဒါဆို လူတိုင်းက စွပ်ပြုတ်တွေသောက်နေရင်း တစ်ဆင့်ပြီး တစ်ဆင့် တက်လို့ရနေပြီပေါ့"
"ဘယ်ရမှာ..လောကကြီးမှာ အဲ့လောက် မှော်ဆန်တဲ့ ဖြစ်ရပ် ဘယ်လိုလုပ်ရှိမှာလဲဟ"လင်းချီ ခေါင်းရမ်းလိုက်သည်။
"စွပ်ပြုတ်က တစ်ကြိမ်ဘဲ သုံးလို့ရတယ် အနာဂတ်မှာ မင်းထပ်သောက်မယ်ဆိုလည်း အသုံးမ၀င်တော့ဘူး ဒါကြောင့် မင်းနောက်တစ်ဆင့်ကို တက်ချင်တယ်ဆိုရင်တော့ မင်းပိုပြီး ကြိုးစားလေ့ကျင့်တာ ကောင်းလိမ့်မယ်"
ထိုအချိန်တွင် သူမ လင်းချီတွင် အဘယ်ကြောင့် ထူးဆန်းသော ပစ္စည်းများ ရှိနေလဲဆိုတာ သိချင်မိသွားသည်။
အလယ်အလတ် အဆင့်သို့တက်ရောက်ပြီးနောက် ယွီမုန့် အခန်းသို့ပြန်ပြီး မှော်မန္တန်များ လေ့ကျင့်ရန် မစောင့်နိုင်တော့ပေ။ ယခု သူမ အလယ်အလတ်အဆင့် မှော်ပညာများကို လေ့ကျင့်ရတော့မည်။ သူမ အနာဂတ်အတွက်လည်း ရည်မှန်းချက်ရှိလာသည်။
လင်းချီ သိုလှောင်အိတ်ကို လက်ခံရရှိသောအခါ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ဟင်းဟင်း ပိုက်ဆံကတော့ ရောက်နေပြီ"
နောက်တစ်နေ့ နံနက်တွင် လင်းချီ စောစောထပြီး မှော်အစည်းအရုံး၏ တည်နေရာကို မေးမြန်းလိုက်သည်။
လူသာကိုတော့ သူနှင့်အတူ မခေါ်သွားခဲ့ပေ။ လူသိနည်းလေ ပိုကောင်းလေ ဖြစ်သည်။
မကြာမီ လင်းချီ သေးငယ်သော အဆောက်အဦးတစ်ခုတွင် မှော်အသုံးအဆောင်နှင့် မှော်စာလိပ်များကိုလည်း ရောင်းချသော မှော်အစည်းအရုံးကို ရှာတွေ့သွားသည်။
သို့သော်လည်း ထိုပစ္စည်းများမှာ လုံး၀ ဈေးမပေါပေ။ ပြန်လည်ကောင်းမွန်ခြင်း ဆေးရည်ပင်လျင် ရွှေဆယ်ပြားပေးရသည်။ လင်းချီ၏ မှော်ကန်စွန်းဥထက် အဆတစ်ဒါဇင်မျှ ဈေးပိုကြီးနေသည်။
"ငါ-ိုး ဒါနေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာဟ"
သို့သော်လည်း လင်းချီ၏ ရေရွတ်သံကိုကြားသောအခါ သူ့ရှေ့မှ လူပိုကြီးက လင်းချီရှိရာသို့ လှည့်ကြည့်လာသည်။
"ဘာပြောလိုက်တယ်..နေ့ခင်းကြောင်တောင် ဓားပြတိုက်တာဟုတ်လား..ငါရောင်းတဲ့ဈေးက ဒီလောက် သင့်တင့်နေတာကို"
လင်းချီပြုံးလိုက်ပြီး "ဈေးသင့်တယ်...ဟုတ်လား... ဆန်းသစ်လမြို့တော်က မှော်ကုန်သည်ကြီးများအသင်းကို ငါမရောက်ဖူးဘူးလို့များ ထင်နေလား..ဒီလိုဆေးရည်တွေကို ဟိုမှာ ရွှေ ၃ပြားတည်းနဲ့ ရောင်းတာ ..မင်းတို့က သုံးဆကျော်လောက်တောင် ဈေးတင်ထားတာကို ဓားပြတိုက်နေတာ မဟုတ်တော့ ဘာလဲ...."
