အမြတ်ကြီးစားသူများ
Vol. 4 Ch. 32
ထိုစကားကိုကြားတော့ လေနက်ခံတပ်တွင် ကုန်သည် အနည်းငယ်သာရှိရသည့် အကြောင်းရင်းကို လင်းချီ သဘောပေါက်သွားသည်။ ရဲတိုက်တစ်ခုလုံး၏ စီးပွားရေးကို ထိုလူတစ်ဦးတည်းက လက်ဝါးကြီးအုပ်ထားပုံပင်။ ပြန်လည်ကောင်းမွန်ခြင်း ဆေးရည်လေးတောင် ထိုမျှ ဈေးကြီးနေသည်မှာ မထူးဆန်းတော့ချေ။
"အို....ကောင်းပါပြီ"
ရုတ်တရက် တယ်ရီ သူ့ လက်အောက်ငယ်သားကို သေသေချာချာ မေးလိုက်သည်။ "ရှေ့ရက်တွေတုန်းက မှော်စွမ်းအင်ပြန်ကောင်းစေတဲ့ပစ္စည်း ရောင်းတဲ့ကလေးကို မင်းရှာတွေ့ပြီလား"
"ဟုတ်ကဲ့... လေနက်ခံတပ်ကို စမ်းသပ်ပွဲအတွက် ရောက်ရှိနေတဲ့ ဆန်းသစ်လမြို့တော်က ပြိုင်ပွဲဝင်တစ်ယောက်ပါ။ သူ့ နာမည်က လင်းချီလို့ခေါ်ပြီး လင်းမိသားစုရဲ့ သခင်လေးပါ အရှင် "
လင်းချီ ကျောချမ်းသွားပြီး ဆက်လက်ခိုးနားထောင်နေလိုက်သည်။
"အဲ့ကလေးကိုကော မောင်းထုတ်လိုက် သူ ဒီမှာ အကြာကြီးရှိနေရင် ငါတို့ အများကြီး ဆုံးရှုံးသွားလိမ့်မယ်"
ထိုအခါ သူ၏ လက်အောက်ငယ်သားမှာ အနည်းငယ် မတင်မကျဖြစ်နေပုံရပြီး "အဲ့တာက ..ကျွန်တော်တို့ လုပ်လို့မရမှာ စိုးရိမ်မိပါတယ် သူက ဆန်းသစ်လမြို့တော်က လင်းသခင်လေးပါ အရှင်"
"ဘာ ဂရုစိုက်ရမှာလဲ။ လေနက်ခံတပ်က ငါ့ပိုင်နက်ပဲ..ဒီထဲမှာဆို ငါက ဘုရင်ဘဲ"
"အဲ့တာက..."
ဝုန်း....
သူတို့နှစ်ယောက် မတုန့်ပြန်နိုင်ခင် လင်းချီ တံခါးကို ဆောင့်ကန်၍ အထဲသို့ ၀င်ရောက်လာခဲ့သည်။ သူ၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး လေနက်ခံတပ်ထဲရှိ လူများမှာ မသမာသူများဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ရှာနေစရာမလိုတော့ဘူး..ကျုပ်အခု ဒီရောက်နေပြီ"
"မင်း..မင်းဘယ်သူလဲ.." တယ်ရီက လင်းချီကို ကြည့်ပြီး ကျိန်ဆဲလိုက်သည်။
"ဒါက လေနက်ခံတပ်ရဲ့ မှော်အဖွဲ့အစည်းကွ မင်းလိုအောက်တန်းစားက ဘယ်လို ၀င်လာတာလဲ"
လင်းချီက သူ့စကားများကို ဂရုမစိုက်ပေ။ ထိုအစား သူရှေ့ရှိ ထိုင်ခုံပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ခေါင်းကိုမော့ကာ "ငါခုလေးတင် မင်းတို့ စကားဝိုင်းကို ကြားလိုက်တယ်..ပြောနေတာတွေက တော်တော် စိတ်၀င်စားဖို့ကောင်းတာဘဲ...မင်းတို့နဲ့ အဲ့ဒီအကြောင်း ဆွေးနွေးမယ်ဆို ရတယ်မလား..."
"မင်း......"
