← Chapters

သတ္တိ

Vol. 4 Ch. 35

သတ္တိ

Vol. 4 Ch. 35

လင်းချီရဲ့ ပူပင်မှုမရှိတဲ့ပုံကိုမြင်တော့ ယွီမုန့် ကိုယ့်ကိုယ်ကို အားတင်းလိုက်သည်။ လင်းချီရှိရာသို့ ဖြည်းညှင်းစွာလျှောက်သွားပြီး မဝံ့မရဲမေးလိုက်၏။

"လင်းချီ နင်ကော..အရှုံးပေးတော့မှာလား"

လင်းချီ ပခုံးတွန့်၍ "ငါ အရှုံးပေးမယ်လို့ မပြောမိပါဘူး"

"အဲ့လိုဆို ကောင်းတယ်..အတူတူ အသင်းဖွဲ့ရအောင်လေ"

ယွီမုန့်မှ သူ့ကို အတူပါ၀င်ရန် ဖိတ်ခေါ်သည်မှာ လွန်စွာ ရှားသည်။ ထို့ကြောင့် လင်းချီလည်း လှိုက်လှိုက်လှဲလှဲပင် သဘောတူလိုက်သည်။ ထို့အပြင် သူလည်းပဲ တွဲဖက်မှော်ဆရာတစ်ယောက် လိုအပ်နေပေသည်။

ထိုမှသာ သူ၏ အရသာရှိသော စားကောင်းသောက်ဖွယ်များ၏ အကျိုးသက်ရောက်မှုများကို ဖော်ဆောင်နိုင်လိမ့်မည်။

လင်းချီ ချက်ချင်းပဲ သဘောတူလိုက်သည်ကို မြင်တော့ ယွီမုန့် ခေါင်းငုံ့ပြီးပြောလိုက်သည်။

"လင်းချီ နင့်မှာ ဟို..ထူးဆန်းတဲ့ အစားအသောက်တွေ ဘယ်လောက်ကျန်သေးလဲ"

လင်းချီ ရယ်လိုက်ပြီး "သိပ်မများပါဘူး.. ဒါပေမဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရရင် မင်းအသက်ကို ကယ်ဖို့တော့ လုံလောက်ပါသေးတယ်"

လင်းချီ၏ စကားကိုကြားသောအခါ ယွီမုန့် ချက်ချင်း စိတ်ချလက်ချဖြစ်သွားသည်။ ထိုသို့ဖြင့် သူမ မှော်စွမ်းအင်များ ကုန်ဆုံးသွားမည်ကို စိတ်ပူရန် မလိုတော့ပေ။

ယှဉ်ပြိုင်သူအများစုမှာ နောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြသည်။ အဆင့်မြင့်မှော်ဆရာများသာလျှင် ထိုကြယ်ငါးပွင့် သားရဲများ၏ ပြိုင်ဘက်ဖြစ်နိုင်သည်။ သာမန်လူများမှာတော့ သူတို့အတွက် ပြိုင်ဘက်မဟုတ်ပေ။

စာရင်းသွင်းပြီးနောက် လင်းချီနှင့် ယွီမုန့် အသင်းဖွဲ့လိုက်ပြီး လူသာလည်း အသင်းတွင် ပါ၀င်ခဲ့သည်။ မျှော်လင့်မထားစွာ လူး၀စ်လည်း အဖွဲ့နှင့်ပူးပေါင်းရန် ပြောလာသည်။

ယွီမုန့် မျက်ခုံးကြုတ်လိုက်ပြီး  "လူး၀စ် ..နင် နောက်ဆုတ်ဖို့ စီစဉ်ထားပြီးသား မဟုတ်လား"

လူး၀စ်က ယွီမုန့်နှင့် လင်းချီတို့ ဆွေးနွေးနေသည်ကို မြင်သောအခါ လင်းချီတွင် ဝှက်ဖဲတစ်ချပ် ကျန်နိုင်သေးကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူတို့နောက်လိုက်၍ မစ်ရှင်ကိုအောင်မြင်အောင်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

“ဘာများဆိုးဆိုးရွားရွားဖြစ်နိုင်အုံးမှာလဲ” ဟူသော စိတ်ဖြင့်သာ အမည်စာရင်းပေးရန် လာခဲ့ခြင်းဖြစ်သည်။

သူက လင်းချီကို တံတောင်ဖြင့်တို့လိုက်ရင်း “ပြောအုံးမယ်…. မင်းဆီမှာ စားစရာတွေ အများကြီးကျန်သေးလား”

"ဘာစားစရာတွေလဲ?"

