လက်မှတ်တစ်ခု၏ မှော်စွမ်းအား
Vol. 31 Ch. 462
“ရှောင်ရဲ့၊ မင်း အားတယ်ဆိုရင် ငါတို့နဲ့ လိုက်ခဲ့ပါလား၊ ပွဲမှာ 2D ကောင်မလေးတွေ အများကြီးပဲ၊ သူတို့က လုံးဝကို ကြည့်လို့ကောင်းတယ်ကွ”
ဟောင်ကျန်းက ပြောလေသည်။
“ဟုတ်တယ်၊ အရမ်းလည်း ဝေးတာ မဟုတ်ဘူး၊ သူတို့က ငါတို့ တက္ကသိုလ်မြို့လေးကို လာတာလေ၊ မသွားရင် နာတယ်ကွ”
ရှောင်ကမ်းက ခေါင်းညိတ်၍ သဘောတူသည်။
ထို့နောက် အာလူးလေးက ပြောသည်။
“ရှောင်ရဲ့၊ မင်း Dota ကို ကောင်းကောင်း ကစားတတ်တာပဲ၊ မင်း ကိုးလ်နဲ့ ဝူအာကို ကြားဖူးမှာပေါ့၊ သူတို့ နှစ်ယောက်က Dota လောကက အကောင်းဆုံး နတ်သမီးလေးတွေပဲ၊ ဒီတစ်ခေါက် သူတို့ ပါမယ်လို့ ငါ ကြားထားတယ်”
ရဲ့လင်းချန်၏ အမူအရာက မသိမသာ ပြောင်းလဲသွဦးသည်။ တင်ဆက်သူများကို စီးပွားရေး အစီအစဉ်များ၌ ပါဝင်ခွင့်ပြုရန် စုန့်ချမ် သူ့အား ပြောခဲ့သည်ကို ပြန်သတိရသွားသည်။ Anime ပွဲကလည်း ထိုသို့သော အစီအစဉ်များထဲမှ တစ်ခု ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ၎င်းက တင်ဆက်သူနှင့် ပလက်ဖောင်း နှစ်ခုလုံး၏ ကျော်ကြားမှုကို တိုးလာနိုင်သည်။ နောက်ကွယ်မှနေ၍ အရာအားလုံးကို ပြုလုပ်ပြီး အပြင်လောကနှင့် ပြတ်တောက်နေသည်က အဆင်မပြေပါ။
ဂိမ်းဇာတ်ကောင်များအား 2D ဟု သတ်မှတ်နိုင်ပြီး Anime ပွဲများတွင် ဂိမ်းပြပွဲများ ပြတ်လပ်သွားခြင်း မရှိပါ။
တကယ်တမ်းတွင် သူသည် သူမတို့အား ယခင်က လက်တွေ့ဘဝ၌ တစ်ခါမှ မမြင်ဖူးပါ။ ထို့ကြောင့် မသွားစရာ အကြောင်းမရှိပါ။ သူတို့ကို သွားကြည့်၍ သူတို့၏ ပုံစံအမှန်ကို သိချင်မိသည်။
တိုက်ရိုက် ထုတ်လွှင့်ခြင်း နယ်ပယ်သည် လတ်တလော နှစ်များတွင်မှ ပေါ်လာခြင်း ဖြစ်သည်။ ကနဦး ကျော်ကြားလာပြီး နောက်ပိုင်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ဖြစ်သွားလေသည်။ ထိုအတောအတွင်း မရေတွက်နိုင်သော လူရယ်စရာများ ပေါ်လာခဲ့သည်။ လူပြောအများဆုံး ခေါင်းစဉ်မှာ အမျိုးသမီး တင်ဆက်သူ၏ ရုပ်ရည် အစစ် ဖြစ်သည်။
