အဆင့်သုံးသို့ တိုးမြင့်သွားသော စနစ်
Vol. 4 Ch. 38
ယွီမုန့် ညွှန်ပြရာ အရှေ့တွင် လူသာကို ကယ်တင်ရန် သုန့်လင်နှင့် အခြားသူများ ဖြည်းညှင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါ…”
လင်းချီ အနည်းငယ် အတွေးများသွားသည်။ “လူသာက ငါတို့ဘက်ကလေ သူတို့က သူ့ကို ကယ်ပြီး ခေါ်ထားချင်တယ်လား”
ယွီမုန့် ဂရုမစိုက်ပေ။ တကယ်တမ်းပြောရမည်ဆိုလျှင် ကြယ်ငါးပွင့်နတ်ဆိုးသားရဲရှေ့မှောက်၌ အဆင့်မြင့်ဓားသမားတစ်ဦးသည်လည်း အသုံးမဝင်သောကြောင့် လူသာ သူတို့နှင့်အတူရှိမရှိကို သူမ ဂရုမစိုက်နိုင်ပေ။
သို့သော်လည်း သူမ ထိုကဲ့သို့သော ယုံကြည်မှုကိုရရှိရန် လင်းချီ၏ခွန်အားအပေါ်၌ အားကိုးထားခြင်းဖြစ်သည်။
"သွားကြရအောင်!"
ယွီမုန့် လင်းချီကို ဆွဲခေါ်လာသည်။ လင်းချီမှာ သူ့အစောင့်အား အခြားသူတွေ လုယူသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။
တစ်ဖက်၌ သုန့်လင်သည် အရပ်ရှည်ကာ သန်မာသော လူသာကို ကယ်တင်ပြီးနောက် အနည်းငယ် ဘေးကင်းသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ တခြားသူတွေက “ဒီတစ်ယောက်က ပြိုင်ပွဲဝင်မဟုတ်ဘူးလေ သူ့ကို ငါတို့နဲ့ ပူးပေါင်းခိုင်းရင်ရော?"
“ငါမှတ်မိတာတော့ သူက ဆန်းသစ်လမြို့တော်က လင်းမိသားစု သခင်ငယ်လေးရဲ့ ကိုယ်ရံတော်မလား ငါတို့ ဒီလူကို သူတို့ဆီ ပြန်ပို့ပေးရင်ကော"
လူသာ သတိမေ့နေသေးတာကိုတွေ့တော့ သုန့်လင်က ငြင်သာစွာပြောလိုက်သည်။ "အရင်ဆုံး သူပြန်ကောင်းလာပါစေဦး"
အနောက်ဘက်သို့ နေဝင်စပြုလာသည်။
ညဘက်တွင် မိစ္ဆာသားရဲများ အမဲလိုက်ရန် ထွက်လာကြမည်ကို ပြိုင်ပွဲဝင်သူများ ကောင်းစွာသိကြသည်။ ထို့ကြောင့် ထိုကာလတွင် ရှေ့ဆက်သွားရန် မသင့်တော်ပေ။ သူတို့ အနားယူရန် လုံခြုံသည့် နေရာတစ်ခုကို ရှာမှရလိမ့်မည်။
လင်းချီသည် ယွီမုန့်အပါအဝင် အခြားသူများနှင့်အတူ ထိုင်နေခဲ့သည်။ ကျင်းလင်လင် သူတို့နှင့် ပူးပေါင်းလိုက်တာကြောင့် အစားအသောက်အတွက်တော့ စိတ်ပူစရာ မလိုတော့ပေ။
တောထဲမှာ ဟင်းချက်ရသည့်တိုင် ချက်ပြုတ်ခြင်းအပေါ်ထားသည့် ကျင်းလင်လင်၏အချစ်များက လျော့မသွားပေ။ သူမစုဆောင်းထားသော ပါဝင်ပစ္စည်းများကို ဟင်းချက်အိုးထဲသို့ ထည့်လိုက်သည်။ တောထဲတွင် ချက်ပြုတ်ရသည်မှာလည်း အရသာတစ်မျိုးရှိသည်။
မကြာခင်မှာ အရသာရှိသော စွပ်ပြုတ်တစ်အိုး အဆင်သင့်ဖြစ်နေပြီ။ လင်းချီလည်း သူတို့ကို ကန်စွန်းဥနဲ့ အသားကင်တချို့ ပေးလိုက်၏။ ယနေ့ည ဟင်းပွဲတို့က စားရ အလွန်မြိန်သည်။
လင်းချီ အသားကင်အချို့ကို ချက်ပြုတ်ပြီးချိန်တွင် စနစ်မှ အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာသည်။
[ဒင်! လျှာကဝေစနစ်၏ အတွေ့အကြုံအမှတ်များ ပြည့်နေပါသည်။ စနစ်ပိုင်ရှင် အဆင့်တက်ရန် ရွေးချယ်ပါမည်လား။ ]
