တိုက်ပွဲအတွက် စိတ်ကိုပြင်ဆင်ထား
Vol. 31 Ch. 465
ဟောင်ကျန်းနှင့် အခြားသူများသည် လွတ်လွတ်လပ်လပ် နေတတ်ပုံ ပေါ်သော်လည်း ဤသို့သော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ သူတို့အားလုံး စိုးရိမ်တုန်လှုပ်နေကြသည်။ သို့သော် သူတို့ သဘောကျသောသူများနှင့် ဂိမ်းအတူ ကစားနိုင်သည့် အခွင့်အရေးကို ပြန်စဉ်းစားမိသောအခါ သူတို့၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်လာကြသည်။
ဘယ်လိုပဲ ဖြစ်နေပါစေ သူတို့ ဆိုးဆိုးရွားရွား ရှုံးခွင့်မပြုနိုင်ပါ။ သူတို့ အနည်းဆုံး ဆယ်မိနစ်ခံအောင် လုပ်ရပေမည်။ ဤသည်မှာ သူတို့ တိတ်တဆိတ် သဘောတူလိုက်သည့် ပန်းတိုင်ပင်။
လူအုပ်ကြီးသည် သူတို့အတွက် လမ်းဖယ်ပေးကြသည်။ မရေတွက်နိုင်သော စူးစမ်းသည့် အကြည့်များက သူတို့ပေါ် ကျရောက်လာပြီး အထူးသဖြင့် ရဲ့လင်းချန်ပေါ်၌ ကြာကြာ ရှိနေသည်။
သူတို့သည်သာမက တင်ဆက်သူများလည်း ရဲ့လင်းချန်ကို မကြာခဏ ကြည့်မိသည်။
သူ၏ အရှိန်အဝါက ရှင်းပြရခက်ပေသည်။ မမြင်ရသော်လည်း ၎င်း၏ တည်ရှိမှုက ငြင်းမရပေ။
ရဲ့လင်းချန်သည် သူက စာမဖွဲ့လောက်သောသူ မဟုတ်ကြောင်း ခံစားချက် ပေးစွမ်းနေ၏။ သူ၏ အပြုအမူများနှင့် အကြည့်အရ သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ပြောနိုင်ပေသည်။ ထို့အပြင် သူ၏ မျက်နှာဖုံးက ထူးခြားဆန်းကြယ်မှုဖြစ်အောင် ထပ်ပေါင်းထည့်ပေးနေသည်။
“ဝိုး … အဲ့လူက တော်တော်လေး တော်မယ့်ပုံပဲ”
မိန်းကလေးတစ်ယောက်က မနေနိုင်ဘဲ ထုတ်ပြောလာသည်။
ထိုသို့နှင့် ရဲ့လင်းချန်၏ အဖွဲ့က စင်ပေါ်သို့ ရောက်လာသည်။ နှုတ်ဆက်မှုအချို့ ပြုလုပ်ပြီးနောက် သူတို့ကို အစီအစဉ် တင်ဆက်သူများက သူတို့ခုံများသို့ လမ်းပြပေးသည်။
ထိုနေရာတွင် ဘေးနှစ်ဖက်လုံး၌ ကွန်ပျူတာ ဆယ်လုံး နေရာချထားပြီးသား ဖြစ်သည်။ ထို့အပြင် စင်နောက်မှ ဖန်သားပြင်ကြီးအား ပြိုင်ပွဲကို အားလုံး မြင်ရရန်အတွက် ထုတ်လွှင့်ရန် အသုံးပြုမည် ဖြစ်သည်။