တိုက်ရိုက် ထုတ်လွှင့်မှု၏ အလှအပ အရည်အသွေးများမှာ ကောင်းလွန်း၍ လောကထဲမှာ အမျိုးသမီး ရှစ်ဆယ် ရာခိုင်နှုန်းကို မိန်းမလှလေးအဖြစ် ပြောင်းလဲနိုင်ပေသည်။ အွန်လိုင်းပေါ်မှ ဆက်ဆံရေး တော်တော်များများသည် အပြင်၌ ဆုံပြီးသည်နှင့် ချက်ချင်း ပြတ်တောက်သွားကြသည်။
မကြာသေးခင်က မို့လိုလီ ဘုရင်မဟု အမည်ရသော အမျိုးသမီး တင်ဆက်သူသည် ကြောက်စရာကောင်းသော ရုပ်ရည်ရှိသည့် အဘွားအိုတစ်ယောက်ဖြစ်ကြောင်း ပေါ်လာခဲ့သည်။ ဂိမ်းကစားနေစဉ်အတွင်း ဖြစ်ပေါ်လာသော နည်းပညာ ပြဿနာက သူမ မျက်နှာသို့ တစ်ချိန်လုံး ချိန်ထားသည့် ကာတွန်း avatar အား ရုတ်တရက် ပျောက်သွား စေခဲ့ခြင်းပင်။
မိန်းမလှလေးတစ်ယောက်က အဘွားအိုတစ်ယောက် ဖြစ်နေသည့် မြင်ကွင်းက ကြောက်စရာ ကောင်းလှပြီး တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုလုံးအား ချက်ချင်း တိတ်ဆိတ်သွားစေသည်။
သို့သော် အဘွားက ဘာဖြစ်နေသလဲ မသိသေးပါ။ သူမက ခေါင်းကုပ်၍ သူမသည် ကမ္ဘာပေါ်ရှိ အလှဆုံး မိန်းကလေး ဖြစ်ကြောင်း၊ သူမ၏ အစ်ကိုကြီးများအား သူမကို ပွေ့ဖက်၍ အမြင့်သို့ ပွေ့ချီမြှောက်ပေး စေလိုကြောင်း ပြောနေသည်။
တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းမှ ထိပ်တန်း ဆုပေးသော မစ္စတာ ထိုးဖောက်သူကြီးသည် အလွန် ကြောက်လန့် သွားပြီး သူ့အကောင့်ကို ဖျက်၍ ညတွင်းချင်း ထွက်ခွာကာ လေယာဉ် လက်မှတ် ဝယ်ခဲ့သည်။
ထိုအဖြစ်ကြောင့် တင်ဆက်သူများ၏ မျက်နှာအစစ်ကို တင်ရန် တွန်းအားပေးကြသည်။ လူအများက ဝိုင်နတ်ဘုရားကိုတောင် ဆွဲထည့်၍ သူ၏ ရုပ်ဆိုးသော မျက်နှာကြောင့် လူလုံးမပြရဲခြင်းဖြစ်ကြောင်း ပြောပြီး အဘိုးကြီးပင် ဖြစ်နိုင်သည်ဟု ပြောကြလေသည်။
ရဲ့လင်းချန်က ထိုသို့သော မှတ်ချက်ကို လှောင်ရယ်လိုက်မိသည်။
*ဟဲဟဲ ဘာမှမသိတဲ့ သေမျိုးတွေ၊ ငါသာ လူလုံးထွက်ပြရင် ငါ့ရဲ့ ချောမောမှုကြောင့် မင်းတို့ ကန်းကုန်မှာကို စိုးရိမ်လို့ကွ*
ကိုးလ်နှင့် ဝူအာတို့သည် Dota လောက၌ အလှဆုံး နတ်သမီး နှစ်ပါးဟု သတ်မှတ်ခံရသည်။ သူတို့နှင့် မကြာခဏ စကားပြောဖူးသော်လည်း တိုက်ရိုက် ထုတ်လွှင့်မှုထဲမှနှင့် ယှဉ်လိုက်လျင် သူတို့၏ ပုံစံအမှန်က ဘယ်လို ဖြစ်မလဲ သူ မသိပါ။
