← Chapters

ဘာမှ မကျန်တော့

Vol. 4 Ch. 49

ဘာမှ မကျန်တော့

Vol. 4 Ch. 49

ဖေဝမ်ယွဲ့ နားမလည် နိုင်ပေ။ ရှဲ့ချောင် သူတို့နှင့် တစ်ခါမှ မဆုံဖူးဘူး မဟုတ်ဘူးလား?။

ခဏလောက် စကားပြောပြီး သည်နှင့် ဘာကြောင့်များ သူတို့နှင့် ရင်းနှီးသလို ဖြစ်သွားရသလဲ သူမ မသိပေ။

ဖေဝမ်ယွဲ့မှာ ထိုအကြောင်းကို ခဏ စဉ်းစား လိုက်ပြီး စကားပြောရန် အခွင့်အရေးကို ဆုပ်ကိုင် လိုက်သည်။ “အစ်မရှဲ့ကို သွားခေါ်တုန်းက မမငွေတွေ ပျောက်သွား သေးတယ်။ ညီမလေးရှီအာ အတွက် အများကြီး ပြင်ဆင်လာ ပေးတာ။ အခု မပေး နိုင်တော့ဘူး။ စိတ်မကောင်း စရာပဲ…”

သူမကို ကြည့်ဖို့ ရှဲ့ရှီ ခေါင်းမော့ လိုက်သည်။ သူမ၏ မျက်လုံးများသည် ဖြူစင်သည်။

"ပိုက်ဆံ ပျောက်သွား တာလား? ဘယ်လောက်တောင်လဲ?" ရှဲ့ဖင်းကန်း မျက်မှောင် ကြုတ်လိုက်သည်။

ထိုအချိန်တွင် သခင်မလုမှာ အဝေးတစ်နေရာ ရောက်နေပြီ ဖြစ်သည်။ ငွေစာရင်း စစ်ရန် သူ့(ရှဲ့ဖင်းကန်း)အဖေအား အားကိုး၍ မရသောကြောင့် သူက အဓိက လုပ်ဆောင်နေသူ ဖြစ်သည်။

မိသားစု၌ ငွေ မည်မျှ ရှိလဲ ဆိုသည်အား အကြမ်းဖျင်းတော့ သူ သိသည်။

သခင်မလု ထွက်သွားစဉ်က သူမနှင့်အတူ ငွေစ၅၀၀၀ ကို ယူဆောင် သွားခဲ့သည်။

သူ့အဖေနှင့် သူ၏လစာမှာ အလွန် ရှုပ်ထွေးသည်။ လာဘ်ပေး လာဘ်ယူ မှုတွင် မပါဝင်သည့် အရာရှိများ အနေနှင့် အစားအသောက်နှင့် အထွေထွေသုံး ပစ္စည်းများကို ဝယ်ခြမ်း ပြီးနောက် တစ်နှစ် ဝင်ငွေသည် ငွေစ ရာချီ အနည်းငယ်သာ ကျန်သည်။

ပုံမှန်အတိုင်း သူတို့အား ပေးထားသော လယ်ကွင်းများမှ ၀င်ငွေ၊ ဆုလာဘ်များနှင့် သူတို့ ပိုင်ဆိုင်သည့် ရွာများနှင့် ဆိုင်များမှ ရသော ဝင်ငွေ မပါချေ။သူတို့သည် ထိုအိမ်ခြံမြေ များမှရသော ၀င်ငွေ အပေါ်တွင် နှစ်စဉ် မှီခိုနေရခြင်း ဖြစ်သည်။

မိသားစုတွင် ရွာသုံးရွာနှင့် ဆိုင် ဆယ်ခု ရှိသည်။ သူတို့ ကိုယ်တိုင် ဦးစီးခြင်း မဟုတ်ပဲ ဌားထားခြင်း ဖြစ်သည်။

