ထူးဆန်းသော အသင်းနာမည်
Vol. 31 Ch. 464
၎င်းကို ပရိသတ် ဝန်ဆောင်မှုပေးသော ပုံစံတစ်မျိုးဟု သတ်မှတ်နိုင်ပေသည်။
ထင်ထားသည့်အတိုင်းပင် တင်ဆက်သူ၏ အသံနှင့်အတူ လူအုပ်ကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်လာ ပေသည်။ လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာပြီး သူတို့၏ ဖုန်းများ ထုတ်၍ ဖန်သားပြင်ပေါ်မှ QR code ကို စကန် ဖတ်ကြသည်။
ငါးယောက်တစ်ဖွဲ့ ဖွဲ့ရန် လူလိုသောကြောင့် တစ်ချို့ဆိုလျင် နေရာမှာတင် အဖွဲ့ဖွဲ့ကြလေသည်။ ဤနေရာရှိ လူတိုင်းက ဂိမ်းပရိသတ်များ ဖြစ်သောကြောင့် သူတို့အတွက် အဖွဲ့ဖွဲ့ရန် မခက်ချေ။
“မြတ်စွာဘုရား၊ ငါတို့ တင်ဆက်သူတွေနဲ့ ပြိုင်ကစားရတော့မယ်ကွ၊ မိုက်လိုက်တာ၊ ငါတို့အားလုံး ဝင်ရင် အသင်းဖွဲ့လို့ ရပြီ၊ စမ်းကြည့်ရအောင်”
ရှန်းက QR Code ကို စကန်ဖတ်ရန် တုံ့ဆိုင်းမနေဘဲ ဖုန်းကိုထုတ်လိုက်သည်။
“အိုက်ယား၊ ငါတို့ အရွေးခံရရင် ဘယ်လိုလုပ်မလဲ၊ ဒီလောက် လူတွေအများကြီးရှေ့မှာ Dota ကစားဖို့ ငါ နည်းနည်း ရှက်တယ်ကွ”
ဟောင်ကျန်းက ပြုံး၍ ပြောလေသည်။
စိတ်လှုပ်ရှားနေသော လူအုပ်ကြီး၏ အသံ ငြိမ်သွားသည်နှင့် အစီအစဉ် တင်ဆက်သူက ဆက်ပြောလေသည်။
“ကဲ ကျွန်တော်တို့ရဲ့ ဒုတိယ နတ်သမီးလေးကို စင်ပေါ် တက်လာဖို့ ကြိုဆိုလိုက်ရအောင်၊ သူမက အလှအပရော အရည်အချင်းပါ ရှိတဲ့ ချစ်စရာ အသံလေးနဲ့ ဝူအာ ဖြစ်ပါတယ်”
စင်ပေါ်သို့ လျှောက်လှမ်းလာသူက အပြာရောင် ဂါဝန်လေးနှင့် မိန်းမပျိုလေး တစ်ယောက် ဖြစ်သည်။ သူမတွင် ပခုံးထိ ရှည်သော ဆံနွယ်များ ရှိပြီး လိပ်ပြာပုံပါသည့် ပန်းရောင် ဘီးကုပ်လေး တပ်ထားသဖြင့် ချစ်စရာကောင်း၍ တက်ကြွသော အသွင်အပြင်ကို ပေးစွမ်းနေသည်။ သူမက အရပ်မရှည်သော်လည်း သူမကို ချစ်စရာ ကောင်းပုံ ပေါ်စေသည့် ကလေးမျက်နှာလေး ရှိပေသည်။
အလွန် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ပင်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ဝူအာပါ၊ ရှင်တို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်နော်”
သူမက ပရိသတ်ကို လက်ပြ၍ ပြုံးကာ နှုတ်ဆက်လိုက်သည်။
နူးညံ့လိုက်သည့်အသံ။ ထိုအသံက သာမန် ကလေးနှင့်တူသော အသံများထက် ပို၍တောင်မှ နူးညံ့ပြီး လူအုပ်အား စိတ်လှုပ်ရှားစွာ အော်ဟစ်သွားစေသည်။
ဝူအာ၏ အသံက တကယ်ကို သူမ၏ ထူးခြားမှုပင်။ ယင်းက လူတစ်ယောက်၏ နှလုံးသားကို အလွယ်တကူ ဆွဲဆောင်နိုင်၏။ သူတို့ တော်တော်များများသည် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ခဲ့ပြီး ဖန်သားပြင်ကို ကြည့်ရန်ပင် သတိမရပါ။ သူမအသံကို နားထောင်ရရုံနှင့်တင် လုံလောက်နေလေပြီ။ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ အသံက အချို့သောသူများအား အိပ်မောပင် ကျသွားစေ၏။