ရဲ့လင်းချန် ထိုသို့ တွေးမိသောအခါ ခေါင်းညိတ်ကာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကောင်းသားပဲ၊ ငါ လိုက်မယ်”
“ဟုတ်ပြီကွ”
ရှန်းက စိတ်လှုပ်ရှားစွာနှင့် လက်သီးလက်မောင်း တန်းလေသည်။
“မင်း လုံးဝ နောင်တမရစေရဘူး၊ ကိုးလ်နဲ့ ဝူအာက တကယ် လှပြီးတော့ တိုက်ရိုက် ထုတ်လွှင့်မှုထဲကထက် ပိုပြီး လှတယ်လို့ ငါ ကြားဖူးတယ်”
…
Anime ပွဲ ကျင်းပရာ အဆောက်အဦးသည် အားကစားရုံတစ်ခုနှင့် တူသည်။ သို့သော် ၎င်းက ပို၍ အံ့ဩဖို့ ကောင်းလေသည်။ ထို့အပြင် Anime ပွဲကျင်းပရာ အဆောက်အဦးနှင့် နီးလာသောအခါတွင်မှ ပွဲ၏ တက်ကြွ လှုပ်ရှားမှုကို ရဲ့လင်းချန်ကို သတိထားမိသည်။
ပွဲရှေ့မှ ပလာဇာတွင် လူများနှင့် ပြည့်နှက်နေပြီး အများစုမှာ အမျိုးသမီးများ ဖြစ်သည်။ သူမတို့ အများစုက သာမန်လူများနှင့် မတူသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အချို့က လက်နက်များပင် ကိုင်ထားလေသည်။ ငါးယောက်တွင် တစ်ယောက်က cosplay လုပ်ကြလေသည်။
2D ဇာတ်ကောင်များ၏ အဝတ်အစားများက အလွန် ဆွဲဆောင်မှု ရှိသည်ကိုတော့ ဝန်ခံရပေမည်။ ယင်းက အာလူးလေးတို့ အဖွဲ့အား ပါးစပ် အဟောင်းသား ဖြစ်စေသည်။ သူတို့၌ မျက်လုံး အပို ပါလာလျင် ကောင်းမည်ဟုပင် တွေးမိစေ၏။
“ကြည့်လိုက်၊ အဲ့ဒါ Mai Shiranui မဟုတ်လား၊ အဲ့အဝတ်အစားက ပေါ်လွန်းနေတာပဲ”
“စကားမပြောခင် တံတွေး မျိုချပါဦးကွာ၊ ငါ့မျက်နှာကို မစဉ်စေနဲ့”
“အာ လခွမ်း၊ အဲ့ဒါ မြွေဖြူမလေး မဟုတ်လား၊ ကျက်သရေ ရှိလိုက်တာကွာ”
“မိစ္ဆာပဲ၊ ဖဟိုင်က ဒီရောက်နေပြီ၊ သူ့ပုံစံအမှန်ကို သူ မကြာခင် ပြတော့မှာလား”
“သေစမ်း၊ အဲ့အမျိုးသမီးက တော်တော် ဆွဲဆောင်မှု ရှိတာပဲ၊ သူ့ဆံပင်က မြွေက အစစ်လား ဒါမှမဟုတ် ရတနာလား”
“ဟေ့ နတ်သမီးလေး၊ ငါ့တုတ်ကို လာစားလေ”
“ဟိုကောင်မလေးက ချစ်စရာလေး၊ သူ့ဆံပင်ကိုတောင်မှ အပြာရောင် ဆိုးထားသေးတယ်၊ ဒါတောင် သူက တကယ် ချစ်ဖို့ကောင်းနေသေးတယ်”
“ဖယ်စမ်း၊ ကလေးကို ကြိုက်တဲ့ နှာဘူးကောင်”
…
ပလာဇာထဲတွင် ဆက်တိုက် ပြောဆိုသံများ ရှိနေပြီး အားလုံး၏ အနားမရနိုင်သော စိတ်ကို ခံစားမိနေသည်။ ပတ်ဝန်းကျင်က အလွန်အမင်း သက်ဝင် လှုပ်ရှားလျက် ရှိပေသည်။
