← Chapters

လပေါ်တွင် ထိုင်နေသော ပုံရိပ်

Vol. 31 Ch. 466

လပေါ်တွင် ထိုင်နေသော ပုံရိပ်

Vol. 31 Ch. 466

ခေါင်းဆောင်၏ ရုတ်တရက် စွမ်းအား ပေါက်ကွဲထွက်မှုတွင် ချင်းချိုးသည် လက်မခံနိုင်ဟန် ဖြစ်သွား၏။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ပြင်ပရှိ သွေးရောင်အလင်းတို့သည် ပိုမိုသိပ်သည်းလာပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်လာကာ ဝန်းကျင်တစ်ခုလုံးအား လေထဲတွင် ဝဲပျံနေသည့် သွေးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည့်အလားပင်။

သွေးပင်လယ်၏ အားဖြည့်မှုကြောင့် ချင်းချိုး၏ အမြန်နှုန်းမှာလည်း အနည်းငယ် မြင့်တက်လာသည်။ သူမသည် အမြင့်ပေနှစ်သောင်းနှစ်ထောင်သို့ ဖြတ်‌ကျော်လာနိုင်ခဲ့သော်လည်း ခေါင်းဆောင်ကို မှီရန်ကား အတော်လေး လှမ်းနေသေးကာ အချိန်တိုအတွင်း လိုက်မှီမည် မဟုတ်ပေ။

သူမ၏ မျက်လုံးထဲတွင် အနီရောင်အလင်းတို့ ပြင်းထန်စူးရှလာချိန်တွင်ပင် သူမ၏ နောက်တွင် ပိုမိုပြင်းထန်သော အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။

ဝတ်ရုံနီမိန်းမပျိုက ချက်ချင်း လှည့်ကြည့်သည်။ ထိုအချိန်တွင် သူမ၏ မျက်လုံးများ ပြင်းပြင်းထန်ထန် ကျိန်းစပ်သွား၏။ သူမက နေမင်းအား လှမ်းကြည့်မိသလိုမျိုး ဖြစ်သွားသည်။

ထိုနေအသွင် ဖြစ်တည်မှုသည် ရွှီချင်း ဖြစ်သည်။

ထိုအချိန်တွင် ရွှေကျီးကန်းမှာ ထင်ရှားစွာ ပေါ်ထွက်လာသည်။ ၎င်းသည် ပေတစ်ထောင်ခန့် ကြီးမားသော ကိုယ်ခန္ဓာအသွင်အဖြစ်သို့ ပြောင်းသွားပြီး ကောင်းကင်တွင် အတောင်များဖြန့်လျက် ပြင်းထန်ကျယ်ပြန့်သော စွမ်းအားလှိုင်းတို့ကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် တလက်လက်ထနေသည့် အလင်းတို့အားလည်း ထုတ်လွှတ်၏။

သက်တန့်ပုံဖီးနစ်အမြီးဆယ့်ကိုးခုသည် မီးပင်လယ်ကြီးတစ်ခုအလား လှုပ်ရှားယိမ်းနွဲ့သည်။ လီယုံကျောက်တိုင်ကြီးကို ဗဟိုပြုကာ ၎င်းမီးပင်လယ်ကြီးသည် အရပ်မျက်နှာမျိုးစုံသို့ ပြင်းထန်အားကောင်းစွာဖြင့် ဖြန့်ကျက်သွား၏။

မီးပင်လယ်ထဲတွင် ရှိနေသည့် ရွှီချင်းကတော့ အမြန်နှုန်း တဟုန်ထိုး မြင့်တက်လာ၏။ ခြေတစ်လှမ်းတည်းဖြင့် သူသည် ပေနှစ်သောင်းတစ်ထောင်သို့ ရောက်ရှိလာသည်။

လီယုံကျောက်ကြီးက ထုတ်လွှတ်နေသည့် အငြိုးအတေးရိုက်ခတ်မှုများကြောင့် သူ့စိတ်နယ်ပယ်ထဲတွင် ဖြစ်တည်လာသည့် အငြိုးအတေးဝိညာဉ်တို့ကိုတော့ ရွှီချင်းက လျစ်လျူရှုထား၏။