ရလဒ်ကို သိနေသော်လည်း အားလုံး ကြည့်ချင်ကြသေးသည်။ အစီအစဉ်၏ ထိုအပိုင်းက တင်ဆက်သူများကို သူတို့၏ ပရိသတ်များနှင့် ရင်းနှီးစေရန် စီစဉ်ထားခြင်း ဖြစ်သည်။ အခြားသော ပရိသတ်များ အနိုင်ပိုင်းခံရသည်ကို ကြည့်ရခြင်းက သူတို့ကို ထူးဆန်းစွာနှင့် ပျော်ရွှင်လာစေသည်။
သို့သော် ယခု အခြေအနေက ကွဲပြားနေသလိုပင်။
“လက်ငါးချောင်း မမလေးရဲ့ ချစ်သူအဖွဲ့ရေ အကောင်းဆုံး လုပ်ထားနော်၊ ငါတို့ မင်းကို အားပေးတယ်”
“ဟုတ်တယ်၊ ငါတို့အားလုံးက လက်ငါးချောင်း မမလေးရဲ့ ချစ်သူတွေပဲ၊ ငါတို့က မိသားစုကြီးတစ်ခုပဲ၊ ငါတို့ မင်းတို့ကို အားပေးနေမယ်”
“ဟင့်ဟင့်ဟင့် … အကောင်းဆုံး ကြိုးစားပါ၊ မျက်နှာဖုံးနဲ့ အစ်ကိုရေ၊ ငါ မင်းကို အားပေးနေတယ်”
…
“ရှောင်ရဲ့ ငါတို့ ဘာလုပ်ကြမလဲ”
အာလူးလေးက သုန်မှုန်နေသော မျက်နှာနှင့် မေးလာသည်။
ငါးယောက်တွင် ရဲ့လင်းချန်၏ အရည်အချင်းက အကောင်းဆုံး ဖြစ်သည်။ သူတို့ လေးယောက်သည် ကြုံရာ တိုက်ခိုက်မှု အချို့ကိုသာ လုပ်နိုင်သည်။ ခပ်ပြင်းပြင်း ပြောရလျင် သူတို့သည် တိုက်ရည်ခိုက်ရည် ငါးယောက်စာ မရှိသော အမှိုက်များသာ ဖြစ်သည်။ သူတို့က ဘာအကူအညီမှ မရနိုင်ပါ။
“ဒီလိုလုပ်ရအောင်၊ မင်းတို့ ဆက်ပြီး နှိမ့်နှိမ့်ချချ နေပြီးတော့ မသေအောင် ကြိုးစား၊ မင်းတို့ တကယ် ထွက်မပြေး နိုင်ဘူးဆိုရင် damage ဖြစ်တာကို အရေးစိုက်မနေနဲ့၊ မသေခင် မင်းတို့ အစွမ်းတွေအားလုံးကို သုံးပစ်လိုက်”
ရဲ့လင်းချန်က ညွှန်ကြားသည်။
မျက်နှာဖုံးအောက်၌ သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့တက်နေ၏။ သူ ကိုးလ်တို့နှင့် မပြိုင်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူတို့၏ ထက်မြက်မှုများ ဆုံးရှုံးသွားပြီလားဟု သူ သိချင်မိသည်။
“ကောင်းပြီလေ”
အာလူးလေးနှင့် ကျန်လူများက ခေါင်းညိတ်ပြပြီးနောက် ထပ်ပြောသည်။
“ငါတို့ မိနစ်ပိုင်းလောက် ပိုပြီး ခံအောင် ကြိုးစားပါ့မယ်၊ အဲ့ဒါမှ ငါတို့ ဆိုးဆိုးရွားရွားကြီး မရှုံးသွားမှာ”
ပြိုင်ပွဲဝင် ဆယ်ယောက်လုံး မိမိတို့ခုံ၌ နေရာယူလိုက်ကြသည်။ ကွန်ပျူတာများကို ကြိုတင်၍ ပြင်ဆင် ထားပြီးသား ဖြစ်သည်။ သူတို့ တန်း၍ စတင်ရန်သာ လိုအပ်ပေသည်။ နှစ်သင်းလုံးက ဟီးရိုးများ ရွေးချယ်ခြင်းကို စတင်ကြသည်။