ရဲ့လင်းချန်သည် Anime ပွဲများကို တစ်ခါမှ ဂရုမစိုက်မိပါ။ သို့သော် သူ့အတွက် ကမ္ဘာသစ်တစ်ခုသို့ တံခါး ပွင့်လာပြီး 2D နယ်မြေထဲသို့ တကယ် ဝင်မိသွားသည်ဟု ခံစားလိုက်ရလေသည်။
ဤသည်က Anime ပွဲ၏ အပြင်ဘက်သာ ရှိပေသေးသည်။ သူတို့ ပွဲထဲသို့ ဝင်သွားလျင် ပို၍ သက်ဝင် လှုပ်ရှား ပေဦးမည်။
“လခွမ်း၊ လူတွေ အများကြီးပဲ၊ ငါတို့ ဘယ်လောက်ကြာကြာ တန်းစီရမှာလဲ”
လက်မှတ်ရုံသို့ ရောက်သောအခါ ယောက်ျားလေး ငါးယောက်သည် ချက်ချင်း မှင်တက်သွားကြသည်။
လူတန်းက နဂါးတစ်ကောင်နီးပါး ရှည်လျားလှပြီး ဘယ်သူမှ တန်းစီရသည်ကို စိတ်ပျက်ပုံ မရသဖြင့် သူတို့ကို တွေဝေသွားစေသည်။
ရဲ့လင်းချန်က ဂရုမစိုက်စွာနှင့် ရပ်နေပြီး အဖွဲ့ပေါင်းစုံကို စိတ်ဝင်တစား ကြည့်နေသည်။
သာမန်လူများအပြင် ကြောင်နားရွက်နှင့် ကြောင်မြီးများ တပ်ထားသည့် ကလေးမလေးများ၊ ဝက်ခေါင်းနှင့် ထွန်ခြစ်ကို ကိုင်ထားသည့် ကျူးပါကျဲနှင့် ဇာပုဝါ ခြုံထားသည့် လှပသော နတ်သမီးများလည်း ရှိသည်ကို ရဲ့လင်းချန် သတိထားမိသည်။
ထိုအပြင်အဆင်က လမ်းပေါ်ရှိ လူများစွာကို အာရုံစိုက်မိစေနိုင်သော်လည်း ဤနေရာ၌ သာမန်ပင်။
“ငါတို့ ဘာလုပ်ကြမလဲ၊ ငါတို့ တန်းစီရမယ်ဆိုရင် ငါတို့ လက်မှတ် ဝယ်နိုင်တဲ့အချိန်ဆို မှောင်နေလောက်ပြီ”
“ရူးနေတာပဲ၊ တက္ကသိုလ်မြို့မှာ လူတွေ အများကြီးပါလား”
“ငါ့ကို ကြည့်ထား”
ဟောင်ကျန်းက ထူးဆန်းစွာ ပြုံးနေပြီး လူအနည်းငယ်သာ ရှိသော လူအုပ်ထံသို့ လျှောက်သွားလေသည်။ ထိုနေရာရှိ ပြတင်းပေါက်၌ ဗွီအိုင်ပီ သင်္ကေတကြီးကို ကပ်ထားသည်။
“ရှင့်ရဲ့ ပရီမီယမ် အဖွဲ့ဝင်ကဒ်လေး ပြပါ”
လက်မှတ်ရောင်းသူက နူးညံ့သော အသံရှိသည့် မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။
“ဟေ့ ဒီမှာ အလှလေး၊ ငါတို့ ညီအစ်ကိုတွေက ဝေးလံတဲ့ တောင်ပေါ်ရွာလေးမှာ နေတာ၊ ငါတို့ ဒီကို လာဖို့ တောင်တွေ မြစ်တွေကို ခက်ခက်ခဲခဲ ဖြတ်ခဲ့ရပြီးတော့ ဒီလိုမျိုး လာကြုံတွေ့ရတယ်ကွာ …”
“အဖွဲ့ဝင်ကဒ် မရှိဘူးလား”
