ကြီးမားသော ဆုလဒ်
Vol. 31 Ch. 464
မြေပြင်တွင် ရှိနေသော လူအုပ်ကြီးဖြစ်စေ၊ ဂိုဏ်းအသီးသီးမှ ဘိုးဘေးများ ဖြစ်စေ၊ ဓားကိုင်ရုံးတော်မှ အကြီးအကဲများ ဖြစ်စေ သူတို့အားလုံးသည် ပြိုင်ပွဲအား အာရုံစိုက် ကြည့်နေကြသည်။
သူတို့က ဤတစ်ကြိမ်ပြိုင်ပွဲတွင် မည်သူ ပထမရမည်ကို သိလိုနေကြသည်။
၎င်းသည် အကဲဖြတ်ပွဲအတွက် ရွေးချယ်ချိန်မဟုတ်သေးသော်လည်း၊ လီယုံကျောက်တိုင်မှ အဆင့်သည် တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်စားမပြုသည့်တိုင် တည်ငြိမ်သော စိတ်ဝိညာဉ်နှင့် ခိုင်မာသော စိတ်ဓာတ်တို့ ရှိကြောင်း အကဲဖြတ်နိုင်သည်။
ရလဒ်တို့ကောင်းလေလေ ဓားကိုင်တစ်ဦး ဖြစ်လာပြီးနောက် ပို၍ တန်ဖိုးထားခံရလေ ဖြစ်သည်။ အမှန်တကယ်အားဖြင့် အလွန်ထူးချွန်သူတစ်ဦးသည်ပင် နောက်ဆုံးစမ်းသပ်မှု၌ ကျရှုံးသွားပါက ခြွင်းချက်အနေဖြင့် အခွင့်အရေးပေးခံရနိုင်သေးပေသည်။
ကြည့်ရှုနေကြသူများနှင့် ယှဉ်ပြိုင်နေကြသူတို့အားလုံးသည် ထိုအချက်ကို သိရှိနားလည်ကြ၏။
ရောက်ရှိလာကြသည့် ဂိုဏ်းပေါင်းစုံမှ တပည့်များအတွက် လီလုံကျောက်တိုင်ကြီးသည် အစွမ်းများထုတ်ဖော်ပြရန် အခွင့်အလမ်းတစ်ခု ဖြစ်ပေသည်။
ယခု ဓားကိုင်အကဲဖြတ်ပွဲ မတိုင်ခင်အချိန်တွင် လူအနည်းငယ်မှလွဲ၍ တခြားလူများ အားလုံးက ဤပွဲတွင် ပါဝင်ယှဉ်ပြိုင်နေကြသည်ပင်။
သူတို့အားလုံးက ဖြေဆိုပြီး ဖြစ်သည်။
သို့ရာတွင် နောက်ဆုံး၌ အမြင့်ပေတစ်သောင်းထိရောက်ရှိသူကတော့ များများစားစား မရှိပါ။ အများစုက တစ်သောင်းအောက်တွင်သာ ရပ်သွားကြသည်။
ထိုနှစ်ခုကြား ကွာခြားချက်မှာ ထင်ရှားနေပေသည်။
အမြင့်ပေငါးထောင်မှ တစ်သောင်းကြားမှ လူတို့မှာ သာမန်အဆင့် ဖြစ်ကြသည်။ သူတို့သည် အောင်မှတ်ရသည်ဟု ဆိုနိုင်၏။
ဓားကိုင်ရုံးတော်က အဓိကအာရုံစိုက်နေသည်ကတော့ အမြင့်ပေတစ်သောင်းကျော်နိုင်ခဲ့သည့် ထူးချွန်သူများကို ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သူတို့က အမြင့်ပေနှစ်သောင်းကို ကျော်နိုင်မည့်သူ ရှိလာပါကလည်း ပေနှစ်သောင်းခုနစ်ထောင် စံချိန်ကို ချိုးနိုင်မည့်သူ ရှိလာမည်လား စောင့်ကြည့်ကြရသည်။