"ကန်စွန်းဥ၊ စတိတ်ခ်၊ စွပ်ပြုတ် အဲ့လိုမျိုးတွေလေ"

လတ်စသတ်တော့ လူး၀စ်က လင်းချီ၏ အစားအသောက်များအပေါ် မျက်စိကျနေခြင်းဖြစ်၏။ သူ နာမည်စာရင်းပေးဖို့ သတ္တိရှိနေတာ မအံ့ဩတော့ပေ။

လူများလေ ပျော်ဖို့ကောင်းလေ ဟူသော စကားမှာ လူး၀စ်အတွက်တော့ မဟုတ်ပေ။ ထို့ကြောင့် လင်းချီနှင့် ယွီမုန့်မှာ သူ့ကို မနှစ်သက်ရခြင်းဖြစ်သည်။

အကယ်၍ တစ်ခုခုဖြစ်လာလျှင် ဘာမှ အကူအညီမရရုံသာမက လမ်းတစ်လျှောက် အခြားသူများ အနှောင့်အယှက်ဖြစ်အောင် တတွတ်တွတ်ပြောနေတတ်သေးသည်။

သို့သော်လည်း သူတို့မှာ တစ်မြို့ထဲမှ ဖြစ်သောကြောင့် လင်းချီနှင့် ယွီမုန့်တို့လည်း ငြင်းပယ်ခြင်းငှာ မစွမ်းသာတော့‌ချေ။

အမည်စာရင်း ပေးပြီးနောက် လူး၀စ်၊ ယွီမုန့်နှင့် အခြားယှဉ်ပြိုင်မည့်သူများက အခန်းကိုယ်စီသို့ ပြန်၍ ပစ္စည်းများ ထုပ်ပိုးကြတော့သည်။ သို့သော်လည်း လင်းချီကတော့ အေးအေးဆေးဆေးပင်။ သူ့တွင် စနစ်ရှိသောကြောင့် အမယ်များကိုလည်း စနစ်၏ သိုလှောင်နေရာတွင် သိမ်းဆည်းထားသည်ဖြစ်၍ ထူးပြီး ထုပ်ပိုးနေရန်မလိုပေ။

သူလှည့်၍ ထွက်ခွာခါနီးတွင် အနောက်မှ ကျင်းလင်လင်၏ လှမ်းအော်သံကို ကြားလိုက်ရသည်။

"ဆရာ!"

အစကတော့ လင်းချီ သတိမထားမိသေးပေ။ သို့သော်လည်း သုံးကြိမ်မြောက်တွင်တော့ သိချင်စိတ်ပြင်းပြစွာဖြင့် နောက်သို့ လှည့်ကြည့်မိလိုက်သည်။

ကျင်းလင်လင်က လင်းချီကို သူမ၏ စူးရှသော အကြည့်များဖြင့် ကြည့်နေပြီး မျက်လုံးများမှာ မီးများတောက်နေသည့်အလား။

"ဆရာ! ဘာတွေ အလျင်လိုနေတာလဲ"

လင်းချီ မျက်စိလေး ကလယ်ကလယ်နှင့် ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး မယုံနိုင်စွာဖြင့် သူ့မျက်နှာသူ လက်ညှိုးထိုးကာ ကြောင်တောင်တောင်နှင့် မေးလိုက်သည်။ "မင်း...မင်း ငါ့ကို ခေါ်နေတာလား"

"အမှန်ဘဲ..ဒီနေ့ကစပြီးတော့ နင်က ငါ့ဆရာဖြစ်သွားပြီ!"