သူက ညာလက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ့ခေါင်းပေါ်တွင် အမိုးကာနှစ်ခု ပေါ်ထွက်လာသည်။ တစ်ခုမှာ အဖျားတွင် အနက်ရောင်မီးတောက်များ တောက်နေသည့် အနက်ရောင်ထီးတစ်လက်ဖြစ်သွားပြီး ရွှီချင်းအား လျို့ဝှက်ဆန်းကြယ်သော အမြင်တစ်မျိုးထည့်ပေးကာ အငြိုးအတေးတို့အား ဖယ်ခွာပေးသည်။

သူ့ထံသို့ ရောက်လာသည့် အငြိုးအတေးတို့မှာ အားပျော့သွားကြ၏။

တခြားအမိုးကာကတော့ ရတနာကြာပန်းတစ်ခုကဲ့သို့ သက်တန်းရောင်အလင်းများ ထုတ်လွှတ်သည်။ ပတ်ဝန်းကျင်တွင် တဟူးဟူး လေတိုက်သံများ ပြုလျက် ရွှီချင်းခန္ဓာကိုယ်တခုလုံးကို သန့်စင်ပေးကာ စိတ်နယ်ပယ်ထဲသို့ ရောက်လာသည့် အငြိုးအတေးများအား ချက်ချင်းချေဖျက်ပေးသည်။

သူ့ခန္ဓာကိုယ်တွင်းမှ တတိယနန်းတော်သည် လှုပ်ခါလာ၏။ ၎င်း လှုပ်ခါသွားချိန်တိုင်းတွင် အငြိုးအတေးဝိညာဉ်တစ်ကောင်အား ဖျက်ဆီး၏။

ထိုမှော်စွမ်းအားများအောက်တွင် ရွှီချင်း၏ အရှိန်အဝါသည် ပြင်းထန်စွာ လွှမ်းမိုးလာပြီး ကောင်းကင်တစ်ခုလုံး တုန်ခါလျက် ပတ်ဝန်းကျင်မှ ရာသီဥတုအား ပြောင်းလဲစေ၏။ ထိုအချိန်တွင် သူက ဒုတိယခြေလှမ်းအား ထပ်လှမ်းသည်။

ပေနှစ်သောင်းနှစ်ထောင်တွင် သူသည် ချင်းချိုးနှင့်အမြင့်တူသို့ ရောက်ရှိလာသည်။

သို့ရာတွင် ထိုမျှဖြင့် အဆုံးသတ်မသွားပါ။ ရွှီချင်း၏ မျက်လုံးတို့ အရောင်လက်သွားသည်။ သူ့မျက်လုံးထဲတွင် ချင်းချိုးကို ရှိသည်ဟုပင် မထင်ဘဲ ခေါင်းဆောင်အားသာ ကြည့်နေ၏။

သူတို့က ညီအစ်ကိုများဖြစ်ကြပြီး ဂိုဏ်းတူညီနောင်များလည်း ဖြစ်ကြသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းလမ်းကြောင်းကို ကိုယ်စီလျှောက်လှမ်းရင်း အချင်းချင်းအဖော်ပြုကြသူများလည်း ဖြစ်ကြသည်။

ပထမနေရာကို ရခြင်း မရခြင်းသည် အရေးမပါတော့ပါ။ အရေးကြီးသည်က သူတို့သည် ကိုယ်ပိုင်ဦးတည်ချက်နှင့် ဇွဲလုံ့လများ ရှိနေကြခြင်း ဖြစ်သည်။ နှစ်ဦးလုံးတွင် ကိုယ်ပိုင် ရည်မှန်းချက်အိပ်မက်နှင့် လမ်းစဉ်များ ရှိနေကြသည်။

သူတို့က ခရီးအတူသွားရင်း တစ်ဦးအတွက် တစ်ဦးအသက်စွန့်နိုင်ကြသော်လည်း တမင်အလျှော့ပေးခြင်းတော့ ပြုကြမည်မဟုတ်ပေ။

သူတို့က ယှဉ်ပြိုင်နေလျှင် ကောင်းစွာယှဉ်ပြိုင်ရမည်။

ရွှီချင်းက ထိုသို့တွေးသည်။

ခေါင်းဆောင်ကလည်း ထိုသို့တွေးသည်။

ရွှီချင်းက ပြန်လည်လှုပ်ရှားလိုက်ပြန်သည်။ ရွှေကျီးကန်းက စူးရှစွာတစ်ချက်အော်လိုက်ပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားပြီးနောက် သူ့ကိုယ်ပေါ်တွင် အဝါရောင်ဝတ်ရုံကဲ့သို့ဖြစ်လာသည်။ ထိုခဏအတွင်း သူ့ခွန်အားတို့ အဆမတန် တိုးပွားလာ၏။