“စိတ်ဝင်စားစရာပဲ။ ဒီရွှီချင်းက မဆိုးဘူးပဲ။ သူ့လက်ရှိနာမည်ဂုဏ်သတင်းနဲ့ အာရုံစိုက်ခံရမှုတွေကို စံချိန်အဖြစ်သဘောထားပြီး လူတွေက ကျော်ချင်နေကြပြီ။”
“ချင်းချိုးက ပေနှစ်သောင်းကို ကျော်နိုင်လောက်တယ်။ ဒီကလေးမ မဆိုးဘူး။ ထူးခြားတာတစ်ခုခု ဖြစ်မလာရင် သူက ဓားကိုင်စမ်းသပ်ပွဲကို အော်မြင်နိုင်မှာပဲ။ ဒါပေမဲ့ သူက ရွှီချင်းကို ရန်လိုစိတ်ရှိနေသလိုပဲ။ ဒီရန်လိုစိတ်ဟာ ယှဉ်ပြိုင်လိုစိတ်အဖြစ် ပြောင်းလာရင်တော့ မဆိုးဘူး။”
“ဂိုဏ်းငယ်က အဲဒီလူငယ်လည်း ရှိနေသေးတယ်။ သူ့သွေးမျိုးဆက်က စိတ်ဝင်စားစရာ နည်းနည်းကောင်းတယ်။ သူက ရှေးဟောင်း သွေးမျိုးဆက်လက္ခဏာအချို့ကို ပြထားသေးတယ်။ သူက ရွှီချင်းကြောင့် သွေးဆူသွားရင် ပေနှစ်သောင်းကျော်နိုင်မှာပဲ။”
ဓားကိုင်ရုံးတော်ထဲတွင် ဓားကိုင်အကြီးအကဲတချို့က ပေါ့ပါးစွာ ဆွေးနွေးလျက် ရှိကြသည်။
“လူထူးလူဆန်းတစ်ယောက်လည်း ပါနေသေးတယ်။ သူဟာ သက်လတ်ပိုင်းလူအဖြစ် ရုပ်ဖျက်ထားတယ်။ သူ့မျက်လုံးက ဂဏာမငြိမ်ဖြစ်နေပြီး ခန္ဓာကိုယ်ထဲမှာလည်း ရှုပ်ထွေးမှုတွေ အများကြီး ရှိနေတယ်။ သူ့ကို မြင်မြင်ချင်းတုန်းက လူမဟုတ်တဲ့ မျိုးနွယ်မှတ်ပြီး သတ်မိတော့မလို့ပဲ။”
“ချီယွဲ့ထုံအဖွဲ့ဟာ ဒီတစ်ခေါက်တော်တော် ထူးဆန်းတာပဲ။ သူတို့ဟာ မျိုးစေ့ကောင်းနှစ်ခု ထုတ်နိုင်ခဲ့တယ်။ ဒီရွှီချင်းဟာ အငြိုးအတေးဝိညာဉ်တွေကို ဖျက်ဆီးနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းရှိနေတာ ဖြစ်မယ်။ ပြီးတော့ သူဟာ လီကျစ်လျန့်နဲ့တိုက်ခိုက်ပြီးတဲ့နောက် ငါတို့ကိုယ်တိုင် ချီးကျူးရပြီးတော့ ဂုဏ်သတင်းကျော်ဇောလာပေမဲ့ အတော်များများက လက်မခံချင်ကြသေးဘူး”
“ဒါကြောင့် သူတစ်ခုခု လှုပ်ရှားလိုက်တာနဲ့ ကျန်တဲ့သူတွေလည်း လိုက်လုပ်ကြမှာပဲ။ ဒါကြောင့် အခုလိုပြင်းထန်တဲ့ ပြိုင်ပွဲပုံစံဖြစ်လာရတာပဲ။ ဒီကောင်လေးကို ကောင်းကောင်းအသုံးချနိုင်ရင် ပြိုင်ပွဲဟာ ပိုပြီးပြင်းထန်လာမှာပဲ။”
