← Chapters

ဖုံးမရသော ချောမောမှု

Vol. 31 Ch. 463

ဖုံးမရသော ချောမောမှု

Vol. 31 Ch. 463

သူတို့ ငါးယောက် လမ်းလျှောက်နေချိန်တွင် လှပသော မျက်ဝန်းများ ရှိသည့် ဆံပင် ပန်းရောင်နှင့် မိန်းမပျိုလေးတစ်ဦးက ရဲ့လင်းချန်ကို ရုတ်တရက် လှမ်းဆွဲလာသည်။

သူမသည် Balala the Fairies ထဲမှ ဇာတ်ကောင်ကို cosplay ထားပုံရပြီး သူမလက်ထဲ မှော်တုတ်တံလေး ကိုတောင်မှ ကိုင်ထားသေးသည်။

“ဟေ့ လူချောလေး၊ ရှင် ကျွန်မရဲ့ ဖုန်းနံပါတ် လိုချင်လား၊ ကျွန်မ ရှင့်ကို နှစ်ဆယ် ရာခိုင်နှုန်း လျှော့ပေးမယ်လေ”

သူမအသံက ချိုသာသော်လည်း သူမစကားက ရဲ့လင်းချန်ကို အနည်းငယ် တွေဝေသွားစေသည်။

*ဖုန်းနံပါတ်အတွက် လျှော့ဈေးဆိုတာကြီးက ဘာကြီးလဲ*

“မလိုဘူး ကျေးဇူးပဲ”

“သုံးဆယ် ရာခိုင်နှုန်း ဆိုရင်ရော၊ ဒါမှမဟုတ် လေးဆယ် ထားပေးမယ်လေ”

မိန်းကလေးက အနောက်မှ လှမ်းအော်ပြောသည်။

ရဲ့လင်းချန်က ပြုံးပြပြီး ချက်ချင်း ထွက်လာခဲ့သည်။

“ချီးပဲကွာ၊ ဒါ အဓိပ္ပာယ်မရှိဘူး”

ဟောင်ကျန်းက ဘယ်နေရာကမှန်းမသိ မှန်တစ်ခုကို ဆွဲထုတ်လာပြီး ၎င်း၌ ဘီးပင် ပါလာသေးသည်။ ပြီးနောက် သူက သူ့ဆံပင်ကို စဖြီးလေသည်။

သူက ဘီးဖြီးနေစဉ်တွင် တစ်ကိုယ်တည်း ရေရွတ်နေ၏။

“ဘာလို့ ဒီလို ဖြစ်တာလဲ၊ ရှောင်ရဲ့ သူ့မျက်နှာ ပြလိုက်ရင် ငါထက် နည်းနည်းလေးပဲ ပိုချောတာပါ၊ ဒါပေမဲ့ အခု သူက မျက်နှာဖုံး တပ်ထားတာလေ၊ ဒါတောင် မိန်းကလေးတွေက သူ့ကို လာကပ်နေသေးတယ်၊ ဘာလို့လဲ”

“နေစမ်းပါကွာ၊ မင်း ဘယ်လိုလုပ် ရှောင်ရဲ့နဲ့ ယှဉ်နိုင်ရတာလဲ”

ရှောင်ကမ်းက မှန်ကို လှမ်းဆွဲလေသည်။

“ဒါပေမဲ့ ဒါက တကယ် ထူးဆန်းတယ်၊ မိန်းကလေးတွေက ငါ့ကို အာရုံစိုက်သင့်တာလေ၊ တကယ်ဆို ငါတို့ ငါးယောက်ထဲမှ ငါက ဆွဲဆောင်မှု အရှိဆုံးပဲလေ”

ရှန်းက သရော်သည်။

“ဟဲဟဲ မင်းနေရာ မင်း သိစမ်းပါ၊ တကယ်လို့ ငါတို့ ငါးယောက် အတူတူ လျှောက်လာရင် အောင်မြင်နှုန်း အရှိဆုံးက ငါဆိုတာ အသိသာကြီး၊ ဟုတ်ပြီလား”

