ချင်းနဲ့ ညိုတို့ ပြိုင်ပွဲ
Vol. 31 Ch. 465
ရွှီချင်း၏အရှိန်က အံ့မခန်းမြန်လွန်းလှသည်။ သူ့ခြေလှမ်းတိုင်းသည် ပေသုံးလေးဆယ် ဖြတ်ကျော်သွားကာ ယခင်အဆင့်ခုနစ် နေရာအား နောက်တွင် မျက်ခြေဖြတ်ထားခဲ့၏။
ရွှီချင်း မျက်ခြေဖြတ်ချန်ထားခဲ့သည့် ဂိုဏ်းငယ်မှ ကျင့်ကြံသူကတော့ စိတ်တို့ပူပင်လှုပ်ရှားကာ ကူရာမဲ့နေသည်။
“ကွာခြားချက်…ကြီးလွန်းတယ်။”
ရွှီချင်းသည် အလွန် အစွမ်းထက်ကြောင်း သူ သိသည်။ တစ်ဖက်လူသည် ပေတစ်သောင်းထို့ ပထမဆုံးရောက်နိုင်ခဲ့သူ ဖြစ်နေသည် မဟုတ်ပါလား။ သူက ထိုလူအားယှဉ်နိုင်မည်မဟုတ်ကြောင်းကိုလည်း နားလည်သည်။ သို့ရာတွင် ၎င်းက ဤမျှထိ ကွာခြားနေမည်ဟုတော့ မထင်ထားခဲ့ပါ။
ဤမျှအမြင့်တွင် ထိုသို့သော အရှိန်မျိုးဖြင့် ပေါက်ကွဲထွက်လာနိုင်ခြင်းမျိုးက သူ့အတွက် စိတ်ကူးကြည့်နိုင်သောအရာမျိုး မဟုတ်ပါ။
လီယုံကျောက်တိုင်ကြီး၏ အငြိုးအတေးရိုက်ခတ်ခြင်းတို့အောက်တွင် သူ့စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံး လှုပ်ခါလာ၏။ ဤနေရာက ထုတ်လွှတ်နေသည့် ပြင်းထန်လှသော အငြိုးအတေးတို့သည် သူစိတ်နယ်ပယ်ကို ဆွဲဖြဲနေသည့်အလား ခံစားနေရ၏။
ရွှီချင်းမှာ အရှိန်မလျှော့ဘဲ ဆက်တက်သွားသည်။ သူ့စိတ်နယ်ပယ်မှ တစေအင်ပါယာသည် သန့်စင်ပြီးနောက်တွင် ယခင်ကထက် စုပ်ယူနိုင်စွမ်း ပိုမြင့်လာ၏။ ထိုအမြင့်တွင် အငြိုးအတေးဝိညာဉ်တို့သည် အမြင့်ပေ တစ်ရာကျော်မျှဖြင့် စိတ်နယ်ပယ်ထဲတွင် စုဖွဲ့ဖြစ်တည်လာကြပြီ ဖြစ်သည်။
ထိုအငြိုးအတေးဝိညာဉ်တို့က အသွင်မျိုးစုံရှိနေကြသော်လည်း ၎င်းတို့က လူမဟုတ်သည့်မျိုးနွယ်တို့သာ အများစုဖြစ်နေပြီး လူသားအနည်းငယ်သာပါနေကြောင်း ရွှီချင်း သတိပြုလိုက်မိသည်။
ယခင်အချိန်များတွင်သာ ဖြစ်ပါက သူသည် သေချာပေါက် ကြည့်ရှုစစ်ဆေးပေမည်။ သို့သော် ယခုအချိန်က အကန့်အသတ်ရှိနေသည်။ ရွှီချင်း မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခု လက်သွားသည်။
၎င်းတို့အားလုံး ဖိနှိပ်ခြင်း ခံလိုက်ရကြသည်။
