ပုပ်ပွနေသော အရိုးများ
Vol. 3 Ch. 22
မကောင်းဆိုးဝါးဝိဉာဉ်က သူ၏လက်များကိုပွတ်လိုက်သည်။
"ကျွန်မ ဒီကိစ္စမှာ ဘာမှ အာမ မခံ ပေးနိုင်ဘူး။ မင်္ဂလာရှိတဲ့ဒီနေရာက ရှင့်ရဲ့မျိုးဆက်တွေကို ကံကောင်းခြင်းတွေ ယူလာပေးမှာပါ။ ဒါပေမယ့် ရှင်ကိုယ်တိုင် အခွင့်အရေးကို မဖမ်းဆုပ်ရင်တော့ ဒါတွေအကုန် အချည်းနှီးဘဲ"
ရှဲ့ချောင် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။
" ဟုတ်ပြီ ဟုတ်ပြီ ကျုပ်နားလည်ပြီ" မကောင်းဆိုးဝါးဝိဉာဉ်က အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။
"ကျုပ်တို့ကိုယ်တိုင်အပါ်ပဲ မူတည်တာပါ!”
လူတစ်ယောက်က မည်မျှပင်သန်မာစေကာမူ ကံမကောင်းလျှင်တော့ ဘာမှ ရနိုင်မည်မဟုတ်ပေ။ ကောက်ရိုးမရှိဘဲ အုတ်ဖုတ်ချင်လို့မရ သလိုပင်။
"ပြောရရင် ဒီဒေသရဲ့ တောင်တန်းတွေနဲ့ ရေကြောင်းတွေက လူတွေကို စောင့်ရှောက်မှာပါ။ ဒီနယ်မြေမှာ တောင်ကုန်းတောင်တန်းတွေ မရှိတဲ့နေရာလို့ကို မရှိသလောက်ပဲဆိုတော့ နယ်မြေအခြေအနေက တော်တော်လေး
ကောင်းတယ်။ လိုက်နာရမှာတွေကို ရှင်မချိုးဖောက်သရွေ့တော့ ရှင့်ရဲ့မိသားစုမှာ ဘာပြဿနာမှ ကြီးကြီးမားမားဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီနေရာရဲ့ အဓိကသော့ချက်က ရေကြောပဲ။"
ရှဲ့ချောင်က အနည်းငယ်မော့ကြည့်လိုက်ကာ
" ဒီနေရာကို ရှင် ဘယ်လိုမြင်လဲ"
ရှဲ့ချောင်ရဲ့ သေးသွယ်တဲ့ လက်ချောင်းလေးတွေက နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
မကောင်းဆိုးဝါးဝိဥာဥ်သည် ကြည့်ရန်အတွက် သူ့ခေါင်းအား မော့လိုက်သည်။ ထိုနေရာအား အချိန်တစ်ခဏကြာ စိုက်ကြည့်ပြီးသော်လည်း သူနားမလည်နိုင် ဖြစ်နေဆဲပင်။
သူက ခေါင်းခါလိုက်သည်။
"ရှင့်အကြိုက် မဟုတ်ဘူးလား" ရှဲ့ချောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
"မဟုတ်ဘူး မဟုတ်ဘူး ၊ ကျုပ်က ကောင်းလားဆိုတာကို မသိတာပါ" မကောင်းဆိုးဝါးဝိဥာဥ်သည် စိတ်လှုပ်ရှားလာသည်။
"ရှင်က ရှင်ကိုယ်တိုင် အနားယူရမယ့်နေရာကိုရှာနေတာဆိုတော့ ရှင့်အကြိုက်ဖြစ်ဖို့လိုတယ်" ရှဲ့ချောင်က မသဲမကွဲ ရေရွတ်လိုက်သည်။ "အနီးနားမှာ စမ်းချောင်းသေးသေးလေး တစ်ခုရှိတယ်၊ အဲ့ဒီက စီးလာတဲ့ရေတွေက ဒီမြေနားမှာ ချောင်းကွေ့လေးဖြစ်နေတာ"
