ပါရမီရှင်တို့၏ ပြိုင်ပွဲ
Vol. 31 Ch. 463
ရွှီချင်းက ထိုဝတ်ရုံနီမိန်းမပျိုကို မြင်သည်နှင့် မှတ်မိသည်။
ဝတ်ရုံနီမိန်းမပျိုကလည်း ရွှီချင်းအား မြင်သွားသည်။ မျက်နှာဖုံးအောက်က သူမ၏မျက်လုံးတို့သည် လှုပ်ခါခြင်း အလျင်းမရှိဘဲ တည်ငြိမ်နေသည်။
သူမက ရွှီချင်းကို မှတ်မိခြင်းမရှိသလို သူ့သွင်ပြင်ကိုလည်း စိတ်ထဲအာရုံမစိုက်ပေ။
သူမသည် ငယ်ရွယ်စဉ်ကတည်းက လူသားများစွာတို့၏အကျည်းတန်မှုကို မြင်ခဲ့ပြီးဖြစ်ကာ ရုပ်ရည်သွင်ပြင်တို့မှာ အပေါ်ယံအရေပြားသာဖြစ်ကြောင်းကိုလည်း ကောင်းကောင်း နားလည်ထားသည်။ တစ်ဖက်လူက မည်မျှကြည့်ကောင်းစေကာမူ ရန်စလာလျှင်တော့ သတ်ပစ်မည်ဖြစ်ကာ ၎င်း၏ပုပ်နေသည့်အလောင်းက အခြားအကျည်းတန်လူများကဲ့သို့ အတူတူ ဖြစ်နေပေလိမ့်မည်။
နောက်တစ်ခဏတွင် သူမ၏မိစ္ဆာတစေတံစဉ်းက နတ်အာရုံပို့လွှတ်လိုက်သောအခါ သူမ၏တည်ငြိမ်နေသည့်မျက်လုံးတို့တွင် အေးစက်သောအလင်းတို့လက်သွားသည်။
“တစေလက်နဲ့ ခွေးရူးတို့ ဒီနေရာမှာရှိနေတယ်။ တစေလက်က ရှေ့က ကျောက်တိုင်ပေါ်မှာ။ ခွေးရူးကတော့ လူအုပ်ထဲမှာ။”
ဝတ်ရုံနီမိန်းမပျိုက အေးစက်စွာပြုံးလိုက်ပြီး ရွှီချင်းထံ တစ်ချက်ကြည့်ကာ ပြန်လွှဲသွားသည်။
ဤနေရာမှ စည်းမျဉ်းတို့က သတ်ဖြတ်မှုကို ခွင့်မပြုသဖြင့် သူမသည် တစ်ဖက်လူအား ရှင်းလင်းရန် စောင့်ဆိုင်းရပေဦးမည်။
ရွှီချင်းအကြည့်ကလည်း တူညီစွာ အေးစက်နေပေသည်။ သူက ဆုပ်ကိုင်ထားသည့် လက်ကို ဖြေလျော့ချလိုက်ရာ သူ့ခန္ဓာကိုယ်သည် ကျောက်တိုင်ပေါ်မှ ကျဆင်းသွား၏။
ခန္ဓာကိုယ်သည် လီယုံကျောက်တိုင်မှ ကွဲကွာသွားသည်နှင့် တောက်ပသောအလင်းများ ပေါက်ကွဲထွက်လာ၏။
ထိုအလင်းအရေအတွက်များကို ကြည့်ကာ လူသူပရိသတ်များအားလုံး တုန်လှုပ်အံ့သြသွားရသည်။ ၎င်းတို့၏မျက်နှာတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နေပြီး လွှတ်ခနဲအော်လိုက်မိကြသေးသည်။
“ဒီအလင်းတွေက…”
“ဘုရားရေ…”
“မဖြစ်နိုင်ဘူး…”
“ချန်အားညိုရဲ့ ညီငယ်ဆိုတဲ့အတိုင်း အံ့မခန်းပဲ။ သူ့ကိုနောက်ကျရင် ရွှီစန်းညိုလို့ခေါ်ကြရင်ကောင်းမယ်။”