အဆုံးမဲ့စွမ်းအားတို့ စီးဝင်လာသည့်အလား ရွှီချင်းကိုယ်ထဲမှ သွေးနှင့်ချီတို့သည် အံ့မခမ်းလွန်းသည့် အဆင့်သို့ မြင့်တက်လာသည်။ သူ့ခန္ဓာကိုယ်သည် ကြွံက်သားများ ရှိလှသည် မဟုတ်သော်လည်း ထိုအချိန်တွင် သူ့ကို မြင်သူတိုင်းက သူ့ကိုယ်ထဲတွင် ကမ္ဘာတစ်ခု လောင်ကျွမ်းနေသည့်အလား ခံစားမိနိုင်သည်။

ထိုသို့အံ့မခမ်းသော ခွန်အားတို့ဖြင့် ရွှီချင်းက တတိယခြေလှမ်းကို လှမ်းသည်။

ထိုခြေလှမ်းတွင် လီယုံကျောက်တိုင်ကြီးသည် တဝုန်းဝုန်းမြည်သံတို့ ပေးလာ၏။ ရွှီချင်း၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ပျံတက်သွားကာ ချင်းချိုးအား ကျော်တက်သွားသည်။ သူသည် အမြင့်ပေ နှစ်သောင်းသုံးထောင်သို့ ရောက်သွားပြီး ခေါင်းဆောင်နံဘေးသို့ ကျဆင်းလာ၏။

ခေါင်းဆောင်က ရွှီချင်းအား ကြည့်လိုက်ပြီး သူ့မျက်လုံးတို့တွင် ထူးဆန်းသောအရိပ်တစ်ခု လင်းလက်သွားသည်။ သို့ရာတွင် သူ့နဖူးတွင် ချွေးတချို့တော့ စို့သည်။ ခုနက ပေါက်ကွဲပျံတက်မှုက သူအတွက် မလွယ်ကူကြောင်း ထင်ရှား၏။ သို့ရာတွင် သူက နှုတ်အားဖြင့် ဝန်ခံခြင်း မပြုလိုပေ။ ထို့ကြောင့် ရယ်မောလိုက်သည်။

“ညီလေး… မင်းက မဆိုးဘူးပဲ။ ဒါပေမဲ့ အခုက သွေးပူလေ့ကျင့်ခန်းပဲ ရှိသေးတယ်။”

ထိုသို့ပြောပြီးနောက်တွင် ခေါင်းဆောင်က ရွှီချင်းအား ကျော်တတ်ကာ ပေနှစ်သောင်းသုံးထောင်သုံးရာသို့ ပြေးတက်သွားလေသည်။

ရွှီချင်းကလည်း ကိုယ်ထဲရှိ ခွန်အားများကို လှည့်ပတ်လိုက်ပြီး ခုန်တက်လိုက်ကာ ခေါင်းဆောင်အား ကျော်တက်လျှက် ပေနှစ်သောင်းခုနစ်ထောင်သို့ တက်ရောက်သွားသည်။ သူက ချွေးထွက်ခြင်းတော့ မရှိသော်လည်း အနည်းငယ်တော့ မောဟိုက်နေ၏။ သူက မျက်ခုံးပင့်ကာ တည်ငြိမ်စွာပြောသည်။

“အစ်ကိုကြီး ကျွန်တော်လည်း သွေးပူတုန်းပါပဲ။”

ထိုနှစ်ဦးက ပြောဆိုနေကြချိန်တွင် သူတို့နောက်မှ အော်သံသဲ့သဲ့တစ်ခုထွက်လာပြီး သွေးအလင်းများ ကောင်းကင်သို့ ပေါက်ကွဲထွက်သွားကြသည်။ အဝေးမှကြည့်လျှင် ထိုသွေးအလင်းရောင်သည် ပေတစ်ထောင်အထိ တက်သွားသည်ကို မြင်တွေ့နိုင်၏။