သူတို့ ပိုင်ဆိုင်မှု များမှာ အခြားသူများနှင့် မယှဉ်နိုင်ပေ။

သူတို့၏ အဖေမှာ မည်သူ့ကိုမျှ အတွေ့ မခံသဖြင့် လက်ဆောင် တစ်စိုးတစိမှ မရချေ။ ထို့ကြောင့် ကျန်သော ပိုက်ဆံ အနည်းငယ်နှင့်  စတိုးဆိုင် များကို စတင်ခဲ့ခြင်း ဖြစ်သည်။

မိသားစု အိမ်ခြံမြေ များနှင့် သိုလှောင်ခန်းရှိ ပစ္စည်းများ မပါဘဲ အိမ်၌ရှိသော ငွေကိုပြပါ ဆိုလျှင် စုစုပေါင်း ငွေစ၂၀၀၀၀ မကျော်ပေ။

သခင်မလုသည် ငွေစ၅၀၀၀ကို ယူသွားခဲ့သည်။

ရှဲ့ချောင် တက္ကသိုလ် တက်ရန် ငွေစ၅၀၀၀ သုံးပြီးလျှင် သူတို့တွင် ငွေစ၁၀၀၀၀ သာကျန်တော့မည်။

၁၀၀၀၀ဟူသော ငွေမှာ များသည် မှန်သော်လည်း မည်သို့ အသုံးချမည်က အရေးပါသည်။

အရာရှိများ ကြားတွင် ငွေကြေးနှင့် လက်ဆောင်များ မပါမဖြစ် ပါဝင်တတ်သည်။ ဖခင်ဖြစ်သူသည် လစဉ် ကုန်ကျ စရိတ် ငွေစ၁၀၀ သာသုံးစွဲပြီး လူမှု့ဆက်ဆံရေး အတွက် ငွေစ၁၅၀ခန့် ထပ်မံ သုံးစွဲသည်။

သူ၏ အောက်၌ ညီနှင့်ညီမငယ် ရှိသည်။ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက် စသည့် အသုံးစရိတ်များ မပါဝင်ဘဲ လစဉ် မုန့်ဖိုးအဖြစ် ငွေစ၂၀ စီ ပေးရသည်။

သခင်မတစ်ယောက်အနေနှင့် သခင်မလုသည် အိမ်ရှိ ငွေကို ကိုင်ရသည်။ ယခင်က သူမ လစဉ် ငွေ မရချေ။ သို့သော် ရှဲ့ဖင်းကန်း စာရင်းစာရွက်အား စစ်ကြည့်လိုက်သောအခါ သခင်မလုမှာ လစဉ် ငွေစ၃၀၀ နီးပါး သုံးစွဲသည်ကို သိလိုက် ရသည်။ ထိုထဲတွင် သူ၏ညီကို ထောက်ပံ့ရန် အမြောက်အများ သုံးခြင်း ဖြစ်ပြီး တချို့က အဝတ်အစားနဲ့ အသုံးအဆောင်တွေ ဝယ်ဖို့ ဖြစ်သည်။

ထို့အပြင် အိမ်တွင် စားနပ်ရိက္ခာ၊ အစေခံများအတွက် လစဉ်လစာ၊ မြင်းထိန်းရန် ငွေ၊ အိမ်စရိတ်၊ အဝတ်အစား၊ လေးရာသီအတွက် အဝတ်အစား အပြင် ရှဲ့မိသားစု၏ အဖွားအိုကြီး၊နှင့် အခြားဇနီးမယားများကို ကျွေးမွေးရန် အပြင် အခြားမိသားစုဝင်များ အတွက်ပါ ပါဝင်သည်။

တစ်လလျှင် စုစုပေါင်းငွေစ ၁၀၀၀ ကျော် သုံးစွဲရမည်ဖြစ်သည်။ ယင်းပမာဏမှာ ခြွေတာရင်း ကျန်သောပမာဏ ဖြစ်သည်။

ရွာများနှင့် ဆိုင်များမှ တစ်နှစ်လျှင် တစ်ကြိမ်သာ ငွေလက်ခံ ရရှိလေ့ ရှိသည်။ ထို့ကြောင့် ငွေစ ၁၀,၀၀၀က တစ်နှစ်စာ အတွက် ရမည် ဖြစ်သည်။

ယခုမူ မလုံလောက် သည့်ပုံပင်။

ကြားထဲမှာ ပြသနာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့လျှင်...