ရွှီချင်းသည် ပေတစ်သောင်းထိတက်နိုင်ကာ ယှဉ်ပြိုင်သူများထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခဲ့သော်လည်း စောင့်ကြည့်နေသူများက အချင်းချင်းသာ ပြောဆိုနေကြပြီး အော်ဟစ်ခြင်း မပြုကြပါ။
သို့သော် ယခုတွင်တော့ သူတို့မှာ ထိတ်လန့်အံ့သြမိနေရ၏။
လီယုံကျောက်တိုင်က ထုတ်လွှတ်လာသည့်အလင်းတို့က မဖြစ်နိုင်လောက်အောင် များလွန်းနေသောကြောင့်ပင်။
အခြားသူတို့က လီယုံကျောက်တိုင်ကြီးကိုတက်ခဲ့ချိန်တွင် ဆုလဒ်နှစ်ခုသုံးခုသာ ရရှိနိုင်ခဲ့ကြလေသည်။ ကံမကောင်းလျှင် လုံးဝပင်မရသည်လည်း ရှိသည်။ လီယုံကျောက်တိုင်ကြီး၏ ဆုလဒ်တို့သည် ကြုံရာကျပန်းဖြစ်နေတတ်သေး၏။
အမြင့်သို့တက်နိုင်လေ အငြိုးအတေးဝိညာဉ်တို့ ပိုမိုရှင်းထုတ်နိုင်ကာ ဆုလဒ်တို့ ရနိုင်ခြေပိုများသည်ဖြစ်သော်လည်း ယခုအချိန်တွင် အလင်းပေါင်းဆယ့်ခြောက်ခု ထုတ်လွှတ်လာနေ၏။
ထိုအလင်း ဆယ့်ခြောက်ခုလုံးသည် တောက်ပသောအလင်းများ ထုတ်လွှတ်နေပြီး အားလုံး၏အာရုံကို ဖမ်းစားကာ စိတ်လှုပ်ရှားစေသည်။
ရွှီချင်းကတော့ အံ့သြခြင်းမဖြစ်မိပါ။
သူသည် စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ်တို့အား ခြေဖျက်လိုက်ချိန်တိုင်း၌ ကျောက်တိုင်မှ ဆုလဒ်နတ်အာရုံလှိုင်းများထုတ်လွှတ်သည်ကို အာရုံခံစားမိခဲ့သည်။
သူ ခြေဖျက်ခဲ့သည့် အငြိုးအတေးဝိညာဉ်အရေအတွက်မှာလည်း ဆယ်ခြောက်ခုတိတိပင်ဖြစ်သည်။
ထို့ကြောင့် သူက စိတ်ထဲတွင် ပြင်ဆင်ထားပြီးဖြစ်ကာ ထိုကိစ္စကို ဖြေရှင်းနိုင်သည့်နည်းကိုလည်း တွေးထားခဲ့သေးသည်။
ထိုကိစ္စအား ကံကောင်းသည်ဟုဆိုရုံဖြင့် ရှင်းပြရန် လွန်စွာခက်ခဲလှပေသည်။ ဤနေရာရှိလူများမှာ အရူးများမဟုတ်ကြပေ။ တချို့က သံသယဖြစ်မိကြပေမည်။ တခြားလူတို့အား မှန်းဆခိုင်းနေမည်အစားက သူက ဦးတည်ချက်ပေးခြင်းက ပိုကောင်းမည်ဖြစ်ကြောင်း ရွှီချင်းခံစားမိသည်။
ထို့ကြောင့် သူက ညာလက်ကို မြှောက်လိုက်ရာ တိုက်ခိုက်ရေးဝိညာဉ်အမှတ်သား ခုနစ်ဆယ်ကျော်သည် ချက်ချင်း သူ့လက်ထဲတွင် ပေါ်ထွက်လာကြသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်တွင် ဝန်းရံနေလိုက်ကြပြီး လောကတုန်ဟီးစေသည့် တိုက်ခိုက်ရေးဆန္ဒအားမာန်များ ထုတ်လွှတ်နေ၏။
