← Chapters

ပြိုင်စံရှား

Vol. 31 Ch. 462

ပြိုင်စံရှား

Vol. 31 Ch. 462

မြောင်ပိုင်းရေခဲလွင်ပြင်ရှိ လီယုံကျောက်တိုင်ကြီးသည်  ပြိုင်စရာမရှိအောင် ကြီးမားလှပေသည်။ ၎င်း၏ ပေတစ်သောင်းပတ်လည်ထူသည့် ကိုယ်ထည်ဖြင့် တိမ်များအတွင်း ထွင်းဖောက်ကာ ကမ္ဘာလောကအား ထောက်ပံ့ပေးထားသည့်အလား ထင်ရပေသည်။

ထိုကျောက်တိုင်ကြီးထံမှ မြောက်များစွာသော ကမ္ပည်းစာများနှင့် နတ်ရုပ်များ ထိုးထွက်နေကြသည်။ တချို့မှာ ပေရာချီ မြင့်မားနေကြပြီး တချို့မှာကား ဆယ်ပေခန့်သာ မြင့်ကြသည်။

ထိုအချက်ကြောင့် အပေါ်သို့ တက်နေသည့် ကျင့်ကြံသူများအားလုံး မထင်မရှားဖြစ်ကုန်ကြသည်။

ထိုအချိန်တွင် ရွှီချင်းသည် လီယုံကျောက်တိုင်ကြီးပေါ်တွင် ပေနှစ်ထောင်အမြင့်ထိ တက်လာခဲ့ပြီဖြစ်သည်။ သူ့ညာလက်သည် တိုင်မှထိုးထွက်နေသည့် နတ်ရုပ်အစွန်းတစ်ခုကို ကိုင်လိုက်ပြီး ခုန်ကာ နတ်ရုပ်တုပေါ်သို့ တက်ရပ်လိုက်၏။

ထိုနတ်ရုပ်သည် ယုတ်မာကောက်ကျစ်မှုနှင့် ရက်စက်မှုတို့ဖြင့် ပြည့်နေသည့် အရှိန်အဝါများထုတ်လွှတ်နေသည့် အစွယ်ဖွေးဖွေးဖြင့် တစေမျက်နှာကြီးတစ်ခု ဖြစ်သည်။

ရွှီချင်းက တစ်ချက်ကြည့်လိုက်ရာ တစ်စုံတစ်ခုအား သဘောပေါက်သွားဟန်တူသည်။ အကြောင်းရင်းကတော့ သူ့စိတ်နယ်ပယ်ထဲတွင် ထိုစဉ်ကပေါ်လာခဲ့သည့် ရုပ်သွင်သဏ္ဌာန်သည် ထိုတစေမျက်နှာနှင့် ဆင်တူနေခြင်း ဖြစ်သည်။

သို့ရာတွင် သူ့စိတ်နယ်ပယ်ထဲရှိ အငြိုးအတေးများစွာကြောင့် ဖြစ်တည်လာသည့် ဝိညာဉ်မှာ ထွက်ပေါ်လာချင်း၌ပင် တစေအင်ပါယာတောင်ကုန်း၏ လက်ချက်ဖြင့် ပျက်စီးသွားရမည်ဟုတော့ သူ ထင်မှတ်မထားမိပါ။

ထိုကိစ္စသည် လီယုံကျောက်တိုင်သို့ တက်လှမ်းခြင်းနှင့်ပတ်သက်၍ ရွှီချင်းသိထားသည့် စည်းမျဉ်းများမှ ကွဲထွက်နေ၏။

သာမန်အတိုင်းတက်ရာတွင် ကျင့်ကြံသူတို့က အငြိုးအတေး၏ ရိုတ်ခတ်မှုဒဏ်ကို ခုခံကြရမည်ဖြစ်သည်။ သူတို့၏ စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ် ဖြစ်လာချိန်မှာတော့ ၎င်းတို့အား ဖျက်စီးချေမှုန်းရန်ခက်သဖြင့် စိတ်နယ်ပယ်ထဲမှ မောင်းထုတ်ရန်သာ ကြိုးစားကြရသည်။