လင်းချီ အံ့အားသင့်သွားသည်။ ဒီလောက် ခပ်စောစော အဆင့်တက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူချက်ချင်း 'အတည်ပြုသည်' ကိုနှိပ်ပြီး လေနက်ခံတပ်ထဲတွင် ရရှိခဲ့သောရွှေဒင်္ဂါးများအားလုံးကို သုံးလိုက်သည်။
[ဒင်! ဂုဏ်ယူပါတယ် လျှာကဝေစနစ်အား အဆင့် ၃ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးသွားပါပြီ။ ဟင်းပွဲမီနူးအသစ်များ ရရှိလာသည်- လတ်ဆတ်သော မှော်မှိုများ၊ မြန်နှုန်းမြှင့်သကြားလုံး၊ မှိုပါဝင်သော အဆီရွှမ်းသည့် အမဲသား၊ ညှို့အားပြင်း နံနံပင် ]
[ ဒင်! အဆင့်မြှင့်ခြင်းအတွက် လက်ဆောင်ထုပ်ကို သင်လက်ခံရရှိခဲ့သည်- မြှင့်တင်မှု သကြားလုံး (x1)၊ လတ်ဆတ်သော မှိုပွင့်များ (x100)၊ အမဲသား (x100)၊ ပေါက်ကွဲခြင်းမြက် (x100)၊ ဂီတနတ်ပန်း (x100) ]
အဆင့်မြှင့်ပြီးနောက် လင်းချီသည် ဟင်းပွဲအသစ်များစွာကို သော့ဖွင့်ခဲ့သည်။ သူ အားလုံးကို ခြုံကြည့်ပြီးနောက်တွင် ၎င်းတို့အထဲမှ တစ်ခုမှာ သူ့အား ဆွဲဆောင်လျက်ရှိသည်။
[ ဟင်းလျာအမည် : မြန်နှုန်းမြှင့်သကြားလုံး ]
[ ပါဝင်ပစ္စည်းများ- ချိုမြိန်သင်းပျံ့သောပန်း, ပူစီနံ, သစ်ခွရည်, မီးသင်းသကြား, နွားနို့ ]
[အကျိုးသက်ရောက်မှုများ- သုံးစွဲသူ၏အမြန်နှုန်းကို ငါးဆအထိ တိုးမြှင့်နိုင်သည်။ ]
လင်းချီ သည် ထိုကဲ့သို့သော လွတ်မြောက်ရေး မှော်ရတနာမျိုးကို မြန်မြန်ဆန်ဆန်ရရန် မမျှော်လင့်ခဲ့ပေ။ နောင်တွင် သူလွတ်မြောက်ရန် လိုအပ်ပါက အသုံးပြုရန် ထိုကဲ့သို့သော သကြားလုံးများကို ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။
"ဆရာ!"
ထိုအချိန်တွင် ကျင်းလင်လင်သည် လင်ချီအား စွပ်ပြုတ်ပန်းကန်ကို ဖြည်းညှင်းစွာ ကမ်းပေးကာ ပြောသည်။ "ဆရာ ကျွန်မရဲ့ စွပ်ပြုတ်ကို မြည်းကြည့်ပါလား"
ဒီကလေးမက စွပ်ပြုတ်နဲ့ပတ်သတ်ပြီး သူမအား လိုအပ်သော အကြံဉာဏ်ပေးခိုင်းစေချင်ကြောင်း လင်းချီသိတာမို့ သူ မငြင်းခဲ့ပေ။ ၎င်းကို မြည်းစမ်းကြည့်ပြီးနောက် သူပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အရသာတွေများလွန်းနေတာက အစားအစာတစ်ခုလုံးရဲ့ အရသာကို ထိခိုက်စေတယ်”
“အာ! ဟုတ်ကဲ့!"
အကယ်၍ ထိုစကားကို အခြားသူမှပြောပါက ကျင်းလင်လင် ဒေါသထွက်နေမည်မှာ သေချာပါသည်။ သို့သော်လည်း လင်းချီ ပြောသမျှကို သူမ နှလုံးသားထဲ စွဲမှတ်ထားပြီး ဘောပင်ဖြင့်ပင် ရေးချထားလိုက်သည်။
ကျင်းလင်လင် လင်းချီဘေး အပူကပ်နေတာကို ယွီမုန့် မြင်တော့ လင်းချီဆီမှ သူ၏ အထူးအစားအစာတချို့ကို တောင်းဆိုရမှာ အလွန်ရှက်နေခဲ့သည်။ ထို့ကြောင့် သူမမှာ အတွေးများကို ထုတ်မပြနိုင်ဘဲ သူတို့နှစ်ယောက်ကို ငေးကြည့်ရုံသာ ကြည့်နေနိုင်ခဲ့သည်။
ထို့နောက် လူးဝစ်က စကားစမြည်ပြောရန် ရောက်လာသည်။
"ယွီမုန့် ငါ့မှာ အစာခြောက်တွေ အများကြီး ကျန်သေးတယ် မင်းထပ်လိုချင်သေးလား?"
