ပူးပေါင်းဆောင်ရွက်ခြင်း....
Vol. 28 Ch. 384
လီလော့တို့အဖွဲ့ တမာန်တော်သစ်ခေါင်းပေါက်၏အဆင့် 36 တွင်ရှိနေခဲ့ပြီးဒီအဆင့်က သူတို့အတွက် ဖြတ်ကျော်ဖို့မလွယ်သောအတားအဆီးတစ်ခုလိုဖြစ်နေသည်။
"အရမ်းခက်တယ်.... ငါတို့ဘယ်လိုလုပ်ကြမလဲ..."
ရှင်းဖူ စောဒကတက်လိုက်သည့်အခါ လီလော့က သူ့နဖူးကို နှိပ်နယ်ရင်း အကြံအိုက်နေလေ၏။
ဤနေရာတွင် ခူအဲ့ကျို ရုပ်သေး ဒါဇင်များစွာရှိပြီး သံချပ်ကာဝတ်ထားသော
အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးလေးခုက ၎င်းတို့ကို ဦးဆောင်နေသည်။ သူတို့ရဲ့ စွမ်းအင်စီးဆင်းမှုကို ကြည့်ရုံဖြင့် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်တွေမှန်း သိနိူင်သည်။
ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့် ရုပ်သေးလေးခု၏ နောက်ကွယ်တွင် ပုံသဏ္ဍာန်ပြောင်းလဲခြင်း ပထမအဆင့်ရုပ်သေးရုပ် သုံးရုပ်ရှိနေပြီး သူတို့နောက်မှာ ပုံသဏ္ဍာန်ဖွဲ့စည်းခြင်း တတိယအဆင့်ကနေ ပဉ္စမပုံစံအဆင့်ထိ ရုပ်သေးတစ်ဒါဇင်ခန့်လည်းကျန်သေးသည်။
ဤသည်မှာ ဖုတ်ကောင်စစ်တပ်အသေးစားတစ်ခုသဖွယ်ပင်.......
အဆင့် 36 သည် အဆင့် 35 ထက်စာရင် အများကြီး ပိုခက်ပါသည်။ရုပ်သေးရုပ် တစ်ရုပ်ဆီတိုင်း၏စွမ်းအားအရအဆင့် 36 ကို ကျော်ဖြတ်ဖို့လုံးဝကိုလွယ်ကူမည်မဟုတ်ပေ။
လီလော့သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း အဆင့်သို့ မရောက်ရှိသေးသော်လည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။ထို့ကြောင့် သူကိုယ်တိုင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့် အဆင့်မြင့် ခူအဲ့ကျို ရုပ်သေးနှစ်ကောင်ကို ဖြေရှင်းနိုင်သော်လည်း လေးကောင်ဆိုစလုံးတော့ မတတ်နိုင်ရှာပေ။
ပိုအရေးကြီးတာက ထိုလေးကောင်ကို လီလော့ ကိုင်တွယ်ဖြေရှင်းနိုင်ရင်တောင်မှ ရှင်းဖူ နဲ့ပိုင်မျန်မျန်တို့နှစ်ယောက်က တခြားခူအဲ့ကျို ရုပ်သေးတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။
သူတို့နှစ်ယောက်သာ လဲကျသွားရင် လီလော့ တစ်ယောက်တည်း အကုန်လုံးကိုရင်ဆိုင်ရလိမ့်မည်။
လီလော့ တွေးရင်းတွေးရင်း ခေါင်းကိုက်လာသည်။ အထပ်တိုင်းတွင် ကြယ်တစ်ပွင့်ခန်းမ၏ ခရမ်းအဆင့် ကျောင်းသားများသာမက ကြယ်နှစ်ပွင့်ခန်းမမှ ကျောင်းသားများလည်းရှိနေသဖြင့် တိုက်ခိုက်နေသံများကိုအတိုင်းသားကြားနေရသည်။
"အဆင့် 36 က ငါတို့အတွက် ခက်ခဲလွန်းတယ်....မအောင်မြင်နိုင်ဘူးဆိုမှတော့အဆင့် 35 ကိုပဲ ပြန်သွားရအောင်"
ရှင်းဖူက ငြီးတွားရင်းအကြံပေးလိုက်သည်။
"ဒုတိယအကြိမ် အဆင့်တစ်ခုကို ရှင်းလိုက်ရင် ခူအဲ့ကျို စွမ်းအင်တွေ အများကြီး အားနည်းသွားတယ်"
အောင်မြင်မှုကြီးကြီးမားမားရရှိရန် စွမ်းအင်ပမာဏများစွာလိုအပ်နေသည့်အတွက် အဆင့် 35 သို့ ပြန်ဆင်းလိုက်ပါက အချိန်ကြာရုံပဲအဖတ်တင်လိမ့်မည်။
ရှင်းဖူ ခေါင်းကုတ်လိုက်သည်။ လီလော့ အဆင့်တက်ဖို့ စိတ်ပူနေသည်ကို သူသိသည်။ ဝမ်ဟေးကျူ၊ ပိုင်တုတု နှင့် အခြားသူများ ပဉ္စမအဆင့်သို့ရောက်ရှိသွားသဖြင့် ယခုအချိန်တွင် သူ့အား ကျော်တက်ခါနီးနေပြီဟု ခံစားနေရသည်မဟုတ်လော......