သာမန် ကစားသမားများနှင့် ရင်ဆိုင်ရသော်လည်း ကိုးလ်တို့ အသင်းသည် သတိလက်လွတ် ဖြစ်မသွားပေ။ သူတို့က ကောင်းမွန်သော အသင်းပေါင်းစပ်မှုကို ရွေးချယ်လိုက်ကြသည်။ Slayer, Zeus, Spectre, Slardar နှင့် Tidehunter တို့ ဖြစ်သည်။
“ရှောင်ရဲ့၊ ငါတို့ ဘာရွေးသင့်လဲ”
“အသက်ရှင်နိုင်တဲ့ကောင်တွေ၊ AOE (area of effect damage) ဟီးရိုးတွေ”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။ သို့သော် သူက Invoker, Carl ကို ရွေးချယ်လိုက်သည်။
DOTA ဂိမ်းတစ်ခုလုံးတွင် ဟီးရိုးများက သားရဲကောင်များ မဟုတ်လျင် နတ်သူငယ်များ ဖြစ်ကြသည်။ လူသား ဟီးရိုးဟူ၍ တစ်ယောက်တည်းသာ ရှိသည်။
ဂိမ်းတစ်ခုလုံး၌ တစ်ဦးတစ်ယောက်တည်း ရှိသော Carl သည် ပို၍ လူကြိုက်များသည်။ အခြား ဟီးရိုးများသည် စွမ်းရည် လေးခုသာ ရှိသော်လည်း Carl ၌ ဆယ်ခု ရှိသည်။
ကိုယ်ရောင်ဖျောက်ခြင်း၊ ပေါက်ကွဲခြင်း၊ လူအုပ် ထိန်းချုပ်ခြင်း။ သူ့၌ ၎င်းတို့အားလုံး ရှိပေသည်။
သို့သော် စွမ်းရည်များ ပိုရှိခြင်းကြောင့် ထိုဟီးရိုးကို ကစားရန် ခက်ခဲမှုက တိုးလာသည်။ ထိုစွမ်းရည် ဆယ်ခုကို မသုံးခင် တစ်ခုချင်းစီကို လဲရန် လိုအပ်ပေသည်။ အကယ်၍ စွမ်းရည် လဲခြင်းက အချိန်မှားခြင်း၊ သို့မဟုတ် အလွန် ကြာသွားပါက အသုံးပြုသူအတွက် အမှားကြီးတစ်ခု ဖြစ်သွားပေမည်။
တင်ဆက်သူများ၏ အဆင့်များထဲတွင် Carl ကို ကောင်းကောင်းမွန်မွန် အသုံးပြုတတ်သူကို လက်တစ်ဖက် စာမျှသာ ရှိသည်။
ထို့ကြောင့် ရဲ့လင်းချန်က Carl ကို ရွေးလိုက်သောအခါ အတော်လေး ဆူဆူညံညံ ဖြစ်သွားစေသည်။
“မြတ်စွာဘုရား၊ ထိပ်တန်း တင်ဆက်သူ ငါးယောက်နဲ့ ပြိုင်ဖို့ တစ်ယောက်ယောက်က Carl ကို သုံးရဲတာလား”
“အမေရေ … သူ ရူးနေပြီပဲ၊ သူ စွမ်းရည် တစ်ခုတောင် မသုံးရသေးခင် သေမယ်လို့ ငါ လောင်းရဲတယ်”
“မျက်နှာဖုံးနဲ့ အစ်ကိုက တော်တော် ယုံကြည်ချက် ရှိတာပဲ၊ အကောင်းဆုံး လုပ်ထားကွ”
“Carl လား၊ ဒါ တင်ဆက်သူတွေကို ရန်စနေတာလား”
…