သူ့စိတ်နယ်ပယ်ထဲမှ တစေအင်ပါယာသည် အလင်းရောင်များစွာထုတ်လွှတ်သည်။ ၎င်းက ဆက်လက်လှုပ်ခါနေပြီး နတ်ဘုရားတစ်ပါးအဖြစ်ပြောင်းသွားသည့်အလား ပေါ်ထွက်လာသမျှ အငြိုးအတေးဝိညာဉ်များအားလုံးကို ဖိနှိပ်နေ၏။
ရွှီချင်းကတော့ တက်နေရင်း ပို့မြင့်သော နေရာသို့ ရောက်ရှိလာသည်။ မကြာမီ သူသည် ပေတစ်သောင်းလေးထောင်မှ ပေတစ်သောင်းငါးထောင်အထိ ရောက်ရှိလာနိုင်ခဲ့သည်။
ထိုအမြင့်တွင် လီထူဂိုဏ်းမှ ဝတ်ရုံနက်လူငယ် ရှိနေသည်။
ထိုဝတ်ရုံနက်လူငယ်မှာ စွမ်းအားကုန်သုံး၍ တက်နေသည်။ သူ၏မျက်လုံးများ သွေးနီရောင်လွှမ်းနေကာ ရှေ့သို့ ပြေးတက်နေ၏။
သို့ရာတွင် ရွှီချင်းနှင့် ယှဉ်လျှင်တော့ သူက နှေးလွန်းနေသေးသည်။
နောက်တစ်ခဏတွင် ရွှီချင်းက သူ့အား အလွယ်တကူ ဖြတ်ကျော်သွား၏။
ရွှီချင်းက လှမ်းကြည့်လိုက်ချိန်တွင် ထိုဝတ်ရုံနက်လူငယ်ကလည်း ခေါင်းငဲ့ကာ ရွှီချင်းဘက်သို့ ကြည့်လာသည်။ ၎င်းမျက်လုံးတို့တွင် အေးစက်မှုတို့ လင်းလက်သွားပြီး မာန်သွင်းသံတစ်ချက် ပြုလုပ်လိုက်၏။ သူက အမြင့်ပေ ရာကျော် ခုန်တက်လိုက်ပြီး ရွှီချင်းအား ကျော်ရန် ကြိုးစားသည်။
သို့ရာတွင် သူ ခုန်လိုက်သည့်အချိန် ခဏတွင်ပင် သူ့စိတ်နယ်ပယ်မှာ ပြင်းထန်စွာ ယိမ်းယိုင်သွားပြီး သွေးတစ်ပွက် ထွေးအန်လိုက်ရ၏။ သူသည် ဆက်မသွားနိုင်တော့ဘဲ ထိုးထွက်နေသည့် နတ်ရုပ်ကိုသာ ဖမ်းဆုပ်ကာ ကိုင်ထားလိုက်ရ၏။ သူသည် လျင်မြန်စွာ ခုန်တက်သွားသည့် ရွှီချင်းနောက်ကျောပြင်ကိုသာ ခါးသီးစွာ ကြည့်နေလိုက်သည်။
သူသည် လီထူဂိုဏ်းထဲသို့ မဝင်ရောက်သေးခင်က မွေးရပ်မြေတွင် အတော်ဆုံး ကောင်းကင်လက်ရွေးစင် ဖြစ်ခဲ့သည်။
သူသည် တစ်ချိန်က ပြိုင်ဘက်အားလုံးကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ဂိုဏ်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်ကလည်း ထိုစံချိန်ကို ထိန်းထားနိုင်ခဲ့သည်။ ထို့ကြောင့် တကယ့် ကောင်းကင်လက်ရွေးစင်တစ်ဦးအဖြစ်ဖြင့် ရှေးဧကရာဇ်တစ်ပါး၏အဆင့်အတန်း၌ ရှိသူဟု မိမိကိုယ်ကို အမြဲတွေးထင်ထားခဲ့သည်။
ပိုမိုတိုးတက်နိုင်စေရန် လီထူဂိုဏ်းကို ဝင်ရောက်ခဲ့ချိန်တွင်မှ မိမိထက်သာလွန်သူ အမြဲရှိနေတတ်ကြောင်း သဘောပေါက်လာခဲ့လေသည်။ သူ့ထက်ပိုအစွမ်းထက်သူများ ပိုမိုများပြားစွာ တွေ့လာရသည်။