“ပြီးတော့ ထိုက်စီရှန်းမုန်ဂိုဏ်းက တာအိုသားတော်ကလည်း စောင့်ကြည့်ရမဲ့အထဲ ပါနေသေးတယ်။”
လီယုံကျောက်တိုင်ကြီးပေါ်မှ ပြိုင်ပွဲသည် ပို၍ပြင်းထန်လာသည်။
လူရိပ်ဆယ်ခုကျော်သည် ရှေ့တွင် အပြေးတက်နေကြ၏။
ရွှီချင်းကတော့ ရှေ့ဆုံးတွင် ရှိမနေပါ။ သူသည် အဆင့်နေရာတို့ကို လိုချင်နေသည်မဟုတ်ဘဲ အကျိုးအမြတ်တို့ကိုသာ ရှာဖွေလိုရင်း ဖြစ်သည်။ သူ့ခြေလှမ်းတိုင်းတွင် အငြိုးအတေးရိုက်ခတ်မှုများအားလုံးကို သူ့စိတ်နယ်ပယ်ထဲသို့ စုပ်ယူ၏။
တခြားလူများကတော့ လျင်မြန်စွာ ခုန်ပြေးရင်း အငြိုးအတေးတို့အား အတတ်နိုင်ဆုံး လျှော့ချနေကြသည်။
ဤသို့ဖြင့် ရွှီချင်း၏အဆင့်သည် နောက်သို့လျှော့ကျလာပြီး အတော်များများသည် သူ့အား ကျော်တက်သွားကြ၏။
သူအား ပထမဆုံး ကျော်တက်သွားသူမှာ ဝတ်ရုံနီမိန်းမပျို ချင်းချိုးဖြစ်သည်။ သူမသည် အေးစက်သော အမူအရာတို့ဖြင့် တစ်ချက်ခုန်လိုက်တိုင်း ပေတစ်ရာသို့ ရောက်သွားသည်။ သူမအတွက် အငြိုးအတေးတို့၏ ရိုက်ခတ်ခြင်းသည် ပြဿနာမဟုတ်သည့်အလား…။
ဒုတိယနေရာတွင်တော့ ဂိုဏ်းငယ်တစ်ခုမှ လူငယ်တစ်ဦးပင်။ ထိုလူငယ်သည် အရပ်မရှည်လှပဲ သူ့ခန္ဓာကိုယ်မှာ ပိန်သည့်အထဲ ပါဝင်သည်။ သူ့ဆံပင်တို့မှာ ရှုပ်ပွနေသော်လည်း မျက်လုံးတို့ကတော့ တောက်ပကာ အားအင်ပြည့်နေပေသည်။ အထင်ရှားဆုံးကတော့ သူ့နှာခေါင်းတွင် ရှိနေသော နှာခေါင်းကွင်း ဖြစ်သည်။
ထိုနှာခေါင်းကွင်းမှ ထူးဆန်းသော ခံစားချက်တို့ ဖြစ်စေနိုင်သည့် အနီရောင်အလင်းတစ်ခု ထုတ်လွှတ်ပေးသည်။
ထိုက်စီရှန်းမုန်ဂိုဏ်းမှ ပေတစ်သောင်းသို့ ကျော်နိုင်ခဲ့သူဖြစ်သည့် အေးစက်စက်မိန်းမပျိုကတော့ တည်ငြိမ်စွာဖြင့် ဆက်လက် ခုန်တက်လျက်ရှိသည်။ သူမ၏အဖြူရောင်တာအိုဝတ်စုံသည် ကြိုးကြာပမာ တဖျပ်ဖျပ်ခတ်နေပြီး မွန်မြတ်သန့်စင်သော အလှတစ်မျိုးကို ပေးသည်။
သူမသည်လည်း ရွှီချင်းကို ကျော်တက်သွား၏။
ထိုအချိန်မတိုင်ခင်က သူမသည် ထိုက်စီရှန်းမုန်ဂိုဏ်းထဲတွင် နာမည်ပင် ရှိဟန်မတူပေ။ ထို့ကြောင့် အပြင်လူတို့က သူမအား မသိကြသည်မှာ မထူးဆန်းပေ။ သို့ရာတွင် ယခု သူမသည် ထိုက်စီရှန်းမုန်ဂိုဏ်းထဲတွင် အပြင်သို့ ထွက်လာခြင်း မရှိသေးသည့် တာအိုသားတော်မှ လွဲလျှင် အမြင့်ဆုံးတက်ရောက်နိုင်သူဖြစ်သည်။