၎င်းတို့အား ထုတ်ပယ်နိုင်ပြီးနောက်မှသာ သူတို့သည် ရှေ့ဆက်တက်နိုင်မည်။ နောက်တစ်ကြိမ် အငြိုးအတေးများ စုစည်းလာချိန်တွင် စိတ်နယ်ပယ်ထဲတွင် ပို၍အားကောင်းသော အငြိုးအတေးဝိညာဉ် ဖြစ်လာပေမည်။ ဤနည်းဖြင့် သံသရာထပ်တလဲလဲ ဖြစ်နေပေမည်။

ထို့ကြောင့် အမြင့်သို့ တက်ရောက်နိုင်လေ ပိုခက်ခဲလေ ဖြစ်လာသည်။

တစ်ချိန်တည်းမှာပင် ထိုအငြိုးအတေးဝိညာဉ်အား အောင်မြင်စွာ မောင်းထုတ်နိုင်ပါက ဆုလဒ်တို့ ရနိုင်ခြေတစ်ခုလည်းရှိနေပေသည်။

ထိုဆုသည် ချက်ချင်းပေးသည်တော့ မဟုတ်ဘဲ ယှဉ်ပြိုင်သူတို့ လီယုံကျောက်တိုင်ကြီးမှ ဆင်းသွားချိန်တွင်သာ ခွဲဝေပေးခြင်း ဖြစ်သည်။

ယခင်က လီကျစ်လျန့်နှင့် တခြားလူများမှာလည်း ထိုနည်းတူ ဖြစ်သည်။

သို့ရာတွင် ထိုသို့ရနိုင်ခြေကလည်း လွန်စွာနည်းပါးလှသည်။ အမြင့်ပေနှစ်ထောင်တွင် အငြိုးအတေးဝိညာဉ်ကို မောင်းထုတ်ခြင်းဖြင့် ဆုလဒ်ရနိုင်ခြေမှာ အပုံတစ်ထောင်လျှင် တစ်ပုံသာရှိပေသည်။ အမြင့်သို့တက်နိုင်လေ ထိုဆုလဒ်ရနိုင်ခြေက တိုးမြင့်လာလေ ဖြစ်ပေသည်။

ကျရှုံးသွားလျှင်တော့ လီယုံကျောက်တိုင်မှ မောင်းထုတ်ခံရပြီး မြေပြင်သို့ ကျဆင်းသွားမည်ဖြစ်သည်။

သို့ရာတွင် ပူးကပ်ခံရနိုင်ခြေတော့ အလျင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်တိုင်ပေါ်မှ အငြိုးအတေးဝိညာဉ်တို့သည် ကျောက်တိုင်နှင့် တသားတည်းပေါင်းစပ်နေခြင်းဖြစ်ရာ ကျောက်တိုင်မှ မောင်းထုတ်ခံရသူများနှင့် ငြိတွယ်လိုက်ပါနိုင်စွမ်း မရှိကြပါ။

ထို့ကြောင့်လည်း အငြိုးအတေးဝိညာဉ်များမှာ ဖျက်စီးမရနိုင်သည့်အရာများလည်း ဖြစ်ပေသည်။

သို့ရာတွင် ရွှီချင်းသည် သူ့ စိတ်နယ်ပယ်ထဲတွင် ထိုအငြိုးအတေးဝိညာဉ်တို့ ပျက်ပြယ်သွားခြင်းကို ရှင်းလင်းပြတ်သားစွာ ခံစားရ၏။

အတိအကျဆိုရလျှင် ထိုအငြိုးအတေးဝိညာဉ်များသည် သူ့စိတ်နယ်ပယ်မှ တစေအင်ပါယာတောင်ကုန်း၏ စုပ်ယူခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

အကြောင်းကား ထိုအငြိုးအတေးဝိညာဉ်က အော်ညည်းကာ ပျက်ပြယ်သွားချိန်တွင် သူ့တစေအင်ပါယာတောင်ကုန်းမှာ ပိုမို ပြတ်သားထင်ရှားလာသည်ကို ခံစားမိခြင်းကြောင့် ဖြစ်သည်။

တစေမျက်နှာရုပ်တုကတော့ ပို၍ သုန်မှုန်လာသည်။

သို့ရာတွင် ထိုသုန်မှုန်ခြင်းသည် အနည်းငယ်သာဖြစ်နေပြီး မျက်လုံးဖြင့် သတိထားမိရန် လွန်စွာ ခက်ခဲ၏။ ကိုယ်တိုင်ထိတွေ့ကာ အာရုံခံကြည့်မှ သဲလွန်စ အရိပ်အယောင်တချို့အား တွေ့ရှိနိုင်သည်။

