ကြောက်မက်ဖွယ်ရာ တောင်တန်း
Vol. 4 Ch. 40
နေထွက်လာသည်နှင့် ကြက်တွန်သံတို့ ထွက်ပေါ်လာသည်။ မိုးကုတ်စက်ဝိုင်းမှ အလင်းတန်းများသည် မြေပြင်ပေါ်သို့ ဖြာကျလာပြီး နွေးထွေးမှုက လင်းချီ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
နေ၏နွေးထွေးမှုသာမက သူ့ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသလိုခံစားရသည့် နွေးထွေးမှုတစ်ခုလည်းရှိနေသည်။
လင်းချီ မနေ့ညက ကောင်းကောင်းအိပ်မပျော်သောကြောင့် တောက်ပတဲ့နေရောင်တောင်မှ သူ့ကို မနှိုးနိုင်တော့ချေ။
ဆန့်ကျင်ဘက်အားဖြင့် နေရောင်ခြည်၏ တောက်ပသော အလင်းရောင်က ယွီမုန့်အား နိုးထလာစေသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမဘေးတွင် လင်းချီကို တွေ့လိုက်ရ၏။ သူမမျက်နှာလေး ချက်ချင်းနီမြန်းလာပြီး နောက်သို့ဆုတ်လိုက်သည်။
"ငါ ငါ.... မနေ့ညက သူ့အပေါ်မှာ အိပ်ပျော်သွားတာတော့ မဟုတ်ဘူး မလား" ထိုသို့တွေးရင်း ယွီမုန့် စိတ်လှုပ်ရှားလာသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်း ချက်ချင်းပင် သူမ၏ ဇာပုဝါနှင့် ဝတ်ရုံကို ဝတ်လိုက်သည်။
ထိုအချိန်တွင် နေရောင်ခြည်သည် ပို၍ တောက်ပလာ၏။ လင်းချီ၊ ကျင်းလင်လင်နှင့် လူးဝစ်တို့လည်း နိုးလာခဲ့သည်။
သူတို့ မနက်စာစားပြီးသည်နှင့် အိတ်တွေကို ထုပ်ပိုးပြီး ခရီးဆက်ကြသည်။ ယွီမုန့်မှာ မနေ့က အဖြစ်အပျက်ကြောင့် အနေရခက်စွာဖြင့် သူ့ကို စကားမပြောကြောင်း လင်းချီသိလိုက်သည်။ လင်းချီလည်း ဘာမှမသိသလို ဟန်ဆောင်နေလိုက်သည်။ နောက်ဆို သူမကို မနှောင့်ယှက်မိဖို့ မနေ့ညက သင်ခန်းစာရသွားပြီဖြစ်၏။
လူးဝစ်သည် မနေ့ညက ဝက်တစ်ကောင်လို အိပ်နေခဲ့တာကြောင့် ဘာဖြစ်သွားမှန်း မသိခဲ့ပေ။
ကျင်းလင်လင်ကတော့ ပြောစရာတောင်မလို။ သူမ မူးယစ်စေသော နံနံပင်ဟင်းလျာကို စားပြီးသည်နှင့် တုံးကနဲအိပ်ပျော်သွားခြင်းဖြစ်ရာ ဘာဆို ဘာမှမသိ။
ထို့ကြောင့် သူမမှာ မနေ့ညက ယွီမုန့်အား သူတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသာ မှတ်မိသည်။
စွဲမက်ဖွယ် နံနံပင်ဟင်းလျာကို စားပြီးနောက် မိမိကိုယ်ကို ဘာဖြစ်လို့ဖြစ်မှန်းပင် မသိတော့သော ယွီမုန့်သည် နောက်တစ်ကြိမ် ထပ်မစားဝံ့တော့ပေ။
သူတို့လေးယောက် စုစည်းပြီးသောအခါ တောအုပ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ပိုင်းတွင်ရှိသော မြက်ခင်းပြင်ကြီးဆီသို့ ရောက်ရှိလာကြသည်။