သူမအပြင် ထိုက်စီရှန်းမုန်ဂိုဏ်းထဲတွင် ပေတစ်သောင်းအထက်သို့ တက်နိုင်သူ မရှိသေးပါ။ အများစုမှာ ပေရှစ်ထောင်မှ ကိုးထောင် အထိသာ ရောက်နိုင်သေးသည်။
မူလကတော့ လီကျစ်လျန့်သည် ပေတစ်သောင်းသို့ တက်ရောက်နိုင်သော်လည်း စိန်ခေါ်ပွဲ၌ သတ်ဖြတ်ခံလိုက်ရ၏။
သို့ရာတွင် ယင်ဟွမ်ဒေသကြီးတွင် ဓားကိုင်ရုံးတော်မှ လွဲ၍ နံပါတ် ၁ နေရာကို ယူထားသော ထိုက်စီရှန်းမုန်ဂိုဏ်းသည် ကိုယ်ပိုင်အုတ်မြစ်တော့ ရှိပါသည်။ အဖွဲ့ကြီးများထဲတွင် ၎င်းသည် အမြင့်ပေရှစ်ထောင်မှ ကိုးထောင်အတွင်းတက်နိုင်သည့် တပည့်အများဆုံးကို ပိုင်ဆိုင်၏။
ဒုတိယလိုက်နေသည့်အဖွဲ့မှာ လီထူဂိုဏ်းဖြစ်သည်။ အရေအတွက် အနည်းဆုံးကား ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့ဖြစ်သည်။
သူ့အား တစ်ဦးပြီးတစ်ဦး ကျော်တက်သွားသည်ကိုမြင်သော်လည်း ရွှီချင်းကား တည်ငြိမ်လွန်းအားကြီးသည်။ သူသည် တစ်လှမ်းချင်းသာ ရှေ့ဆက်တက်နေ၏။
သူ့ခြေလှမ်းတိုင်းတွင် အငြိုးအတေးလှိုင်းများအား စုပ်ယူကာ စိတ်နယ်ပယ်ထဲ၌ အငြိုးအတေးဝိညာဉ် အလွယ်တကူ ဖွဲ့စည်းနိုင်ရန် လမ်းဖွင့်ပေးထား၏။
တစေအင်ပါယာက ၎င်းတို့အား ဖိနှိပ်ကာ ချေမှုန်းခြင်းဖြင့် ထိုအငြိုးအတေးဝိညာဉ်များမှာ တစ်ကောင်ပြီး တစ်ကောင် ပြိုကွဲသွားကြသည်။ ထို့အတူ တစေအင်ပါယာတောင်ကုန်းမှာလည်း ပိုမိုပြတ်ထင်လာကာ အားကောင်းလာ၏။
သူ့တစေအင်ပါယာတောင်ကုန်းသည် မြေအောက်နတ်သမီး၏ တာအိုသွေးကို စုပ်ယူပြီး ဤသန့်စင်မှုတို့ ခံယူပြီးနောက်တွင် မူလအခြေအနေမှ များစွာကွာခြားလာခဲ့သည်ကို ရွှီချင်း ခံစားမိသည်။
သူက ၎င်းလက်ထဲတွင် ပေါ်လာသည့် မှုန်ဝါးဝါးတုတ်ချောင်းပုံကို ကြည့်လျှက် တက်ကြွမျှော်လင့်သောစိတ်များပင် ဖြစ်လာ၏။
ထို့ကြောင့် သူက ပို၍နှေးကွေးစွာ လျှောက်နေပြီး အငြိုးအတေးများ ပိုမိုစုပ်ယူနိုင်ရန် ကြိုးစားနေ၏။ မကြာမီ စီမာယွီ၏ပုံရိပ်သည် သူ့နောက်တွင်ပေါ်လာသည်။ သူမက သူ့ကို လှည့်၍ပင် မကြည့်ဘဲ ကျော်တက်သွား၏။