ထိုတွေ့ရှိမှုကြောင့် ရွှီချင်း၏မျက်လုံးထဲတွင် ထူးဆန်းသည့်အလင်းတို့ ဖြစ်ပေါ်လာသည်။ သူသည် တားမြစ်ချက်တစ်ခုခုအား ချိုးဖျက်ခဲ့မိသည်လား မသေချာသဖြင့် ချက်ချင်း ဆက်မတက်ဘဲ စောင့်ကြည့်လိုက်သည်။

သူ စောင့်နေချိန်တွင် လီယုံကျောက်တိုင်ကြီးထံမှ နတ်အာရုံဖျော့ဖျော့တစ်ခု ဖြစ်ပေါ်လာသည်ဟု ခံစားရ၏။

ထိုနတ်အာရုံတွင် ခံစားချက်များမရှိဘဲ ထုံကျဉ်မှုတို့သာ ပြည့်နေသည်။

ရွှီချင်းက ၎င်းအား အာရုံခံမိချိန်တွင် ဆုလဒ်ဆန္ဒအားမာန်တစ်ခုဖြစ်နေကြောင်း သိရှိလိုက်မိ‌၏။ သို့ရာတွင် ၎င်းသည် ပြတ်သားခြင်းမရှိဘဲ မှုန်ဝါးဝါးဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ ရပ်တန့်သွားခြင်းက လူအများ၏အာရုံကို ဆွဲဆောင်သွားသည်။

ရွှီချင်းနှင့် လီကျစ်လျန့်တို့ တိုက်ပွဲပြီးချိန်ကတည်းက သူသည် အာရုံစိုက်ခံနေခဲ့ရ၏။ အထူးသဖြင့် ယခု သူသည် လီယုံကျောက်တိုင်အား ပထမဆုံးအကြိမ်တက်နေခြင်းလည်း ဖြစ်ရာ အားလုံးက သူ့အား စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

လေလွင့်ကျင့်ကြံသူများဖြစ်စေ ဂိုဏ်းပေါင်းစုံမှ တပည့်များဖြစ်စေ အားလုံးက သူ့ကို စောင့်ကြည့်နေကြသည်။

“သူက ရပ်သွားပြီလား။ ပေနှစ်ထောင်မှာပဲလေ။”

“သူက အငြိုးအတေးဝိညာဉ်နှင့် အသားကျအောင် လုပ်နေတာပဲ ဖြစ်မယ်။ ဒါပေမဲ့ နည်းနည်း အချိန်ကြာလွန်းနေသလိုပဲ။”

“သူက တိုက်ခိုက်စွမ်းရည်အားကောင်းပြီးတော့ ဝိညာဉ်အားနည်းနေတာများလား။”

“မဖြစ်နိုင်တာ။ ငါ ရွှီချင်းအကြောင်းကြားခဲ့တာကတော့ သူ့မှာချန်အားညိုဆိုတဲ့ ဂိုဏ်းတူအစ်ကိုတစ်ယောက်လည်း ရှိသေးတယ်တဲ့။ သူဟာလည်း ချောမောခန့်ညားပြီး သမာသမတ်ကျတဲ့ သူပဲ။ သူဟာ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲမှာ စိတ်ထားကောင်းသူဆိုပြီးတော့ နာမည်ကြီးသေးတယ်။ ချန်အားညိုရဲ့ ဂရုစိုက်မှုအောက်မှာ ရွှီချင်းက အားနည်းစရာ မရှိပါဘူး”

အောက်မှ လူတိုင်းက မှန်းဆကာ ကြည့်နေကြသည်။ ရွှီချင်း စောင့်နေချိန်က အမွှေးတိုင် တစ်ဝက်စာခန့် ရှိလာပြီ ဖြစ်သည်။ သို့သော်လည်း မည်သည့် ထူးခြားဖြစ်စဉ်မှ မဖြစ်လာသောအခါ ရွှီချင်းက ရှေ့ကို ဆက်တက်လိုက်သည်။

သူက လျင်မြန်စွာ ခုန်တက်လိုက်၏။ ခြေလှမ်းတိုင်းတွင် လီယုံ‌ကျောက်တိုင်ကြီးမှ ထုတ်လွှတ်နေသည့် အငြိုးအတေးတို့က တိုးပွားလာသည်ကို သူ အာရုံခံမိပေသည်။