သို့သော်လည်း လက်ရှိခွန်အားလောက်ဖြင့်အဆင့်36 ကိုအောင်မြင်ဖို့မလွယ်ကူပေ။
သူတို့ တိတ်ဆိတ်နေစဉ်မှာ ပိုင်မျန်မျန်က မဝံ့မရဲဖြင့်......
"အဆင့် 36 ကို တစ်ယောက်တည်း မအနိုင်ယူနိုင်ရင် တခြားအသင်းတွေနဲ့ ပူးပေါင်းလိုက်လို့မရဘူးလား..... ခူအဲ့ကျို စွမ်းအင်တွေကို မျှဝေပေးလိုက်ရတယ်ဆိုပေမယ့် လုံလောက်အောင်စွမ်းဆောင်နိုင်ဖို့အရေးကြီးတယ်မလား......"
လီလော့ သူမကို တအံ့တသြကြည့်ကာ လက်ခုပ်တီးလိုက်သည်။
ဒီစိတ်ကူးက ရိုးရှင်းပေမယ့် သူအရင်က မစဉ်းစားမိခဲ့ပေ။
အစောပိုင်းအဆင့်များတွင် ခူအဲ့ကျို စွမ်းအင်ကို ခွဲထုတ်ရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် ယခုတွင် ၎င်းတို့တစ်ဖွဲ့ဖြင့် ရှေ့သို့မလှမ်းနိုင်ခဲ့ပါက၊ ခိုင်မာသောမဟာမိတ်ရှာဖို့လိုအပ်လာပြီဖြစ်သည်။
"မျန်မျန်က ဉာဏ်အကောင်းဆုံးပဲ"
လီလော့ သူမကို လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။
သူမ ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး....
" အားနည်းတဲ့သူတွေက ဒီလိုတွေးတာ သာမာန်ပါပဲ...ခေါင်းဆောင်ကအရမ်းသန်မာလွန်းတဲ့အတွက် ကိုယ်ပိုင်ခွန်အားကို အားကိုးဖို့ အမြဲစဉ်းစားနေလို့သာမတွေးမိတာပါ......"
" ဒါဆို ငါ ချင်ဇူလုတို့အဖွဲ့ကို သွားပြောလိုက်မယ်.... သူတို့တွေ အဆင့် 35 ကို ရောက်နေပြီမို့ မကြာခင် သူတို့ ဒီမှာ ပိတ်မိနေလိမ့်မယ်...."