“အဲ့ကောင်မလေးက ကန်းနေတယ်လို့ ငါ ထင်တယ်၊ သူသာ ငါ့ကို မြင်ရင် ရှောင်ရဲ့ကို မဆွဲလောက်ဘူး”

အာလူးလေးက အဖြစ်အပျက်ကို အရိုးသားဆုံး ဝေဖန်စမ်းစစ်ဟန် ပေးလေသည်။

ရဲ့လင်းချန်သည် အရူးတစ်သိုက်အား ဆွံ့အစွာ ကြည့်နေပြီး မေးလိုက်သည်။

“ခုနက ဘာဖြစ်သွားတာလဲ”

“အဲ့ကောင်မလေးက မင်းကို လျှော့ဈေး ပေးနေတာလေ”

အာလူးလေးက ရှင်းပြသည်။

“2D အသိုင်းအဝိုင်းက တကယ်တော့ တော်တော်လေး ရှုပ်တယ်ကွ၊ မိန်းကလေးတွေက ပိုပွင့်လင်းတယ်၊ တကယ်လို့ မင်းမှာ သူတို့ နံပါတ် ရှိတယ်ဆိုရင် မင်း သူတို့နဲ့ ချိန်းတွေ့လို့ရတယ်၊ ဒီမှာ ငါ ပြောတဲ့ လျှော့ဈေးဆိုတာ ဈေးကို ပြောတာနော်”

ရဲ့လင်းချန် မယုံနိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်မိသွားသည်။

“ဒီလူတွေက အခုထိ ငယ်သေးတယ်လေ၊ ဟုတ်တယ်မလား”

“ဟုတ်တယ်လေ၊ သူတို့ ငယ်နေလို့ပဲပေါ့ကွ၊ Cosplay လုပ်တာက ပိုက်ဆံ အရမ်း ကုန်တယ်၊ ပြီးတော့ အနည်းဆုံး လေး၊ ငါးထောင် မရှိရင် မင်း အဲ့လို ဝတ်စုံတွေထဲက တစ်ခုကို ရနိုင်မှာ မဟုတ်ဘူး၊ 2D ပစ္စည်းတွေကို ကြိုက်တဲ့ ဘယ်သူမဆိုက သူတို့မှာ ဝတ်စုံ ဆယ်စုံလောက် မရှိရင် ရှက်ကြလိမ့်မယ်၊ ဒီမိန်းကလေးတွေက အဲ့လောက် ပိုက်ဆံ မရှိနိုင်ဘူးလေ”

ရှောင်ကမ်းက ရှင်းပြပြီးနောက် ဆက်ပြောပြသည်။

“အဲ့ဒါကြောင့် ဒီအသိုင်းအဝိုင်းထဲက လူတွေက ချမ်းသာတဲ့ မိသားစုထဲက မဟုတ်ရင် ပိုက်ဆံရဖို့ အခြား နည်းလမ်းတွေ ရှိတဲ့သူတွေပဲ”

“များသောအားဖြင့် သူတို့က မဟုတ်တဲ့ နည်းလမ်းတွေကနေ ပိုက်ဆံ ရှာကြတယ်”

အာလူးလေးက ခေါင်းညိတ်၍ ထောက်ခံသည်။

“တစ်ချို့ဆို သူတို့ ဝါသနာနဲ့ အနုပညာအတွက် သူတို့ ခန္ဓာကိုယ်ကိုတောင် ပေးဖို့ ဆန္ဒ ရှိကြတာ”

ရဲ့လင်းချန် ခေါင်းခါလိုက်ပြီး ထိုကိစ္စအတွက် အလွန် မကျေမနပ် ဖြစ်မိသည်။

“မင်းက အရမ်း လွန်လွန်းနေပြီ၊ နယ်ပယ်တိုင်းမှာ သူတို့ရဲ့ အမှောင်ဘက်ခြမ်းတွေ ရှိတယ်၊ လူတိုင်းက ဒီလို မဟုတ်ပါဘူး”