တယ်ရီက မျက်မှောင်ကျုံ့လိုက်သည်။
ထို့နောက်သူ၏ လက်အောက်ငယ်သားကို တံခါးသွားပိတ်ရန် အမိန့်ပေးလိုက်သည်။
"ကောင်လေး..မင်းကတော့ မကြားသင့်တာတွေ ကြားလိုက်မိပြီ ..ဒါပေမယ့်လည်း ဘယ်သူမှ မင်းရဲ့ စကားတွေကို ဂရုစိုက်မှာ မဟုတ်ဘူး.. ဘာလို့ဆို မင်းက ဘာကောင်မှ မဟုတ်လို့လေ"
"မဟုတ်သေးဘူး.." လင်းချီ ခေါင်းယမ်းလိုက်သည်။
"ဉာဏ်ပညာကြီးမားလှတဲ့ မှော်ဆေးဆရာကြီး...ကျုပ်ဒီကိုလာတာ ခိုးနားထောင်ဖို့ မဟုတ်ဘူး ခင်များဆီ တစ်ခုခု လာရောင်းတာ"
လင်းချီ လေနက်ခံတပ်ကို လုံး၀ ဂရုမစိုက်ပေ။ သူဖြစ်ချင်သည်မှာ ပိုက်ဆံအတွက် သိုလှောင်အိတ်ကို ရောင်းချရန်ဖြစ်သည်။
"မင်းဘာရောင်းချင်တာလဲ"
လင်းချီ သိုလှောင်အိတ်ကို ထုတ်လိုက်ပြီး" ဒါက ရှားပါးသားရဲတွေရဲ့ မှော်အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ သိုလှောင်အိတ်ပဲ..တန်ကြေးဘယ်လောက်ရှိမယ်ထင်လဲ"
တယ်ရီ မျက်လုံးများကျဉ်းမြောင်းသွားပြီး ဖြည်းညှင်းစွာ လျှောက်လာကာ သိုလှောင်အိတ်ကို ဂရုတစိုက် ကြည့်လိုက်သည်။ ထို့နောက်ချက်ချင်း ဇဝေဇဝါ ဖြစ်သွားပြီး "ဟမ်..ဒါတကယ့်ကို ရှားပါးမိစ္ဆာသားရဲ အဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ သိုလှောင်အိတ်ပဲ"
"အတုလို့ထင်နေတာလား"
လင်းချီ ခြေချိတ်လိုက်ပြီး "စောစောက ကြားခဲ့တာတွေကို ဘာမှ ပြန်ပြောမှာ မဟုတ်ဘူး ..ဒီကို လာတာ ပစ္စည်းရောင်းဖို့ပဲ..ဆိုတော့ မှန်ကန်တဲ့ ဈေးပေးဖို့ မျှော်လင့်တယ်"
တယ်ရီက မှော်ဆေးပညာရှင်သာမက စီးပွားရေးသမားလည်းဖြစ်သည်။ မှော်ပညာ၌ မထူးချွန်ပေမဲ့ စီးပွားရေး ဆွေးနွေးတာတော့ လွန်စွာ ကျွမ်းကျင်သည်။
"ဒီမှော်သားရဲ အဆီအနှစ်က နေရာတိုင်းမှာ ၀ယ်လို့ရတယ် ဒါပေမယ့် လုပ်ထားတဲ့ ဒီဇိုင်းကတော့ မဆိုးဘူး ဒီတော့ ရွှေပြား ၅၀ဆို ဘယ်လိုလဲ"
"ရွှေပြား ၅၀...."