ပေတစ်သောင်းသို့ ရောက်နှင့်နေသည့် ဂိုဏ်းငယ်များက တပည့်အနည်းငယ်လည်း ရှိနေသေးသည်။
၎င်းတို့ထဲတွင် ကျောက်ပေါက်မာမျက်နှာနှင့် လူကြီးက အားလုံးကို ထိတ်လန့်အံ့သြစေခဲ့သည်။
သူက ရွှီချင်းအား ကျော်တက်ချိန်တွင် ကျေနပ်အားရဟန်ဖြင့် ဖျပ်ခနဲလှမ်းကြည့်လိုက်သေးသည်။
ထိပ်ဆုံးသို့ လတ်တလော ရောက်ရှိခဲ့သူအဖြစ် သူ ရရှိခဲ့သည့် အာရုံစိုက်ခံရမှုသည် ရွှီချင်းအောက်မနိမ့်ပါ။
ရွှီချင်းက လှမ်းကြည့်လိုက်ပြီး အရိပ်လေးထံ နတ်အာရုံပို့လွှတ်သည်။ အရိပ်လေး၏ အတည်ပြုချက်ကို ရရှိပြီးနောက် ရွှီချင်းက ထိုလူကြီး၏နောက်ကျောသို့ စူးစိုက်ကြည့်လိုက်လေသည်။
ထိုအချိန်တွင် ရွှီချင်းအား လူများစွာက ကျော်တက်သွားကြသဖြင့် အောက်တွင်ကြည့်နေသည့် လူအုပ်က ပြောဆိုဆွေးနွေးလာကြ၏။ သို့ရာတွင် ရွှီချင်းကတော့ ဟန်မပျက် ဖြည်းဖြည်းမှန်မှန်တက်နေလျက်သာ။
သူ့စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ်ဆယ်ကိုးခုကို ချေမှုန်းပြီးနောက်တွင် ရွှီချင်းက ပေတစ်သောင်းအမြင့်သို့ ရောက်ရှိလာပါတော့သည်။
ထိုနေရာတွင်ရပ်နေလိုက်ပြီး သူက လီယုံကျောက်တိုင်က ထုတ်လွှတ်သည့် ဆုလဒ်ဆန္ဒတို့အား ခံစားမိကာ စိတ်ကျေနပ်သွားသည်။
“အရင်တခေါက်ကထပ် ပိုရနိုင်ခဲ့ပြီပဲ။”
ရွှီချင်းက လွန်စွာကျေနပ်နေသော်လည်း ဤတရားဝင်မဟုတ်သည့် ပြိုင်ပွဲကို ကြည့်နေကြသည့် ဓားကိုင်ရုံးတော်အကြီးအကဲများကတော့ ကျေနပ်လှသည် မဟုတ်ပေ။
“ဒီရွှီချင်းက နှေးလွန်းတာပဲ။ သူက အခြားလူတွေ သူ့ကို ကျော်တက်တာကို ဂရုမစိုက်ပုံပဲ။ ဒီလိုဆို မဖြစ်ဘူး။”
“ဟုတ်တယ်။ သူ့လက်ရှိဂုဏ်သတင်းကြောင့် သေချာမပြိုင်ရင် တခြားလူတွေလည်း ပြိုင်ဆိုင်လိုစိတ် နည်းလာမှာပဲ။ သူတို့တက်နှုန်းက အခုပဲ နှေးလာနေပြီ။”
“ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကပဲ လူတွေရဲ့တကယ့်တိုးတက်မှုတွေကို ဆွဲထုတ်နိုင်မှာ။ သူတို့ကို ဆုလဒ်ကြီးကြီးတစ်ခု ပေးမှရမယ်ထင်တယ်။ အရင် နှစ်သောင်းခုနစ်ထောင်စံချိန်ကလည်း ဒီလိုပဲ ပေးခဲ့တာ မဟုတ်လား။ သူတို့က ပေသုံးသောင်းထိမရောက်နိုင်ခဲ့တာ ဆိုးတာပဲ။”