ထိုအငြိုးအတေးတို့သည် သေဆုံးခြင်းအငွေ့အသက်များနှင့် ကွဲပြားခြားနား၏။ သေဆုံးခြင်းအငွေ့အသက်များသည် အေးစက်သော ခံစားချက်တို့ကို ပေးကာ သက်ရှိများအား အေးစက်သွားစေတတ်သည်။ ဥပမာတားမြစ်နယ်မြေများမှ ထုတ်လွှတ်သော အေးစက်မှုတို့သည် သေဆုံးခြင်းအငွေ့အသက်များမှ ဖြစ်လာခြင်းပင်။

အငြိုးအတေးများမှာတော့ ခံစားချက်တို့ပါဝင်နေသည့် အအေးလှိုင်းအငွေ့အသက်များ ဖြစ်သည်။ ၎င်းသည် နာကျည်းမှုနှင့် အငြိုးအတေးတို့ဖြင့် ပြည့်နေတတ်ပြီး ကျင့်ကြံသူများ၏စိတ်ကို လွှမ်းမိုးနိုင်သည်။

ထိုလွှမ်းမိုးမှုကို ရိုက်ခတ်မှုဟုလည်း သတ်မှတ်နိုင်သည်။

ရွှီချင်း၏နားထဲတွင် မြောက်များစွာသော ညည်းအော်သံများ ပဲ့တင်ထပ်နေသည်။ ၎င်းတို့က မြောက်များစွာသော သက်ရှိများက မသေခင်ချန်ထားခဲ့သော ကျိန်စာနှင့် ရူးသွပ်မှုတို့ပင် ဖြစ်ပေသည်။ သူက အကြားအာရုံကို ပိတ်ထားလျှင်ပင် မတားဆီးနိုင်ပါ။ ထိုအော်ညည်းသံများက သူ့ဝိညာဉ်အတွင်းထဲသို့ ပဲ့တင်ထပ်သည်။

ထို့အပြင် သူ အမြင့်သို့ရောက်လာလေ အငြိုးအတေးများသည် ထူထပ်လာပြီး စိတ်နယ်ပယ်ထဲ စုပြုံလာပေမည်။

၎င်းတို့သည် တဖြည်းဖြည်း သူ့ စိတ်နယ်ပယ်ထဲ၌ ပြည့်နှက်လာကြသည်။ ရွှီချင်း အမြင့်ပေလေးထောင်သို့ ရောက်ရှိလာချိန်တွင် သူ့စိတ်နယ်ပယ်၌ အငြိုးအတေးဝိညာဉ်တစ်ကောင် ဖြစ်လာပြန်၏။

ရွှီချင်း စိတ်ဝင်စားလာသည်။ ထိုဖြစ်စဉ်သည် မတော်တဆလား တိုက်ဆိုင်မှုများလား သူ သိလို၏။ ထို့ကြောင့် သူက ဝင်စွက်ဖက်ခြင်း မပြုဘဲ ဒုတိယအငြိုးအတေးဝိညာဉ် စုစည်းခြင်းကို လွှတ်ထားပေးသည်။

ဒုတိယအငြိုးအတေးဝိညာဉ်သွင်ပြင်သည် ပထမဝိညာဉ်နှင့် ကွဲပြားနေသည်ကို သူ သတိထားမိ၏။ ၎င်းတွင် ကွေးနေသည့် ချိုနှစ်ချောင်းရှိနေပြီး ခန္ဓာကိုယ်မှာလည်း ပို၍ကြီးသည်။ သူ့ နောက်ကျောတွင် အမြီးကြီးတစ်ချောင်းလည်း ရှိနေပြီး တကိုယ်လုံးမှ ပြင်းထန်သောအားလှိုင်းနှင့် ရှေးဟောင်းအရှိန်အဝါတို့ ထုတ်လွှတ်လျက်ရှိသည်။

၎င်းက အချိန်မြစ်ကြီးထဲမှ ချက်ချင်းထွက်လာသည့်အလား ပြင်းထန်သော အားလှိုင်းများထုတ်လွှတ်နေပေသည်။

၎င်းထံမှ ကြမ်းရှရှရယ်သံတစ်ခုပြန့်လွင့်လာပြီး လောဘနှင့်ရက်စက်ခြင်းများလည်း’ ရောစွက်ပါနေလေသည်။