ထိုမြက်ခင်းပြင်တွင် အဆင့်နိမ့်မိစ္ဆာသားရဲများသာရှိသဖြင့် ခရီးမှာ အလွန်ချောမွေ့ခဲ့သည်။
ကြယ်ငါးပွင့် နတ်ဆိုးသားရဲများနှင့် တွေ့လိုလျှင် ထိုမြက်ခင်းပြင်ကို ဖြတ်ကျော်ကာ မုန်တိုင်းပင်လယ်အော်အနီးရှိ ကြောက်မက်ဖွယ်တောင်တန်း၏ တောင်ဘက်ကုန်းပြင်မြင့်ထိပ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
ထိုနေရာတွင် ကြယ်ငါးပွင့်နတ်ဆိုး သားရဲများရှိသော်လည်း ဤမစ်ရှင်ကို ပြီးမြောက်ဖို့ရာ ကံကောင်းခြင်းတို့ လိုအပ်နေဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကြယ်ငါးပွင့်နတ်ဆိုးများကြားတွင် အဆင့်များစွာကွဲပြားသောကြောင့်ဖြစ်သည်။ သူတို့ ကံကောင်းပြီး သတ္တုရိုင်းဘီလူးနဲ့သာ ကြုံခဲ့လျှင် သူတို့အနေအထားအရ မှော်အစွမ်းအနှစ်ကို ရယူနိုင်သည်။
အကယ်၍ ကံမကောင်းသဖြင့် နဂါးပေါက်တစ်ကောင်ကောင်နှင့်ပင် ကြုံတွေ့လိုက်ရပါက ကိုင်တွယ်ရန် ခက်ခဲမည်ဖြစ်သည်။
၎င်းတို့သည် ထိပ်တန်းအဆင့်ကြယ်ငါးပွင့်နတ်ဆိုးသားရဲများ ဖြစ်ကြပြီး ကြယ်ခြောက်ပွင့်နတ်ဆိုးသားရဲ နီးပါးညီမျှပြီး ကြောက်မက်ဖွယ်တောင်တန်းကြီးတွင် လှည့်လည်သွားလာ နေတတ်ကြသည်။ ထိပ်တိုက်ရင်ဆိုင်ရလျှင် သူတို့၏မျက်လုံးနီများဖြင့် သားကောင်ကို ပစ်မှတ်ထားသောကြောင့် ထွက်ပြေးလွတ်မြောက်နိုင်ခြေ မရှိလုနီးပါးဖြစ်သည်။
သူတို့ နေ့တစ်ဝက်ကျော် လမ်းလျှောက်ခဲ့ကြပြီး နောက်ဆုံးတွင် မုန်တိုင်းပင်လယ်အော်အနီးရှိ ကြောက်မက်ဖွယ်တောင်တန်းပေါ်သို့ ရောက်လာခဲ့ကြသည်။
မျှော်ကြည့်သောအခါတွင် တောင်ထိပ်သည် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီး မိုးကြိုးများ တလက်လက်လွှမ်းခြုံနေကြောင်း သတိပြုမိလိုက်ကြသည်။ ၎င်းဘေးမှာမူ တိမ်တိုက်သားရဲပင်လယ်၏ အဆုံးသတ်ဖြစ်သော ကမ်းရိုးတန်းဖြစ်ပြီး ပင်လယ်ပြင်မှ ဧရာမသားရဲကြီးများ နေထိုင်ကျက်စားရာနေရာဖြစ်သည်။ ထိုရေပြင်ပေါ်တွင် ဖြတ်သန်းသွားလာခြင်းက လူတစ်ဦးကို သေခြင်းတရားဆီသို့ ပို့ဆောင်ခြင်းနှင့် ညီမျှသည်။
သူတို့အနေဖြင့် များများစားစား မစဉ်းစားနိုင်ကြတော့ပေ။ တောင်ပေါ်ကို အရင်တက်ရမည်ဖြစ်ပြီး သတ္တုရိုင်းဘီလူးကြီးကို ရှာဖွေကာ အခြားပြိုင်ပွဲဝင်များ လုမယူနိုင်ခင် အမြန်ရှင်းပစ်မှ ရလိမ့်မည်။
ဘုန်း!
