မလုပ်ပေးနိုင်
Vol. 3 Ch. 28
အရာရှိ၏ မျက်ဝန်းများ၌ လေးစားသမှုအရိပ်ယောင် ရှိနေသော်ငြား ဖေဝမ်ယွဲ့၏ခေါင်းမှာ ချာချာလည်နေဆဲပင်။
ရှဲ့ချောင်၊ သူမက တကယ်ပဲ .......ဒီလောက် ချစ်ဖို့ကောင်းနေတာလား။
ဒေသခံများက ဤသို့တွေးခြင်းကို သူမလက်ခံ၍ ရသော်လည်း မင်းမှုထမ်းအရာရှိများကပင် ထိုသို့ဖြစ်နေသော အခါတွင်မူ သူမနားမလည်နိုင်တော့ပေ။
“လူကြီးမင်း” ဖေဝမ်ယွဲ့ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
ယင်းမှသာ အရာရှိက ဣန္ဒြေပြန်ဆယ်လိုက်နိုင်ကာ ဖေဝမ်ယွဲ့ အား ပြုံးပြလိုက်ပြီး “မိန်းကလေး
အခု အလောင်းကို သေချာဖော်ထုတ်ပြီးသွားတော့ အမှုကို စောစောပိတ်လိုက်လို့ရတာပေါ့၊ ဒါကြောင့် အရိုးစု ကို သေသေချာချာ မြှုပ်နှံထားပေးပါ့မယ်”ဟုပြောသည်။
"သေချာ ဖော်ထုတ်ပြီးသွားပြီ ဟုတ်လား" ဖေဝမ်ယွဲ့ အံ့အားသင့်သွားသည်။
ရှဲ့ချောင် စကားတွေကြောင့်လား?။
“စိတ်ချပါ အရာရှိတွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို ဘယ်တော့မှ အရေးယူမှာ မဟုတ်ပါဘူး။ သခင်မလေးရှဲ့က သေဆုံးသူရဲ့ အထောက်အထားကို ပေးထားပြီဖြစ်လို့ သူ့မိသားစုကို ဆက်သွယ်ဖို့ ဆက်လက်လုပ်ဆောင်မှာပါ အချိန်တန်ရင် တစ်စုံတစ်ယောက်တော့ အရိုးတွေကို လာကြည့်ကြမှာပါ ဒါပေမဲ့ ဒါတွေက အရိုးတွေပဲမို့လို့… သူ့ကို မှတ်မိမယ်ဆိုတာ အာမခံချက်မရှိဘူး… ရွှေယွဲ့တာအိုဘုရားကျောင်းက ဒေသအပြင်မှာ နာမည်ကောင်းတစ်ခုရနေတာ တော်သေးတယ်။ တရားခံရဲ့ မိသားစုကို အခုပဲ ဖြေရှင်းချက်ပေးလို့ရတာပေါ့။”
ရွှေယွဲ့တာအိုဘုရားကျောင်း ကိုယုံကြည်ရတဲ့ အဓိကအကြောင်းရင်းမှာ နတ်ဘုရားများ၏ တပည့်များဖြစ်သောကြောင့် မဟုတ်ပေ။
အာဏာပိုင်များအား မကြာခဏ ကူညီတတ်သောကြောင့်ပင်။
အမတအရှင် မိန်းကလေးရှဲ့ အရိုးများအား ရှာတွေ့ရသည့် အကြောင်းရင်းမှာ သူမ မတော်တဆ ဖြတ်သွားရင်း တွေ့ခဲ့သည်မဟုတ်ဘဲ ကြိုတင်တွက်ချက်ထားသောကြောင့်သာဖြစ်နိုင်သည်။ ယခင်တုန်းကလည်း အလားတူ အဖြစ်အပျက်များ ရှိခဲ့ဖူးသည်လေ။
ထို့အပြင်…
ဤကဲ့သို့သော အရိုးစုတွင် လက္ခဏာ သို့မဟုတ် အမှတ်အသားတစ်ခုမှ မပါရှိတတ်ပေ။ သခင်မလေးရှဲ့ ဘာမျှမပြောဘူးဆိုလျှင် တရားရုံးတော်က မည်မျှပင် စုံစမ်းနေပါစေ မည်သူဖြစ်ကြောင်း သူတို့ရှာတွေ့နိုင်မည်မဟုတ်ပေ။ အဆိုးဆုံးဖြစ်နိုင်ခြေမှာ ကမ္ဘာပေါ်၌ နောက်ထပ် လမ်းပျောက်ဆုံးနေသော မကောင်းဆိုးဝါးဝိဥာဥ်တစ်ကောင် လျှောက်သွားနေခြင်းပင်။
အရာရှိများက ရှဲ့ချောင်အား အကြွင်းမဲ့ယုံကြည်ထားပုံရသည်။
ဖေဝမ်ယွဲ့ ဘာပြောရမှန်းတောင် မသိတော့ချေ။
သူမ ပြုံးရုံသာ တတ်နိုင်ခဲ့သည်။ “ဒါဆိုလည်း အရမ်းကောင်းတာပေါ့ ရှဲ့ချောင်အတွက် အစကစိတ်ပူနေတာ အခုတော့ အေးအေးဆေးဆေး နားလို့ရပြီ ဒါနဲ့ ရှဲ့ချောင် ဒီလူကိုဘယ်နေရာမှာ မြှုပ်နှံဖို့ စီစဉ်ထားလဲ။"
