← Chapters

အရည်အချင်း

Vol. 4 Ch. 45

အရည်အချင်း

Vol. 4 Ch. 45

ရှဲ့ချောင်မှာ သူမနှင့်အတူ ငွေကြေးအများကြီးယူလာရန် မစဉ်းစားခဲ့ပေ။

ရွှေယွဲ့တာအိုဘုရားကျောင်းမှာလည်း တစ်နှစ်ပတ်လုံးလည်ပတ်နေသည်ဖြစ်သော်ငြား ကုန်ကျမှုများက အတော်ကြီးနေတုန်းပင်။

သူမသည်  အလုပ်မှန်သမျှလက်ခံသူမဟုတ်ချေ။ ရွှေယွဲ့တာအိုဘုရားကျောင်းမှာ ယွင်ကျင်းတောင်တန်း၌ကျော်ကြားသော်လည်း အမွှေးတိုင်များ လာရောက်ပူဇော်သူသိပ်မရှိပေ။

ဘုရားကျောင်းတွင် လူနည်းသည်။ အလုပ်များနေသည့်အလျောက် စုဆောင်းထားသည့်ငွေများမှာလည်း တဖြည်းဖြည်းယုတ်လျော့လာသည်ပင်။

သူမ ယခုခရီးစဉ်အတွက် ငွေစ ၆,၀၀၀ မှ ၇,၀၀၀ကြား ယူဆောင်လာခဲ့သည်။များသည်ဟုထင်ရသော်လည်း  လက်တွေ့တွင် ဝယ်ခြမ်းစရာတစ်ပုံတစ်ပင် နှင့်ပင်။

သူမ၏ခန္ဓာကိုယ်မှာ ချို့တဲ့သဖြင့် အားနည်းလေသည်။ စိတ်ဝိညာဉ်ဖြင့် လုပ်ရသော်လည်း သူမခန္ဓာကိုယ်အား ပြန်၍အင်အားဖြည့်တင်းပေးရသည်။

ငယ်စဉ်ကတည်းက ဂျင်ဆင်းမြစ်မစားရဖို့ နေနေသာသာ လူအိုကြီးက သူမတွက် ယန်ဓာတ်စွမ်းအင်ဆေးသောက်ရန်ပင် ညွှန်ကြားခဲ့တာဖြစ်သည်။ ပါဝင်ပစ္စည်းများသည် အလွန်စျေးကြီးသည်။  ငါးကြီးအန်ဖတ် တစ်ခုနှစ်ခုကိုပင် ငွေစလေးဆယ် ကုန်ကျလေသည်။

သူမအတွက် ဆေးဖိုးဝါးခအပြင်သာ့ရှုန်း အတွက်စားသောက်စရိတ်မှာလည်း မနည်းမနောပေးရသေးသည်။

သာ့ရှုန်း စားသော ပိုးကောင်များ၏တစ်ဝက်မှာ တောင်ပေါ်မှပိုးကောင်ခြောက်များဖြစ်သည်။

ထိုအတောအတွင်း တစ်ချို့တစ်ဝက်မှာ သူမကိုယ်တိုင်ဖမ်းမိပြီး သစ်ကြံပိုးခေါက်ဖြင့် ရောကျွေးသော ပိုးကောင်များဖြစ်သည်။

သစ်ကြံပိုးခေါက်သည် လူ၏စိတ်ဝိညာဉ်ကို ဖြည့်စွမ်းပေးနိုင်ပြီး စိတ်ဝိညာဉ်ကို အေးချမ်းစေကာ အပူမီးငြိမ်းစေသည်။ နေနှင့်လ၏အနှစ်သာရ သွေးပြန်ကြောများမှ ထုတ်ယူခဲ့ခြင်းကြောင့် ၎င်းသည် ယန်စွမ်းအင်ဖြစ် လာခြင်းဖြစ်သည်။

သူမအသုံးပြုသော သစ်ကြံပိုးခေါက်မှာလည်း အရည်အသွေးမြင့်သည်။

သာ့ရှုန်းမှာ ပိုးကောင်များကို အလွန်အမင်းမစားသော်လည်း သူမကတော့ နေ့စဉ်အဆောင်ရေးဆွဲခြင်းကို လေ့ကျင့်ရန် လိုအပ်သည်။ ထိုကုန်ကျစရိတ်များပါ ပေါင်းထည့်လိုက်လျှင် ကုန်ကျစရိတ်များက သိသာထင်ရှားသည်။

ခြုံငုံပြောရလျှင် သူမလည်းပိုက်ဆံမရှိချေ။

၎င်းမှာ သူမတို့၏ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်၍ ရှဲ့နျိုရှန်း၏ ငွေများကိုလည်း မသုံးချင်ပေ။

သူမ၏ ဖခင်အရင်းဖြစ်သော်လည်း ထိုသူမှာဆင်းရဲသားစစ်စစ်ဖြစ်ပြီး တတ်နိုင်သလောက် အနည်းငယ်စီ စုဆောင်းထားတတ်သူဖြစ်သည်။

“တော်ဝင်ကျောင်းတော်ကြီး မှာ ဘယ်လိုလူစားမျိုးတွေကို ခေါ်တာလဲ ဒါမှမဟုတ် မိသားစုထဲမှာ ငွေနဲ့ အရာရှိတစ်ယောက်ရယ်လိုတာလား” ရှဲ့ချောင်မေးလိုက်သည်။

ဖေဝမ်ယွဲ့သည် ရှဲ့နျိုရှန်းအား လှည့်ကြည့်လိုက်၏။

ရှဲ့နျိုရှန်း ခဏလောက် စဉ်းစားလိုက်သည်။ “အဲဒါတော့ အဖေလည်း သိပ်မသေချာဘူး အရင်တုန်းကတော့ သမီးအစ်ကိုနဲ့ ညီမလေးက ပိုက်ဆံပေးလိုက်လို့ ဝင်ခွင့်စာမေးပွဲ မဖြေလိုက်ရဘူး။”