ထိုအချက်က သူ့အား ကြီးမားသော ထိုးနှက်မှုကြီးတစ်ခု ဖြစ်စေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက အသက်အရွယ်အားသာချက်ကို ယူပြီး ဓားကိုင်ရုံးတော်ကို အားပြုကာ အမြင့်ပျံသန်းရန် ကြံစည်ထားခဲ့သည်။ သို့ရာတွင် လီထူဂိုဏ်းထက် ပိုကျယ်သော ယင်ဟွမ်ဒေသကြီးတွင် ကောင်းကင်လက်ရွေးစင်များ ပေါများလှသည်။
သူက တဖြည်းဖြည်းဝေးကွာသွားသည့် ရွှီချင်း၏နောက်ကျောကို ကြည့်ရုံသာ တတ်နိုင်၏။
ပေတစ်သောင်းခွဲ၊ ပေတစ်သောင်းငါးထောင်ငါးရာ၊ ပေသောင်းခြောက်ထောင်။
ရွှီချင်းက သူဖြတ်ကျော်လာသူတို့ကို အာရုံစိုက်ခြင်းမရှိပေ။ သူက စီမာယွီအား မမြင်ရသေးခင်အထိ ပြင်းထန်စွာ ပြေးတက်လာသည်။
စီမာယွီသည် တစ်ချက်ခုန်တိုင်း ဆယ်ပေအမြင့်သို့ တက်နိုင်ကာ အသက်ရှူနှုန်းတို့ မြန်ဆန်နေသည်။ သူမ၏မျက်လုံးတို့က စိတ်ပိုင်းဖြတ်ထားမှုတို့ပြနေပြီး မျက်နှာတွင် ဇွဲလုံ့လအပြည့်ဖြင့် ထင်ဟပ်နေ၏။ သူမက နောက်မှ ချဉ်းကပ်လာသည့် ရွှီချင်းကိုပင် လှည့်မကြည့်ပေ။
ရွှီချင်းကလည်း စကားပြောခြင်းမပြုဘဲ ခုန်ကျော်ကာ နံပါတ်ငါးနေရာသို့ ဝင်ယူလိုက်၏။
သူ့နောက်တွင်တော့ ကျောက်တိုင်ပေါ်က နတ်ရုပ်တစ်ခုအား ကိုင်ထားလျက်ရှိသည့် စီမာယွီ၏လက်မှာ အနည်းငယ်တုန်ခါသွားသည်။ သူမက အံကြိတ်လိုက်ပြီး ရှေ့ကို ကြိုးစားတက်သည်။
ရွှီချင်းက အရှိန်လျှော့ခြင်းမပြုဘဲ ဆက်တက်သည်။ စီမာယွီကို ကျော်တက်လာပြီးနောက် သူက ပေတစ်သောင်းခုနစ်ထောင်သို့ ရောက်လာသည်။ ထိုနေရာတွင် နောက်တစ်ယောက် ရှိနေ၏။ သူသည် နံပါတ်လေးနေရာတွင် ရှိနေသည့် ထိုက်စီရှန်းမုန်ဂိုဏ်းမှ အေးစက်သော အမျိုးသမီးကျင့်ကြံသူ ဖြစ်သည်။
သူမက နှုတ်ခမ်းတို့အား ဖိကိုက်လိုက်သည်။ သူမ၏လက်တို့တွင် သွေးများဖုံးနေပြီး တဖြည်းဖြည်းတက်နေရင်း မျက်လုံးတို့တွင်လည်း စိတ်ပိုင်းဖြတ်ထားမှုတို့ ပြည့်နေသည်။ သို့ရာတွင် သူမ မည်မျှကြိုးစားပါသော်လည်း အရှိန်ကတော့ တဖြေးဖြေး လျော့ကျလာသည်။
သူမသည် ခံနိုင်စွမ်းအဆုံးသို့ ရောက်နေပြီ ဖြစ်သည်။