သွေးအလင်းရောင်များအကြားတွင် ချင်းချိုး၏ ထူးခြားသော ရယ်သံက တကိုယ်လုံးမှ ထုတ်လွှတ်လိုက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတို့နှင့်အတူ ထွက်ပေါ်လာသည်။

“ဟင်းဟင်း.. နင်တို့က စိတ်ဝင်စရာကောင်းတာပဲ။”

သူမက ပြောပြောဆိုဆိုဖြင့် အမြန်နှုန်းအား မြှင့်ကာ ရွှီချင်းနှင့် ခေါင်းဆောင်တို့ နောက်သို့ လိုက်တက်လိုက်၏။

ရွှီချင်းကလည်း နောက်မလှည့်ဘဲ ပြေးတက်လိုက်၏။ ခေါင်းဆောင်လည်း ထိုနည်းတူပင်ဖြစ်သည်။ သူတို့သုံးဦးက အပေါ်သို့ တက်နေသည့် အရှိန်တို့က အံ့မခန်းပင် မြန်ဆန်လှပေသည်။

ပေနှစ်သောင်းလေးထောင်၊ ပေနှစ်သောင်းငါးထောင်၊ ပေနှစ်သောင်းခြောက်ထောင်။

ထိုနေရာသို့ ရောက်လာပြီးနောက် ချင်းချိုးက ကျင့်ကြံဆင့် အကန့်အသတ်ကြောင့် ခွန်အားများစွာ သုံးခဲ့ရသဖြင့် အမြန်နှုန်းကို လျှော့ချလိုက်ရ၏။ သို့ရာတွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့မှာကား ဆက်လက်ပြေးတက်သွားကြဆဲ ဖြစ်သည်။

နှစ်ဦးလုံးက တစ်ချက်တည်းခုန်ကာ ပေနှစ်သောင်းခြောက်ထောင်သို့ ခုန်တက်သွားလိုက်ကြသည်။ သူတို့က အမြန်နှုန်း မြှင့်တင်ကြရင်း အချင်းချင်း တစ်ချက်တစ်ချက် ကြည့်လိုက်ကြသည်။ တစ်ဦးမှာ မောဟိုက်နေပြီး တစ်ဦးသည် ချွေးများ စိုရွှဲနေပေသည်။

နှစ်ဦးသား စကားများပင် ပြောနေလိုက်ကြသေးသည်။

“မင်းမလုပ်နိုင်ပါဘူး ညီလေး။ မင်းမောဟိုက်သံတွေ ကျယ်လာနေပြီ။ မြေပေါ်က လူတွေတောင် ကြားနိုင်လောက်တယ်။ ဟင်း… ငါက မင်းကို ဝေဖန်ချင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ငယ်လွန်းပြီး မင်းခန္ဓာကိုယ်က အားနည်းလွန်းသေးတယ်။”

“အစ်ကိုကြီး ခင်ဗျားသွားရာ လမ်းတစ်လျှောက် ချွေးစီးကြောင်းကြီး ဖြစ်နေပြီ။ အခု အနားမယူသေးရင် တစ်ခါတည်း လဲကျမှာတောင် ကျုပ် စိုးရိပ်မိသေးတယ်။”

သူတို့နှစ်ဦးက ပြောဆိုနေရင်း အင်အားများစွာ ကြိတ်ကာ စုဆောင်းကြသည်။ သူတို့က အချင်းချင်း ပြေးရင်းလိုက်ရင်း ကျောက်တိုင်ကြီးအား ဆက်လက်တက်နေကြပြီး အလှည့်ကျ ပထမနေရာကို လုယူနေကြ၏။

ချင်းချိုးကတော့ သူမရှေ့မှ လူနှစ်ဦးအား ကြည့်ကာ အံတင်းတင်းကြိတ်လျက် ရှိနေ၏။

“ငါက ဘာလို့ ဒီငနဲကောင်နှစ်ကောင်နဲ့ချည်း အမြဲတမ်း တွေ့နေရတာလဲ။”

သူတို့နှစ်ဦးကြားက ပြောနေသည့်စကားတို့ ကြားရချိန်တွင် သူမက ပို၍ စိတ်ဆိုးလာ၏။ ထိုအမြင့်တွင် အငြိုးအတေးရိုက်ခတ်ခြင်းတို့သည် ကြောက်မက်ဖွယ် ပြင်းထန်လွန်းလှသဖြင့် သူမမှာ မနည်း ထိန်းထားရပေသည်။ သူမ၏ သိစိတ်နယ်ပယ်ထဲတွင် အငြိုးအတေးဝိညာဉ်တို့အား ချေမှုန်းရန် သို့မဟုတ် ဖိနှိပ်ရန်တို့က ယခင်ကထက် ပိုခက်လာသည်။