“အင်မော်တယ်ကန့်သတ်နယ်မြေက ပွင့်တော့မယ်။ ဒီနေရာမှာ စိတ်ဓာတ်ပြင်းတဲ့လူတွေ ပိုလိုလာပြီ။ ဒီတော့ စည်းမျဉ်းတွေ လိုက်နာနေဖို့မလိုတော့ဘူး။ သူတို့ကို သင့်တော်တဲ့ ဆုလဒ်တွေပေးနိုင်ပြီပဲ။”
“ပြီးတော့ ခုတစ်ကြိမ်မှာရော ပေသုံးသောင်းရောက်နိုင်သူ ပေါ်ထွက်လာနိုင်သေးသလား စောင့်ကြည့်ချင်သေးတယ်။”
“ပေသုံးသောင်းလား။ ကျုပ်တို့ ရှာဖွေတွေ့ရှိမှုတွေအရဆို အဲဒီနေရာက ကမ္ပည်းစာတွေဟာ တစေအင်ပါယာ တစ်သက်တာ သတ်ဖြတ်ခဲ့တဲ့ နတ်ဘုရားအဆင့်ကျင့်ကြံသူတွေကနေ ပြောင်းလဲလာတာတွေချည်းပဲတဲ့။”
မကြာမီ ရွှီချင်းသည် ဖြည်းဖြည်းမှန်မှန်ဆက်တက်ရန် ပြင်လိုက်စဉ်မှာပင် လီယုံကျောက်တိုင်ကြီးပေါ်ရှိ ဓားကိုင်ရုံးတော်ထံမှ လေးနက်တည်ကြည်သောအသံတစ်ခု မြည်ဟိန်းထွက်လာသည်။
“အချိန်အကန့်အသတ် ခြောက်နာရီရှိမယ်။ ဓားကိုင်ရုံးတော်ရဲ့ အကဲဖြတ်မှု လိုအပ်ချက်တွေ ပြည့်မီပြီး အမြင့်ဆုံးတက်ရောက်နိုင်တဲ့သူကို လူသားမျိုးနွယ် အင်ပါယာအဆင့် ကျင့်ကြံခြင်းကျင့်စဉ်အမွေအနှစ် ဆင်ခြင်လေ့လာခွင့် တစ်ကြိမ် ရမယ်”
ထိုစကားတို့ ဆုံးသွားသည်နှင့် လီယုံမြို့က ကျင့်ကြံသူများကြားတွင် ဆူညံပွတ်လောရိုက်သွားသည်။
“လူသားမျိုးနွယ်ရဲ့ အင်ပါယာအဆင့်အတတ်ပညာတဲ့လား။”
“ဒီဆုကို ပုံမှန်ဆို အကျိုးဆောင်မှု အများကြီး လုပ်ခဲ့တဲ့ ဓားကိုင်တွေကို ပေးတာပဲ။ ဒါက အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ် ဖြစ်ပြီးတော့ လူသားမျိုးနွယ်ပိုင်ဆိုင်တာလည်း ဖြစ်နေသေးတယ်။”
“လူသားမျိုးနွယ်ရဲ့ အင်ပါယာအဆင့်အတတ်ပညာတွေဟာ လမ်းမှန်မျိုးနွယ်တွေလက်ထဲမှာပဲ ရှိနေကြတယ်။ နိုင်ငံကြီးခုနစ်ခုနဲ့ ပြည်နည်ကြီးတစ်ခုက ဂိုဏ်းအများစုဟာ လူမျိုးတစ်ခုထဲနဲ့ အခြားမျိုးနွယ်က မဟုတ်တဲ့ အင်ပါယာအဆင့်ကျင့်ကြံခြင်းပညာတွေ ရှိနေကြသည်။ ငါတို့လူသားတွေအတွက်တော့ လူသားမျိုးနွယ်ရဲ့ အင်ပါယာအဆင့်အတတ်ကို ကျင့်ကြံတာဟာ အသင့်တော်ဆုံးနဲ့ အကျိုး အရှိဆုံးဖြစ်နေတာပဲ။ ပြီးတော့ သွေးမျိုးဆက်ပါရမီတွေ နိုးထလာနိုင်ခြေလည်း ရှိဦးမယ်။”