ထိုစကားကြောင့် လင်းချီ ကြက်သေသေသွားသည်။ လင်းချီ ကြောင်အစွာ နောက်စေ့ကို ကုတ်လိုက်ပြီး "ကျင်းလင်လင်..ငါက မင်းဆရာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ငါက မှော်ပညာနဲ့ ပတ်သတ်ပြီး ကောင်းကောင်းသိတာတောင် မဟုတ်ဘူး"

ကျင်းလင်လင် သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးများကို စူလိုက်ပြီး ချစ်စရာကောင်းအောင် ပြုမူလိုက်သည်။ ထို့နောက် သူမက ခါးထောက်၍ "ဂရုမစိုက်ဘူး..ငါနင့်ကို ပြိုင်ပွဲမှာ ရှုံးပြီးကတည်းက နင့်ဆီကနေ အချက်အပြုတ်သင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ"

“ချက်ပြုတ်နည်းသင်မယ်?”

လင်းချီမှာ ချက်ပြုတ်နည်းဘာမှ သိသည်မဟုတ်... စားကောင်းသောက်ဖွယ်မျိုးစုံချက်ပြုတ်နိုင်နေခြင်းမှာ သူ့စနစ်ကြောင့်ဖြစ်သည်။ တကယ့်ချက်နည်းပြုတ်နည်းအကြောင်း သူဘာမျှ မသိပေ။

လင်းချီက ပါးနပ်စွာဖြင့် "ကောင်းပြီလေ..မင်းလည်း မြင်တဲ့အတိုင်းပဲ..ငါက စားဖိုမှူးလည်း မဟုတ်ဘူး ..ဒီတိုင်း လင်းမိသားစုက သခင်လေးတစ်ယောက်ပဲ..မင်းဆရာတင်တဲ့လူမှားနေပြီ...ပြီးတော့ ငါ့မှာ မစ်ရှင်လုပ်ဖို့ကလည်း ရှိသေးတယ်..မင်းနဲ့ ကစားနေဖို့ အချိန်မရှိသေးဘူး"

"အဲ့ဒါဆို ငါလည်း နင်နဲ့အတူ မစ်ရှင်လုပ်မယ်!"

သူမက ထိုသို့ ပြောလိုက်သောအခါ လင်းချီ လွန်စွာအံ့ဩသွားသည်။ ထိုကလေးမလေးကို ကြည့်လိုက်ရင်း ဒီကလေးဘာလို့ သေမှာ မကြောက်တာပါလိမ့် ဟု တွေးမိလိုက်သည်။

သူတို့ ဆန်းသစ်လ တောအုပ်မှာတုန်းကလိုပင်။ တောထဲကို တစ်ယောက်တည်း သွားဝံ့သည့် သူမ၏ သတ္တိမှာတော့ လေးစားလောက်စရာပင်။

ကြည့်ရသည်မှာ ကလေးမလေးက ကမ္ဘာကြီး၏ ဆိုးရွားရက်စက်မှုများကို ကောင်းစွာ မမြင်ဖူးသေးပေ။ ထို့ကြောင့် အတွေ့အကြုံရရန် ခေါ်သွားခြင်းကလည်း မဆိုးလှချေ။

"မင်းငါ့နောက်လိုက်ခဲ့ရင်တောင် ငါ့မှာ ဘာမှ သင်ပေးစရာ မရှိဘူး!"

အကယ်၍ သူမကို စနစ်၏ ချက်ပြုတ်နည်းများ သင်ပေးလိုက်ပါက သူ့နည်းတူ အရသာရှိသော ဟင်းပွဲများ ချက်ပြုတ်လာနိုင်လိမ့်မည်။ ထိုသို့ဖြစ်ပါက သိပ်အဆင်မပြေချေ။

"ဆရာက ဒီတပည့်လေးကို မုန်းလို့လားဟင်.."

လင်းချီဘက်မှ တစ်ပြားမှ မလျှော့သည်ကို မြင်သောအခါ သူ့ကို တွန်းအားပေးလို့မရမှန်းသိ၍ အပျော့နည်းသုံးလာပြန်သည်။

"ဆရာလို့......"