သူမသည် စကားပြောရန်ပင် အားမရှိတော့ပါ။ သို့သော် သူမရှေ့မှ လူနှစ်ဦးကတော့ အချင်းချင်း လှောင်ပြောင်နိုင်ကြသည်။

“ဒီနှစ်ကောင်က စိတ်ဝေဒနာရှင်တွေ ဖြစ်ရမယ်”

ချင်းချိုးက အံကိုကြိတ်ကာ ပြောလျှင် မိစ္ဆာတစေကလည်း ချက်ချင်း သွေးဆောင်သည်။

“ငါတို့ အစွမ်းကုန် သွားတိုက်ကြမယ်။ သူတို့နဲ့ အတူ အသေခံလိုက်ကြရအောင်…။”

မိစ္ဆာတစေက ဆက်လက်ပြောနေချိန်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ပေနှစ်သောင်းခုနစ်ထောင်အထိကို ကျော်ဖြတ်ပြီး ပေနှစ်သောင်းရှစ်ထောင်သို့ ရောက်ရှိလာကြသည်။

ထိုနေရာမှ ခေါင်းငုံကြည့်လိုက်လျှင် မြေပြင်မှာ သေးကျုံ့သွားပြီး လူအုပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါ။

ကျယ်ဝန်းလှသည့် မြို့သည်ပင် လက်ဖဝါးအရွယ်အစားခန့်သာ ရှိတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူခိုးများ စီးဆင်းလျက် လေများ တဟူးဟူး တိုက်ခတ်နေ၏။

သို့ရာတွင် သူတို့က ကျောက်တိုင်ထိပ်ဆုံးသို့ ရောက်ရန်ကား လွန်စွာ အလှမ်းဝေးနေသေးသည်။

ထိုအမြင့်တွင် အငြိုးအတေး ရိုက်ခတ်ခြင်းတို့သည် အလွန်အမင်း ပြင်းထန်၏။ အမှန်တကယ်အားဖြင့် အငြိုးအတေးတို့သည် ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ စိတ်နယ်ပယ်များထဲတွင်သာ စုစည်းလာကြသည်မဟုတ်ဘဲ ၎င်းတို့တကိုယ်လုံးသို့ စိမ့်ဝင်နေကြပြီ ဖြစ်သည်။

အငြိုးအတေးတို့က သူတို့၏အသွေးအသားများထဲသို့ ပေါင်းစပ်ရောနှောလာနေကြသည်။ ရွှီချင်း၏ တတိယနန်းတော်က ၎င်းတို့အား ဆက်တိုက် ချေဖျက်နေသော်လည်း ဤနေရာရှိ အငြိုးအတေးတို့မှာ များပြားသိပ်သည်းလွန်းသည်။ ထိုသို့သော ချေဖျက်မှုမျိုးက ဝင်ရောက်ပေါင်းစည်းနှုန်းနှင့် ယှဉ်နိုင်မည် မဟုတ်တော့ပေ။

ထိုသို့ အားအင်ကုန်ခမ်းမှုကြောင့် သက်စောင့်မီးအိမ်တို့ပင် အနည်းငယ်လှုပ်ခါလာရသည်။ ၎င်းတို့က အစွမ်းနည်းသောကြောင့်တော့မဟုတ်သော်လည်း ရွှီချင်း၏ လက်ရှိကျင့်ကြံဆင့်တွင် ၎င်းတို့၏ စွမ်းအားကုန်ကို ထုတ်သုံးရန် သူ့အတွက် ခက်ခဲနေသေးသည်ပင်။

ရွှေကျီးကန်းသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ လက်ပန်းကျသည့် အရိပ်အယောင်တို့ ပြလာသည်။

အမှန်တော့ ထိုအမြင့်က ဓားကိုင်အကဲဖြတ်ပွဲတွင် ပါဝင်ခဲ့သူတို့၏ စံချိန်ကို ကျော်လာခဲ့ပြီဖြစ်သည်။