ရှဲ့ဖင်းဟွိုက်က သူ့ခေါင်းကို ဂရုတစိုက်မော့ပြီး ပျော်ရွှင်စွာပြောလိုက်သည်။"ငါသိတယ်”

“ညီမလေးတို့ကို အလင်းပြပါဦး ” ရှဲ့ချောင်မှ ပြုံးကာပြောလိုက်သည်။

ရှဲ့ဖင်းဟွိုက်၏မျက်နှာပြင်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။

“တတိယအဆင့် နဲ့အထက် မင်းမှုထမ်းတွေရဲ့ တရားဝင်သားသမီးတွေက အသက်ရှစ်နှစ်ပြည့်ပြီးတာနဲ့ စာမေးပွဲဖြေဆိုစရာမလိုဘဲ ကျောင်းမှာ တိုက်ရိုက်ပညာသင်ကြားနိုင်တယ်။

တရားမဝင် သားသမီးတွေကတော့ အသက်ဆယ်နှစ်ကျော်မှ စာမေးပွဲကို ဝင်ဖြေနိုင်တယ်။ ပါတဲ့အကြောင်းအရာက ရိုးရှင်းပါတယ်။ အရူးနဲ့ ဘာကျွမ်းကျင်မှုမှ မရှိတဲ့သူတွေကလွဲလို့ အများစုကဝင်ရောက်နိုင်တယ်။"

“တတိယအဆင့် အောက်ကမင်းမှုထမ်းတွေရဲ့ ကလေးတွေကတော့ အရည်အချင်းပြည့်မီဖို့ ငွေပေးတာအပြင် အသက်ဆယ်နှစ်ကျော်ရင် ဝင်ခွင့်စာမေးပွဲဖြေခွင့်ရှိတယ်။ ဒါပေမဲ့ ဝင်ခွင့်စာမေးပွဲက နည်းနည်းပိုခက်တယ်။ အဲဒါက တော်ဝင်စာမေးပွဲ ဖြေရသလိုပဲပေါ့"

“ငွေပေးပြီး တရားမဝင်သားသမီးတွေ ဝင်ခွင့်စာမေးပွဲဖြေမယ်ဆိုရင် အခကြေးငွေက တစ်ကြိမ်ထက်တစ်ကြိမ် ပိုဈေးကြီးတယ်"

“သာမာန်ပြည်သူတွေလည်း လျှောက်ထားနိုင်ပေမဲ့ လိုအပ်ချက်က ပိုများတယ်။ ငွေအများကြီး ပေးရမယ့်အပြင်၊ လုံလောက်တဲ့ ထက်မြက်မှု ရှိရမယ် ဒါမှမဟုတ်ရင်တော့ သူတို့ကို တတိယအဆင့်နဲ့အထက် အရာရှိက အကြံပြုထောက်ခံပေးဖို့ လိုအပ်တယ်။"

“ယောကျာ်းလေးနဲ့မိန်းကလေးကြား ခြားနားချက်က… သူတို့က တစ်နှစ်မှာ တစ်ကြိမ်ပဲ ယောကျာ်းလေး ကျောင်းသားတွေကို လက်ခံတယ် အသက် ဆယ်နှစ်ကနေ ၂၅ နှစ်ကြား ပေါ့။  ဆယ်နှစ်ကျော်တဲ့ မိန်းကလေးတွေအတွက် ကျတော့ လစဉ်စာမေးပွဲဖြေရမဲ့ရက် ရှိလိမ့်မယ်။ အိမ်ထောင်ရှိရင်တော့ စာရင်းသွင်းလို့ မရဘူး။” ရှဲ့ဖင်းဟွိုက်က အသေးစိပ်ကျကျရှင်းပြသည်။

ရှဲ့ချောင် နားလည်သွားလေပြီ။

တော်ဝင်ကျောင်းတော်ကြီးတွင် ပညာအမှန်တကယ်လေ့လာချင်သူ အများအပြားမရှိပေ။ အများစုမှာ ကျော်ကြားမှုနှင့် ငွေကြေးအတွက်သာ လာရောက်ကြခြင်းဖြစ်သည်။

ထိုနေရာတွင် တော်ဝင်မင်းသားများနှင့် တော်ဝင်မြေးတော်များ ရှိလိမ့်မည်ပင်။

မင်းမှုထမ်းမဟုတ်သည့် ချမ်းသာသောမိသားစုများသည် သူတို့၏ ကလေးများအား ငွေမည်မျှပင်ကုန်ကျပါစေ အရပို့ပေးကြလိမ့်မည်။ ထိုလူများမှာ နှပ်ချရ အကောင်းဆုံးပင်။

“တတိယအဆင့်နဲ့အထက် အရာရှိတွေရဲ့ထောက်ခံချက် ပါတဲ့သူတွေပဲဝင်လို့ရတာလား မပါရင်ရော ငွေဘယ်လောက်ပေးရမှာလဲ?" ဖေဝမ်ယွဲ့ရုတ်တရက် မေးလိုက်သည်။ သူမ၏အသံမှာ အတော်လေး စိတ်မရှည်ပုံပင်။

'ဦးလေးရှဲ့က အဆင့်လေး အရာရှိလေးပဲလေ’

ဒါတင်မကသေး၊ သူမသည် သူ့သမီးအရင်းမဟုတ်သဖြင့် ဖေဝမ်ယွဲ့မှာ သာမန်လူအဖြစ်သာ စာရင်းသွင်းခြင်းခံရမည်ဖြစ်သည်။

••••••••

All Chapters