ဟောင်ကျန်းက ချေပပြောဆိုသည်။

“ကိစ္စ တော်တော်များများက လူတွေ သတင်းဖြန့်တဲ့အခါမှာ ချဲ့ပြောကြလို့လေ၊ တကယ်တမ်းကျတော့ ငါတို့ ကြားနေရတာ အားလုံးက တစ်ဆင့်စကားတွေပဲ”

သူတို့သည် စကားပြောရင်း ဘေးတစ်ဖက်စီမှ စုံလင်သော ပြပွဲများကို ကြည့်နေကြပြီး တစ်ခါတရံ၌ မှတ်ချက် အနည်းငယ် ချကြလေသည်။

သူတို့ ခန်းမထဲသို့ ပိုဝင်လာလေလေ အရည်အသွေးက ပိုကောင်းလာလေလေပင်။ အများစုကို ရဲ့လင်းချန် အံ့ဩတကြီး ဖြစ်ရသည်။

သို့သော် လူတစ်ယောက်က ရဲ့လင်းချန်ကို တွေဝေစေခဲ့သည်။ ထိုသူမှာ ကြက်ခေါင်းကို ခေါင်း၌ ဝတ်ဆင်ထားသည့်သူ ဖြစ်သည်။ သူသည် လက်ထဲ၌ ဘတ်စကက်ဘောလုံးကို ကိုင်ထားပြီး ဘတ်စကက်ဘော ပုံစံများ လုပ်ပြနေသည်။ ဘာမှ ထူးထူးခြားခြား ရှိပုံ မပေါ်သော်လည်း လူအုပ်ကြီးက များနေပြီး အရာအားလုံးက ဘာလဲဆိုသည်ကို သူ နည်းနည်းလေးမှ စဉ်းစားမရပေ။

Anime ပြပွဲက အလွန် ကြီးမားသော ပွဲတစ်ခု ဖြစ်သည်မှာ သေချာလှပြီး အပြင်အဆင်ကလည်း အလွန် သက်တောင့်သက်သာ ရှိကာ နည်းပညာနဲ့ ယဉ်ကျေးမှု ပေါင်းစပ်ထားသလိုပင်။ အဓိကအားဖြင့် မိန်းကလေးများစွာ ရှိနေခြင်းက မည်သူ့ကိုမဆို သက်တောင့်သက်သာ ခံစားရအောင် ပြုလုပ်ပေးနေ၏။

လူငါးယောက်သည် ပျော်ရွှင်စွာဖြင့် အထဲ၌ လျှောက်သွားနေကြသော်လည်း ကြီးမားသော ပိုစတာ တစ်ခုနားမှ ဖြတ်သွားသောအခါ သူတို့ ခြေလှမ်းများက တုံ့ခနဲ ရပ်သွားလေသည်။

“လခွမ်း၊ ဒါ ညာဘက် အပေါ်ထောင့်မှာ ပန်ဒါ လိုဂိုပါတဲ့ Dota ပိုစတာပဲ”

“နောက်ဆုံးတော့ ရှာတွေ့ပြီပဲ၊ ဒါဆို ပန်ဒါ ထုတ်လွှင့်ရေးက အစကတည်းက ဒီမှာ စီစဉ်ထားတာပဲ၊ ဝိုး … ဝိုး … ဝိုး … ငါတို့ ဂိမ်းတင်ဆက်သူတွေရဲ့ မျက်နှာအစစ်ကို နောက်ဆုံးတော့ တွေ့ရတော့မှာပဲ”

“မြန်မြန် သွားရအောင်၊ အပြင်အဆင်တွေက မသိရင် Dota ဂိမ်းထဲ ငါတို့ ရောက်သွားသလိုပဲကွ”

သူတို့က အပြန်အလှန် ပြော၍ ပွဲထဲ ဝင်သွားကြသည်။

ဤနေရာသည် anime ပွဲအတွက် ဆုံတွေ့ရာ နေရာ ဖြစ်သည်။ ဝင်ပေါက်က တံခါးမဟုတ်ဘဲ ထူထဲသော ထောက်တိုင်များ ရှိသည့် စက်ဝိုင်းပုံ ဖန်သားပြင် ဖြစ်သည်။ ယင်းက တောထဲ လျှောက်နေရသလို ခံစားရစေပြီး နှစ်မီတာတိုင်း၌ 3D မိစ္ဆာကောင်များက လမ်းတစ်ဖက်စီ၌ ရပ်နေကြသည်။

ထိုမိစ္ဆာကောင်များသည် Dota ထဲမှ ဟီးရိုးများ ဖြစ်သည်။

ရဲ့လင်းချန်သည် အရာအားလုံးကို မှတ်သားနေပြီး အလိုလို နှုတ်ခမ်းမဲ့မိသွားသည်.