လီလော့က သူတို့ကို လှမ်းအော်လိုက်ပြီး အောက်ကို အမြန်ပြန်ဆင်းသွားသည် ။
လီလော့သည် ချင်ဇူလုတို့ရှိသည့်အလွှာသို့ ရောက်သောအခါ၊ ချင်ဇူလုသည် နောက်ဆုံး ခူအဲ့ကျို ရုပ်သေးကို အပြီးသတ်တိုက်ခိုက်လိုက်ပြီး စွမ်းအင်များကိုစုပ်ယူနေသည်ကိုတွေ့လိုက်ရသည်။
ဤသည်မှာ မယုံနိုင်လောက်အောင် စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ သူ့တစ်ကိုယ်လုံး စွမ်းအားတွေ တဟုန်ထိုးစီးဝင်နေမှုကြောင့် တုန်ခါနေပြီး ကိုယ်အပေါ်တွင် လောင်ကျွမ်းနေသော ရွှေကျားနတ်ဆိုးအရိပ်တစ်ခုရှိနေသည်။
ယခု သူသည် ပုံသဏ္ဍန်ပြောင်းလဲခြင်း အဆင့်တွင် ရှိနေသည့်အတွက် ရွှေကျားနတ်ဆိုးပဲ့တင်ထပ်သံသည်လည်းအတိုင်းအတာအသစ်သို့ စတင်ရောက်ရှိနေပြီဖြစ်သည်။
လုချင်းအာက လီလော့ ရောက်ရှိလာသည်ကို တွေ့လိုက်ရပြီး အပြုံးဖြင့် သူ့ဆီသို့ အမြန်သွားလိုက်သည်။
"အဆင့် 36 မှာ ပိတ်မိနေတာလား...."
"နင်သိတယ်ပေါ့ ..."
လီလော့ လန့်သွားသည်။
"ငါတ်ို့လည်း ကန့်သတ်ချက်တွေနဲ့ နီးနေပြီမို့ နင်တို့ရင်ဆိုင်နေရတာတွေကိုခန့်မှန်းလို့ရတယ်.....ဒါ့ကြောင့် အဆင့်35 ကိုကျော်ဖြတ်ပြီးတာနဲ့နင်တို့ကိုလာရှာမလို့......"
လီလော့ ခေါင်းညိတ်လိုက်ပြီး အဆင့် 36တွင်ရင်ဆိုင်ရမည့် ရန်သူ့အခြေနေကိုရှင်းပြလိုက်သည်။
"ပုံသဏ္ဍာန်ပြောင်းလဲခြင်း ဒုတိယအဆင့်
အဆင့်မြင့် ရုပ်သေးရုပ်လေးခု..."
လုချင်းအာ အံ့ဩသွားသည်။ ဒါက အဆင့် 35 ထက် အများကြီး ပိုအားကောင်းသည့်အတွက် တစ်ဖွဲ့တည်းနှင့် အနိုင်ယူဖို့ ခက်ခဲလိမ့်မည်။
"ဘယ်လိုလဲ... ငါတို့နဲ့ပူးပေါင်းမယ်မလား....."
လုချင်းအာ က သူ့ကို ခေါင်းညိတ်ပြပြီး ရုတ်တရက် ပြုံးလိုက်သည်။
"ပူးပေါင်းမယ်.... ငါ့မှာကန့်ကွက်စရာမရှိဘူး....."
မျက်လုံးမှိတ်ကာ စွမ်းအင်များ စုပ်ယူနေသော ချင်ဇူလုကို တစ်ချက်ကြည့်လိုက်ပြီး.....
"စိတ်မပူပါနဲ့ ဒီအသင်းမှာ ငါပဲ ဆုံးဖြတ်ချက်တွေ ချရတာ......"
လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
သူမ ခဏတာ တုံ့ဆိုင်းသွားပြီး....
"နင် အဆင်ပြေရဲ့လား... ကျောင်းသားတွေကြားမှာပြောနေတာတွေကိုခေါင်းထဲထည့်မနေနဲ့ဉီး......"
သူမ ပြောနေသည်မှာ ပြီးခဲ့သည့် နှစ်ပတ်အတွင်း လီလော့၏ ကျဆင်းမှုကို ရည်ညွှန်းနေခြင်းဖြစ်သည်။
"စိတ်မပူပါနဲ့၊ ငါမျှော်လင့်ထားသလိုပါပဲ.....သိပ်မကြာခင် အဆင့်တက်နိုင်တော့မှာပါ......"
လီလော့က သူမကို ပြုံးပြီး စိတ်အေးလက်အေးအမူအရာဖြင့်ပြန်ဖြေလိုက်သည်။
လီလော့ အဖြေကိုကြားရမှသာ လုချင်းအာလည်း စိတ်သက်သာရာရနိုင်ရှာတော့သည်။
"အင်...နင်သေချာပေါက် လုပ်နိုင်မှာပါ. "
..................................................