ထိုတိုက်ခိုက်ရေးဆန္ဒအားမာန်များ ထွက်ပေါ်လာသည်နှင့် ဆူညံမှုသံများ ပေါက်ကွဲထွက်လာပြန်သည်။
လူအုပ်ထဲတွင် ကျောက်ပေါက်မာမျက်နှာနှင့် သာမန်အသွင်အပြင် သက်လတ်ပိုင်းလူကြီးတစ်ဦး ရှိသည်။ ထိုမြင်ကွင်းတွင် သူသည် မျက်လုံးတို့ ပြူးကျယ်သွားမိ၏။ သူက သူ့ကိုယ်ထဲတွင် စုစည်းထားနိုင်ခဲ့သည့် ဝိညာဉ်အမှတ်သားလေးဆယ်ကို ကြည့်လိုက်ပြီး မှင်တက်မိနေသည်။
အားလုံး၏ အထိတ်တလန့်အော်သံများကြားတွင် ထိုတိုက်ခိုက်ရေးအမှတ်သားတို့က ဝဲပျံလျက် လီယုံကျောက်တိုင်ကြီးမှ ထုတ်လွှတ်လာသည့် အလင်းဆယ့်ခြောက်စမှာလည်း ရွှီချင်းထံ ပျံဝင်လာကြသည်။ ၎င်းတို့က သူ့အား ဝန်းရံလိုက်ကြပြီးနောက် ရောင်စုံမြူခိုးလုံးများအဖြစ် သူ့လက်ထဲသို့ ဆင်းသက်သွားကြသည်။
ထိုမြူခိုးများထဲတွင် ရွှီချင်းက တော်ဝင်သတ္တုချီသုံးမျှင်ကို ခံစားလိုက်မိသည်။ တခြားအရာများမှာကား မြူခိုးချီ၊ လေးလံအလင်းချီစသည့် အခြားချီအမျိုးအစားများဖြစ်နေကြသည်။
ကံဆိုးသည်က ထိုအထဲတွင် ကျင့်ကြံခြင်းကျင့်စဉ်အမွေနှစ်များမပါဝင်ခြင်းပင်။
၎င်းကလည်း နားလည်နိုင်ပေသည်။ လီယုံကျောက်တိုင်ကြီးတွင် ကျင့်ကြံခြင်းကျင့်စဉ်အမွေနှစ်တို့က အရှားပါးဆုံး မဟုတ်ပါလား။
ထိုကြောက်မက်ဖွယ်လက်နက်ကြီး ပေါ်ထွက်လာပြီးနောက် နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ကျင့်ကြံခြင်းကျင့်စဉ် ပညာရပ်အမွေအနှစ်ကို အကြိမ်ပေါင်းသုံးရာကျော်ခန့်သာ ဆုလာဘ်အဖြစ် ထုတ်ပေးခဲ့သေးသည်။
ထို့အပြင် ၎င်းအမွေအနှစ်ရနိုင်ခွင့်များကလည်း အမြင့်ပေတစ်သောင်းကျော်တွင်သာ ပေါ်ထွက်လာနိုင်သည်။
သို့ရာတွင် ရွှီချင်းအတွက်တော့ ထိုချီဆယ့်ရှစ်စမှာလည်း လွန်စွာကောင်းသည့် ပစ္စည်းများဖြစ်ကြသည်။ အထူးသဖြင့် တော်ဝင်သတ္တုချီက လိုအပ်နေသည်ပင်။
အခြားသော ချီများကိုတော့ သူက အခြားလူများနဲ့ ဖလှယ်နိုင်ပေသည်။
အားလုံး၏ ထိတ်လန့်မှုနှင့် မနာလိုမှုများကြားတွင်ပင် ရွှီချင်းသည် မြေပြင်သို့ ဆင်းသက်ပြီး ထွက်ခွာသွားခဲ့၏။
