ဒေသခံတွေက သူမအတွက်လက်ဆောင်တွေယူလာကြတယ်
Vol. 2 Ch. 17
“လက်နဲ့လုပ်ထားတာမို့လို့ ဆံထိုးတစ်ခုကဒီလောက်ထိတန်သွားတာလား ”
“ကျောက်စိမ်းအရည်သွေးကြောင့် တန်ဖိုးကြီးသွားတာနေမယ်”
ယနေ့ပင် အဖိုးတန်ပစ္စည်းအမြောက်များ ဆုံးရှုံးထားရသဖြင့် သခင်လု၏ မျက်လုံးများမှာ အားလျော့လျက်ရှိသည်။ တချို့တစ်ဝက် ပြန်ရှာတွေ့နိုင်လျှင်တောင် ထခုန်မတက်ပျော်လောက်မည့်ပုံပင်။
“မေမေက မြို့ကိုရောက်တုန်းခဏလောက်နေရုံပါ သမီးအဖေက စေတနာရှိပေမယ့် မြို့ကို လာပြီး ကျောက်စိမ်းဆံထိုး ဝယ်ဖို့ကိုတောင်တွန့်ဆုတ်နေတယ်ဆိုရင် သူ့သမီးတွေကို သေချာဂရုမစိုက်ဘူးလို့ သေချာပေါက် ပြောမှာလေ” သခင်မလု ထပ်ကာပြောပြန်သည်။
ရှဲ့ချောင် အနည်းငယ်နှာခေါင်းရှုံ့လိုက်ပြီးစကားဆက်မပြောတော့ပေ။
“ရွှေတောင်ငွေတောင်ကြီးကို ဝယ်ချင်ပါတယ်ဆိုရင်တောင် မေမေ့ကို မတားပါဘူး သမီးနာမည်ကိုသာမသုံးပါနဲ့” ပြောလိုက်ပြီး ရှဲ့ချောင် နှုတ်ခမ်းထောင့်များကွေးသွားသည်အထိ အေးစက်စက်ပြုံးပြလိုက်သည်။
ထိုစကားကိုကြားလိုက်ရ၍ သခင်မလု အနည်းငယ်အံ့သြသွားသည်။
ဖေဝမ်းယွဲ့မှာလည်း ပျော်ရွှင်မှုမရှိတော့သယောင်နှင့် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ဖေဝမ်ယွဲ့က "မမ မေမေ့ကို အပြစ်မတင်ပါနဲ့ အမှန်က ဒီနေ့ ပျောက်သွားတဲ့ဟာတွေထဲမှာ မမကိုပေးချင်တာလေးပါသွားလို့ မေမေက စိတ်ပူနေတာပါ”
သူမသည်သတိထားကာ လက်နှစ်ဖက်ကိုညှင်သာစွာဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားနေပုံနှင့်သနားချင့်စဖွယ်ကောင်းနေလေ၏။
“လက်ဆောင်က အဖေ့ဆီကလား အမေ့ဆီကလား” ရှဲ့ချောင်က ခေါင်းမော့ပြီး ဖေဝမ်ယွဲ့အား စိုက်ကြည့်လိုက်သည်။
ဖေဝမ်ယွဲ့၏ နှလုံးခုန်သံ မြန်လာသည်။
ရှဲ့ချောင် နှင့် ပထမဆုံးစတွေ့သည့် နေ့မှစ၍ ရှဲ့ချောင်၏မျက်လုံးများကို တစ်ခါမှစေ့စေ့ စိုက်မကြည့်ခဲ့ဖူးပေ။
ရှဲ့ချောင်မှာ ရုပ်ရည်ချောမောသည်ဟု ထင်ရသော်လည်း သူမ၏မျက်လုံးများသည် အဝေးသို့ အမြဲကြည့်နေဟန် ပျံလွင့်နေသည် အမြဲတစေဂရုပြု မကြည့်ခဲ့မိသဖြင့် သူမ၏အလှကို တစ်ဆယ်ရှိလျှင် နှစ်လောက်သာလှသော အလှဟု သတ်မှတ်ခဲ့မိသည်။