ရွှီချင်းက ဆက်လက်စောင့်ကြည့်နေသည်။ သုံးစက္ကန့်မျှကြာသော် ဒုတိယအငြိုးအတေးဝိညာဉ်သည် ပိုပြတ်သားလာပြီး ၎င်း၏ရူးသွပ်မှုတို့ပြည့်နေသည့် ရီဝေမျက်လုံးများလည်း ပေါ်ထွက်လာ၏။ ၎င်းသည် ကောင်းကင်သို့မော့ကာ ဟိန်းအော်လိုက်ပြီး မကောင်းဆိုးဝါးအငွေ့အသက်တို့ ထုတ်လွှတ်ရန် ကြိုးစားသည့်အလား လက်များကို ဆန့်ထုတ်လိုက်သည်။

သို့ရာတွင် ရွှီချင်း၏စိတ်နယ်ပယ်ထဲမှ တစေအင်ပါယာတောင်ကုန်းသည် အလင်းများ ထုတ်လွှတ်ကာ တုန်ခါလာပြန်သည်။ ထိုခဏ၌ပင် ဒုတိယအငြိုးအတေးဝိညာဉ်၏ ခန္ဓာကိုယ်သည် တုန်သွားပြီး မျက်လုံးတို့ထဲမှ ရီဝေမှုတို့လည်း ပျောက်သွားသည်။ ရူးသွပ်မှုတို့နေရာတွင် ထိတ်လန့်မှုနှင့် မယုံနိုင်မှုတို့ အစားထိုး ဝင်ရောက်လာ၏။

“ဘယ်လို…တစေအင်ပါယာပါလား။”

ထိုအငြိုးအတေးဝိညာဉ်၏ပါးစပ်မှ နားကွဲမတတ်အော်သံတစ်ခုထွက်လာသည်။ တစေအင်ပါယာတောင်ကုန်းက လင်းလက်ကာ လှုပ်ယမ်းလာပြီး အငြိုးအတေးဝိညာဉ်မှာလည်း ပြိုကွဲထွက်သွားသည်။ ၎င်းသည် အပိုင်းပိုင်းကွဲထွက်သွားပြီး အနက်ရောင် အခိုးအငွေ့မျှင်များအဖြစ် တစေအင်ပါယာတောင်ကုန်းထံသို့ စုပ်ယူခြင်း ခံလိုက်ရ၏။

ထိုဖြစ်စဉ်တစ်ခုလုံးမှာ ဆယ်စက္ကန့်ပင် မကြာလိုက်ဘဲ ပြီးဆုံးသွားခဲ့သည်။

ရွှီချင်းက တဖြည်းဖြည်းပို၍ပြတ်သားလာသည့် တစေအင်ပါယာတောင်ကုန်းကို ကြည့်သည်။ သူနှင့် တဖြည်းဖြည်းတူလာသည့် မျက်နှာကိုလည်းကြည့်ကာ စိတ်ထဲတွင် သံသယတို့ တိုးပွားလာသည်။

သို့ရာတွင် အရာအားလုံးက သူ့အတွက်အကျိုးရှိစရာချည်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လီယုံကျောက်တိုင်ကြီးထံမှ ဆုလဒ်နတ်အာရုံကို ထပ်မံ ခံစားမိခြင်းကြောင့် ဖြစ်သည်။

ရွှီချင်းသည် အချိန်ခဏစောင့်လိုက်ပြီး ဆက်လက်ပြေးတက်သွားလိုက်ပြန်သည်။ မကြာမီ သူသည် ပေငါးထောင်နှင့် ခြောက်ထောင်တို့ထံသို့ ရောက်ရှိလာ၏။

ထိုအချိန်တွင်းတွင် သူသည် ပျက်ယွင်းဟန်ရှိနေသည့် ကမ္ပည်းထွင်းနတ်ရုပ်များကို တစ်ခါတစ်ရံ သတိထားမိသေးသည်။ ထိုအချက်များအရ အငြိုးအတေးဝိညာဉ်များကို တခြားတစ်နည်းဖြင့် ဖျက်ဆီးခဲ့သူများလည်း ရှိကြောင်း သူ သိလိုက်ရသည်။

သူက စဉ်းစားနေချိန်မှာပင် သူ့စိတ်နယ်ပယ်ထဲတွင် တတိယအငြိုးအတေးဝိညာဉ်ဖြစ်တည်လာသည်။

“ဖိနှပ်ထား။”