သူသည် သာမန်ကျင့်ကြံသူများထံမှ ဝိညာဉ်အမှတ်သားတို့ကို ဖုံးကွယ်နိုင်သော်လည်း ဓားကိုင်ရုံးတော်ထံမှတော့ ဖုံးကွယ်နိုင်မည်မဟုတ်ကြောင်း နားလည်သည်။ သို့ရာတွင် ၎င်းတို့က ထိုကိစ္စကို သေချာစစ်ဆေးမည်ကိုတော့ မကြောက်ပါ။
သူ့တစေအင်ပါယာတောင်ကုန်းအရိပ်သည် နည်းမှန်လမ်းမှန်ဖြင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူက ကျောက်တိုင်ပေါ်သို့ တက်နေခဲ့ချိန်ကလည်း ၎င်းအပေါ်ရှိ ကမ္ပည်းစာများနှင့် နတ်ရုပ်များစွာမှာ မှေးမှိန်သည့် အခြေအနေ၌ ရှိနေပြီး ဖြစ်သည်။
၎င်းတို့က သူ အငြိုးအတေးဝိညာဉ်တို့အား ခြေဖျက်ခဲ့ပြီးနောက်တွင် ကျန်ရှိသော ကမ္ပည်းနတ်ရုပ်များကဲ့သို့ ပုံစံတူအခြေအနေ ဖြစ်နေကြသည်။
ထို့ကြောင့် အလားတူဖြစ်ရပ်မျိုးက ဖြစ်ခဲ့ပြီးသည်မှာ ထင်ရှားသည်။
ထို့ကြောင့် ရွှီချင်း၏စိတ်တို့ တည်ငြိမ်နေပေသည်။ အဖွဲ့ပေါင်းစုံမှ တပည့်များ၏ လေးစားမှုအကြည့်အောက်တွင် သူသည် စခန်းသို့ ဦးတည်သွားလိုက်၏။
သူ ပြန်လာပြီးနောက်တွင် ချက်ချင်း ငအလေးအား ခေါ်လျှက် ထိုမှော်ချီအစတို့အား ဖလှယ်လိုသည့် ကျင့်ကြံသူကို ရှာခိုင်းလိုက်၏။ လိုအပ်ချက်ကတော့ ထိုသူတို့က ၎င်းချီများကို တော်ဝင်သတ္တုချီနှင့် လဲလှယ်ရမည် ဖြစ်သည်။
ငအလေးသည် စကားမပြောတတ်သော်လည်း သူ့ကိုယ်ပိုင် ဆက်သွယ်ရန်နည်းလမ်း ရှိပေသည်။ သူသည် ခေါင်းညိတ်လိုက်ပြီး အပြင်ကို ထွက်သွား၏။
ရွှီချင်းကတော့ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့စိတ်နယ်ပယ်ထဲက တစေအင်ပါယာတောင်ကုန်းကို သန့်စင်၏။ တစ်ချိန်တည်းမှာပင် သူက သံချောင်းကိုလည်း ပြန်လည် သန့်စင်လိုက်ပြန်သည်။ ဤသို့ဖြင့် ဆယ်ရက်အချိန်မှာ လျင်မြန်စွာ ကုန်လွန်လာသည်။
ထိုဆယ်ရက်တွင် ရွှီချင်းအကြောင်းနှင့်ပတ်သက်၍ လီယုံမြို့ထဲတွင် ပျံ့နှံ့နေ၏။ အထူးသဖြင့် နောက်ဆုံးတွင် သူက တိုက်ခိုက်ရေးဝိညာဉ်အမှတ်သား အခု ခုနစ်ဆယ်ကျော် ထုတ်လွှတ်ခဲ့သည့်အကြောင်း ဖြစ်သည်။ ထိုအကြာင်းအရာဖြင့် ကျင့်ကြံသူများစွာတို့က ဆုလဒ်တို့သည် ထိုအချက်ကြောင့် တိုးပွားလာခြင်းဖြစ်ကြောင်း တွေးမိလာကြ၏။
