မွဲနေပြီ
Vol. 3 Ch. 40
ဖေဝမ်ယွဲ့ လျင်မြန်စွာ ခေါင်းယမ်းပြလိုက်သည်။ သူမပုံစံမှာ အတော်လေးကြောက်လန့်နေသကဲ့သို့ "မဟုတ်ပါဘူး။ လမ်းမှာတုန်းက ထိတ်လန့်စရာလေးတစ်ခု ကြုံခဲ့ရလို့ပါ။ ဘာမှမဖြစ်ပါဘူး။ အဖေ စိတ်ပူစရာ မလိုပါဘူးရှင့်"
"ထိတ်လန့်စရာ? လမ်းမှာ ဘာတွေများ တွေ့ကြုံခဲ့ရလို့လဲ?"
ရှဲ့နျိုရှန်းသည် ထို့ထက်ပိုမေးရန် မရည်ရွယ်ခဲ့ပေ။ ရုတ်တရက်ပေါ်လာသည့် သူ၏သမီးဖြစ်သူအား ကွဲထွက်နေသည်ဟု ခံစားနေရမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမအား ချော့ရန်ကြိုးစားလိုက်၏။
ဖေဝမ်ယွဲ့သည် တစ်စုံတစ်ခုကိုပြောရန် အခက်အခဲရှိနေသကဲ့သို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့သည်။
သူမ၏ အပြုအမူကြောင့် ရှဲ့နျိုရှန်းသည် ပို၍ပင် သိချင်လာတော့သည်။
"တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ?" ရှဲ့နျိုရှန်း၏အသံ မဲမှောင်နေသည်မှာ တစ်စုံတစ်ယောက်အား ရိုက်နှက်ထုထောင်းရန် အသင့်ဖြစ်နေသကဲ့သို့ပင်။
သူမ၏ သမီးဖြစ်သူ ကြောင်အနေသည်ကို တွေ့သောအခါ သခင်မလုမှ ပြောလိုက်၏။ "ကျွန်မတို့ အဲဒီကောင်မလေးရှဲ့ချောင်ကို သွားခေါ်ခဲ့တုန်းက သူမက ထူးဆန်းတဲ့အထုပ်တစ်ထုပ်ကို ယူလာခဲ့တယ်လေ။ ကျွန်မတို့ကလည်း သံသယဖြစ်စရာ တစ်ခုခုဖြစ်နေမှာဆိုးလို့ လန့်ပြီး စစ်ကြည့်ရမယ်ထင်မိလို့ ဖွင့်ပြီး ချောင်းကြည့်လိုက်တယ်။ အဲ့တာက လူအရိုးတွေ ဖြစ်နေမယ်လို့လည်း ကျွန်မတို့ မထင်ထားခဲ့ဘူး။ ပြီးတော့ ရှဲ့ချောင်က ဝမ်ယွဲ့ကို အရိုးတွေကို ပြန်ထည့်ပြီးထုပ်ပေးဖို့ ဖိအားပေးတယ်။ သူမက သတ္တိနည်းပြီး လောကကြီးရဲ့ ကြမ်းတမ်းရက်စက်မှု ဖြစ်ရပ်တွေကို အတွေ့အကြုံမရှိသေးဘူးလေ။ အဲဒါကြောင့် သူမ ချောက်ချားတုန်လှုပ်သွားခဲ့တာ"
အဲ့တာလေးကြောင့်နဲ့လား?
ရှဲ့နျိုရှန်း မျက်ခုံးပင့်လိုက်၏။
အဲ့တာက ဒီအတိုင်း လူအရိုးစုတစ်ခုလေးပဲလေ...
"နည်းနည်းလောက်ထပ်ပြီး လေ့ကျင့်လိုက်။ မင်းရဲ့ အစ်ကိုအကြီးဆုံးက ဒီလိုအရိုးစုတွေ သန့်ရှင်းပြီးသပ်ရပ်သွားအောင် ပြုပြင်နိုင်တဲ့ ဆေးဝါးတစ်ချို့ကို အဓိကထားပြီး ထုတ်နေတာ။ ဒါတွေက သူ့ရဲ့စာလေ့လာမှုထဲက ဖြတ်ကျော်ရမယ့်အရာတွေလေ။ အခုရော၊ နောက်ရော မင်းမြင်နေရပြီး ကြုံတွေ့ရနိုင်တယ်။ နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်မြင်ပြီးရင်တော့ မင်းလန့်တော့မှာ မဟုတ်ပါဘူး" ရှဲ့နျိုရှန်းမှ မထူးဆန်းသလို ပုံမှန်အတိုင်း ပြောလိုက်သည်။
ထိုကဲ့သို့ ပြောလိုက်သည့် အချိန်၌ ဖေဝမ်ယွဲ့၏ မျက်နှာမှာ ရုတ်ချည်းဖြူဖျော့သွားလေသည်။
သခင်မလုသည်လည်း ကြက်သေသေနေလေ၏။
ရှဲ့ဖင်းကန်းသည် တမူထူးခြားသည်ဟု သူမ တစ်ချိန်လုံးသိထားခဲ့သော်လည်း သူ့အိမ်၌ လူအရိုးစုများအား သိမ်းထားလိမ့်မည်ဟုတော့ လုံးဝ မမျှော်လင့်ထားခဲ့ပေ!