ဤတစ်ကြိမ်တွင်တော့ ၎င်းဖြစ်တည်မှုမပြီးသေးခင် ရွှီချင်းက စိတ်ဖြင့်စေစားလိုက်သည်။ တစေအင်ပါယာတောင်ကုန်းက ချက်ချင်းလှုပ်ခါသွားပြီး အငြိုးအတေးဝိညာဉ်သည် သွေးပျက်သော အော်သံနှင့်အတူ ကွယ်ပျောက်သွား၏။

ရွှီချင်း အပေါ်သို့ ဆက်တက်လိုက်၏။

ပေခုနစ်ထောင်၊ ရှစ်ထောင်၊ ကိုးထောင်၊ တစ်သောင်း။

ထိုသို့တက်နေစဉ်မှာပင် အငြိုးအတေးတို့မှာလည်း ပိုမိုသိပ်သည်း ပြင်းထန်လာကြပြီး ရွှီချင်း၏စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ်များလည်း ထပ်ကာထပ်ကာ ပေါ်ထွက်လာကြသည်။ ပေသုံးရာ၊ ငါးရာခြားတိုင်း တစ်ခါနီးပါး ပေါ်လာတတ်သည်။

အမှန်တွင် အမြင့်ပေကိုးထောင်ကျော်ပြီးနောက်တွင်တော့ ပေနှစ်ရာမှ သုံးရာတိုင်းတွင် အငြိုးအတေးဝိညာဉ်များ ပေါ်ထွက်လာ၏။

ထိုသို့ ထွက်ပေါ်နှုန်းမြင့်မှုကြောင့် ကျင့်ကြံသူများဆက်တက်ရန် ခက်ခဲလာရခြင်းဖြစ်၏။

သို့ရာတွင် ရွှီချင်းကတော့ ကွဲပြားခြားနားသည်။

“ဖိနှပ်စမ်း…”

“ဖိနှပ်စမ်း…”

“ဖိနှပ်စမ်း…”

ရွှီချင်း၏တက်နှုန်းသည် ပိုမိုမြန်ဆန်လာ၏။ သူ့ကိုယ်ထဲမှ တစေအင်ပါယာတောင်ကုန်းကလည်း အလင်းများအဆက်မပြတ် ထုတ်လွှတ်ကာ လှုပ်ယမ်းပြီး ထွက်ပေါ်လာသမျှ အငြိုးအတေးဝိညာဉ်များအား ဖျက်ဆီးသည်။ ရွှီချင်း၏ စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ်များ မသေခင် နောက်ဆုံးညည်းတွားအော်သံများဖြင့်သာ ပြည့်နေ၏။

တစေအင်ပါယာတောင်ကုန်းမှာလည်း အဆက်မပြတ် စုပ်ယူဝါးမျိုခြင်းကြောင့် ပိုမိုပြတ်သားထင်ရှားလာသည်။ အရှိန်အဝါအလင်းတို့မှာ မည်းနက်နေပြီး ရွှီချင်းနှင့် သွင်ပြင်တူသည့် မျက်နှာမှာလည်း တဖြည်းဖြည်း သုန်မှုန်ကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်လာ၏။

ထိုသုန်မှုန်မှုက တစေအင်ပါယာတောင်ကုန်းအား ဖိအားတစ်မျိုးထုတ်လွှတ်စေကာ သူ့ကိုယ်ပေါ်မှ နတ်မှော်အငွေ့အသက်များအား ပိုမိုကြီးထွားစေ၏။

တစ်ချိန်တည်းမှာပင် ရွှီချင်းနှင့် ဆက်သွယ်မှုကလည်း ပိုမိုနီးစပ်လာသည်။ ထိုနည်းအတိုင်း ဆက်သွားပါက သူသည် တစေအင်ပါယာတောင်ကုန်းကို သူ့ခန္ဓာကိုယ်ပြင်ပသို့ ဆင့်ခေါ်နိုင်သည်ဟုလည်း ခံစားလာရသည်။

ရွှီချင်း ပို၍ ထိတ်လန့်အံ့သြရသည်ကား ၎င်း၏ လက်ထဲတွင် မှုန်ဝါးသော တုတ်ချောင်းပုံရိပ်တစ်ခု စုစည်းဖြစ်ပေါ်လာခြင်းပင်။