တခြားနည်းလမ်းဖြင့် မှန်းဆသူတို့လည်း ရှိသော်လည်း အများစုကတော့ အခြေအမြစ်မဲ့ မှန်းဆခြင်းတို့သာ ဖြစ်ကြသည်။ ထို့ကြောင့် တိုက်ခိုက်ရေးဝိညာဉ်အမှတ်အသားတို့က ဆုလဒ်များ တိုးမြင့်နိုင်စွမ်းရှိကြောင်း စကားတို့ တဖြည်းဖြည်းပျံ့နှံ့လာ၏။
တိုက်ဆိုင်စွာပင် လူတစ်ဦးက မှတ်တမ်းများအထဲ ရှာဖွေရင်း ထိုသို့သော ပုံစံတူဖြစ်စဉ်မျိုး လွန်ခဲ့သော နှစ်ခုနစ်ရာကလည်း ဖြစ်ခဲ့ဖူးကြောင်း တွေ့ရှိလာခဲ့သည်။ ထိုအချိန်က လူသည်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူသည် ပိုမြင့်အောင်တက်ရောက်နိုင်ကာ ပေတစ်သောင်းခွဲထိပင် ရောက်ရှိနိုင်ခဲ့ပြီး ဆုလဒ်နှစ်ဆယ် ရရှိနိုင်ခဲ့လေသည်။
ထိုအချိန်က ထိုလူသည် တိုက်ခိုက်ရေးဝိညာဉ်အမှတ်အသား ခြောက်ဆယ်ကျော် ထုတ်လွှတ်ပြခဲ့သည်။
ထို့နောက်တွင် သူသည် အကဲဖြတ်ပွဲ၌ ဓားကိုင်တစ်ဦးဖြစ်လာ၏။ သူ့ကျင့်ကြံဆင့်မှာလည်း ဆက်လက်တိုးမြင့်လာခဲ့ပြီး သူသည် နောက်ပိုင်းတွင် ပိုမြင့်သည့်ရာထူးများသို့ တက်လှမ်းခဲ့သည်။ ဆုလဒ်တို့ ထပ်မံရရှိခဲ့သေးသော်လည်း ၎င်းတို့က ထိုမျှ လွန်ကဲလွန်းခြင်းတော့ မရှိတော့ပါ။ တခြားလူများထက် ပိုများနေခြင်းတစ်ခုသာ ရှိပေသည်။
သူ့အကြောင်း သရုပ်မှန်ကိုတော့ စာအုပ်များထဲတွင် ဖော်ပြထားခဲ့ခြင်းမရှိပေ။
သို့ဖြင့် တချို့တဝက်သော လူများက တိုက်ခိုက်ရေးဝိညာဉ်အမှတ်အသားတို့ ဆင်ခြင်ရနိုင်ခြင်းသည် ဆုလဒ်များ ရနိုင်ခြေကို တိုးမြှင့်ပေးနိုင်သည်ကို ယုံကြည်လာကြ၏။
ထိုအချက်ကြောင့် လူများစွာတို့လည်း ထိုဝိညာဉ်အမှတ်အသားများ ဆင်ခြင်ကာ ပိုမိုရရှိအောင် ကြိုးစားလာကြ၏။
ရွှီချင်း တက်ရောက်ပြီးသည့်နေ့မှစ၍ ဆယ်ရက်မြောက်နေ့တွင် ဝတ်စုံနီဝတ်မိန်းမပျိုတစ်ယောက် ပေါ်ထွက်လာပြီး လီယုံကျောက်တိုင်ကြီးအား စတက်သည်။ သူမသည်လည်း အထင်ကရတစ်ဦးဖြစ်သဖြင့် သူမထွက်လာခြင်းအား လူများစွာက အာရုံစိုက်မိကြသည်။
သူမသည် လီထူဂိုဏ်း၏တော်ဝင်မိန်းမပျို ချင်းချိုးဖြစ်ပေသည်။ သူမကအရှိန်က ပို၍ပင် မြန်နေသေးသည်။ သူမက ဆက်တိုက် တက်သွားပြီး ပေတစ်သောင်းအမြင့်သို့ ရောက်ရှိသွား၏။ ထို့နောက် ရပ်တန့်ခြင်းမပြုဘဲ ဆက်တက်သွားလိုက်သေးသည်။