သူမ လင်းချီကို သနားစဖွယ် ချိုသာစွာ ခေါ်လိုက်သည့် အသံက လင်းချီ ကို ကြက်သီးထသွားစေသည်။

'အိုး..မဖြစ်သေးဘူး သူမက ငါသဘောတူလာအောင် ချစ်စရာကောင်းတဲ့ပုံဖမ်းနေတာပဲ ...ဒါပေမယ့်လည်း သူ ဒီလောက် ချစ်စရာကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး'

သူမကိုသာ အတူ ခေါ်လာပါက ၀န်ထုပ်၀န်ပိုးဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။

"မင်း...ငါ့နောက် လိုက်ခဲ့ချင်တာ သေချာပြီလား"

"တကယ်...တကယ်! ဆရာဘယ်သွားသွား ကျွန်မက လိုက်မှာပဲ"

လင်းချီ သူမကြောင့် အနည်းငယ် ကူကယ်ရာမဲ့နေသည်။ သူမဒီလောက် လိုက်ချင်နေမှတော့ လိုက်ခွင့်ပြုလိုက်တော့မည်။

ထို့နောက် သူတိတ်တဆိတ် နောက်လှည့်လိုက်ပြီး "ဒါဆို မင်းအထုပ်တွေ ပြင်ထားလိုက်တော့ ငါတို့ မကြာခင် ထွက်တော့မှာ"

"ဆရာ....ကျွန်မတို့ ဘယ်သွားကြမှာ?"

"တောင်ပိုင်း မြက်ခင်းပြင်"

လေနက်ခံတပ်၏ တောင်ဘက် မြက်ခင်းပြင်တွင် ကျတ်တီးမြေတစ်ခုရှိသည်။ ထိုနေရာတွင် အဆင့်နိမ့် သားရဲများကျက်စားပြီး ကံကောင်းပါက ကြယ်လေးပွင့် နတ်ဆိုးသားရဲများကိုပါ တွေ့နိုင်သည်။

လင်းချီနှင့် တခြားသူများကတော့ ကြယ်လေးပွင့်သားရဲနှင့် ရင်မဆိုင်လိုပဲ မြက်ခင်းပြင်ကို ကျော်ဖြတ်၍ တောင်ထိပ်ကိုသာ သွားလိုသည်။ ထိုနေရာသည် လေနက်ခံတပ်၏ အန္တာရယ်အရှိဆုံးနေရာဖြစ်သည်။

"တောင်ပိုင်းကုန်းပြင်မြင့်ရဲ့ ထိပ်ဆုံးနေရာ"

ထိုနေရာတွင် ကြယ်ငါးပွင့်နှင့် အထက် သားရဲများရှိပြီး များစွာသော မှော်ဆရာများမှာ ထိုနေရာ၌ အမဲလိုက်ရန် ကြိုးစားကြရင်း အများစုမှာ အသက်ဆုံးရှုံးသွားကြသည်။ ထို့ကြောင့် ခံတပ်သခင်မှ ထိုနေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

ဓားသခင်များနှင့် မှော်ဝိဇ္ဇာများသာ ထိုနေရာသို့ ၀င်ရောက်ခွင့်ရှိပြီး အခြားသူများမှာတော့ခြေတစ်လှမ်းပင် လှမ်းခွင့် မရှိပေ။

သို့သော်လည်း စမ်းသပ်ပွဲကြောင့်သာ မြို့သခင်က သူတို့ကို ၀င်ရောက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

လင်းချီ ၏ အကြည့်တို့က တည်းခိုဆောင်သို့ တစ်ဖန် ပြန်ရောက်သွားသည်။ သူအပေါက်၀၌ စောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။ ယှဉ်ပြိုင်သူများ သူတို့၏ အထုပ်အပိုးများဖြင့် ပြန်နေကြသည်ကို မြင်သောအခါ အနည်းငယ်တော့ စိတ်ပူမိလာသည်။

ထိုအချိန်တွင် သူ၏နောက်မှ နား၀င်မချိုသော အသံဆိုးကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

"အို..မင်းလို အမှိုက်ကောင်က ဒီမှာနေပြီး ဆက်ယှဉ်ပြိုင်ရဲမယ်လို့ မျှော်လင့်မထားဘူး"

လင်းချီ နောက်သို့ လှည့်မကြည့်ပေ။ ထိုလူက လျစ်လျူရှုခံလိုက်ရသောကြောင့် ဒေါသထွက်သွားပြီး "ငါမင်းကို ပြောနေတယ်လေ … မကြားဘူးလား"

~~~

All Chapters