"ဒီမှာ ရေအများကြီး မရှိဘူးဆိုပေမယ့် လုံလောက်ပါတယ်။ မြေကြီးက ချောင်းနဲ့လိုက်ပြီး လှိုင်းတွန့်ပုံလိုမျိုးဖြစ်နေတာ။ ဖြစ်လာတဲ့ အခြေအနေတွေကြောင့် ရှင့်ရဲ့မျိုးဆက်တွေဖို့ လုံလုံလောက်လောက် မြေရလိမ့်မယ်။ သူတို့အတွက် ဆယ်စုနှစ် တစ်ခု နှစ်ခုစာလောက်တော့ ကြွယ်ဝနေဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပြီးရင် သူတို့နာမည်တွေကိုလည်း သုံးနိုင်သေးတယ်" ရှဲ့ချောင်က ထပ်ပြောလိုက်သည်။
" ဆယ်စုနှစ် တစ်ခု နှစ်ခုစာပဲလား" မကောင်းဆိုးဝါးဝိဥာဥ်သည် မှင်သက်သွားသည်။
" ရှင်က အရမ်းလောဘကြီးတာဘဲ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ရှင့်မြေကို ရမယ်ဆိုရင် သုံး လေး ငါးဆက်လောက် ချမ်းသာနိုင်တယ်။ ဒါပေမယ့် ရှင်က ဆွေမရှိ မျိုးမရှိလေ။ ရှင် အကောင်းဆုံးရနိုင်တာ ဒါပဲ။
ရှင့်ရဲ့ သားသမီးနဲ့ မြေးတွေလည်း သူတို့ ရနိုင်တာကို ရလိမ့်မယ်၊ ကျန်တာကတော့ သူတို့အပေါ်ပဲ မူတည်တယ်။ သူတို့သာ ဘာလုပ်သင့်လဲဆိုတာ သိရင် လာမယ့်မျိုးဆက်တွေ မချမ်းသာနိုင်စရာ အကြောင်းမရှိဘူး။ ရှင်က ပုပ်ဆွေးနေတဲ့ အရိုးသာသာဘဲ။ သူတို့ကို ဘယ်လောက်ကြာကြာ စောင့်ရှောက်ဖို့ စီစဉ်နေတာလဲ"
မကောင်းဆိုးဝါးက ရှက်ရှက်နဲ့ ရယ်လိုက်သည်။
သူဒီအကြောင်းကို စဉ်းစားကြည့်တော့ အမတအရှင် ပြောတာမှန်သည်။
သူသည် ကံကောင်း၍ အမတအရှင်နှင့် တွေ့ခဲ့ရခြင်းဖြစ်သည်။ မဟုတ်လျှင် သူသည် ထိုကျက်ရိုင်းမြေထဲတွင် ပုပ်သိုးသွားမည်သာဖြစ်သည်။
ယခုနေရာကို သူ အသေအချာကြည့်မိသောအခါ စက္ကန့်နှင့်အမျှ ပို၍ ပို၍ မြတ်နိုးလာသည်။
သူ၏ သားနှင့်မြေးများလည်း အနည်းငယ်သောကံကောင်းမှုကို ဖမ်းဆုမ်မိနိုင်ဖို့သာ သူမျှော်လင့်မိသည်။
မကောင်းဆိုးဝါးဝိဉာဉ်သည် ကျေနပ်တင်းတိမ်သွားပြီဖြစ်ရာ ရှဲ့ချောင်သည် သူမဘေးတွင် အစောပိုင်းကလောက် မအေးတော့သည်ကို ခံစားလိုက်ရသည်။
ထို့နောက် ရှဲ့ချောင်သည် သူ၏ မွေးဖွားချိန် သေဆုံးချိန်တို့နှင့်ပတ်သက်ပြီး သေသေချာချာမေးရန် ဆက်လက်လုပ်ဆောင်သည်။ ဤအရာများသည် သူ၏ ယင်နှင့် ယန် ကံတရားများဖြစ်လိမ့်မည်။
သူမသည် နန်းမြို့တော်ကို ပြန်ရန် အလျင်လိုနေသဖြင့် သူ့ကိုမြှုပ်နှံရန်အတွက် နေ့ကောင်းရက်ကောင်းအား စောင့်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်သူမက ဒီနေ့ သို့မဟုတ် မနက်ဖြန်၌ သူ၏ ကံကြမ္မာကို ထိခိုက်စေနိုင်မည့် နိမိတ်ဆိုး ရှိ မရှိ စစ်ဆေးလိုက်သည်။
အနည်းငယ်တွက်ချက်ပြီးနောက် ရှဲ့ချောင်က နောက်တစ်နေ့မနက်ကို အချိန်သတ်မှတ်လိုက်သည်။