သူမက ရွှီချင်းကို မြင်လိုက်ပြီး ရွှီချင်းကလည်း ပြန်ကြည့်သည်။
ရွှီချင်း၏အရှိန်က ထိုမိန်းမပျိုကို မောဟိုက်စေ၏။ သို့ရာတွင် နောက်ဆုံး၌ ရွှီချင်းက သူမအား ဖြတ်ကျော်ကာ ပိုမြင့်သော ပေတစ်သောင်းရှစ်ထောင်သို့ တက်သွားသည်ကို လက်မှိုင်ချကာ ကြည့်နေရ၏။
ထိုနေရာတွင်တော့ ရွှီချင်းသည် ပထမဆုံးအကြိမ်အဖြစ် အငြိုးအတေးရိုက်ခတ်ခြင်းတို့၏ ပြင်းထန်လွန်းလှသည့် စွမ်းအားတို့ကို ခံစားလာရသည်။ ထို့အတူ အင်ပါယာတောင်ကုန်းကလည်း ပြည့်ဝသောလက္ခဏာတို့ ပြလာပြန်သည်။ ယခင်အချိန်များကလိုဆိုလျှင် ရွှီချင်းအနေဖြင့် ထိုနေရာတွင် ရပ်တန့်လိုက်တော့မည် ဖြစ်သည်။
သို့ရာတွင် ယခုအချိန်တွင်တော့ သူက ဆက်သွားရန် လိုနေသည်။
သူရှေ့တွင် လူသုံးဦးသာ ကျန်တော့သည်။
နှာခေါင်းကွင်းနှင့် လူငယ်၊ ကျောက်ပေါက်မာနှင့် ချင်းချိုးတို့သည် ပေနှစ်သောင်းအမြင့်တွင် တက်နေကြသည်။
ထိုသို့ ရွှီချင်း လှမ်းကြည့်လိုက်သည့်အချိန်မှာပင် ချင်းချိုးက ခုန်တက်လိုက်ပြီး ပေနှစ်သောင်းသို့ ပထမဆုံးရောက်သွားသည့် ကျင့်ကြံသူ ဖြစ်လာသည်။ သူမ ၏ ထိုဖြတ်ကျော်မှုက အောက်မှ ကြည့်နေသူများအား ချက်ချင်း ဆူဆူပူပူ ဖြစ်သွားစေသည်။
သို့ရာတွင် ထိုအမြင့်တွင် အောက်မှ ဆူညံသံတို့အား မကြားရတော့ပါ။ ထို့အပြင် ပတ်ဝန်းကျင်လေတို့ကလည်း ပြင်းထန်လွန်းလာပြီး သူမ၏ခန္ဓာကိုယ်သည်ပင် လှုပ်ခါနေ၏။
ပို၍အရေးကြီးသည်ကား ထိုအမြင့်တွင် အငြိုးအတေးတို့မှ ဖြစ်တည်လာသည့် အော်သံများသည် သူမ၏စိတ်ထဲတွင် ပဲ့တင်လာခြင်းပင်။ ၎င်းအော်သံများသည် သူမ၏ စိတ်တစ်ခုလုံး ပြည့်နေပြီး တခြားအရာများအား အာရုံမထားနိုင်တော့ပါ။
ထို့အပြင် ရွှီချင်းသည် သူမထံမှ ပေနှစ်ထောင်အကွာသို့ပင် ရောက်ရှိနေသည်ကို တွေ့မြင်သွားလျှင် သူမက အံကို တင်းတင်းကြိတ်လိုက်၏။ သူမလက်ထဲမှ မိစ္ဆာတစေတံစဉ်းသည် အနီရောင်အလင်းများ ထုတ်လွှတ်လာပြီး သူမတကိုယ်လုံးအား ပျံ့နှံ့သွားစေသည်။
သူမ၏နဖူးမှ သွေးကြောများမှာ ဖောင်းကြွလာပြီး အရှိန်အဟုန်မှာလည်း ပိုမြန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောက်ပေါက်မာလူကြီးကလည်း အရှိန်အဟုန်ကို တိုးမြှင့်လိုက်ပြန်သည်။