နောက်ဆုံးတွင် သူမသည် ပေတစ်သောင်းခွဲအမြင့်သို့ ရောက်ရှိလာနိုင်ခဲ့ပြီး ယှဉ်ပြိုင်သူအားလုံးတွင် ပထမဆုံးနေရာကို ရသွား၏။ ထိုအချိန်တွင်မှ သူမက လက်လျှော့ကာ အောက်သို့ ဆင်းလာ၏။ သို့သော်လည်း သူမသည် အလင်းနှစ်ခုကိုသာ ရရှိသည်။
ရွှီချင်းနှင့် ချင်းချိုးတို့ ဆက်တိုက် ထိပ်ဆုံးနေရာကို လုနေကြခြင်းတို့က တက်ရောက်ခြင်းမရှိသေးသည့် အဖွဲ့ပေါင်းစုံမှ တပည့်များအား လှုံ့ဆော်လိုက်ပုံရသည်။ နောက်ပိုင်းရက်များတွင် တိုက်ခိုက်ရေးအင်အားများ သိုဝှက်ထားခဲ့ကြသည့် တပည့်အချို့က မိုးရွာပြီးထွက်လာသည့် မှိုများကဲ့သို့ အလျိုလျိုထွက်လာကြသည်။
လူများစွာက ပေခြောက်ထောင်ကျော် တက်နိုင်ကြပြီး တချို့က ပေရှစ်ထောင်ကျော် တက်ခဲ့ကြသည်။ ပေတစ်သောင်းကျော်အထိ တက်နိုင်သည့် လူခုနှစ်ဦးရှစ်ဦးခန့်ပင် ရှိနေသေးသည်။
ထိုခုနစ်ဦး ရှစ်ဦးတွင် သုံးဦးမှာ ဂိုဏ်းငယ်များမှဖြစ်ပြီး တခြားသူတို့သည် လီထူဂိုဏ်း၊ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့နှင့် ထိုက်စီရှန်းမုန်ဂိုဏ်းစသည့် ဂိုဏ်းကြီးများက လူများ ဖြစ်နေကြသည်။
လီထူဂိုဏ်းမှလူကတော့ လူငယ်တစ်ဦးဖြစ်ပြီး ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ လူကတော့ ရွှီချင်း အနည်းငယ်အံ့သြမိစရာဖြစ်သည်။ ထိုလူသည် မိစ္ဆာသားကောင်ဂိုဏ်းမှ စီမာယွီဖြစ်သည်။ ထိုမိန်းမပျိုသည် အခန်းတစ်ခန်းတွင် သီးသန့် တံခါးပိတ်ကျင့်ကြံနေဟန် ရှိနေပြီး အပြင်သို့ ထွက်မလာတတ်ပေ။ ယခု ထွက်ပေါ်လာချိန်မှာတော့ သူမသည် ပေတစ်သောင်းအမြင့်သို့ တက်ရောက်နိုင်ခဲ့လေသည်။
ဂိုဏ်းငယ်များမှ ကျင့်ကြံသူတို့တွင်တော့ ဆယ့်ခြောက် ဆယ်ခုနစ်နှစ်ခန့်သာ ရှိသည့် လူငယ်တစ်ဦးပါဝင်ပေသည်။ သူသည် ပေတစ်သောင်းလေးထောင်အမြင့်ထိ တက်နိုင်ခဲ့ပြီး ချင်းချိုး၏ အောက်တစ်ဆင့်သာ နိမ့်သည်။
သို့ရာတွင် ချင်းချိုးက ပထမနေရာ၌ ဆက်လက်ရပ်တည်နိုင်ခြင်း မရှိပါ။
ပထမနေရာကို ဂိုဏ်းငယ်တစ်ခုမှ သက်လတ်ပိုင်းကျင့်ကြံသူတစ်ဦး နေရာယူထားပြီး ဖြစ်သည်။ သူသည် သာမန်သွင်ပြင်တို့သာ ရှိနေပြီး လူအုပ်ထဲတွင် ပြောဆိုရသည်ကို နှစ်သက်သူဖြစ်သည်။ ထိုသူမှာ ရွှီချင်းနှင့် အစ်ကိုဖြစ်သူ ချန်အားညိုတို့၏ ဆက်ခံရေးအကြောင်းကို ပြောနေခဲ့သူ ဖြစ်ပေသည်။