တစ်ဖက်အသင်းက Carl အား ရွေးလိုက်သည်ကို မြင်သောအခါ ရည်းစားစာ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
“ငါတို့ ထူးချွန်သူတစ်ယောက်နဲ့ တွေ့နေပြီနဲ့ တူတယ်”
“ဒီ Carlက သူတို့ ဗျူဟာရဲ့ အဓိက ဖြစ်ရမယ်၊ ကစားသမားက ဘယ်လောက် တော်လဲ ငါ သိချင်သား”
“သာမန် ကစားသမားတွေထဲမှာတောင်မှ ရွက်ပုန်းသီး ထူးချွန်သူတွေ ရှိနေတာပဲ၊ မင်းတို့ သတိမလွတ်စေနဲ့”
09 က သူတို့ကို သတိပေးသည်။
ရဲ့လင်းချန်သည် လူအုပ်ကြီးထံမှ တုံ့ပြန်မှုများကို လျစ်လျူရှုထားသည်။ သူ Carlကို ရွေးရသည့် အကြောင်းရင်းက ရှင်းပါသည်။ ဝန်ပို လေးခုကို အတူ ခေါ်လာရသဖြင့် စွမ်းရည် များစွာ ရှိသော ဟီးရိုးဖြစ်သည့် Carl သာလျင် သူတို့ကို အပါ ခေါ်လာနိုင်ပေမည်။ အခြားသူများအတွက် Carl၏ စွမ်းရည်များက သုံးရ အလွန် ခက် လောက်သည်။ သို့သော် သူ့၌ ထိုသို့သော ပြဿနာများ မရှိပါ။ သူ့လက်ထဲတွင် စွမ်းရည် ဆယ်ခုက အေဘီစီတမျှ ရိုးရှင်းပေသည်။
တစ်ဖက်တွင်မူ အာလူးလေးနှင့် ကျန်လူများက Earthshaker, Bristleback, Warlock နှင့် Treant Protector တို့ကို ရွေးကြသည်။
သူတို့ ပြန်တိုက်ချင်စိတ် မရှိမှန်း သိသာလှသည်။ ထိုဟီးရိုးများသည် သတ်ရခက်သလို range များပြီး လူအုပ် ထိန်းချုပ်မှုအတွက အသုံးပြုကြသည်။ ၎င်းက အလွန် စိတ်ချရသော ရွေးချယ်မှုပင်။
သို့ရာတွင် ယင်းက ရဲ့လင်းချန်၏ ဗျူဟာနှင့် လိုအပ်ချက် ကိုက်ညီနေသည်။ သူတို့ လေးယောက်သည် ခံစစ် အကောင်းဆုံး ဟီးရိုးများကို ရွေးထားသဖြင့် သူ့အတွက် သက်သာသွားသည်။
ပြိုင်ပွဲ စတင်လေပြီ။
ရဲ့လင်းချန်၏ Carlက အလယ်လမ်းကို သွားနေပြီး ကိုးလ်၏ Slayer နှင့် တိုးလေသည်။
ရဲ့လင်းချန်တစ်ယောက် ပထမဆုံး DOTA ကစားခဲ့သောအချိန်ကို ပြန်အမှတ်ရသွားသည်။ ထိုစဉ်က သူ၏ Shadow Fiend က ကိုးလ်၏ Slayer နှင့် တိုးခဲ့သည်။ လက်ရှိတွင် သူသည် မြင်ဖူးသလို ခံစားလိုက်ရလေသည်။
ပြိုင်ပွဲသည် အစ၌ အလွန် အေးချမ်းသော်လည်း သူတို့၏ ကစားပုံ အဆင့်အတန်းကို ပြသနေသည်။
အာလူးလေးနှင့် အခြားသူများသည် နောက်ဆုံး တိုက်ခိုက်မှု လုပ်ရန်ပင် စိတ်မဝင်စားပါ။ ထိုအစား သူတို့က လမ်းများ၌ ပုန်း၍ အတွေ့အကြုံ ရရန် ကြိုးစားနေသည်။