လီလော့နှင့်ချင်ဇူလုတို့၏ မဟာမိတ်ဖွဲ့မှုကို အခြားခရမ်းအဆင့် အဖွဲ့သုံးဖွဲ့ကလည်း ကောင်းစွာမှတ်သားလိုက်နာခဲ့ကြသည်။
အသေချာစဉ်းစားပြီးနောက်တွင် ပိုင်တုတုတို့အဖွဲ့သည် ဝမ်ဟေးကျူတို့အဖွဲ့ကိုရှာဖွေခဲ့ပြီး မဟာမိတ်ဖွဲ့ဖို့ကမ်းလှမ်းလိုက်သည်။
သို့သော်လည်း ဝမ်ဟေးကျူတို့အဖွဲ့က ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။
မာနကြီးလွန်းသည့် ပိုင်တုတုကလည်း နှစ်ခါပြန်ဖြောင်းဖျမည့်လူစားမျိုးမဟုတ်သည့်အတွက် တစ်ခါတည်းလှည့်ထွက်လာခဲ့လိုက်သည်။
"မင်းဘာလို့ ပိုင်တုတုကို ငြင်းလိုက်တာလဲ....."
ဒူဇီပိုင်ရွှမ်းက ဝမ်ဟေးကျူကို သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
ဝမ်ဟေးကျူ က ခပ်ပါးပါးလေး ပြုံးလိုက်ပြီး.....
"ပိုင်တုတုတို့အဖွဲ့က ငါတို့ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိူင်ဘူး..... သူတို့နဲ့ တွဲလုပ်ရင်တောင် လီလော့နဲ့ ချင်ဇူလုတို့ကို အမီလိုက်နိုင်မှာ မဟုတ်ဘူး......"
"မင်း ရိလီရှတို့နဲ့ပူးပေါင်းဖို့တွေးနေတာလား....သူတို့က ပိုတောင် အားနည်းသေးတယ်မလား....!"
ဒူဇီပိုင်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ဟေးကျူက ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး....
"အခြား ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိမယ် မထင်ဘူးလား?"
"အဓိပ္ပာယ်မရှိဘူး၊"
ဒူဇီပိုင်ရွှမ်း က ဒေါသတကြီးပြောလိုက်သည်။
"ကြယ်တစ်ပွင့်ခန်းမမှာ ခရမ်းအဆင့် ငါးဖွဲ့ပဲ ရှိတာ..."
ပြောနေရင်းကနေ တခုခုကိုရိပ်မိသွားဟန့်ဖြင့် ရှေ့နားက ကြယ်နှစ်ပွင့်ခန်းမ ကျောင်းသားများကိုလှမ်းကြည့်လိုက်ပြီး......
"မင်း... ငါတို့ကို ကြယ်နှစ်ပွင့်ခန်းမရဲ့ ခရမ်းအဆင့်အဖွဲ့တွေနဲ့ ပူးပေါင်းခိုင်းမလို့လား....ဒါဆို အခြား ကြယ်တစ်ပွင့်ခန်းမက ကျောင်းသားတွေ ငါတို့ကို အချောင်သမားတွေလို့ ကဲ့ရဲ့ကြမှာပေါ့......"
"စကားလုံးသက်သက်ပဲလေကွာ...."
ဝမ်ဟေးကျူက အေးစက်စွာပြောလိုက်သည်။
"ပူးပေါင်းဆောင်ရွက်ချင်တဲ့ ကြယ်နှစ်ပွင့်ခန်းမရဲ့ ခရမ်းအဆင့်အဖွဲ့ကို ရှာတွေ့နိုင်သရွေ့ အဆင့် 40 ကိုတောင် ချိုးဖျက်နိုင်လိမ့်မယ်.....ဒါဆို ကြယ်တစ်ပွင့်ခန်းမရဲ့ မှတ်တမ်းတွေမှာ ကျွန်တော်တို့ရဲ့စံချိန်သစ်ကိုရေးထိုးနိုင်လိမ့်မယ်.....ဒါမှမဟုတ် လီလော့တို့တွေ အောင်မြင်နေတာကိုဒီအတိုင်းထိုင်ကြည့်နေမှာလား....ငါဒီကောင့်ဆီမှာ နှစ်ခါမရှုံးချင်ဘူး......"
ထိုစကားများသည် ဒူဇီပိုင်ရွှမ်းကိုတောင့်တင်းသွားစေခဲ့သည်။
***