“မလိုဘူး! ထွက်သွား!"
ယွီမုန့်ဆီမှ အော်ငေါက်ခြင်းခံရတော့ လူးဝစ် အလွန်ကြောက်သွားပြီး စကားမပြောရဲဘဲ နောက်ပြန်ဆုတ်သွားခဲ့သည်။
ကျင်းလင်လင်၏ မျှော်လင့်စောင့်စားနေသော အမူအရာကိုမြင်တော့ လင်းချီနားလည်သွားပြီး ပြောသည်။ "ငါ့ကိုဒီလို ကြည့်မနေနဲ့"
"ဆရာ ဒီည ဘာလုပ်မှာလဲ"
“ငါ…”
လင်းချီ စနစ်အား ကြည့်လိုက်သည်။ လောလောဆယ် သူ့တွင် မှိုပါဝင်သော အဆီရွှမ်းသည့် အမဲသားကို ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများသာ ရှိသော်လည်း ပွင့်ပွင့်လင်းလင်း မထုတ်နိုင်ပေ။ သူသည် ဟင်းချက်အိုးထဲသို့ ၎င်းအမဲသားနှင့် မှိုအနည်းငယ်ကိုသာ ထည့်လိုက်နိုင်သည်။
ရေနွေးငွေ့များကို အခွင့်ကောင်းယူပြီး ချက်ခြင်း စနစ်မှ ပါဝင်ပစ္စည်းများကို ထုတ်ကာ အိုးထဲသို့ လောင်းထည့်လိုက်သည်။
ကျင်းလင်လင်သည် အနံ့မွှေးမွှေးလေး မရမိခင်အထိ မည်သည့်ဟင်းခတ်အမွှေးအကြိုင်များထည့်လိုက်မှန်းကိုပင် ရှင်းရှင်းလင်းလင်း မသိလိုက်ပေ။
"အနံ့အရမ်းကောင်းတယ်!"
ယွီမုန့်နှင့် လူးဝစ်တို့သည်လည်း ဟင်းလျာရနံ့၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။
လင်းချီ ပျော်ရွှင်စွာပြောလိုက်သည်။ "မှိုနဲ့ အဆီရွှမ်းတဲ့ အမဲသားလေ မြည်းကြည့်လိုက်"
ကျင်းလင်လင် သူမပန်းကန်လုံးထဲသို့ ထည့်ပြီး သေချာလေး အရသာခံရန် မစောင့်နိုင်တော့ပေ။
"အရမ်းအရသာရှိတာပဲ!"
လင်းချီ ကြားလေ့ရှိနေသော စကားလုံးများကို သူမ ထုတ်ဖော်ပြောလာသည်။
သူ သက်ပြင်းချလိုက်ပြီး “အရသာရှိတယ်မလား”
ကျင်းလင်လင် အရမ်းသိချင်သွားပြီး “သခင်လေး ဘာနည်းစနစ်မှမသုံးဘဲ ဒီလိုအရသာရှိတဲ့အစားအစာတွေကို ဘယ်လိုချက်ပြုတ်နိုင်တာလဲ ဘယ်လိုလုပ်လိုက်တာလဲ?"