မိန်းမပျိုလေးက ဟောင်ကျန်းကို ချက်ချင်း ဖြတ်ပြောပြီးနောက် ဖော်ရွေသော အပြုံးနှင့် ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဟိုဘက်လိုင်းမှာ စောင့်ပေးပါ”
“လုပ်ပါ၊ စဉ်းစားကြည့်ပါဦး၊ ငါတို့ ပိုက်ဆံ ထပ်ပေးနိုင်ပါတယ်၊ ငါတို့ နှစ်ဆပေးမယ်”
“ကျွန်မလို ရိုးသားပြီး ကျင့်ဝတ်ရှိတဲ့သူနဲ့ တွေ့တဲ့ ရှင့်အတွက်က ဘာပေးပေး အလကားပါပဲ၊ ဟိုဘက်လိုင်းမှာ စောင့်ပေးပါ”
မိန်းမပျိုလေးက ပြတ်ပြတ်သားသား ရပ်နေ၏။
ဟောင်ကျန်း၏ မျက်နှာက အေးစက်သွားပြီး အံကြိတ်သွားကာ ဆုံးဖြတ်ချက်ကြီး ချလိုက်ဟန်နှင့် ရဲ့လင်းချန် လက်မှတ် ထိုးထားသည့် ကဒ်ကို ထုတ်လိုက်သည်။
“မင်း ငါတို့ကို လက်မှတ်ပေးရင် ငါ … ဒါကို မင်းကို ပေးမယ်”
မိန်းမပျိုလေး၏ မျက်လုံးက ရုတ်တရက် ဝင်းပသွားသည်။ သူမက စဉ်းစားမနေဘဲ မေးလိုက်သည်။
“ရှင် လက်မှတ် ဘယ်နှစ်စောင် လိုချင်လဲ”
…
“လခွမ်း မိုက်တယ်ဟ၊ အခု ငါ ဘာလုပ်ရမလဲ သိသွားပြီ”
ဟောင်ကျန်း လက်မှတ် ရလာပြီးနောက် ရှောင်ကမ်းနှင့် အခြားသူများက ဟောင်ကျန်းကို အလန့်တကြား ကြည့်သည်။ ရဲ့လင်းချန်တောင်မှ သူ့လက်မှတ်က ထိုသို့ အသုံးဝင်မည်ဟု ထင်မထားသဖြင့် အံ့ဩနေ၏။
Anime ပွဲ၏ အပြင်အဆင်အား Anime နောက်ခံများအတိုင်း ပြင်ဆင်ထားသည်။ Anime ဇာတ်ကောင်၏ နာမည်ကျော် ပို့စ်အတိုင်း သရုပ်ပြနေသော cosplayer တစ်ယောက်နှင့် သူတို့ ခြေလှမ်း အနည်းငယ်အတွင်း တွေ့ရလေသည်။ ထိုနေရာ၌ လူတိုင်းကို ဓာတ်ပုံရိုက်ခွင့် ပေးထားပြီး ပါးစပ် အဟောင်းသားနှင့် အံ့ဩတကြီး ဖြစ်စေသည်။
ဇာတ်ကောင်များအပြင် လူတော်တော်များများက ဈေးဆိုင်များ ဖွင့်၍ Anime ထဲမှ လက်နက်များနှင့် ပစ္စည်းများ၊ ပိုစတာများ၊ အရုပ်များကို ရောင်းနေကြသည်။ အချို့က သူတို့၏ Anime အဝတ်အစားမျိုးစုံကို ဝတ်ထားသည့် selfie များကို ရောင်းကြလေသည်။ သူတို့က ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကို ဖော်၍ လူတိုင်းကို ညှို့ငင်နေ လေသည်။
ဤသို့သော မြင်ကွင်းသည် သူတို့ Anime ပွဲထဲသို့ ဝင်ခါစမှာပင် မြင်ရသည့် မြင်ကွင်းသာ ရှိသေးသည်။ အထဲမှ အခြေအနေက ပို၍ ရှုပ်ထွေးသည်။