ယခုအချိန်တွင်တော့ ၎င်းသည် ကောက်ကြောင်းမျှသာ ဖြစ်ပြီး ရှင်းလင်းစွာပေါ်ထွက်မလာသေးပေ။ သို့သော် ရွှီချင်းက ထိုတုတ်ချောင်းကို မှတ်မိသိနိုင်ပေသည်ပင်။ ထိုတုတ်ချောင်းက… လီယုံကျောက်တိုင်ကြီးနှင့် လွန်စွာတူညီသည်။

ထိုတွေ့ရှိမှုတို့က ရွှီချင်းစိတ်ထဲတွင် လှိုင်းထလှုပ်ရှားနေစေ၏။ တစ်ချိန်တည်းမှာပင် တစေအင်ပါယာတောင်ကုန်းပေါ်တွင် အက်ရာငယ်လေးများ ပေါ်လာသည်ကို သတိထားမိ၏။ ၎င်းသည် လျင်မြန်စွာကြီးထွားလာသဖြင့် စုဆောင်းမိသမျှ စွမ်းအင်တို့အား ချေဖျက်နိုင်ခြင်း မရှိခြင်းကြောင့် လျှံကျလာခြင်း ဖြစ်ပေသည်။

ပေတစ်သောင်းအမြင့်သို့ရောက်ရှိခြင်းသည် အာရုံစိုက် စောင့်ကြည့်နေကြသည့် လူအုပ်အား ဆူညံပွတ်လောရိုက်စေသည်။

၎င်းမတိုင်ခင် အမြင့်ဆုံးတတ်နိုင်ခဲ့သူမှာ ရွှီချင်း၏လက်တွင် သေဆုံးသွားခဲ့ရသည့် လီကျစ်လျန့်ပင်ဖြစ်သည်။ သူသည် အမြင့်ပေ ရှစ်ထောင်အထိ ရောက်ရှိခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သေးသည့် ဂိုဏ်းပေါင်းစုံမှ ကောင်းကင်လက်ရွေးစင်တချို့ ရှိသော်လည်း ထိုအချိန်တွင် လီကျစ်လျန့် တက်ခဲ့သည့်အမြင့်သည်ပင် လွန်စွာအံ့မခန်းဖြစ်နေရပြီ ဖြစ်သည်။

သို့သော် ရွှီချင်းက ထိုစံချိန်ကို အလွယ်တကူ ချိုးဖျက်လိုက်သည်။

“ပေတစ်သောင်း။ ဒါက ငါတတ်နိုင်ဖို့ စိတ်ကူးယဉ်နေခဲ့တဲ့ အမြင့်ပဲ။”

“ဟင်း… ဂိုဏ်းရှစ်ဂိုဏ်းက ငါ့ကို တာအိုသားတော်နေရာမှာထားပြီး ဆက်ဆံရင် ငါလည်း ဒီလောက်တော့တက်နိုင်တာပေါ့။ ဒီရွှီချင်းက ငါတို့ထက် အရင်းအမြစ်များများ သုံးစွဲထားလို့သာ ပိုစွမ်းနေတာ။ သူ့မိသားစုက ချီယွဲ့ထုံက အကောင်ကြီးကြီးတွေဖြစ်မယ်”

“ရွှီချင်းက ဆင်းရဲသားရပ်ကွက်က လာတယ်လို့ ကြားခဲ့မိသလိုပဲ…”

“ဒါမျိုးစကားကို မင်း ယုံနေတာလား။ ဒီလူက တိုက်ခိုက်တာနဲ့ သတ်တော့တာပဲ။ ဒီလိုစရိုက်မျိုးနဲ့ဆိုရင် သူဟာ လူပေါ်ကြော့ပဲဖြစ်မယ်။”

“မင်းမှားနေပြီ။ ငါသိထားတာအရဆို ရွှီချင်းက လူပေါ်ကြော့မဟုတ်ဘူး။ သူက ကျေးဇူးသိတတ်ပြီး အစ်ကိုကြီးဖြစ်သူ ချန်အားညိုကိုလည်း အရမ်းရိုသေတယ်တဲ့။ သူက ချန်အားညိုနဲ့ သေတူရှင်မကွာပဲလို့ တစ်ခါက ပြောခဲ့ဖူးသေးတယ်။”