“ဝါး … နတ်သမီးအသံလေးပဲ၊ မိန်းကလေးဖြစ်တဲ့ ကျွန်မတောင်မှ အရည်ပျော်ကျသွားမလို ခံစားရတယ်”
တင်ဆက်သူက ပြုံး၍ ပြောသည်။
“ခုနတုန်းက နတ်သမီးလေး ကိုးလ်က ကျွန်မတို့ကို သူ့ရဲ့ လက်တွဲဖော် ရွေးချယ်တဲ့အမြင်ကို ပြောပြခဲ့တယ်၊ နတ်သမီးလေး ဝူအာရဲ့ လက်တွဲဖော် ရွေးချယ်မယ့် လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ ကျွန်မ သိလို့ရမလား”
“စံချိန်စံနှုန်းတစ်ခုအဖြစ် သတ်မှတ်လို့ ရမယ်လို့ ကျွန်မ မထင်ဘူး၊ ကျွန်မ သူ့ကို သဘောကျသရွေ့ အဆင်ပြေပါတယ်”
ဝူအာက ပြန်ပြောသည်။
မိတ်ဆက်ခြင်း အစီအစဉ် ပြီးဆုံးသွားပြီးနောက် ပရိသတ်များကို တိုက်ရိုက် ထုတ်လွှင့်မှု တင်ဆက်သူများနှင့် တရင်းတနှီး ပြောဆိုခွင့်ရသည့် အချိန်သို့ ရောက်လာလေသည်။ ယင်းမှာ လက်မှတ်ထိုးပွဲ ဖြစ်ပေသည်။ တင်ဆက်သူများက သူတို့၏ ပရိသတ်များအတွက် သူတို့၏ ကိုယ်ပိုင် လက်မှတ်ထိုးထားသော လက်ဆောင်များ ပေးမည် ဖြစ်သည်။
ထို့နောက်တွင်မူ တင်ဆက်သူများကြားမှ သူတို့၏ စွမ်းရည်ကို ပြသရန်နှင့် သူတို့၏ ကျော်ကြားမှုကို တိုးမြှင့်ရန်အတွက် ယှဉ်ပြိုင်ကစားသည့် အချိန်သို့ ရောက်လာပေလိမ့်မည်။
လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ပရိသတ်များ၏ စိတ်ဝင်စားမှုက လျော့နည်းမသွားပေ။ တစ်ဝက်တစ်ပျက်နှင့် ထွက်ခွာသွားသည့်သူ မရှိသလောက်ပင်။ သူတို့အားလုံးသည် တင်ဆက်သူများနှင့် စိန်ခေါ်ကစားနိုင်ရန်အတွက် အရွေးခံရန် မျှော်လင့်နေကြသေးသည်။
နောက်ဆုံးတွင် အစီအစဉ်က အောင်မြင်စွာ ပြီးဆုံးသွားလေသည်။
“ဝိုး … Dota လောကက နတ်သမီးလေး နှစ်ယောက်က အလှအပရော အရည်အချင်းပါ ပြည့်စုံတဲ့ပုံပဲ၊ ပြိုင်ပွဲ တစ်ခုလုံးမှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိတယ်၊ ရည်းစားစာ၊ 09 နဲ့ ရှောင်ကွိုက်တို့ကလည်း ငါတို့ကို သူတို့ရဲ့ အရည်အချင်း အစစ်တွေ ပြနေတယ်၊ အခုလာမယ့်ဟာက ပွဲရဲ့ နောက်ဆုံးအပိုင်း ဖြစ်သလို အမျှော်လင့်ဆုံး အပိုင်းပဲ”
တင်ဆက်သူ၏ စကားက လူအုပ်ကြီးကို ချက်ချင်း ဆူညံသွားစေပြီး မျှော်လင့်ချက်များနှင့် ပြည့်နှက်လာစေသည်။
“အခု အရွေးခံရမယ့် အသင်းက ကိုးလ်၊ ဝူအာ၊ ရည်းစာစာ၊ 09 နဲ့ ရှောင်ကွိုက်တို့နဲ့ ငါးယောက်တစ်ဖွဲ့ ယှဉ်ပြိုင်ရမှာပါ၊ အဲ့လူငါးယောက်က ဘယ်သူများ ဖြစ်နေသလဲ သိချင်လိုက်တာ၊ ဖန်သားပြင်ကို ကြည့်လိုက် ကြရအောင်”
“တင်”