သူ့ခန္ဓာကိုယ်မှ အအေးလှိုင်းများ ထုတ်လွှတ်နေပြီး သူ ဖြတ်သွားရာနေရာတိုင်းတွင် ရေခဲများဖြစ်လာ၏။ ထိုအချိန်တွင် သူ့အမြန်နှုန်းက ဆက်လက်တိုးမြင့်လာနေပြီး ပေနှစ်သောင်းသို့ ဖြတ်ကျော်နိုင်သော ဒုတိယကျင့်ကြံသူ ဖြစ်လာ၏။
တတိယလူသည်ကား နှာခေါင်းကွင်းနှင့် လူငယ်မဟုတ်တော့ဘဲ ရွှီချင်းသာဖြစ်သည်။
တစေအင်ပါယာတောင်ကုန်းသည် ပြည့်ဝလုနီးပါးဖြစ်နေသော်လည်း ရွှီချင်း၏အမြန်နှုန်းက လျော့ကျမလာပါ။ သူက တစေအင်ပါယာတောင်ကုန်းကို အားမကိုးလျှင်ပင် သူ့စိတ်ခိုင်မာမှုနှင့် ဝိညာဉ်စွမ်းအားတို့သည် ကျောက်တိုင်ကို တက်ရာတွင် လုံလောက်အောင် သန်မာ၏။
ယခင်က သူသည် တစေအင်ပါယာတောင်ကုန်းကို အားကိုးနေခဲ့ဟန် ထင်ရသော်လည်း အမှန်တွင်တော့ ထိုအမြင့်သို့ ရောက်နိုင်သည့် ကျင့်ကြံသူအားလုံးမှာ ကိုယ်ပိုင်နည်းလမ်းများ ရှိနေကြပေသည်။
ထိုအချိန်တွင် ရွှီချင်းက နှာခေါင်းကွင်းနှင့် လူငယ်ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုလူငယ်က လက်မခံနိုင်သည့်အမူအရာတို့ဖြင့် အံကြိတ်ကာ ရွှီချင်းထံ လက်ညိုးထိုးညွှန်သည်။
သူ့လက်ချောင်းမှတစ်ဆင့် သူ့ကိုယ်ထဲမှ အငြိုးအတေးများစွာတို့သည် ရွှီချင်းထံသို့ တိုးဝင်လာကြသည်။
ရွှီချင်း၏မျက်လုံးတို့ တမုဟုချင်း အေးစက်သွား၏။ ထိုလူသည် လီယုံကျောက်တိုင်ကြီးပေါ်သို့ တက်ရောက်ချိန်၌ သူ့အား ပထမဆုံး တိုက်ခိုက်သူ ဖြစ်သည်။
တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် ရွှီချင်း၏နားထဲတွင် အငြိုးအတေးများ၏ အော်ညည်းသံတို့က ချက်ချင်း ပိုမိုပြင်းထန်လာကြသည်။ သူ့စိတ်နယ်ပယ်ထဲတွင် အငြိုးအတေးတို့သည် အမြင့်ဆုံးတို့ တိုးမြင့်လာပြီး အတောင်ပံကြီးနှင့် ခန့်ထည်သော ခန္ဓာကိုယ်ကြီးပုံစံ လူမဟုတ်သည့်သတ္တဝါကြီးတစ်ကောင် ဖြစ်ပေါ်လာ၏။
ထိုလူမဟုတ်သည့်မျိုးနွယ်မှာ လင်းယုန်ငှက်ခေါင်းနှင့် လူသားကိုယ်ခန္ဓာ ရှိသည်။ သူ့တကိုယ်လုံးသည် နက်မှောင်နေပြီး ကြောက်မက်ဖွယ်လှိုင်းများ ထုတ်လွှတ်လျက် ရှိသည်။ ၎င်းသည် ရုပ်သဏ္ဍာန် ဖြစ်တည်စုဖွဲ့လာသည်နှင့် ဟိန်းသံတစ်ချက်ပြုလိုက်ပြီး ရွှီချင်း၏စိတ်နယ်ပယ်ကို ဖျက်စီးရန်ပြင်သည်။