လင်းချီနှင့် အခြားသူများ မတုံ့ပြန်နိုင်မီတွင် ကြောက်မက်ဖွယ်တောင်ထိပ်မှ ထွက်ပေါ်လာသော တိုက်ပွဲသံများကို သူတို့ကြားလိုက်ရသည်။
“အခြားပြိုင်ပွဲဝင်တွေလည်း တိုက်ပွဲဝင်ဖို့ တောင်ပေါ်တက်သွားပြီထင်တယ်။ ငါတို့ သူတို့ကို ရှုံးလို့မဖြစ်ဘူး!" ယွီမုန့်က ပြောသည်။
သို့သော်လည်း လင်းချီသည် တိုက်ပွဲတွင်းမှ ထူးဆန်းသည့် အရာတစ်ခုကို ကြားလိုက်ရသည်။
“နေဦး…”
“ဘာဖြစိလို့လဲ”
“အဲဒါက ဧရာမသတ္တုရိုင်းသားရဲသာဆိုရင် အဲ့လောက်အသံတိုးမှာ မဟုတ်ဘူး။ စဉ်းစားကြည့် သတ္တုရိုင်းသားရဲရဲ့ ကိုယ်ထည်ကြီးနဲ့ဆိုရင် ပြင်းပြင်းထန်ထန်တိုက်ခိုက်မှာပဲ။ အခုအသံက သတ္တုရိုင်းဘီလူးနဲ့ တိုက်ခိုက်ပြီး ထွက်လာတဲ့အသံနဲ့ လားလားမှ မတူဘူးလေ...”
"တစ်ခြားယှဉ်ပြိုင်သူတွေ သတ္တုရိုင်းဘီလူးနဲ့ တိုက်ခိုက်နေတာမဟုတ်ဘူးလို့ ရှင်ပြောချင်တာလား?"
လင်းချီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ငါ့ရဲ့ ခန့်မှန်းချက် မှန်ရင် သူတို့တိုက်နေတာ ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်ရမယ်”
လူးဝစ်က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောသည်။ “ဒီတောင်က ကြယ်ငါးပွင့်အဆင့်ထက်မြင့်တဲ့ နတ်ဆိုးသားရဲတွေနဲ့ ပြည့်နေတာ ငါတို့တကယ်ရော တက်နိုင်ပါ့မလား"
“အဲလို မပြောနဲ့ သူများတွေ လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်ရမယ်!” ယွီမုန့်က အဖွဲ့ကို အားပေးလိုက်သည်။
သို့သော် သူမကိုယ်တိုင်လည်း အနည်းငယ် ကြောက်နေမိဆဲဖြစ်၏။ သူမက လင်းချီကို ကြည့်လိုက်ပြီး မေးသည်။ "ကျွန်မတို့ဘာလုပ်သင့်တယ်လို့ ထင်လဲ"
"တိုက်ခိုက်သံနောက်ကို လိုက်ကြတာပေါ့!"
"ဘာ? မင်း ဝင်ပါဖို့ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်" လူးဝစ်က လှောင်ပြောင်လိုက်သည်။
လင်းချီက ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး ကြယ်ငါးပွင့်နတ်ဆိုးကောင်တွေက အရမ်းသတိရှိကြတယ် အခု တိုက်ပွဲတွေ ဖြစ်နေတော့ သူတို့ရဲ့ တိုက်ခိုက်သံတွေက သားရဲတွေကို ပိုပြီး ဆွဲဆောင်မိမှာ သေချာတယ် ငါတို့က သူတို့နောက်ကလမ်းအတိုင်း လိုက်ဖို့ပဲလိုတာ အဲ့လိုဆို ငါတို့ ဘယ်နတ်ဆိုးသားရဲနဲ့မှ မတွေ့ဘူးလို့ အာမခံလို့ရတယ်”
“နတ်ဆိုးသားရဲတွေကို သတ်ဖို့ ငါတို့က ဒီကိုရောက်နေတာကို မင်းက သူတို့ကို ရှောင်ချင်နေတာလား"
"မင်း နားမလည်ဘူးမလား"
လင်းချီက ပြုံးပြီး တောင်ထိပ်ကို ညွှန်ပြသည်။ “ကြောက်မက်ဖွယ်တောင်တန်းမှာ အထက်ကိုမြင့်လေ ကြယ်ငါးပွင့် နတ်ဆိုးသားရဲတွေရဲ့ အဆင့်နိမ့်လေပဲ။ တောင်ပေါ်တက်တဲ့လမ်းမှာ နဂါးပေါက်တွေနဲ့ တွေ့နိုင်ချေက ပိုများတယ်လို့ထင်တယ်။ ဒါပေမယ့် တောင်ထိပ်ကို နီးကပ်လာလေ ငါတို့ကို စောင့်နေတဲ့ သတ္တုရိုင်းဘီလူးကြီးတွေ အများကြီးရှိနေလိမ့်မယ်!”