ထိုအချိန်တွင် နေရောင်သည် တောက်ပစွာ ထွန်းလင်းမည်ဖြစ်သော်လည်း ယန်ဓာတ်သည် အလွန်အားကောင်းမည်မဟုတ်သောကြောင့် သူ၏ဝိဉာဉ်ကို မထိခိုက်နိုင်ပေ။ သူ၏ ယင် နှင့် ယန်ဓာတ်ကို ပိုမို၍ သဟဇာတဖြစ်စေလိမ့်မည်။
ယခုညတွင် သူတို့ဆောင်ရွက်နိုင်သော်လည်း အချိန် အလုံအလောက်မရှိပေ။
အနည်းကျဉ်းမျှသာဖြစ်သည်ဆိုသော်လည်း လုပ်စရာတွေက များနေဆဲပင်ဖြစ်၏။
မနက်ဖြန် မနက်တွင် သူ၏ သင်္ချိုင်းကို တူးရမည်ဖြစ်ကာ ဈာပန အတွက်လည်း ပြင်ဆင်ရမည်။
ရှဲ့ချောင်သည် နှစ်နာရီကြာ နားပြီးနောက် လှုပ်ရှားရန် အဆင့်သင့်ဖြစ်လေပြီ။ သူမက တံခါးကို ဖွင့်လိုက်သည့်အခါ မမျှော်လင့်ဘဲ သူမ စီရင်ပေးခဲ့သည့် နန်းတွင်းသက်တော်စောင့်အား တွေ့လိုက်ရသည်။
"တိုက်ဆိုင်လိုက်တာ။ ရှင်လည်း ဒီမှာဆိုတော့ ကျွန်မနဲ့အတူ အုတ်ဂူတူးဖို့ လိုက်ခဲ့ပါလား" ရှဲ့ချောင်က မေးရန် ဟန်ပြင်လိုက်သည်။
ချင်းကျီမှာ ကြက်သေသေသွားပြီး သူ၏မျက်နှာသည်လည်း တင်းမာလာသည်။
"မိန်းကလေးရှဲ့ ကျွန်တော်တို့ရဲ့ သခင်မှာ အရေးကြီး လုပ်ရမယ့်ကိစ္စတွေ ရှိနေတုန်းပါ၊ ဒါကြောင့် ကျွန်တော် သခင်မလေးနဲ့ အတူ မလိုက်နိုင်မှာစိုးပါတယ်"
ရှဲ့ချောင် မှင်သက်သွားခဲ့သည်။
" ဒီလိုဆိုရင်လည်း ကျွန်မရှင့်ကို ဆွဲမထားတော့ပါဘူး" ရှဲ့ချောင်က စိတ်ထဲထားမနေပေ။
သူမတွင် ယုံကြည်စိတ်ချရသည့် လူတစ်ချို့ရှိသည်။
ထိုသူများထဲမှ တစ်ချို့ဆိုလျှင် ယန်ဓာတ်များနှင့် ပြည့်ဝနေကာ ကံကောင်းမှုများ ပြည့်လျှံနေသည်။ သူတို့အား အများကြီး သက်ရောက်စေလိမ့်မည်မဟုတ်ပေ။ သို့သော် တစ်ချို့တွင် ယန်ဓာတ် အလုံလောက်မရှိပေ။ အထူးသဖြင့် သူမရှေ့တွင် ရှိနေသည့် နန်းတွင်းသက်တော်စောင့်လိုမျိုးဖြစ်သည်။ သူသည် အမျက်ဒေါသများပင် ဖုံးလွမ်းနေ၏။ ထိုကဲ့သို့ မကောင်းသော စွမ်းအင်ကို မရှင်းထုတ်ပစ်နိုင်လျှင် သူ၏ အခြေအနေသည် ပို၍ဆိုးလာပေလိမ့်မည်။
သူမအနေဖြင့် ထိုသက်တော်စောင့်ကို နားပူနားဆာလုပ်ကာ အချိန်ဖြုန်းနေစရာ အကြောင်းမရှိပေ။
ရှဲ့ချောင်က ပြုံးလိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
"အမေရေ သူမ ထပ်ပြီး ထွက်သွားပြန်ပြီ။ အထုပ်အပိုးတွေလည်း ယူသွားပုံမရဘူး။ အပြင်မှာ ဘာသွားလုပ်မယ် ထင်လဲဟင်။"
ဖေ့ဝမ်ယွဲ၏ မျက်နှာတွင် သိချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။
••••••••••