ယခုမှာမူ…
ဤ နက်မှောင်နေသောမျက်ဝန်းတစ်စုံ၏ အကြည့်များသည် နက်နဲပြီး တည်ငြိမ်မှုရှိသည်။သို့သော် သူမ၏မျက်လုံးများတွင် တောက်ပမှု မရှိပေ။ထို့ကြောင့် သူမ၏အကြည့်မှာ ပို၍ကြောက်ဖို့ကောင်းနေသည်။
ချက်ခြင်းဆိုသလိုပင် ဖေဝမ်ယွဲ့ ချွေးစေးပြိုက်ပြိုက်ကျလာမိသည်။
သူမထံသို့ လေအေးများ တိုက်ခတ်လာသယောင် ဘာကြောင့် ခံစားလိုက်ရမှန်း သူမ မသိပေ။
အိုက်စက်ပူလောင်နေသော ရာသီဥတုမှာလည်း ရုတ်တရက်မပူတော့သယောင်။
သခင်မလုမှာလည်း လန့်ဖျပ်သွားပြီး စကားပြောဖို့ပင် မေ့သွားသည်။
"ကြည့်ရတာ ဖေဖေ့ဆီက လက်ဆောင်ဖြစ်မယ့်ပုံပဲ" ပြောရင်း ရှဲ့ချောင်ခေါင်းငုံ့လိုက်သည်။ ဘေးရှိလမ်းမထက်သို့ သူမ၏အကြည့်များပျံ့လွင့်သွားပြီး တည်ငြိမ်စွာပြောလိုက်သည် ။“ပျောက်သွားလည်း ကိစ္စမရှိပါဘူးအဖေ့ကို အသစ်ပြန်ဝယ်ပေးဖို့ အမေပြောပေးလို့ရတာပဲ”
ရှဲ့ချောင်က စကားဆုံးသည်နှင့် ၎င်းတို့အနီးနားရှိတည်းခိုခန်းထဲသို့ လှမ်းကာဝင်သွားလေသည်။
ရှီးဖန်မြို့လေးတွင် တည်းခိုခန်း သုံးခုမှငါးခု အတွင်းသာရှိပြီး သူမမကြာခဏ လာလေ့ရှိသည်။
ရှဲ့ချောင်ဝင်လာသည်နှင့် တည်းခိုခန်းထဲမှ စားပွဲထိုးက သူမကို ချက်ချင်း သတိထားမိသွားသည်။ သူမနှုတ်ခမ်းအား မဟရသေးခင်တွင်ပင်
“သခင်မလေးရှဲ့ ဒီလတော့တောင်ပေါ်ကနေ စောစောဆင်းလာတယ်ပေါ့ ဒီနေ့ရော ချိုတာစားမလား စပ်တာစားချင်လား ဒီနေ့ရတဲ့ငါးတွေက အရမ်းလတ်ဆတ်တယ်!” ဟု ဦးစွာပြောလာလေသည်။
“အဲ့ဒါဆို ငါးစားရအောင် ကျွန်မမနက်ဖြန်မနက် နန်းမြို့တော်ကို သွားတော့မှာလို့ စားဖိုမှူးကွေ့ ကို ပြောဖို့ မမေ့နဲ့ဦးနော်..ကျွန်မအတွက် လတိုင်း စားစရာချန်ထားပေးဖို့ မလိုတော့ဘူးလို့ရောပဲ”
"သခင်မလေးက နန်းမြို့တော်ကိုသွားတော့မလို့လား" စားပွဲထိုးက အံ့အားသင့်သွားကာ ဝမ်းနည်းနေပုံရသည်။
"ကျွန်တော် အခုပဲ စားဖိုမှူးကို သွားပြောလိုက်မယ်။"
