ကောင်းချီးမင်္ဂလာမြေ
Vol. 3 Ch. 21
ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဥာဥ်၏ အရိုးကို တူးမိပြီးချိန်မှ စ၍ ထိုမကောင်းဆိုးဝါး ဝိဥာဥ်သည် တောထဲ၌ လွတ်လပ်စွာ လျှောက်သွားလို့ မရတော့ပေ။ သူမ သွားသည့်နောက်တောက်လျှောက် လိုက်လာခဲ့သည်။
ထိုအချိန်က သူ့"ခန္ဓာကိုယ်" ကို တစုံတယောက်က စွန်းထင်းစေမိမှာကို စိုးရိမ်နေခဲ့သည်။ သူ့မျက်လုံးတွေက ငေးစိုက်ကြည့်နေခဲ့ပြီး သူ၏ ထိုင်းမှိုင်းနေသော မျက်နှာမှာ ကြောက်စရာကောင်းလွန်းနေခဲ့သည်။
ဖေဝမ်ယွဲ့ ထိုသူ၏ ထိုဘက်ခြမ်းကို မမြင်နိုင်သည်မှာ ဝမ်းနည်းစရာပင်။
မဟုတ်လျှင် သူမသည် သူ၏ ရန်လိုသည့် စိုက်ကြည့်နေမှုကို ခံစားမိမှာ သေချာသည်။
ဖေဝမ်ယွဲ့သည် သခင်မ လုအား သတိပေးလိုက်ပြီးနောက် အထုပ်အပိုးကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။
အထုပ်က အတော် ကြီးပြီး ကြည့်ရသည်မှာ အရာဝတ္ထုအမာများ ပါဝင်နေပုံရသည်။
လူအများက စောင့်ကြည့်နေကြသဖြင့် သူမ လူတွေကို အိတ် ဖွင့်ခိုင်းဖို့ တွန့်ဆုတ်နေခဲ့သည်။ ထို့ကြောင့် သူမ နူးညံ့စွာ ပြောလိုက်သည်။
“ ဘယ်လိုထူးဆန်းတဲ့ ပစ္စည်းမျိုးတွေ ရလာပါလိမ့်...ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တော့ ထူးခြားတဲ့ စိတ်နဲ့ ထူးခြားတဲ့ ပစ္စည်းတွေ သုံးတတ်တာပဲ"
တီကောင်တွေကို လက်ဆောင်အနေဖြင့် ပေးသော လူများကို သူမ ပထမဆုံး မြင်ဖူးခြင်းပင်။
သူမ ပိုးကောင်ခြောက် အထုပ်ကို ကြည့်လိုက်ပြီးနောက် ကြက်ဖကြီးအတွက် အစာဖြစ်မည်ဟု သိလိုက်သည်။
ဖေဝမ်ယွဲ့ သက်ပြင်းချမိသည်။ သခင်မ လုနှင့်အတူ သူမပါ အခန်းထဲသို့ ဝင်လိုက်ကာအနည်းငယ် စိတ်မသက်မသာဖြင့် မေးလိုက်သည်။ “ အမေ၊ ဦးလေး ရှဲ့က သူမကို လက်ဆောင်တွေ ခဏခဏ ပို့ပေးနေတယ်မလား?”
“လက်ဆောင်တွေ ပို့တယ်?” သခင်မ လု ဆက်ခနဲ တွန့်သွားသည်။
“ ဟင့်အင်း၊ သူမအဖေက သူမကို လုံးဝ ဂရုမစိုက်ပါဘူး၊ အမေသူနဲ့ လက်ထပ်တော့ သူ့ကို မေးလိုက်သေးတယ်၊ သူ ရှဲ့ချောင်ကို လက်ဆောင်တွေ ပို့ပေးချင်လားလို့လေ၊ သူက မလိုဘူးလို့ ပြန်ပြောတယ်၊ ဒါပေမဲ့ သူမက အသက်ရှည်ရည် နေရမဲ့ ကံမပါတော့ နင့်ဦးလေးက ခုမှ သူမကို စိုးရိမ်လာပြီး ဂရုစိုက်လာတာ၊ ကိုယ့်ကလေးက ကိုယ့်ထက် စောစော သေတော့မယ်ဆိုတာ မြင်ရတော့ သူ့အတွက် နာကျင်ရတာပေါ့”
ထိုအကြောင်း ပြောရင်း သခင်မ လု သက်ပြင်းချလိုက်သည်။ “ ဒီနေ့ ဘာလို့ သူမကို ဒေါသထွက်နေရတာလဲ၊ သူမရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်က သမီးကိုရော အမေ့ကိုရော ခြိမ်းခြောက်လို့ရတာမှ မဟုတ်ပဲ”
‘ သူမက ပညာလည်း ကောင်းကောင်း သင်ခဲ့ရတာမဟုတ်တဲ့အပြင် ကျန်းမာရေးကောင်းတဲ့ ကိုယ်ခန္ဓာလည်း မဟုတ်ဘူး။
အဲလို သမီးမျိုးက နန်းမြို့တော်ကို ပြန်လာပြီး ဘာလုပ်နိုင်မှာလဲ?’