“ဒါက ယှဉ်ပြိုင်မှုကို လှုံ့ဆောင်ပေးနိုင်တဲ့ ဆုကြီးပဲ။”
ဆူညံသံများကြားတွင် လီယုံကျောက်တိုင်ကြီးပေါ်သို့ တက်နေကြသူ အားလုံး၏စိတ်တို့သည် လှုပ်ရှားတုန်ခါသွားကြသည်။
ချင်းချိုးမျက်လုံးထဲတွင် ထူးဆန်းသောအရောင်တစ်ခုလက်သွားသည်။ ကျောက်ပေါက်မာမျက်နှာနှင့် လူကြီးက မျက်ခုံးပင့်သည်။ ဂိုဏ်းငယ်မှ လူငယ်ကတော့ အသက်ရှူသံများ လျင်မြန်လာသည်။ ကျန်သောသူအများစုကတော့ ထိုနည်းတူပင် ဖြစ်နေကြသည်။
ထိုသို့ ထိတ်လန့်အံ့သြသွားသည်က သူတို့ချည်းပင် မကချေ။ ထိုက်စီရှန်းမုန်ဂိုဏ်းထဲတွင် တရားထိုင်ကျင့်ကြံနေသည့် ကျန်းစစ်ယွင်သည်လည်း တောက်ပသော မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လီယုံကျောက်တိုင်ဆီသို့ စိုက်ကြည့်လိုက်၏။
ရွှီချင်းကလည်း ဖျပ်ခနဲခေါင်းမော့သည်။
သူကလည်း လူသားမျိုးနွယ်၏ အင်ပါယာအဆင့် အတတ်ပညာရပ်ကို တပ်မက်မိလေသည်။
“အချိန်အကန့်အသတ်က ခြောက်နာရီဆိုတော့ အရင်လို ဖြည်းဖြည်းပဲတက်နေလို့ မရတော့ဘူး။ အငြိုးအတေးဝိညာဉ်တွေကို နောက်မှ ချေမှုန်းတော့မယ်။ အခုတော့ …ပထမနေရာကို လုမှဖြစ်မယ်။”
ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်ပြီး တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သူ့ခန္ဓာကိုယ်မှ ချက်ချင်း အရှိန်အဝါအပြည့် ပေါက်ကွဲထွက်လာသည်။ သူက လီယုံကျောက်တိုင်ကြီးပေါ် ခြေလှမ်းလိုက်ပြီး လှစ်ခနဲပြေးတက်လိုက်၏။
သူ တစ်ဦးတည်းသာ မကပေ။ ကျန်သောသူတို့ကလည်း ထိုနည်းတူပင်။ အားလုံးက အားကုန် ထုတ်ပြေးလိုက်ကြသည်။
ထိုခဏတွင်းချင်း လီယုံကျောက်တိုင်ကြီးပေါ်မှ အဆင့်နေရာတို့အတွက် ယှဉ်ပြိုင်မှုတို့က လွန်စွာပြင်းထန်လာ၏။
ထိုအချိန်တွင် ရွှီချင်းအပေါ်တွင် လူခုနစ်ဦးရှိနေပြီဖြစ်သည်။
ချင်းချိုးသည် ပထမနေရာတွင် ဖြစ်ပြီး ဂိုဏ်းငယ်မှ လူငယ်မှာ ဒုတိယနေရာတွင် ဖြစ်ကာ မြင်းနက်ကဲ့သို့ လမ်းဖောက်ထွက်လာသည့် ကျောက်ပေါက်မာလူကြီးသည် တတိယ ဖြစ်ပေသည်။