ဒီမောင်နှမတွေကတော့!
ထိုအချိန်က ရှဲ့ဖင်းကန်းသည် ဘေးဖက်တွင် ထိုင်နေခဲ့၏။
သူသည် ရှဲ့နျိုရှန်းထက် ခေါင်းတစ်လုံးပိုမြင့်လေသည်။ သူ၏ တုတ်ခိုင်သန်မာသော သွင်ပြင်မှာ ဝက်ဝံတစ်ကောင်ကဲ့သို့ ကြီးမားလှသည်။ ဖေဝမ်ယွဲ့သည် သူ့အား ကြည့်ပင် မကြည့်ရဲချေ။ ယခု သူ့ထံ၌ ထိုကဲ့သို့သော စွဲလမ်းခြင်းရှိကြောင်း သိလိုက်ရရာ သူမသည် မျက်လုံးပင့်ကြည့်ရန် ပို၍ပင် ကြောက်ရွံ့နေတော့သည်။
ရှဲ့ဖင်းကန်းသည် အတော်လေးထောက်ထားညှာတာစွာဖြင့် "မိန်းကလေးတစ်ယောက်က အဲ့လိုအရာတွေကို ဘယ်လိုလုပ် ကြည့်ချင်မှာလဲ? ကိုယ့်ကိုယ်ကို အကြောင်းအရင်းမရှိ ထိတ်လန့်တာကနေ ဖျားအောင် လုပ်တာပဲဖြစ်မှာလေ"
ဖေဝမ်ယွဲ့ စိတ်ထဲ မည်သို့မျှ ပိုကောင်းလာသည်ဟု မခံစားရပေ။
ဤခံစားချက်မှာ ဝက်ဝံတစ်ကောင်က သူမရှေ့၌ မတ်တပ်ရပ်နေပြီး သူမအား မကြောက်ရန် ပြောနေသကဲ့သို့ပင်။
အမေပြောခဲ့သည်မှာ ရှဲ့ဖင်းကန်းသည် တုတ်ခိုင်သန်မာကာ ခက်ထန်ပုံပေါ်သည်ဟုပေ။ သူမ မရောက်ရှိခင်က အတတ်နိုင်ဆုံး သူ့အားပုံဖော်ကြည့်ရန် ကြိုးစားခဲ့သည်။ သို့ပေမဲ့ ယခုသူ့အား လူကိုယ်တိုင်မြင်လိုက်ရသောအခါ သူမ၏ စိတ်ကူးပုံဖော်ထားသည်များ ပြိုလဲသွားသကဲ့သို့ ခံစားရလေသည်။
"အဖေ ရှဲ့ချောင်အတွက် လက်ဆောင်ပြင်ဆင်ထားလား?" ရှဲ့ဖင်းကန်း ရုတ်တရက် မေးလိုက်၏။
"မပြင်ရသေးဘူး! နောက်ထပ်ရက်နည်းနည်းလောက်နေမှ သွားကြည့်မယ်လို့ စဥ်းစားထားတာ။ သူတို့ အိမ်တော်ကို အစောကြီး ပြန်ရောက်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ" ရှဲ့နျိုရှန်းမှာ အခြားသူများထက် သူ့ကိုယ်သူ ပြန်ပြောနေလေသည်။
ရှဲ့ဖင်းကန်းသည် ခေါင်းကို အသာမော့လိုက်ကာ "ကျွန်တော်ရောပဲ။ ဒီလအတွက် ကျွန်တော့်ရဲ့ ထောက်ပံ့ကြေးကို သုံးပြီးသွားပြီ။ ကျွန်တော့်ကို နည်းနည်းလောက်ချေးပေးပါ အဖေ"
" ငါမင်းကို ဘာမှ မချေးနိုင်ဘူး! ရှူး! ငါ့မှာလည်း ငွေစသိပ်မကျန်တော့ဘူး! " ရှဲ့နျိုရှန်း မျက်ဆံလှန်လိုက်ကာ သူ့လက်များ ဗလာဖြစ်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရကာ အနည်းငယ် ရုန်းကန်နေရသည်ဟု ကိုယ့်ကိုကိုယ်ခံစားလိုက်ရသည်။
သူမွဲနေပြီ။
အကြီးအကဲတစ်ယောက်ဖြစ်ရတာ ငွေအကုန်အကျ များလွန်းတယ်!