ရဲ့လင်းချန်၏ Carlက တည်ငြိမ်သည်။ တကယ်တမ်းတွင် ၎င်းက တည်ငြိမ်လွန်းနေ၍ ကိုးလ်အား စိုးရိမ်လာစေသည်။ သူမ စတင်၍ မျက်မှောင်ကြုတ်လာမိသည်။
ပရိသတ်များသည်လည်း Carlကို တအံ့တဩ ကြည့်ပြီး ဂနာမငြိမ် ဖြစ်လာကြသည်။
“ဘုရားရေ၊ ဒီ Carlက အံ့ဩဖို့ ကောင်းတာပဲ၊ သူက ပုံမှန် တိုက်ခိုက်မှုပဲ သုံးပြီး ကိုးလ်ရဲ့ Slayer ကို ယှဉ်နိုင်တာပဲ”
“ဒီပွဲက တော်တော် အဆင့်မြင့်တာပဲ၊ ဗျူဟာက ပါးနပ်တယ်၊ သူ့ကို Slayer ရဲ့ စွမ်းရည်တွေကို အကြိမ် ပေါင်းများစွာ ရှောင်နိုင်အောင် လုပ်ပေးနေတာပဲ”
“ဘယ်လိုလုပ် Carlက သူ့လက်ထဲမှာ သွက်လက်နေတာလဲ၊ ကိုးလ်တောင်မှ ဘာမှ အလေးမသာပါလား”
Slayer က မကြာခဏ နောက်ဆုံး တိုက်ခိုက်မှုရရန် စွမ်းရည်အချို့ကို သုံးလေ့ ရှိသော်လည်း Carlက တည်ငြိမ်နေတာ ဘာစွမ်းရည်မှ မသုံးချေ။ သူက သာမန် တိုက်ခိုက်မှုများကိုသာ ထုတ်သုံးနေ၏။ အကြိမ်တိုင်း တိုက်ခိုက်မှု အမှတ်များကို ထိန်းချုပ်နိုင်လေသည်။ သူသည် နေရာပြောင်းရုံနှင့် Slayer ၏ စွမ်းရည်များကို ရှောင်နိုင်နေ၏။
ထိုအပြောင်းလဲက ကိုးလ်အား ဆွံ့အသွားစေသည်။ သူမ ဝန်မခံချင်သော်လည်း သူမ ဖိနှိပ်ခံနေရမှန်း သိသာနေ၏။
ကိုးလ်က ပင့်သက်ရှိုက်လိုက်ပြီးနောက် သူမအသင်းကို သတိပေးလိုက်သည်။
“ဒီ Carlက ထူးချွန်တဲ့သူပဲ”
“ရပါတယ်၊ ကျန်လေးယောက်က ဝန်ပိုတွေပဲ”
ရှောင်ကွိုက်က ထီမထင်စွာ ပြုံးသည်။ သူက Slardar ကို ထိန်းချုပ်၍ သူ၏ တစ်ဟုန်ထိုး ပြေးခြင်း စွမ်းရည်ကို သုံး၍ အရှေ့သို့ တန်းပြေးသွားသည်။
“Earthshaker ကို သတ်မယ်”
သူ့နောက်တွင် Zeus က ချက်ချင်း လိုက်လာပြီး လျှပ်စီးစွမ်းရည်ကို ဆက်တိုက် ထုတ်သုံးလေသည်။
“ချီးပဲ၊ ရှောင်ရဲ့ရေ၊ ငါတော့ သေပြီဟ”
ဟောင်ကျန်းက ထအော်သည်။
“မင်းရဲ့ စွမ်းရည်အားလုံးကို Zeus ဆီမှာ ထုတ်သုံးလိုက်၊ ကျန်တာကို ဂရုစိုက်မနေနဲ့၊ မင်း သေသွားလည်း ရတယ်”
ရဲ့လင်းချန်က ကင်မရာ အနေအထားကို ပြောင်း၍ ခပ်မြန်မြန် တစ်ချက် ကြည့်လိုက်ပြီးနောက် အေးအေးလူလူ ပြောလိုက်သည်။
…