ထို့ကြောင့် သူ အပေါ်သို့ တက်သွားချိန်တွင် အစပိုင်း၌ ရယ်သံများစွာ ထွက်လာကြပေသည်။
သို့ရာတွင် မကြာမီအချိန်အတွင်း၌ ထိုရယ်သံတို့က တဖြည်းဖြည်းပျောက်သွားကြ၏။
သူက ပေတစ်သောင်းသို့ ရောက်သွားချိန်တွင်တော့ ထိုရယ်သံတို့က ထိတ်လန့်အံ့သြမှုတို့ အဖြစ်ပြောင်းလဲသွားကြသည်။
သူက ပေတစ်သောင်းခွဲသို့ရောက်သွားချိန်တွင်တော့ တုန်လှုပ်မှုတို့အဖြစ်ပင် ပြောင်းလဲသွားကြ၏။
နောက်ဆုံးတွင် သူက ပေသောင်းကိုးထောင်ထိ ရောက်ရှိနိုင်ခဲ့လေသည်။
ထိုအမြင့်က အားလုံးကို ထိတ်လန့်အံ့သြမှုတို့ပြည့်နေစေ၏။ တချို့က ထိုလူ၏အသက်နှင့် ကျင့်ကြံဆင့်တို့ကိုပင် မေးခွန်းထုတ်လာကြသည်။ သူသည် သက်လတ်ပိုင်းအရွယ် အသွင်အပြင် ဖြစ်နေသည် မဟုတ်ပါလား။
စည်းမျဉ်းတွင် ဓားကိုင်အဖြစ် အကဲဖြတ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများသည် နှစ်ဆယ့်ငါးနှစ်အောက် လူငယ်များသာ ဖြစ်ရပေမည်။ သို့သော် ကျောက်တိုင်ကို တက်သူများအတွက်တော့ ထိုသို့စည်းမျဉ်း သတ်မှတ်မထားပေ။
သူမ၏အဆင့်ကို ဖြတ်ကျော်သွားသူရှိလာသောအခါ ချင်းချိုးက ထပ်မံတက်ရန် ပြင်လိုက်ပြန်သည်။ သူမသည် ပထမနေရာကို မရနိုင်လျှင်ပင် ပေတစ်သောင်းရှစ်ထောင် အထိတော့ ရောက်နိုင်ပေသေးသည်။
တခြားသူများလည်း ဆက်တိုက် လိုက်တက်ကုန်ကြလေသည်။
ထိုခဏတွင် နေရာမျိုးစုံမှ ကောင်းကင်လက်ရွေးစင်တို့သည် အပေါ်သို့ တက်ရောက်လာကြပြီး လီယုံမြို့တစ်ခုလုံး လွန်စွာစည်ကားလာ၏။
ထိုအချိန်တွင်ပင် ရွှီချင်း၏စိတ်နယ်ပယ်ထဲမှ တစေအင်ပါယာတောင်ကုန်းသည် စွမ်းအားတို့အားလုံး သန့်စင်ပြီးသွားပြီ ဖြစ်သည်။ ၎င်းအပေါ်က အက်ရာတို့လည်း ပျောက်ကွယ်သွားပြီး တောင်ကုန်းတစ်ခုလုံးလည်း ပိုမိုထင်ရှားပြတ်သားလာသည်။ ၎င်း၏မျက်နှာသွင်ပြင်မှာလည်း ရွှီချင်းနှင့် ခုနစ်ဆယ်ရာနှုန်းခန့် တူညီနေပေသည်။
၎င်းခန္ဓာကိုယ်မှ တာအိုမှော်အစွမ်းတို့မှာလည်း ပြန့်ကားထွက်ကာ ရွှီချင်း၏စိတ်နယ်ပယ်ထဲသို့ စိမ့်ဝင်နေပြီး အဆက်မပြတ် အားဖြည့်နေ၏။ သူ့စိတ်ဝိညာဉ်မှာ ထိုနည်းဖြင့် ပိုမို အားကောင်းလာနေပြီး သူ့အကြည့်တို့တွင် ထူးဆန်းသော ညို့ငင်အားတစ်ခု ပါဝင်လာသည်။