လင်းချီသည် စူးစမ်းလိုစိတ်ရှိသော ကျင်းလင်လင်ကို ကြည့်ကာ များများစားစား မတွေးဘဲ ပြောလိုက်သည်။ “ပါဝင်ပစ္စည်းတွေကိုယ်တိုင်ကိုက အရသာရှိတာ နည်းစနစ်တွေက အရမ်းအရေးကြီးပေမယ့် အချို့သောပါဝင်ပစ္စည်းတွေကိုက ဘာနည်းစနစ်မှမပါဘဲ အရသာရှိအောင် ချက်လို့ရတယ်”
တကယ်တော့ လင်းချီရဲ့ စနစ်က နည်းစနစ်တွေ မပွင့်သေးပေ။ သူသာ ထိုလုပ်ဆောင်ချက်ကို သော့ဖွင့်နိုင်လျှင် လင်းချီသည် ဟင်းချက်နည်းမျိုးစုံကို သင်ယူနိုင်မည်ဖြစ်၏။
အခု သူ လျှောက်ပြောနေခြင်းဖြစ်သည်။
တစ်ဖက်တွင် လူသာသည် သတိမေ့မြောရာမှ နိုးလာသည်။ သူ မေ့နေသည့်အချိန်တွင် သူ့ဒဏ်ရာများအား ဆေးထည့်ထားသည်ကို တွေ့လိုက်ရသည်။
"ငါ... ငါဘယ်မှာလဲ"
“ရှင် လုံခြုံပါတယ် ရှင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့လို့ ကျွန်မတို့ ခေါ်လာခဲ့တာ"
သုန့်လင် သူ့ဘေးမှ ပြန်ဖြေသည်။ ၎င်းအဖြေက လူသာကို စိတ်ပူသွားစေပြီး ကမန်းကတန်း ထထိုင်လိုက်မိသည်။
“စိတ်မပူပါနဲ့ မြန်မြန်လှဲလိုက် မဟုတ်ရင် ဒဏ်ရာတွေ ပြန်ပွင့်လာလိမ့်မယ်”
“ဒါကို ကျွန်မတို့ဘက်က ကျေးဇူးတုံ့ပြန်တယ်လို့ မှတ်ယူလိုက်ပါ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ ကျောက်ဘီလူးကြီးဆီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
လူသာ ရုတ်တရက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရပြီး ချက်ချင်း မျက်တောင်ခတ်လိုက်ကာ "ဟုတ်သားပဲ ကျုပ်ပြန်သွားပြီး သခင်လေးလင်းကို သွားရှာရဦးမယ်"
"ရှင်က လင်းမိသားစုရဲ့ အစောင့်မလား စိတ်မပူပါနဲ့ ဒီမှာ တစ်ညလောက်နေလိုက် မနက်ဖြန် ကျွန်မတို့ ပြန်ပို့ပေးမယ်"
သုန့်လင်၏ နူးနူးညံ့ညံ့ စကားလုံးတွေကိုကြားတော့ လူသာ မျက်နှာနီမြန်းသွားသည်။ သူ ခေါင်းကုတ်ပြီး ပြောသည်။ "ဒါ... ဒါက အားနာစရာကြီး"
“ရပါတယ် ရှင် ကျွန်မတို့ကို ကယ်ခဲ့တာပဲ ကျေးဇူးပါ"
လူသာသည် လင်းလုံမြို့တော်မှလူများကို ဤမျှလောက် ကျေးဇူးတင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့မှာ တစ်ညလုံး အဖော်ပြုပေးမည့် ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်တောင် ရှိနေသေးသည်။
'ငါမပြန်ရင်...'
'သခင်လေးက ငါမရှိဘဲနဲ့လည်း အဆင်ပြေမှာပါ ဟုတ်တယ်မလား?'
တစ်ဖက်တွင်တော့ လင်းချီမှာ အစောကတည်းက အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။ လုံခြုံရေးအရ သူတို့အားလုံး သုံးနာရီတိုင်း ညကင်းကို အလှည့်ကျ စောင့်ကြပ်ကြရသည်။ သို့သော်လည်း ဤသည်က အလွန်အန္တရာယ်များသည့်နေရာဖြစ်နေဆဲ။
အခု စောင့်ကြည့်နေရသူမှာ ကျင်းလင်လင် ဖြစ်သည်။ ယွီမုန့် နှင့် လူးဝစ်တို့က သစ်ပင်ဘေးတွင် အနားယူနေကြပြီး လင်းချီကတော့ ကျင်းလင်လင်၏ ပခုံးပေါ်၌ မှီအိပ်နေလေသည်။
"ဆရာ... ဆရာ ကျွန်မဆံပင်ကို ဖိမိနေတယ်"
လင်းချီသည် နူးညံ့သောအသံလေးကြောင့် နိုးလာခဲ့သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာ မလိုက်ပြီး “တောင်းပန်ပါတယ် ငါက အိပ်ရင် တစ်ခုခုကို မှီပြီးမှ အိပ်တတ်လို့”
ကျင်းလင်လင်က မထူးခြားနားဟန်ဖြင့် ပြောသည်။ "ရပါတယ် ကျွန်မတို့နှစ်ယောက်ကပ်နေရင် ပိုနွေးတာပေါ့"
ထိုအချိန်တွင် လင်းချီသည် တစ်ရှဲရှဲမြည်သံကို ကြားလိုက်ရသည်။ သူက ချက်ချင်း မျက်ခုံးပင့်ကာ ပတ်ပတ်လည်ကို သတိနှင့် ကြည့်လိုက်သည်...
“ရှူး! တိုးတိုး တစ်စုံတစ်ခု ငါတို့ဆီကို လာနေတဲ့ပုံပဲ!”
~~~