တစေအင်ပါယာတောင်ကုန်းကတော့ ယခုအခါ ပြည့်ဝနေပြီဖြစ်ရာ အလင်းတို့ ထုတ်လွှတ်နိုင်ခြင်း မရှိတော့ပါ။ ရွှီချင်း၏စိတ်နယ်ပယ်သည် ပြင်းထန်စွာတုန်ခါလာ၏။ သို့ရာတွင် နောက်တစ်ခဏတွင် ရွှီချင်းက အေးစက်စက် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ၏တတိယနန်းတော်မှ အဆိပ်ဆေးလုံးသည် ဆတ်ခနဲ တုန်ခါသွားသည်။
အငြိုးအတေးဝိညာဉ်၏ ဟိန်းသံတို့ ချက်ချင်းရပ်တန့်သွား၏။ သူ့မျက်နှာတွင် ကြောက်လန့်မှုတို့ ချက်ချင်းထင်ဟပ်လာပြီး အော်ဟစ်လိုက်လေသည်။
“နတ်ဘုရားအဆင့်…”
နောက်တစ်ခဏတွင် ထိုအငြိုးအတေးဝိညာဉ်မှာ ရွှီချင်း ဖိနှိပ်ခြင်း မပြုသေးခင်တွင် အလိုလို ပြိုကွဲထွက်သွားသည်။ သူသည် လွတ်လမ်းရှာထွက်ပြေးသွားပြီးနောက်တွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှနေ၍ သူ့ကိုပို့လိုက်သော နှာခေါင်းကွင်းလူငယ်ထံ ဦးတည်သွားလိုက်သည်။
မျက်စိတမှိတ်အတွင်း ထိုသတ္တဝါသည် နှခေါင်းကွင်းလူငယ်၏ကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထိုလူငယ်၏ကိုယ်သည် တုန်ခါလာပြီး သူ့စိတ်နယ်ပယ်မှာလည်း ပရမ်းပတာ ဖြစ်သွားသည်။ ရွှီချင်းတိုက်ခိုက်စရာပင် မလိုလိုက်ချေ။ သူသည် သွေးများ ထွေးအန်လိုက်ပြီး မျက်လုံးများ မှေးမှိန်သွားကာ ပြင်းထန်သော တွန်းကန်အားကြီးတစ်ခု နှင့်အတူ လီယုံကျောက်တိုင်မှ လွင့်ထွက်သွား၏။
သူသည် ဒဏ်ရာရသွားသော်လည်း သေတော့ မသေပါ။ သို့ရာတွင် ထိုအချိန်မှာပင် သူက အသက်အန္တရာယ်ကြုံလောက်သည့် အပြုအမူတစ်ခု ပြုလုပ်ခဲ့မိကြောင်းကိုလည်း ရိပ်မိသွားလေသည်။ ထို့ကြောင့် သူ့မျက်နှာက ဖြူရော်သွားပြီး ရွှီချင်းအား ထပ်မကြည့်ရဲတော့ဘဲ လေထဲ၌ ရှိနေရင်းကပင် မြန်ဆန်စွာ ဆုတ်ခွာသွားတော့သည်။
ရွှီချင်းက ထိုလူငယ်အား အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး အပေါ်သို့ ဆက်တက်သည်။
ပထမနေရာကို ရယူခြင်းနှင့် နှိုင်းယှဉ်ပါက ထိုလူငယ်ကိစ္စကို နောင်၌ ဖြေရှင်း၍ ရသည်။