လူအိုကြီးက နှာခေါင်းရှုံ့လိုက်ပြီး ရင်ဘတ်ရှေ့ လက်ပိုက်လိုက်ကာ "ငါက ဒီလေနက်ခံတပ် တစ်ခုလုံးမှာ မှော်ဆေးရည်တွေ ရောင်းတဲ့တစ်ဦးတည်းသောသူဘဲ ဒီပစ္စည်းတွေရဲ့ ဈေး ဘယ်လောက်လဲဆိုတာ ငါ့စိတ်တိုင်းကျ ဆုံးဖြတ်မယ်"
လေနက်ရဲတိုက်တစ်ခုလုံး၏ ဈေးကွက်ကို သူတစ်ဦးတည်းက လက်ဝါးကြီးအုပ်ထားသောကြောင့် ထိုမျှ မာနကြီးနေတာ အံ့ဩစရာ မဟုတ်ပေ။
သို့သော်လည်း လင်းချီ အနည်းငယ် ထူးဆန်းနေသလို ခံစားနေရသည်။ဤကဲ့သို့ မှော်ဆေးရည်မျိုးမှာ မှော်ဆေးပညာရှင်များမှ အလွယ်တကူ သန့်စင်နိုင်သည်။ သို့သော်လည်း အဘယ်ကြောင့် သန့်စင်သည့်သူ တစ်ယောက်မျှ မရှိရသနည်း။
"ကောင်စုတ်လေး ..မင်း၀ယ်ရင်၀ယ် ..မ၀ယ်ရင် ဒိုးလိုက်တော့.."
လင်းချီ သူ့ကို လျစ်လျူရှုလိုက်ပြီး မှော်အဖွဲ့အစည်း၏ အဓိကခန်းမထဲသို့ ၀င်သွားခဲ့သည်။ မှော်အဖွဲ့အစည်းတွင် ဂိုဏ်းထောက် တစ်ယောက်သာရှိသည်။ ထိုသူမှာ တယ်ရီပင်။ သူသည် အသက် ငါးဆယ်ဝန်းကျင် မှော်ဆေးပညာရှင် တစ်ဦးဖြစ်သည်။
ထို့ပြင် လေနက်ခံတပ်တစ်ခုလုံးရှိ မှော်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်များကို ချမှတ်သူလည်းဖြစ်သည်။ ထို့ကြောင့် သူ့ကို ထိုနယ်တစ်ဝိုက်တွင် ကျော်ကြားသူဟု မှတ်ယူနိုင်သည်။
ထိုအချိန်တွင် တယ်ရီမှာ လက်အောက်ငယ်သားတစ်ယောက်နှင့် ဆွေးနွေးနေပြီး လင်းချီ ၀င်လာသောအခါ အထဲမှ အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"အရှင်တယ်ရီ မြို့တော်ရဲ့ အနောက်ဘက်အခြမ်းမှာ တစ်ယောက်ယောက်က ပြန်လည်ကောင်းမွန်ခြင်း ဆေးရည်တွေကို ဈေးပေါပေါနဲ့ နေရာတိုင်းမှာ လိုက်ရောင်းနေတယ်"
"အိုး ..အဲ့လိုလူ ရှိနေတာလား"
"အမှန်ဘဲ ကျုပ် အရှင့် အတွက် ဖြေရှင်းပေးလိုက်ရမလား"
တယ်ရီ သူ၏ ထူထဲသော မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ အပြုံးတစ်စဖြင့် ပြောလိုက်သည်။ "သူ့ကိုသွားရှင်းလိုက်...ပြီးရင် မြို့ပြင်ကို မောင်းထုတ်လိုက် ..တကယ်လို့ သူက မလိုက်နာဘူးဆိုရင် မင်းစိတ်တိုင်းကျ စီမံပိုင်ခွင့်ရှိတယ်"
~~~