လင်းချီ၏ အမူအရာမှာ ဇဝေဇဝါ ဖြစ်သွားပြီး မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူပြုံးလိုက်ပြီး "အဘိုးကြီး ကျုပ်က ကျုပ်ရောင်းနေတဲ့ ပစ္စည်းရဲ့ တန်ဖိုးကို မသိဘူးလို့ ထင်နေတာလား ခင်ဗျား ဆန်းသစ်လ မြို့တော်တစ်ခုလုံးမှာ ရှာကြည့်လိုက် ရှားပါးသားရဲ အဆီအနှစ်ဆိုတာ ပြတ်လပ်လွန်းလို့ ထည့်ပြောစရာတောင်မလိုဘူး ပြီးတော့ ဒီရဲ့ သိုလှောင်အိတ်ကို ကျွမ်းကျင်ပညာရှင်က လုပ်ထားတာ"
"အနည်းဆုံး ရွှေပြားငါးရာလောက်တော့ ပေးသင့်တယ်"
လင်းချီ၏ စကားကိုကြားသောအခါ တယ်ရီက မျက်ခုံးပင့်ပြီး "ရောင်းချင်ရောင်း မရောင်းချင်နေ..မင်းသဘောပဲ ပြီးတော့ ရွှေပြားငါးဆယ်ဆိုတာ ငါကမ်းလှမ်းတဲ့ အကောင်းဆုံးဈေးပဲ ..မင်းဒီလိုဈေးမျိုး တခြားနေရာမှာ မရနိုင်ဘူး"
လင်းချီ ကြက်သေသေသွား၏။ ဒီအဘိုးကြီး သူ့ကို တစ်ပတ်ရိုက်ရန် ကြံနေမှန်း သိသည်။ လင်းချီလည်း ထွေထွေထူးထူး ဘာမှမဖြစ်ဟန်ဆောင်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ "ကောင်းပြီလေ..ဒီတော့ ကျုပ်လည်း အနောက်ဘက်မြို့မှာဘဲ ကံသွားစမ်းရတော့မှာပေါ့"
လင်းချီ သိုလှောင် အိတ်ကို ပြန်ယူလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
"ဟေ့..နေဦး"
လင်းချီ ထွက်တော့မယ်ဆိုတော့ တယ်ရီ အနည်းငယ် စိတ်ပူသွားသည်။
"ဘယ်လိုလဲ ..ခင်များ သေချာစဉ်းစားပြီးပြီလား"
တယ်ရီ အံကြိတ်၍ ရယ်လိုက်ပြီး "လူငယ်လေး ငါမှတ်မိသလာက်ဆို မင်းက ပင်မတည်းခိုဆောင်မှာ မှော်စွမ်းအင်ပြန်ဖြည့်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းသွားတဲ့ တစ်ယောက်မလား "
"အမှန်ဘဲ"
"ဟားဟား.....ကြည့်ရတာ မင်းက လေနက်ခံတပ်ရဲ့ စည်းမျဉ်းတွေကို နားမလည်ဘူးထင်တယ်"
လင်းချီက စမ်းသပ်ပွဲအတွက် အခြားမြို့မှ လာရောက်ယှဉ်ပြိုင်သူဆိုတာ သိသည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ စည်းမျဉ်းနှင့်ကိုင်ပေါက်လိုက်သည်။ "ကောင်လေး..ဒီနေရာရောက်ရင် ဒီနေရာရဲ့ စည်းမျဉ်းတွေကို လိုက်နာရတယ်..မင်းက စီးပွားရေးလုပ်မယ်ဆိုရင် ငါတို့ မှော်အဖွဲ့ အစည်းရဲ့ ခွင့်ပြုချက်ကို လိုအပ်တယ် ဒီတိုင်း ဆိုင်ဖွင့်ပြီး ရောင်းလို့ရတာမဟုတ်ဘူး"
သို့သော်လည်း လင်းချီ နှာခေါင်းရှုံ့လိုက်သည်။ ဤအဘိုးကြီးက သူ့ကို ဖိအားပေးရန် တစ်ခုခုကို အသုံးပြုချင်နေပုံပင်။ သို့သော်လည်း ကံအားလျော်စွာ သူသည်လည်း စည်းမျဉ်းအချို့ကို သိပေသည်။
"ခင်များဆိုလိုချင်တာက ကျုပ်ဆိုင်ဖွင့်ရင် ခင်များက ချက်ချင်းဖမ်းမယ်ပေါ့"
"ဒါပေမယ့် အဲ့တာက ဟိုးအရင်နေ့တွေတုန်းကလေ ... ခင်များမှာ ဘာသက်သေရှိလို့လဲ"
လင်းချီ၏ စကားကြောင့် တယ်ရီ့ မျက်နှာ ရှုံ့မဲ့သွားသည်။ လင်းချီကို စိတ်တိုစွာ ကြည့်လိုက်ပြီး "ကောင်လေး... မင်းကို ကြည့်ရတာ လေနက်ခံတပ်ရဲ့ စည်းမျဉ်းတွေကို နားလည်ပုံမပေါ်ဘူး...ဒီလိုလုပ်.... ငါမင်းကို နောက်ဆုံးဈေး ရွှေပြားတစ်ရာပေးမယ်.... လက်ခံရင် ပိုက်ဆံယူပြီး လစ်လိုက်တော့...လက်မခံရင်တော့ ငါဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"
လင်းချီလုံး၀ လက်မခံနိုင်ပေ။ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ "ဒါဆိုလည်း စောင့်ကြည့်တာပေါ့"
"မင်း...."