ရွှီချင်း ခုန်တက်လိုက်ပြီး ပေနှစ်သောင်းအမြင့်သို့ တန်းတက်သွားသည်။ ထိုအချိန်တွင် သူ့ရှေ့ ပေငါးရာတွင် ကျောက်ပေါက်မာနှင့် လူကြီးရှိနေပြီး ပေတစ်ထောင်တွင်တော့ ချင်းချိုးရှိနေသည်။
ရွှီချင်းမော့ကြည့်လိုက်သည်နှင့် တပြိုင်နက် ကျောက်ပေါက်မာ လူကြီးကလည်း နောက်လှည့်ကြည့်သည်။
“ခေါင်းဆောင် ကျုပ် ခင်ဗျားကို ရှာနေတာ ကြာပြီ။”
ရွှီချင်းက တည်ငြိမ်စွာပြောသည်။
တစ်လကြာအောင် သူသည် ရွှမ်ယုံဂိုဏ်းမှ တပည့်များကို မြင်သည်နှင့် ထိုစာလွှာ အကြောင်းတွေးမိနေသည်။ သူက ထိုစာလွှာအကြောင်းတွေးမိသည်နှင့် အံကြိတ်မိကာ ခေါင်းဆောင်ကို ထိုးကြိတ်လိုစိတ်များ ဖြစ်လာသည်။
ကျောက်ပေါက်မာလူကြီးက ခေါင်းဟန့်လိုက်ပြီး ပြုံးသည်။ သူက ရွှီချင်းကို ကြည့်ကာ ဖျပ်ခနဲပြောသည်။
“ချင်းလေး ငါတို့ နောက်တစ်ခေါက်ပြိုင်ကြဦးမလား။”
“မင်းနိုင်ရန် ငါ့ကို စိတ်ကြိုက် ထိုးလို့ရတယ်။ မင်းရှုံးရင်တော့ ငါ့ငွေတွေပြန်ပေးပြီး နတ်မိမယ်ကျစ်ရွှယ်ကို ကူညီဖြေရှင်းပေးမလား။ မဟုတ်ရင် ငါက ဂိုဏ်းကို မပြန်ရဲတော့သလို ဘိုးဘေးကိုလည်း မျက်နှာမပြရဲတော့ဘူး။ လခွမ်း… ငါ့မှာ အိမ်တစ်လုံး ရှိနေပေမဲ့ ပြန်မသွားနိုင်တဲ့ဘဝပဲ။ ငါလည်း ပင်ပန်းတယ်။”
ရွှီချင်း၏ မျက်လုံးတို့ လင်းလက်သွားသည်။ ခေါင်းဆောင်က အမှန်တကယ် ပြောနေခြင်း ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် သူကလည်း အလေးအနက် ခေါင်းညိတ်လိုက်၏။ သူတို့ ပထမဆုံးယှဉ်ပြိုင်ခဲ့သည်က ယခင် တားမြစ်ပင်လယ်ထဲတွင် ဖြစ်သည်။
ရှုံးသူသည် မိန်းမလိုဝတ်ကာ ပင်လယ်အလောင်းကောင်မျိုးနွယ် မင်းသမီးအဖြစ် ဟန်ဆောင်ရမည်ဖြစ်သည်။
ယခုက ဒုတိယအကြိမ် ဖြစ်လာသည်။
သူတို့က သဘောတူညီမှုရသွားချိန်တွင်ပင် ချင်းချိုးခေါင်းထဲတွင် မိစ္ဆာတစေ၏ လှုပ်ရှားနေသည့်အသံက ပဲ့တင်ထွက်လာသည်။
“အဲဒါသူတို့ပဲ။ ခွေးရူးနဲ့ တစေလက်တို့က နင့်နောက်ရောက်နေပြီ။ သူတို့က ဘယ်သူပထမရမှာလဲ ယှဉ်ပြိုင်ကြဖို့ပြောနေတာကိုတောင် ငါကြားလိုက်ရသေးတယ်။”
“ဒါကတော်တော်လွန်တာပဲ။ စိတ်ကြီးဝင်လွန်းတာပဲ။ သူတို့က နင့်ကို ထည့်ကို မတွက်ဘူးပဲ။”