ထိုက်စီရှန်းမုန်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူသည် စတုတ္ထနေရာ ဖြစ်ပြီး စီမာယွီသည်ကား ပဥ္စမနေရာဖြစ်ကာ လီထူဂိုဏ်းမှ လူငယ်သည် ဆဌမနေရာဖြစ်သည်။ သူ့တကိုယ်လုံးအား ဝတ်ရုံဖြင့်ဖုံးလွှမ်းထားပြီး အအေးဓာတ်လှိုင်းများ အဆက်မပြတ် ထုတ်လွှတ်လျက်ရှိသည်။
သတ္တမမြောက်လူသည်လည်း ဂိုဏ်းငယ်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူ့အတွက် တက်ရောက်ခြင်းက အတော်လေးပင်ပန်းဟန်ရနေသည်။ ယခုသူက ပေတစ်သောင်းသုံးထောင်တွင် ခက်ခဲစွာ လှမ်းနေရ၏။
သူက မည်မျှ လက်မခံနိုင်ဖြစ်နေသော်လည်း အသုံးမဝင်တော့ပါ။ ဆယ်စက္ကန့်ကျော်မျှ ကြာပြီးနောက်တွင်ပင် ရွှီချင်းသည် သူ့နောက်မှ လှစ်ခနဲ ကျော်တက်လာ၏။ ၎င်းအရှိန်သည် မြန်လွန်းနေပြီး သူ့အား တခဏအတွင်း ကျော်ဖြတ်သွားလေသည်။
သူ အဆင့်ခုနစ်နေရာသို့ ရောက်လာ၏။
ထိုမျှဖြင့် မပြီးသေးပါ။ ရွှီချင်း၏ ရည်ရွယ်ချက်ကတော့ ထင်ရှားသည်။ သူက မြန်ဆန်စွာ ပြေးနေပြီး အငြိုးအတေးလှိုင်းတို့သည် သူ့စိတ်နယ်ပယ်ထဲတွင် အော်ညည်းသံများအဖြစ် ပြောင်းလာကာ ဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်လာသည်။ သို့ရာတွင် ထိုအရာအားလုံးက သူ့အား မည်သို့မျှ သက်ရောက်နိုင်ခြင်း မရှိပါ။
သူက ညည်းတွားအော်ဟစ်သံကို လစ်လျူရှုပြီး ဝိညာဉ်အရိပ်ကို ဖျက်စီးကာ ပို၍လျင်မြန်စွာ ပြေးသည်။
ထိုအရှိန်ပေါက်ကွဲမှုက အောက်မှကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားရုံမက ရှေ့မှ ပြေးနေသူများအားလုံးကိုလည်း ထိတ်လန့်အံ့သြစေ၏။ ၎င်းတို့အားလုံးက အံကြိတ်ကာ အရှိန်မြှင့်ပြေးလိုက်ကြသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ဓားကိုင်ရုံးတော်အတွင်းမှ ဓားကိုင်အကြီးအကဲများ အားရကျေနပ်သွားကြသည်။
“ဒီလိုဖြစ်နေရမှာ။”
“ငယ်တဲ့အချိန်မှာ ဒီလိုအားမာန်အပြည့် ဖြစ်နေရမှာပေါ့။ ဒီတစ်ကြိမ် ဘယ်သူ ပထမရမလဲ ကြည့်ကြသေးတာပေါ့။”
***