ဥပမာအားဖြင့် ဖေဝမ်ယွဲ့ ကို ခေါ်ထားရပြီး ကျောင်းတော်ဝင်ခွင့် အတွက် ငွေပေးဆောင် ရခြင်းဖြစ်သည်။

ရှဲ့ဖင်းကန်းမှာ တွေးနေရင်း မျက်မှောင် ကြုတ်လိုက်သည်။

“ငွေစ၂၀၀ ပဲ ပါသွားတာပါ။  လူမျိုးစုံနဲ့ စည်ကားတဲ့ နေရာ ဖြစ်နေလို့ လမ်းလျှောက်ရင်း ပိုက်ဆံအိတ် ပျောက်သွားမယ်လို့ မထင်ထား မိလိုက်လို့ပါ။” သခင်မလုက ပြုံးရင်း တည်ငြိမ်စွာ ရပ်နေသည်။

ထိုစကားကို ကြားသောအခါ ရှဲ့ဖင်းကန်းခေါင်းညိတ် လိုက်သည်။

အမှန်ပင် ငွေ၂၀၀ မှာအများကြီးဟု ထည့်တွက်၍ မရပေ။

"ဟုတ်လား။ အမေရော ဒီတစ်ခေါက် ခရီးထွက်ဖို့ ပိုက်ဆံ ကျန်သေးလား?" ရှဲ့ဖင်းကန်း မေးလိုက်သည်။

သခင်မလု အံ့ဩသွားပြီး အဝေးကို လှမ်းကြည့် လိုက်သည်။ “တောင်တွေက မြင့်ပြီး ခရီးက ကြာတယ်လေ။  လမ်းတစ်လျှောက်မှာ အများကြီး သုံးခဲ့မိတာနဲ့ ဘာမှ သိပ် မကျန်တော့ဘူး။”

တစ်ဖန် ရှဲ့ဖင်းကန်း ပြောစရာမဲ့ သွားပြန်သည်။

သိပ် မကျန်ဘူးတဲ့ သူမ ပြောသည်။

၅၀ လည်း မဟုတ်၊ ၅၀၀ လည်း မဟုတ်၊ ငွေစ၅၀၀၀ ဖြစ်သည်။

ခရီးစဉ်အတွင်း သူမနှင့်အတူ လူ ၂၀ ကျော် သာခေါ်သွား ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း နေ့တိုင်း အသားနဲ့ အသီးအရွက်တွေကို ဇိမ်ကျကျ စားလျှင်တောင် ငွေတစ်စ၊ နှစ်စ လောက်နှင့် လုံလောက်သည်။

ရက်ပေါင်း ၁၀၀ကျော်သာ ကြာခဲ့သော ခရီးမှာငွေစ၂၀၀၀ နှင့်ပင် မလုံလောက်ဘူးလား။

ဖြုန်းတီး ခဲ့လျှင်တောင် ခရီးစဉ် အတွက် သူမယူဆောင် သွားသော ငွေထဲမှ တစ်ဝက်ခန့်တော့ စုဆောင်းထား နိုင်မည်ဟု သူ တွက်ထား ခဲ့ခြင်းပင်။

ဖေဝမ်ယွဲ့ ချက်ချင်း ရှင်းပြ လိုက်သည်။ “အစ်ကိုကြီး၊ အမေ့ကို အပြစ် မတင်ပါနဲ့။ ကျွန်မတို့ လျောင်ကျို့မှာ ရှိတုန်းက အမေက ကျွန်မ အဝတ်စားတွေက စုတ်နေလို့ ဆိုပြီး ကောင်းတာ လေးတွေ ဝယ်ပေးခဲ့တာပါ။”

အမှန်ပင်။ ခေါင်းစ ခြေဆုံး သူမ ဝတ်ဆင် ထားသည့် အဝတ်များမှာ အသစ်များသာ ဖြစ်သည်။

••••••••••

All Chapters