သံချောင်း၏သန့်စင်ခြင်းမှာလည်း လွန်စွာချော့မွေ့ပေသည်။ ငအလေးက ချီအားလုံးကို ဖလှယ်နိုင်ခြင်းမရှိခဲ့သော်လည်း တော်ဝင်သတ္တုချီခုနစ်စ ရရှိခဲ့သည်။
၎င်းတို့ဖြင့် သန့်စင်ပြီးသောအခါ သံနက်ရောင်ကိုယ်ထည်မှ အက်ကြောင်းများလည်း ပျောက်ကင်းသွားပြီး မှော်ဝင်လက်နက်အဖြစ်အဆင့်တက်ခြင်း စတင်လာ၏။
ထိုအဖြစ်က ရွှီချင်း၏မျက်လုံးများကို အရောင်တောက်သွားစေသည်။ သူက လီယုံကျောက်တိုင်အား နောက်တစ်ကြိမ်တက်ရန် ပြင်လိုက်၏။
“ဒီတစ်ခေါက် တော်ဝင်သတ္တုချီလုံလုံလောက်လောက်ရနိုင်အောင် ကြိုးစားရမယ်။”
ထိုအတွေးဖြင့် ရွှီချင်းက လှုပ်ရှားသည်။
သူ့လှုပ်ရှားမှုတို့က အာရုံစိုက်မှုတို့အား ဖိတ်ခေါ်လာ၏။ ထိုရက်များတွင် အားလုံးက ရွှီချင်း နောက်တစ်ကြိမ်တက်ခြင်းကို စောင့်ဆိုင်းနေခဲ့ကြသည်ပင်။ သူသည် ပထမဆုံးနေရာကို ပြန်ရယူနိုင်မည်လား စောင့်ကြည့်နေကြ၏။
ထိုသို့အတွေးမျိုးက သာမန်တပည့်များပင် ရှိကြသည်မဟုတ်ပေ။ ထိုအချိန်တွင်း၌ လီယုံကျောက်တိုင်ကြီးတွင် အဆင့် ရနိုင်ခဲ့ကြသည့် ကောင်းကင်လက်ရွေးစင်များလည်း ထိုသို့ပင်ဖြစ်ကြသည်။ သူတို့အားလုံးက ရွှီချင်းအား မျက်စိဒေါက်ထောက်ကြည့်နေကြ၏။
ထို့ကြောင့် ရွှီချင်းက လီယုံကျောက်တိုင်ဆီသို့ရောက်ရှိလာပြီး ခုန်တိုက်လိုက်ချိန်တွင် ကောင်းကင်လက်ရွေးစင်တို့လည်း လိုက်လံလှုပ်ရှားလိုက်ကြ၏။
ဝတ်ရုံနီမိန်းမပျိုသည် ထပ်ဆုံးက ပြေးထွက်ကာ ရွှီချင်းနှင့် အပြိုင် လီယုံကျောက်တိုင်ကြီးသို့ ဦးတည်ထွက်သွားသည်။ တခြားသော ကောင်းကင်လက်ရွေးစင်တို့လည်း ထိုနည်းတူပင်။ ပေတစ်သောင်းအထက်သို့ ရောက်ရှိနိုင်ခဲ့သူအားလုံး ပါဝင်ယှဉ်ပြိုင်လာကြ၏။
၎င်းတို့ထဲတွင် သက်လတ်ပိုင်းလူကြီးလည်း ပါဝင်သည်။ သူကလည်း ခုန်ကာ တက်လိုက်လေသည်။
ထိုမြင်ကွင်းက မြို့ထဲရှိကျင့်ကြံသူအားလုံးတို့အား သာမက အဖွဲ့မျိုးစုံမှ ဘိုးဘေးများ၏အကြည့်တို့ကို ဖမ်းစားလာသည်။ ကောင်းကင်ပေါ်မှ ဓားကိုင်ရုံးတော်ပင် ထိုယှဉ်ပြိုင်မှုအား စောင့်ကြည့်နေကြ၏။
ဤကား ပါရမီရှင်တို့၏ ပြိုင်ပွဲ ဖြစ်သည်။
***