*ဒါတွေ အားလုံးက ပိုက်ဆံတွေ၊ ကုန်သွားတဲ့ ပိုက်ဆံတွေက ငါ့ပိုက်ဆံတွေ*

ဤသည်က လူသိအောင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း သိသော်လည်း ရဲ့လင်းချန် စိတ်ဓာတ်ကျမိသေးသည်။

*စုန့်ချမ်က တကယ်ကို သူ့နာမည်အတိုင်း နေတာပဲ*

တဖြည်းဖြည်းနှင့် ပွဲထဲမှ အားပေးသံများနှင့် ဆူညံသံများကို စကြားလာရသည်။ သူတို့ ဆက်လျှောက်လာ သောအခါ အရှေ့က ရုတ်တရက် ခန်းမတစ်ခု ဖြစ်လာပြီး လူများနှင့် ပြည့်နှက်နေ၏။ ထိုင်ခုံနေရာများ မကျန်တော့သဖြင့် တော်တော်များများက မတ်တပ်ရပ်နေရသည်။

စင်မြင့်ပေါ်တွင် လူဆယ်ယောက်မက ရပ်နေကြပြီး အားလုံးက ပန်ဒါ ထုတ်လွှင့်ရေးမှ Dota တင်ဆက်သူများ ဖြစ်ကြသည်။ သူတို့နှင့်အတူ အစီအစဉ် တင်ဆက်သူ ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်လည်း ရှိနေသည်။

ယခုအစီအစဉ်မှာ မိတ်ဆက်သည့် အစီအစဉ်ပင်။

“အခုကတော့ Dota လောကရဲ့ ရေခဲတမျှ အေးစက်တဲ့ နတ်သမီးလေးပါ၊ သူက တစ်ဦးတည်းသော နတ်သမီးလေး … ကိုးလ်ပါပဲ”

တင်ဆက်သူ၏ စကားကို ကြားရသောအခါ ပရိသတ်များအားလုံး ချက်ချင်း ဩဘာပေးကြသည်။ တစ်ချိန်တည်းမှာပင် သူတို့အနောက်ရှိ ဖန်သားပြင်ကြီးတွင် ကိုးလ်၏ အကောင်းဆုံး ဂိမ်းထဲမှ မြင်ကွင်းကို ပြသလေသည်။

“တင်ဆက်သူရဲ့ အသွင်အပြင်က အမြဲ အငြင်းပွားစရာ ဖြစ်ခဲ့တာ၊ ဒါပေမဲ့ ကိုးလ်ရဲ့ မျက်နှာက အားလုံးကို ကျေနပ်စေပါ့မလား ငါ သိချင်တယ်”

ကိုးလ်ကို ဖန်သားပြင်တိုင်း၌ ပြသနေသည်။

“အားလုံးပဲ မင်္ဂလာပါ”

ကိုးလ်က ပြုံး၍ လူတိုင်းကို နှုတ်ဆက်လေသည်။ တစ်ခဏအတွင်းမှာပင် ခန်းမတစ်ခုလုံး ပို၍ အသက်ဝင်လာပြီး လူတော်တော်များများက သူတို့၏ နတ်သမီးလေးကို အားပေးကြလေသည်။

ရဲ့လင်းချန်က အေးတိအေးစက် ကြည့်နေပြီးနောက် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ သူမမျက်နှာက တစ်မူထူးခြားပြီး အတော်လေး အရပ်ရှည်သည်။ အရပ်က ပျမ်းမျှ ၁.၇ မီတာ ရှိလောက်ပြီး သူမ၏ ခြေတံလေးများက ရှည်လျား သွယ်လျကာ သူမပုံစံက သူမနာမည်နှင့် လိုက်ဖက်နေသည်။