ဖန်သားပြင်ကြီး၌ အသင်းနာမည်များက တစ်ခုပြီးတစ်ခု လည်နေသည်။ အသင်းများစွာ စာရင်းသွင်းထားသဖြင့် ၎င်းတို့ထဲမှ တစ်ခုက အရွေးခံရပေမည်။
သို့သော် အစီအစဉ် တင်ဆက်သူများသည် တစ်ယောက်နှင့် တစ်ယောက် အပေးအယူမျှစွာ တင်ဆက်၍ စိတ်ကို ဆွပေးနေကြသည်။
“အရွေးခံရတဲ့ အသင်းက ကံကောင်းတာလား၊ ကံဆိုးတာလား မသိဘူးနော်”
“ဟုတ်တယ်၊ ပရိသတ်တစ်ယောက်ရဲ့ အမြင်အရဆိုရင် သူတို့ သဘောကျတဲ့သူကို ယှဉ်ပြိုင်နိုင်ခွင့်ရတာက သူတို့အတွက် ကံကောင်းတာပေါ့၊ ဒါပေမဲ့ အနိုင်၊အရှုံးဘက်က ကြည့်ရင် သူတို့ ဆိုးဆိုးရွားရွား အနိုင်ပိုင်းခံရတာနဲ့ ရင်ဆိုင်ရလောက်တယ်၊ ဆိုးတာပဲ”
“ဟုတ်တယ်၊ ဒါပေမဲ့ စင်အောက်က လူတွေကို ကြည့်ပါဦး၊ ပရိသတ်တွေရဲ့ မျက်လုံးမှာ စိတ်အားထက်သန်တဲ့ ပုံစံတွေ ရှိနေတယ်၊ သူတို့ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သူတို့ ယုံကြည်ချက် ရှိတယ်၊ ဒါဆို ကျွန်တော်တို့ ငါးကနေ ရေပြီးတော့ ဖန်သားပြင်ကို ရပ်လိုက်ရအောင်”
“ငါး”
“လေး”
…
“တစ်”
“တင်”
ဖန်သားပြင်ပေါ်မှ နာမည်များ ရပ်တန့်သွားပြီး အသင်းတစ်သင်း ရွေးချယ်ခံလိုက်ရသည်။
တိတ်ဆိတ်သွားသည်။ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားသည်။
အစီအစဉ် တင်ဆက်သူ၊ လူအုပ်ကြီးနှင့် တင်ဆက်သူများတောင်မှ အံ့ဩသွားကြသည်။
သူတို့သည် ဖန်သားပြင်ပေါ်၌ ပေါ်နေသည့် နာမည်ကြောင့် မှင်တက်နေ၏။
လက်ငါးချောင်း မမလေး၏ ချစ်သူ အဖွဲ့။
*နာမည်က၊ အာ … နည်းနည်း စိတ်ဝင်စားစရာ ကောင်းသားပဲ*
လက်ငါးချောင်း မမလေး။ ၎င်းက ဘာကို ဆိုလိုနေသလဲ အားလုံး သိကြသည်။ လူအုပ်ထဲမှ ကျား၊မ မရွေးသည် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။
“လခွမ်း၊ ဉာဏ်ကြီးရှင်ပဲ၊ လုံးဝကို ဉာဏ်ကြီးရှင်ပဲ၊ ဘယ်ညီအစ်ကိုက ဒီလို တက်ကြွပြီး အရှက်မရှိတဲ့ နာမည်ကို စဉ်းစားမိတာလဲ မသိဘူး၊ ဒါ အကြံအဖန် ကောင်းတာပဲ”
“ဟားဟားဟား ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီနာမည်ကိုက ဇာတ်လိုက်ရဲ့ အရှိန်အဝါတွေ ရှိနေပြီ၊ အရွေးခံရတာ မဆန်းပါဘူး”
“သောက်ကျိုးနည်း၊ ငါ့မိန်းမနာမည်က ဘယ်လိုလုပ် အဲ့မှာ ပေါ်လာတာလဲ၊ ဘယ်ကောင်က ငါ့မိန်းမကို ခိုးရဲတာလဲကွ”
“အရှက်ကို မရှိလွန်းဘူး၊ လက်ငါးချောင်း မမလေးက ငါတို့အားလုံးရဲ့ မိန်းမတွေက”
“ဒီအဖွဲ့ထဲမှာ ဘယ်လိုလူတွေ ရှိနေတာလဲ”
…
လူအုပ်ကြီးသည် ဘေးဘီကို လျင်မြန်စွာ ကြည့်၍ အလွန် ထူးခြားသော ဤအသင်းကို ရှာတွေ့ရန် ကြိုးစားနေသည်။