ရှဲ့ချောင်စိတ်ရှုပ်သွားသည်။ ဖေဝမ်ယွဲ့၏မေးခွန်းအား တိုက်ရိုက်အဖြေပြန်မပေးခဲ့ပေ။
ထိုအစား ကြမ်းပြင်ပေါ်မှ အရိုးတွေကို ကြည့်ပြီး “အမေ သမီးအထုပ်ကို ဘယ်သူဖွင့်တာလဲ”ဟုမေးလိုက်သည်။
သခင်မလု၏ မျက်နှာအမူအရာ တင်းမာသွားသည်။ အတော်လေး အဆင်မပြေဖြစ်နေ၏။ "ဒါက အရေးကြီးလို့လား"
“ဟုတ်တယ် ဒါအရေးကြီးတယ် ဖွင့်တဲ့သူက ပြန်သိမ်းပေးရမယ်” ရှဲ့ချောင် ကလက်တွေ့ကျကျပြောလိုက်သည်။
သူမပြောလိုက်သည်နှင့် ဖေဝမ်ယွဲ့ နှလုံးခုန်သံမြန်လာသည်။ “အမေ သမီးမသိမ်းချင်ဘူး …”
၎င်းတို့မှာ လူ့အရိုးများပင်။
လုံးဝ သူမထိမည်မဟုတ်ပေ။
“နင်တူးလာတာလေ နင်ပဲပြန်ထုပ်လိုက်ပါလား ဝမ်ယွဲ့က ငယ်သေးတယ်လေ ဒီလိုမျိုးတွေတစ်ခါမှ မမြင်ဖူးဘူး ဒါကို သူကဘယ်လိုလုပ်ရှင်းတတ်မှာလဲ” သခင်မလု အမြန်ပြောလိုက်သည်။ “ဟဲ့ကောင်မလေး နင့်ညီမကို အနစ်နာခံတယ်ပဲတွေးလိုက်လေ အမေတို့လည်သမီးကိုကျေးဇူးတင်မှာပါ"
၎င်းကိုကြားတော့ ရှဲ့ချောင် ပေါ့ပါးစွာ ပြုံးလိုက်သည်။
“မိန်းကလေးဖေက ကျွန်မညီမဘယ်တုန်းကဖြစ်သွားတာလဲ သွေးသားရင်းတွေမို့လို့လား ဒါမှမဟုတ် ဘိုးဘွားတွေဘက်က မို့လို့လား။ တစ်ခုမှ မဟုတ်ရင်တော့ သေချာရှင်းပြဖို့လိုမယ်။ သူလုပ်သင့်တာကို လုပ်ရမယ်။ မကြည့်ရက်ရင် ကိုယ်တိုင်ဝင်လုပ်လို့ရပါတယ် မေမေ။ သမီးကလူမရွေးပါဘူး" ရှဲ့ချောင်က ပေါ့ပေါ့ပါးပါး ပြောသည်။
ကိုယ်စား ဟုတ်လား?
သခင်မလုသည် ထိုအလောင်းကို မကြည့်ဝံ့ပေ။
" ရှဲ့ချောင် နင်က လုပ်နိုင်တယ်လေ။ တို့ကမလုပ်နိုင်ဘူး ကျေးဇူးပြုပြီး ကူညီပေးမယ်မဟုတ်လား?" ဖေဝမ်ယွဲ့ ချစ်စရာကောင်းစွာ ပြောလိုက်သည်။ သူမ ရှဲ့ချောင်အားကြေကွဲစွာကြည့်ကာ ချက်ချင်းပင် မဝံ့မရဲဖြစ်သွား၏။
ရှဲ့ချောင်အနည်းငယ်ပြုံးလိုက်သည်။ "မလုပ်နိုင်ဘူး မိန်းကလေးဖေ"
ဖေဝမ်ယွဲ့၏ အဆင်မပြေသော အပြုံးသည် မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။
ထိုအချိန်တွင် သူမ ဘာလုပ်ရမှန်း မသိတော့ချေ။ မျက်လုံးများနီရဲ၍ ပါးစပ်မှ တတွတ်တွတ်ပြောနေကာ စကားလုံးတိုင်းမှာ ငိုရှိုက်သံများဖြင့် သနားစရာ မြင်ကွင်းကလေးတစ်ခုဖြစ်နေ၏။
“ပစ္စည်းတွေက မိန်းကလေးပိုင်တာလေ အစ်မဖြစ်ပြီး နည်းနည်းလေးရှင်းဖို့တောင် စိတ်ကူးမရှိဘူးလား” လူအုပ်ကြားထဲမှ အရာရှိများအား ခေါ်ရန် ပြေးသွားသော အမျိုးသားက လှမ်းအော်သည်။
ဒီစကားကို သူပြောပြီးချိန်၌ လူအနည်းငယ်က ခေါင်းညိတ်ထောက်ခံခဲ့ကြသည်။
ရှဲ့ချောင်မှာ ထိုအလောင်းကို ယူဆောင်လာပြီး အခန်း၌ ထားခဲ့ခြင်း ဖြစ်သဖြင့် ဤအရာများကို သူမ မကြောက်တတ်ဘူးဆိုသည်မှာထင်ရှားသည်။ သို့သော် သာမာန်မိန်းမပျိုတစ်ယောက်အတွက်တော့ ခြားနားသောကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော ထိတ်လန့်မှုမျိုးကို သူမ မည်သို့ကိုင်တွယ်နိုင်မည်နည်း။
••••••••