ဤမြင်ကွင်းကိုမြင်လိုက်သောသခင်မလုက အနည်းငယ်မျက်မှောင်ကြုံ့သွားပြီး အနားသို့ ကပ်လာသည်။ထို့နောက်
"သမီးက ဘာလို့ ဒီစားပွဲထိုးနဲ့ စကားပြောနေတာလဲ.. အဲဒီလိုလုပ်နေရင် သမီးရဲ့ဂုဏ်သိက္ခာကျလိမ့်မယ်”
ရှဲ့ချောင်မှာ ပေါ့ပါးစွာတခစ်ခစ်ရယ်လိုက်ကာ "သမီးမှာ ဘာဂုဏ်သိက္ခာရှိလို့လဲ မေမေသာ ထုတ်မပြောရင် သမီးကတောင်ပေါ်ကဆင်းလာတဲ့ အမျိုးသမီး တာအိုကျင့်ကြံသူတစ်ယောက်သာသာပဲလေ နောက်ပြီးဒီနေရာက လူတွေရဲ့ စိတ်ကရိုးသားတယ် အရာအားလုံးက မေမေထင်သလောက် မရှုပ်ထွေးပါဘူး"
ခဏအကြာတွင် တည်းခိုခန်းဦးစီးသူမှ ကိုယ်တိုင်လာရောက်ပြီး ရှဲ့ချောင်အား ဝိုင်ပုလင်း ပေးလေသည်။
ထိုလူက သခင်မလုနှင့် သူမ၏သမီးအား ခဏတာစိုက်ကြည့်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောရင်း ပြန်ထွက်သွားသည်။
ဤမြို့ရှိလူများသည် အလွန်ထူးဆန်းစွာ ပြုမူနေထိုင်ကြသည်ဟု သခင်မလု ထင်လိုက်သည်။
အထူးသဖြင့် ရှဲ့ချောင်ရောက်လာပြီးနောက် သူမတို့ကိုစောင့်ကြည့်သူ ပိုများလာပုံရသည်။
ခဏအကြာ စားပွဲထိုးပြန်ရောက်လာပြီး အသားခြောက်၊ အိမ်ဖြစ်အသီးအနှံခြောက်များ အပါအဝင် အခြားပစ္စည်းကောင်းများ ယူလာကာပေး၏။
တည်းခိုခန်းဦးစီသူသည် မည်သည့်စကားမျှမပြောဘဲ ရှဲ့ချောင်ကိုသာ ပြုံးပြလိုက်သည်။
ရှဲ့ချောင်သည် မော့မကြည့်ဘဲ ယဉ်ကျေးစွာ ကျေးဇူးတင်ကြောင်းပြောလိုက်၏။ ထို့နောက် ဘာမှမထူးခြားသလိုပင် မုန့်ဆက်စားနေသည်။
ခဏအကြာတွင် အပြင်ဘက်မှ ဒေသခံမြို့သူမြို့သားများ တစ်အုပ်ပြီးတစ်အုပ်ရောက်လာကြလေသည်။
သူမတွက် လက်ဆောင်များယူလာကြခြင်းပင်....။
လက်ဆောင်များထဲတွင် နွေဦးနှင့်ဆောင်းဦးအတွက် အဝတ်အစားများ၊ ဆောင်းဦးနှင့်ဆောင်းရာသီတွင် ဝတ်ရန် သားရေဝတ်စုံများ၊ အခြောက်လှမ်းထားသော ပိုးကောင် အိတ်များ၊ စနစ်တကျလုပ်ထားသော ပဲမုန့်များပါဝင်လေသည်။ လက်ဝတ်ရတနာများနှင့် ကျောက်စိမ်း အနည်းငယ်လည်းပါသည့်အပြင် ရထားလုံးမောင်းသမားနှင့်ရထားလုံးတွဲနှစ်တွဲပင် ပါဝင်လေသည်...?!
••••••••••