“ငါကတော့ အဲဒါတွေဂရုစိုက်မနေဘူး။ ငါ စိတ်အဝင်စားဆုံးကတော့ ရွှီချင်း တက်နေတာဆုံးသွားရင် ဘာဆုလဒ်ရနိုင်မလဲဆိုတာပဲ။”

အားလုံးဆွေးနွေးနေကြမှုတို့တွင် ရှုပ်ထွေးမှု၊ အံ့သြမှု၊ မနာလိုမှုနှင့် လိုချင်လောဘစိတ်များ ပြည့်နေကြသည်။ ရွှီချင်းသည် ကျောက်တိုင် ပေတစ်သောင်းအမြင့်တွင် ရပ်နေလျက်ရှိသည်။ လေပြင်းများအကြားတွင်ရပ်ကာ သူသည် အပေါ်သို့ မော့ကြည့်သည်။

သူ့နေရာက လွန်စွာမြင့်နေပြီ ဖြစ်သော်လည်း တိမ်များထံမှတော့ အလှမ်းကွာနေသေးသည်။ တိမ်များအပေါ်တွင် လီယုံကျောက်တိုင်၏ ပိုရှည်သောအပိုင်း ကျန်ရှိနေသေးသည်။

“လောလောဆယ်တော့ ဆက်မသွားနိုင်သေးဘူး။”

ရွှီချင်း စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။ သူက တစေအင်ပါယာတောင်ကုန်းအား အာရုံခံသည်။ ၎င်းနှင့် နီးကပ်လာသည့် ဆက်သွယ်လာမှုအရ ထိုတောင်ကုန်းသည် အငြိုးအတေးဝိညာဉ်များစွာ စုပ်ယူထားခဲ့သဖြင့် ဝလင်သော အရိပ်အယောင်များ ပြနေ၏။

အက်ရာများမှာ ထိုအကြောင်းရင်းကြောင့် ပေါ်လာခြင်း ဖြစ်သည်။ ဆိုလိုသည်က ထိုစွမ်းအားများ ဝလင်နေခြင်းအား ချေဖျက်ရန် သွားရောက် ကျင့်ကြံရမည်။

ထိုသို့တွေးကာ ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး လီယုံကျောက်တိုင်မှ ဆင်းရန်ပြင်လိုက်ချိန်မှာပင် သူ့ အကြည့်တို့ အေးခဲသွား၏။

အဝေးကောင်းကင်တစ်နေရာမှ အနက်ရောင်မြူခိုးငွေ့လုံးကြီးတစ်လုံးသည် ဤနေရာသို့ ဝှီးခနဲ ပျံလာသည်။ သူ့နေရာမှ ထိုမြူခိုးထဲတွင် လူ့ဘီလူးကြီးတစ်ကောင်အသွင်ကို ကောင်းစွာ မြင်လိုက်ရသည်။

ထိုလူ့ဘီလူးကြီးမှာ တကိုယ်လုံး အစိမ်းရောင်ဖြစ်ပြီး ပေသုံးသောင်းခန့်မြင့်သည်။ တစ်ချိန်တည်းမှာပင် သူ့ထံမှ နတ်အားလှိုင်းများလည်း ပြင်းထန်စွာ ထုတ်လွှတ်လျက်ရှိသည်။ ၎င်းသည် နတ်သတ္တဝါ တစ်ကောင်ပင်ဖြစ်သည်။ သူ့ကိုယ်ပေါ်တွင်ကား တာအိုဝတ်စုံနက်များဖြင့် လူရိပ်တစ်ရာဝန်းကျင်ခန့်ရပ်လျှက် လိုက်ပါလာကြသည်။ သူတို့အားလုံးက ခံစားချက်ကင်းမဲ့နေကြသည့်အလား အေးစက်သောဟန်မူရာတို့ဖြင့် ရှိနေသည်။

ထိုလူ့ဘီလူးကြီးခေါင်းပေါ်တွင်တော့ အနီရောင်လူရိပ်တစ်ခုသည် လေပြင်းများအကြား၌ ရပ်နေ၏။

ထိုဝတ်စုံနီပုံရိပ်သည် မိစ္ဆာတစေတံစဉ်းကြီးတစ်ခုအား ကိုင်ဆောင်ထား၏။

ထိုလူရိပ်ကိုမြင်သည်နှင့် ရွှီချင်း၏မျက်လုံးတို့ အလိုလို မှေးကြုတ်သွားမိလေသည်။

ဝတ်ရုံနီမိန်းမပျို။

***

All Chapters