ဟောင်ကျန်း၊ အာလူးလေးနှင့် အခြားသူများကလည်း ရယ်မောနေကြပြီး ထိုနာမည်ကို ပျော်ပျော်ရွှင်ရွှင် ဖဲ့နေသည်။ သို့သော် သူတို့သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသော ရှန်းကို မြင်သောအခါ တောင့်ခနဲ ဖြစ်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရှန်း၊ ဒီနာမည်က တော်တော် မိုက်တာကွ၊ မင်း ဘာလို့ ဘာမှမတုံ့ပြန်တာလဲ၊ အဲ့နာမည်ပေးတဲ့လူက ငါတို့လိုပဲ ဖြစ်ရမယ်၊ ဟားဟားဟား …”
ရှန်း၏ မျက်နှာတွင် ထူးခြားသော အမူအရာ တစ်ခု ရှိနေသည်။ သူ့ပါးစပ်က မဲ့ရွဲ့၍လာလေသည်။
“အဲ့ဒါ … ငါ အဲ့နာမည်ကို ထည့်ထားတာ …”
“ဘာ”
အာလူးလေးက တအံ့တဩနှင့် ထခုန်သည်။
“မင်း ပေးထားတာလား”
“မြတ်စွာဘုရား၊ ဒါကြီးက ငါတို့အတွက် ရှက်ဖို့အကောင်းဆုံးပဲ၊ မင်းက အဲ့လို ကြောက်စရာကောင်းတဲ့သူ ဆိုတာကို ငါ ဘယ်လိုလုပ် သတိမထားမိတာလဲ”
ဟောင်ကျန်း၏ အပြုံးက ချက်ချင်း အေးခဲသွားပြီး မျက်နှာထားက မခံမရပ်နိုင် ဖြစ်နေဟန်သို့ ပြောင်းလဲ သွားသည်။
“ရှက်စရာ ကောင်းလိုက်တာ၊ ဒါက ရှက်ဖို့ ကောင်းလွန်းတယ်၊ သူတို့ ငါ့ကို စင်ပေါ် အတင်း မတက်ခိုင်း လောက်ပါဘူးနော်၊ ဟုတ်တယ်မလား၊ ငါ့သိက္ခာတော့ ကျပါပြီ”
ရှောင်ကမ်း၏ မျက်နှာက မည်းမှောင်နေ၏။
“ရှန်း၊ မင်းကိုယ်မင်း တော်တော် ဖုံးဖိထားတာပဲ”
“ဒီလောက် လူတွေအများကြီးထဲမှာ အရွေးခံရလိမ့်မယ်လို့ ငါ ထင်မထားဘူး”
ရှန်းသည်လည်း ဆွံ့အနေပြီး ပြန်ပြောလေသည်။
“ရှောင်ရဲ့ မင်း ဘယ်လိုထင်လဲ”
ရဲ့လင်းချန်သည်လည်း အဖြေမရှာတတ်တော့ပါ။ သူက မျက်နှာပေါ်မှာ မျက်နှာဖုံးကို တင်းနေအောင် ခပ်သွက်သွက် ချည်၍ ပင့်သက်ရှိုက်လိုက်ကာ မတတ်သာစွာ ပြန်ပြောလေသည်။
“အခု ငါတို့ ဘာများ လုပ်နိုင်မှာမို့လို့လဲ၊ အသင့်ပြင်ကြ”
“ငါတို့ တကယ် သွားမလို့လား၊ ငါတို့ ကစားခံရမယ်နဲ့ တူတယ်”
အာလူးလေးက ခါးသီးသော အမူအရာနှင့် ခေါင်းကုပ်နေ၏။
“ငါတို့ ပုန်းဖို့ ကြိုးစားကြမလား …”
“ဒီအသင်းရဲ့ အဖွဲ့ဝင်တွေက နည်းနည်း ရှက်နေတယ်နဲ့တူတယ်၊ သူတို့ ငါးယောက်ကို ကြိုဆိုလိုက်ရအောင်”
အစီအစဉ် တင်ဆက်သူ၏ အသံနှင့်အတူ စင်ပေါ်မှ အလင်းရောင်က ရဲ့လင်းချန်တို့ အဖွဲ့ထံ ကျလာ၏။
သူတို့ ပြောစရာစကား မရှိတော့ပါ။
သူတို့ မသိလိုက်ခင်မှာပင် သူတို့ ငါးယောက်ဘေး၌ ဘာမှ မရှိတော့ဘဲ မျက်လုံးပေါင်းများစွာက သူတို့ထံ ကျရောက်လာသည်။ ၎င်းနှင့်အတူ လေချွန်သံများနှင့် ရယ်သံများ ထွက်ပေါ်လာ၏။
အစောပိုင်းက သူတို့ စကားဝိုင်းကို ဘေးလူများ ကြားသွားမှန်း သိသာလှသည်။
သူတို့ ထောင်ချောက်မိသွားလေပြီ။
“သွားကြရအောင်”
ရဲ့လင်းချန်က တည်ငြိမ်စွာပြောပြီး စင်ပေါ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ အာလူးလေးနှင့် ကျန်လူများသည် သတ္တိမွေး၍ ဦးဆောင်နေသော ရဲ့လင်းချန်နောက်မှ လိုက်သွားကြသည်။
…