ကျင်းလင်လင်က ချီးကျူးသည်။ "ဆရာ ရှင်က အရမ်းဉာဏ်ကောင်းတာပဲ!"
တကယ်တော့ လင်းချီက သေသေချာချာလေ့လာခဲ့ခြင်းဖြစ်သည်။ သူသည် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း နတ်ဆိုးသားရဲများ၏အလေ့အထနှင့် ပတ်သက်၍ အလွန်ကျွမ်းကျင်သည်။
ထို့နောက် အားလုံး အသံလာရာလမ်းအတိုင်း လျှောက်သွားကြသည်။ အရမ်းလည်း အနီးမကပ်ရဲသလို အဝေးကြီးကနေလည်း မတက်ရဲကြပေ။ ခပ်လှမ်းလှမ်းက လှုပ်ရှားတတ်ဖို့က အခရာဖြစ်၏။
တောင်ပေါ်တက်ရင်း တစ်ဝက်လောက်မှာ လင်းချီ အဝေးကို လှမ်းကြည့်လိုက်တော့ တိုက်ပွဲဝင်နေသူများမှာ ချီရှင်းမြို့တော်ရဲ့ ယှဉ်ပြိုင်သူတွေဆိုတာ သိလိုက်ရသည်။
မျှော်လင့်ထားသည့်အတိုင်း လင်းချီ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။ ထိုအချိန်တွင် ယှဉ်ပြိုင်သူများသည် ရင်ဆိုင်ရအခက်ဆုံး နတ်ဆိုးသားရဲဖြစ်သည့် နဂါးပျံပေါက်နှင့် တိုက်ခိုက်နေရသည်။
၎င်းသည် အဆင့်နိမ့်နဂါးတစ်ကောင်ဖြစ်ပြီး ပုံမှန်နဂါးတစ်ကောင်၏ စွမ်းရည်မျိုးရှိသည်။ ၎င်းသည် အရွယ်ရောက်စွမ်းအားကြီးနဂါးတစ်ကောင်မဖြစ်လာသေးသော်လည်း လေထဲတွင် သူ့ကိုယ်သူ ကောင်းကောင်းမထိန်းချုပ်နိုင်သော်လည်း အဆင့်မြင့်ကာကွယ်ရေးဖြစ်သည့် နဂါးတစ်ကောင်၏ ပြောင်းပြန်အကြေးခွံများပါရှိသည်။ ထိတွေ့မိလျှင် အဆိပ်မိသွားနိုင်သည်။ ၎င်းသည် ထိုးစစ်နှင့် ခံစစ် နှစ်မျိုးလုံးရှိသည့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်၏။
ချီရှင်းမြို့တော်မှ မင်မိသားစုရဲ့ သခင်ငယ်လေးဟာ အဆင့်မြင့်ဓားသခင်များပင် မကျော်ဖြတ်နိုင်သော ခွန်အားတို့ရှိသော်ငြား ဤကဲ့သို့သော အပျံသင်စ နဂါးပေါက်မျိုးကိုပင် အနိုင်ယူနိုင်ဖို့ရာ အခွင့်အရေးမရှိပေ။
"တိုက်ပွဲက အရမ်းပြင်းထန်ပုံရတယ်!"