ဒီဆွေးမြည့်နေတဲ့အိမ်နဲ့ ဆွေးမြည့်နေတဲ့ ဂုဏ်ပုဒ်က သူ့ရဲ့ ဘဏ္ဍာတိုက်ကို ရှင်းလင်းသွားခဲ့ပြီးလေပြီ။ ကျန်ရှိနေသေးသော အပိုင်းအစများမှာ ဤမျှော့အုပ်စုကြီးအား ကျွေးမွေးရန်ဖြစ်သည်။ သူ့ထံတွင် ဝိုင်ကောင်းကောင်းနှစ်ငုံခန့်အတွက်ပင် ငွေ အလုံအလောက်မရှိတော့ပေ။ လတိုင်းတွင် ငွေရရန်အတွက် သူအတတ်နိုင်ဆုံး အလုပ်ကြိုးစားရပြီး မည်သည်ကိုမှ သူမသုံးဝံ့ပေ!
ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်း၏ အကြည့်များမှာ ရှဲ့ရှီအပေါ်သို့ တပြိုင်တည်း ကျရောက်သွားကြသည်။
ရှဲ့ရှီနှင့် ရှဲ့ဖင်းဟွိုက်တို့ နှစ်ယောက်လုံးမှာ ဤနှစ်တွင် ၁၂ နှစ်သာ ရှိသေးလေသည်။
ရှဲ့ရှီမှာ ရုတ်ချည်းပင် ခေါင်းငုံ့လိုက်လေသည်။ "ငွေမရှိဘူး။ ဆင်းရဲ..."
"ကျွန်တော့်မှာလည်း မရှိဘူး!" ရှဲ့ဖင်းဟွိုက်မှ သံယောင်လိုက်လေ၏။
"ဖင်းဟွိုက်မှာ ရှိတယ်" ရှဲ့ရှီ ခေါင်းငုံ့ကာ ဗလုံးဗထွေးပြောလိုက်သည်။
"..." ရှဲ့ဖင်းဟွိုက်မှာ ချက်ချင်းပင် နောက်သို့ ခုန်လိုက်ကာ "အဖေတို့ ကျွန်တော့်ငွေစတွေကို ယူသွားလို့မရဘူး။ အမေက အခုလေးတင်မှ ဒါတွေပေးခဲ့တာ! ကျွန်တော့်လက်ထဲ သူတို့ကို ပူအောင်တောင် မကိုင်ရသေးဘူး!"
"ဟဲဟဲ။ ကျောက်တုံးတွေ ဒါမှမဟုတ် ငွေစတွေကို မင်းလက်ထဲမှာ ဆယ်ရက် ဒါမှမဟုတ် တစ်လလောက်ကိုင်ထားရင်တောင် အများကြီး ပူနွေးလာမှာမဟုတ်ဘူး။ ညီတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့အစ်ကို၊အစ်မတွေကို မင်းလေးစားသင့်တယ်" ရှဲ့ဖင်းကန်း မတ်တပ်ထရပ်လိုက်သည်။
ကြက်တစ်ကောင်အား သယ်မလိုက်သကဲ့သို့ ရှဲ့ဖင်းဟွိုက်အား ကောက်မလိုက်ကာ အဝတ်အစားများတစ်ဝိုက် ပုတ်ချလေတော့သည်။ မှောက်လိုက်လှန်လိုက်လုပ်ပြီးနောက် တစ်ခုကို ငွေစ ၅၀ တန်သော ငွေလက်မှတ် ၂ ခုအား သူကောက်ယူလိုက်လေသည်။
"ကွက်တိပဲ အဖေရေ။ တစ်ယောက်တစ်ခုဆီပဲ။ ကျွန်တော်တို့မှာ ဘာလက်ဆောင်မှ မရှိဘူးဆိုရင် သူမကို ဒီတိုင်းငွေသားပဲ တိုက်ရိုက်ပေးလိုက်ကြရအောင်။ ကျွန်တော်တို့တွေ ဘယ်သူကမှ ဘယ်သူ့ထက်သာအောင် မလုပ်နိုင်ပါဘူး" ရှဲ့ဖင်းကန်းသည် ငွေစဝေစုတစ်ဝက်အား တိုက်ရိုက် ပစ်ပေးလိုက်လေသည်။
"ကျွန်တော်ကျတော့ရော..." ရှဲ့ဖင်းဟွိုက် အသက်မပါသောမျက်လုံးများဖြင့် ကြည့်လိုက်လေ၏။
•••••••••