“နင်သည်းခံနိုင်သေးသလား။ နောက်လှည့်ပြီး သူတို့ကို အသေခံတိုက်ခိုက်ကြမလား။”
“နင်က အမြဲအသေခံဖို့ပဲပြောနေတာပဲ။ တိတ်လိုက်တော့။”
ချင်းချိုးက ခပ်အုပ်အုပ်အော်လိုက်ပြီး သူမမျက်လုံးထဲတွင် အနီရောင်အလင်းတစ်ခု လက်သွားသည်။ သူမကိုယ်တွင်လည်း အနီရောင်အလင်းတစ်ခု ပြန့်ထွက်လာပြီး သူမအမြန်နှုန်းသည် မြင့်တက်သွားကာ ချက်ချင်းပေနှစ်သောင်းနှစ်ထောင်သို့ တက်လှမ်းသွား၏။
သို့ရာတွင် ထိုအချိန်၌ ခေါင်းဆောင်ကလည်း လှုပ်ရှားသည်။
သူကိုယ်မှ ကြီးမားပြင်းထန်သော အပြာရောင်အလင်းကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအလင်းက ကောင်းကင်တစ်ခုလုံး လင်းသွားစေပြီး ဝန်းကျင်ကောင်းကင်တစ်ခုလုံးကို ဆေးရောင်ခြယ်လိုက်သည့်အလားပင်။ သူတကိုယ်လုံးမှ သွေးကြောများကိုပင် ရိပ်တိတ်တိတ်မြင်လာရပေသည်။
သူ့အရေပြားကိုသာ ဖောက်ထွင်းမြင်နိုင်လျှင် သူ့သွေးကြောများသည် အနီရောင်မဟုတ်တော့ဘဲ အပြာရောင်ပြောင်းသွားသည်ကို အသေအချာ တွေ့မြင်နိုင်ပေမည်။
သူမျက်လုံးအိမ်များထဲတွင် မျက်နှာတစ်ခု ပေါ်လာသည်။ ၎င်းမျက်နှာ၏မျက်လုံးများထဲတွင်လည်း မျက်နှာများ ရှိသည်။ ဤသို့ဖြင့် အထပ်ထပ်ပြောင်းလဲကာ ဆိုးရွားဆန်းကြယ်လာပြီး အံ့မခန်းသောအရှိန်တို့ ဖြစ်လာလေသည်။
သူက တစ်ချက်ခုန်တိုင်း ပေတစ်ထောင်သို့ ရောက်သွားပြီး သုံးခါခုန်ပြီးနောက် ချင်းချိုးကို ဖြတ်ကျော်ကာ ပေနှစ်သောင်းသုံးထောင်သို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် ဓားကိုင်ရုံးထဲတွင် စောင့်ကြည့်နေကြသည့် ဓားကိုင်အကြီးအကဲတို့က ခေါင်းဆောင်ကိုကြည့်လျှက် မျက်နှာအမူအရာတို့ ပြောင်းလဲသွားကြသည်။
“အိပ်မက်ဆိုးတားမြစ်ပညာရပ်၊ တာအိုဝိညာဉ်ချိပ်ပိတ်ခြင်း။”
“အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဦးက ဒီကောင်လေးကိုယ်ထဲမှာ အမျိုးအမည်မသိ အရာတစ်ခု ထည့်ပိတ်ထားခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ အဆင့်က မြင့်မားလွန်းတယ်။ သူ့တာအိုနည်းနဲ့ ဖုံးကွယ်ထားလို့ ပိတ်ထားတဲ့အရာကို ကျုပ် သေချာမမြင်နိုင်ဘူး။”
***