ကျင်းလင်လင် ပျံနေသော နဂါးကြီးကို ကြည့်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံအချို့ ပြုတ်ကျနေသည်ကိုကြည့်ခြင်းအားဖြင့် သူဒဏ်ရာရနေပုံပေါ်သည်။
“စမ်းသပ်မှုမှာ ပါဝင်တဲ့ ယှဉ်ပြိုင်သူအားလုံးထဲမှာ ချီရှင်းမြို့တော်ရဲ့ အသင်းဖွဲ့စည်းမှုက အတော်လေးကို ကောင်းတယ်။ ဒါပေမဲ့ သူတို့ ဒီလို သူသေကိုယ်သေတိုက်မှရမယ့် တိုက်ပွဲမျိုးနဲ့မှ လာကြုံရတယ်လို့။ ဒီနဂါးပေါက်က ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာ တွေးကြည့်လို့ရတယ်”
လင်းချီ သည် အခြားသူများ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ သူ တောင်ပေါ်သို့ ဆက်လက်တက်ရင်း "သွားကြရအောင် အရမ်းစိုးရိမ်မနေနဲ့။ နဂါးပေါက်ရဲ့တိုက်ခိုက်နိုင်မှု အကွာအဝေးက အရမ်းကျယ်တယ်။ ငါတို့ပါ တိုက်ပွဲထဲ ပါသွားရင် မကောင်းဘူး”
သူတို့အဖွဲ့ တောင်ပေါ်သို့ ဆက်တက်လာခဲ့ကြသည်။
လမ်းတစ်ဝက်တွင် တစ်ဖက်မှ တိုက်ပွဲသံများ ကြားလိုက်ရ၏။ အဲဒီဘက်မှာလည်း နောက်ထပ် တိုက်ပွဲတစ်ခု ရှိနေပုံရသည်။
တိုက်ပွဲသံသည် အလွန်ကျယ်လောင်သော်လည်း ၎င်းသည် သတ္တုရိုင်းဘီလူးကြီး ဖြစ်ပုံမပေါ်ပေ။
ဘုန်း!
သူတို့ဆီကို မီးလုံးတစ်လုံး ပစ်ပေါက်လာသည်။ ကံကောင်းထောက်မစွာဖြင့် လင်းချီမှာ လျင်မြန်စွာတုံ့ပြန်ပြီး ဘေးဘက်သို့ ရှောင်ထွက်သွားနိုင်ခဲ့သည်။
"ဘယ်သူလဲ?"
ခေါင်းကို လှည့်လိုက်သည်နှင့် ချန်းလင်၏အဖွဲ့ကို တွေ့လိုက်ရသည်။ သူတို့မှာ ကြယ်ငါးပွင့်မှော်အဆီအနှစ်ကို ရရှိထားပြီးဖြစ်သည်။ သူတို့က ဖြည်းညှင်းစွာလျှောက်လာကာ လင်းချီကို ပြုံးပြပြီး "ဟေး ဘာဖြစ်လို့လဲ မင်းတို့ အခုထိ မှော်အဆီအနှစ် မရကြသေးဘူးလား”
လင်းချီက ဘာမှပြန်မပြော။ သို့သော် ချန်းလင်သည် ထိုအချိန်က သူ့အပေါ် လင်းချီ မည်မျှ မာနထောင်လွှားခဲ့သည်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ထိုနေရာတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
“သခင်လေးလင်း ငါအခုတောင်ပေါ်တက်တုန်းက ဖိနပ်တွေ နည်းနည်းညစ်ပတ်လာတယ် မင်း ဒူးထောက်ပြီး သူတို့ကို သန့်ရှင်းအောင် လျှာနဲ့လျက်ပေးမလား။ မင်းရဲ့ နာခံတတ်မှုအပေါ် မူတည်ပြီး မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးမယ်လေ"
“စမ်းသပ်မှုရဲ့ စည်းကမ်းတွေကို မေ့သွားပြီလား။ ငါတို့ အချင်းချင်း ဝင်ရောက်စွက်ဖက်လို့မရဘူးလေ"
"ဟမ့်! ဘယ်သူက ဂရုစိုက်နေမှာလဲ။ ငါတို့က အခု ကြောက်မက်ဖွယ်တောင်တန်းပေါ် ရောက်နေကြတာ။ ဒီမှာ တကယ့်အစွမ်းအစရှိတဲ့သူက မင်းမူမှာပဲကွ"
•••••••••••