“ကျွန်တော်တို့အားလုံးလည်း သိကြမှာပါ၊ Dota လောကမှာ ယောက်ျားလေးတိုင်းက ကိုးလ်ကို လက်ထပ်ဖို့က သူတို့ရဲ့ အဓိက ပန်းတိုင်ဆိုတဲ့ စကား ရှိတယ်လေ၊ ကိုးလ်က သူမလက်တွဲဖော်ကို ရွေးချယ်မယ့် အမြင်လေးကို မျှဝေနိုင်မလားဆိုတာကို သိလို့ရမလား၊ Dota လောကက တစ်ယောက်ယောက်ကို မင်းရဲ့ ချစ်သူအဖြစ် ရွေးချယ်မှာလား”

တင်ဆက်သူ၏ မေးခွန်းက အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ လူတိုင်း တစ်ခဏမျှ ငြိမ်သက်သွားသည်။

“ချစ်သူ ရွေးချယ်တဲ့နေရာမှာ ပထမဆုံး လိုအပ်ချက်က ဂိမ်းထဲမှာ အရင်ဆုံး ကျွန်မကို နိုင်အောင် လုပ်ရမယ်လို့ ကျွန်မ ထင်တယ်”

ကိုးလ်က အေးစက်စွာ ပြောပြီးနောက် ဆက်ပြောလေသည်။

“တကယ်တော့ ကျွန်မမှာ အခြား ထူးခြားတဲ့ တောင်းဆိုမှုတွေ မရှိပါဘူး၊ ကံကြမ္မာပေါ်မှာ မူတည်ပါတယ်၊ တစ်ချို့လူတွေက တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှ မဆုံဖူးတာတောင်မှ ကိုယ့်ကို ပျော်အောင် လုပ်နိုင်တယ်လေ၊ အဲ့ဒါကို ရေစက်လို့ ခေါ်တာ ထင်ပါတယ်”

“ဝိုး … အတော်လေး ကြည်နူးစရာ ကောင်းတာပဲ”

တင်ဆက်သူက ပြောလေသည်။

“နောက်တစ်ယောက်ကလည်း Dota လောက နတ်သမီးလေးပါပဲ၊ အားလုံး မစောင့်နိုင်ဘူးလို့ ထင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါ မတိုင်ခင် ကျွန်တော့်ကို ကြော်ငြာ အတိုလေး ပြောခွင့်ပြုပါဗျ”

“ပရိသတ်တွေက ကျွန်တော်တို့ တင်ဆက်သူတွေနဲ့ ယှဉ်ပြိုင်ချင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ အထူး ရင်းနှီးဖလှယ်တဲ့ အစီအစဉ်လေးတစ်ခု ထည့်ထားပါတယ်၊ ဖန်သားပြင်က QR Code ကို စကန်ဖတ်ပြီးတော့ ပန်ဒါ ထုတ်လွှင့်ရေးရဲ့ တရားဝင် အကောင့်ထဲ ဝင်လိုက်ပါ၊ ပြီးရင် မင်းတို့ရဲ့ အသင်းနာမည်ကို တရားဝင်အကောင့်ထဲမှာ ဝင်ခဲ့ပါ။ ပြီးရင် ကျွန်တော်တို့က ကံထူးရှင် အသင်းကို မဲနှိုက် ရွေးချယ်ပါမယ်၊ မဲပေါက်တဲ့ အသင်းက စင်မြင့်ပေါ်တက်ပြီး တင်ဆက်သူတွေနဲ့ ယှဉ်ပြိုင် ကစားနိုင်မယ့် အခွင့်အရေး ရရှိမှာပါ”

“အသင်းတစ်သင်းမှာ ကစားသမား ငါးယောက် ပါရပါမယ်၊ ကြည့်လိုက်တာနဲ့ တော်တော်များများက စိတ်လှုပ်ရှားနေပြီပဲ၊ ကိုယ့်လူတို့ မြန်မြန်လေး ဝင်လိုက်ကြတော့နော် …”

All Chapters