“ အမေ အခု သူမ ကောင်းကောင်း နေထိုင်ပြီး အသိစိတ်ရှိစေချင်တယ်၊ ဒါမှလည်း ရှဲ့မိသားစုရဲ့ သမီး တစ်ယောက်အနေနဲ့ အမေတို့ရဲ့ နာမည်ကို မပျက်စေမှာ၊ သမီးလည်း ရှဲ့မိသားစုရဲ့ နာမည်အားကိုးနဲ့ နောက်ကျရင် မိသားစုကောင်းကောင်းနဲ့ အိမ်ထောင်ပြုလို့ရမှာ” သခင်မ လုက ဖြည့်စွက် ပြောလိုက်သည်။
ဖေဝမ်ယွဲ့လည်း ထိုအတိုင်း တွေးနေလေသည်။
သို့သော် ရှဲ့ချောင်ကို တွေ့ပြီးနောက်တွင် အထူးသဖြင့် သူမရဲ့ လှပတဲ့ မျက်နှာကို မြင်တွေ့ပြီးနောက်မှာ ဖေဝမ်ယွဲ့ မနာလိုစိတ်ဖြစ်မိသည်။
"အမေ၊ ခုနက ဝင်လာတဲ့ အသက်ငယ်ငယ်နဲ့လူကို သိလား? သူကြည့်ရတာ ဥပဒိရုပ်ကောင်းကောင်းနဲ့ အထက်တန်းစားမျိုးနွယ်က မွေးလာတာထင်တယ်” ဖေဝမ်ယွဲ့ ထပ်ပြောလိုက်သည်။
“ သူက စီးပွားရေးသမားများလား? ရှီးဖန်မြို့မှာ ကုန်သည်တွေ အများကြီး ရှိတယ်” သခင်မ လု ခဏ စဥ်းစားလိုက်ပြီးနောက် သူမကို မြန်မြန် သတိပေးလိုက်သည်။
“ သမီး ရုပ်ချောတာက အရေးမကြီးဘူး၊ အဲဒါ အသုံးမဝင်ဘူး! စီးပွားရေးသမား တစ်ယောက်က ချမ်းသာနိုင်တယ် ဒါပေမဲ့ အာဏာ မရှိဘူး၊ အာဏာရှိတဲ့ လူတွေရဲ့ မျက်လုံးထဲမှာတော့ လူချမ်းသာတွေက အသတ်ခံရဖို့ စောင့်နေတဲ့ ဝဝ ဖိုင့်ဖိုင့် သိုးတွေနဲ့ တူတယ်! မင်းဦးလေး ရှဲ့လည်း သူငယ်ငယ်က ချမ်းသာတာပဲ၊ ဒါပေမဲ့ သူ့မိသားစုက သူ အရာရှိဖြစ်လာအောင် ပံ့ပိုးပေးရင်း ပိုက်ဆံတွေ ကုန်သွားခဲ့တာ၊ ဒါက နောက်လာမဲ့ မျိုးဆက်အတွက် အထက်တန်းအဆင့်အတန်းနဲ့ ပိုင်ဆိုင်မှု ရှိနေစေခြင်းလို့ပဲ! အမေ သမီးကို နန်းမြို့တော်ကို ခေါ်လာတာလည်း ရိုးရိုး သာမန် ကုန်သည်လေးနဲ့ စေ့စပ်ပေးဖို့ မဟုတ်ဘူး”
‘ သူမ သမီးက နယ်ပယ်တော်တော် များများမှာ တော်တယ်၊ သူမ အမတ် တစ်ယောက်နဲ့ လက်မထပ်ရင်တောင် အရာရှိငယ် တစ်ယောက်နဲ့တော့ လက်ထပ်သင့်တယ်မလား?’
“အမေ!” ဖေဝမ်ယွဲ့ ခပ်ရွံ့ရွံ့ ခေါ်လိုက်သည်။
သူမ ခုနက တွေ့ခဲ့သော လူချောကြောင့် အံ့အားသင့်ရွှင်မြူးခဲ့သော်လည်း လွန်ခဲ့သည့် နှစ်များအတွင်း အဆင့်အတန်း ခွဲခြားခံခဲ့ရမှုများကို သတိရသွားခဲ့ကာ ထိုအံ့အားသင့် ရွှင်မြူးမှုသည် လေထဲသို့ လွင့်ပျောက်သွားတော့သည်။
ဖေဝမ်ယွဲ့သည် ထိုလူချောထက် အထုပ်ကို ပိုစိတ်ဝင်စားနေခဲ့သည်။
ခဏကြာသော် အထုပ်အား ရှဲ့ချောင်အခန်းသို့ ပို့လိုက်လေသည်။
ရှဲ့ချောင်သည် အဘွားဝမ်နှင့် သူမမြေးကို အပြင်သို့ ထွက်ခိုင်းလိုက်သည်။
မကောင်းဆိုးဝါးဝိဥာဥ်သည် အပြုအမူ သိမ်မွေ့ကာ စိတ်လှုပ်ရှားနေဟန်ဖြစ်နေသော ရှဲ့ချောင်ရှေ့တွင် ရပ်နေခဲ့သည်။
“ ဘယ်လို မြေကောင်းမှာ ရှင် အမြုပ်ခံချင်တာလဲ? နောက်ဘဝဆိုတာ ရှင်ဖြစ်ခဲ့တဲ့ ရှေ့ဘဝနဲ့ ဆက်စပ်နေတာ၊ ရှင်အသက်ရှင်ခဲ့တုန်းက ရှင်က အစေခံ ဖြစ်ခဲ့တော့ သေပြီးနောက်မှာ မြုပ်မဲ့ နေရာက အရမ်းကောင်းလို့ မရဘူး၊ ကောင်းလွန်းနေရင် ရှင့်ရဲ့ ကလေးတွေ၊ မြေးတွေ ထိခိုက်နိုင်တယ်”
ရှဲ့ချောင်က အနီး ပတ်ဝန်းကျင်၏ မြေနေရာပြမြေပုံအား ဖွင့်ကာ အနီးကပ် ကြည့်လိုက်သည်။
“ ငါ့ ကလေးတွေ သာမန် မြို့သူမြို့သားကောင်းတွေ ဖြစ်နိုင်ပါ့မလား သိချင်မိတယ်…”
••••••••••••