သူ့လို မှော်အဖွဲ့အစည်းတစ်ခု၏ ဂိုဏ်းထောက်က အပြင်လူတစ်ယောက်၏ ပြက်ရယ်ပြုခြင်းကို ခံရမည်ဟု တယ်ရီတစ်ယောက် မမျှော်လင့်ထားပေ။ လေနက်ခံတပ်၏ မျိုးရိုးမြင့်မိသားစုများပင် သူ့ကို တလေးတစားဆက်ဆံကြရသည်။
"သိပ်ကောင်းတယ်! သခင်လေးလင်း ဒီလေနက်ခံတပ်က မင်းတို့ရဲ့ ဆန်းသစ်လမြို့တော်နဲ့ အတူတူပဲလို့ မင်းထင်နေတာလား?"
"ရဲမက်တို့!"
သူအမိန့်ပေးလိုက်ပြီးနောက် သူ၏ လက်အောက်ငယ်သားတစ်ချို့ ၀င်ရောက်လာပြီး "ဂိုဏ်းခေါင်းဆောင် ဘာအမိန့်များ ပေးမလို့ပါလဲ"
"ဓား အဖွဲ့အစည်းကို သွားပြီးတော့ ခုနကကလေးနောက်လိုက်ပြီး သင်ခန်းစာပေးခိုင်းလိုက်.....သိုလှောင်အိတ်ကို ရအောင်ယူလာခဲ့ဖို့လည်း မမေ့နဲ့ "
"အမိန့်အတိုင်းပါ"
သူ၏ လက်အောက်ခံများက ဘာမေးခွန်းမျှ ပြန်မထုတ်ခဲ့။ ကြည့်ရတာ ဤကဲ့သို့ အမိန့်မျိုးမှာ သူတို့အတွက် ပထမဦးဆုံး မဟုတ်ပုံပင်။
လင်းချီ မှော်အဖွဲ့ အစည်းမှ စိတ်ပျက်လက်ပျက် ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများက အနည်းငယ် စိတ်ပျက်နေပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကာ "ဟင်း..ဒီအဘိုးကြီးက ဈေးကို ဒီလောက် နှိမ်ပေးမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ဈေးကောင်းရဖို့ဆို တခြားလူတွေဆီ လိုက်ရောင်းမှ ရတော့မယ် ထင်တယ်"
ဖတ်...
သူတွေးလို့ မဆုံးခင် တစ်စုံတစ်ယောက်မှ သူ၏ ပခုံးကို ပုတ်လိုက်သည်။
လင်းချီ ရုတ်ခြည်းခေါင်းလှည့်လိုက်ပြီး သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
"လူသာ မင်းဘာလို့ ဒီရောက်နေတာလဲ"
လူသာ ပြုံးလိုက်ပြီး "ဒီကို လေကောင်းလေသန့် လာရှူတာလေ ....ဒါနဲ့ သခင်လေးကကော ဒီမှာ ဘာလုပ်နေတာ"
လင်းချီ ခေါင်းကို ညင်သာစွာ ရမ်းလိုက်ပြီး "ပြောမနေနဲ့တော့ ငါအခု စိတ်တိုနေတယ်..တစ်ခုခု သွားစားရအောင်"
နှစ်ယောက်သား လမ်းဘေးရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ၀င်ထိုင်လိုက်ကြပြီး ခေါက်ဆွဲနှစ်ပွဲ မှာလိုက်သည်။
သူတို့ ထိုင်ခါရှိသေး တစ်ယောက်ယောက်မှ ရုတ်တရက် ထအော်လိုက်ပြီး "မင်းက ..လင်းချီ မဟုတ်လား"
လင်းချီ စိတ်မရှည်စွာ လှည့်လိုက်ပြီး အော်တဲ့သူကို လှမ်းကြည့်လိုက်သည်။
ဓားကိုယ်စီ ကိုင်ထားသော လူအုပ်တစ်အုပ် ခက်ထန်သော မျက်နှာထားများနှင့် သူ့ကို လှမ်းကြည့်နေသည်။ ထိုအကြည့်များထဲတွင် သတ်ဖြတ်ချင်စိတ်များလည်း ပါ၀င်နေသည်။
"ဟုတ်တယ် ငါကလင်းချီပဲ ..မင်းတို့က ဘယ်သူတွေလဲ"
~~~