သမိုင်းတစ်လျှောက်လုံးကြည့်လျှင်တော့ ထိုအမြင့်သို့ ဖြတ်ကျော်နိုင်ခဲ့သူ များစွာ ရှိနေသေးသော်လည်း ၎င်းတို့အားလုံးက ကျင့်ကြံဆင့် ပိုမြင့်ကြပြီး ဓားကိုင်အကဲဖြတ်ပွဲအတွက် အရည်အချင်း ပြည့်မီခြင်းမရှိသူများသာ ဖြစ်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့က စကားနည်းလာကြ၏။

“ချင်းလေး မင်းမလုပ်နိုင်တော့ပါဘူး။”

ခေါင်းဆောင်တကိုယ်လုံးသည် ချွေးများရွှဲနေပြီး မောဟိုက်စ ပြုလာသည်။ သူက တစ်ချက် ခုန်လိုက်ပြီး ရွှီချင်းအား ပေငါးဆယ်အသာ အသာစီးယူလိုက်နိုင်သည်။

“ခေါင်းဆောင် ကျုပ် အဆိပ်မလွှတ်ရသေးဘူးနော်။”

ရွှီချင်းက ရုတ်တရက်ခြေဆောင့်ကာ ခေါင်းဆောင်အား ကျော်တက်သည်။ ထို့နောက်သူက ညာလက်ကိုမြှောက်ကာ နတ်ရုပ်အစွန်းအား ဖမ်းကိုင်သည်။ ထို့နောက် အားစိုက်ကာ ထပ်ခုန်တက်လိုက်ပြီး ပေငါးဆယ်ခြောက်ဆယ်သို့ ကျော်တက်လိုက်ပြန်သည်။

“ငါ့မှာလည်း မသုံးရသေးတဲ့ ဝှက်ဖဲနိုင်ကွက်ရှိသေးတယ်။”

ခေါင်းဆောင်က အဆိပ်ဟူသည့် စကားကိုကြားရချိန်တွင် မျက်နှာထားပြောင်းလဲသွားသည်။ ရွှီချင်းက သူ့အား ထပ်မံကျော်တက်လိုက်သည်ကိုမြင်လျှင် သူ့မျက်လုံးထဲတွင် ရှုးသွပ်မှုတို့ ဖြစ်ပေါ်လာသည်။ သူက ပါးစပ်ကို ဖွင့်လိုက်ပြီး ဘေးတွင် ထိုးထွက်နေသည့် ကမ္ပည်းစာတစ်လုံးကို ကိုက်ဖဲ့လိုက်သည်။

ထိုကမ္ပည်းစာသည် ပါးစပ်ထဲ ပါမလာသော်လည်း ၎င်းအပေါ်တွင် သွားရာတို့တော့ ထင်ကျန်ရစ်၏။ အနီးကပ်ကြည့်ပါက ၎င်းကမ္ပည်းစာပေါ်က အငြိုးအတေးတို့သည် အဆများစွာ သိပ်သည်းနေသည်ကို တွေ့မြင်နိုင်၏။ ခေါင်းဆောင်က ကိုက်ဝါးနေသည်မဟုတ်ဘဲ ထွေးအန်လိုက်သည့်အလားပင်။

သူက ကိုယ်ထဲတွင် စုပုံလာသည့် အငြိုးအတေးတို့အား ကမ္ပည်းစာထဲသို့ အန်ထုတ်လိုက်ခြင်း ဖြစ်သည်။

သူ့ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးသွားပြီး ချက်ချင်း ပေနှစ်သောင်းရှစ်ထောင်မှသည် ပေသုံးသောင်းသို့အထိပင် ခုန်တက်သွား၏။

ထိုမြင်ကွင်းတွင် ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ နောက်တွင် ရှိနေသည့် ချင်းချိုးကလည်း ထိုနေရာတွင်ပင် မှင်တက်အံ့သြမိနေ၏။ မိစ္ဆာတစေက စူးစူးဝါးဝါး အော်ဟစ်သည်။

“သူက တကယ့်ခွေးရူးပဲ…”

ခေါင်းဆောင်က ပေသုံးသောင်းအမြင့်သို့ ရောက်ရှိတော့မည်ကို မြင်လျှင် ရွှီချင်း၏ မျက်လုံးတို့တွင်လည်း ရူးသွပ်မှုတို့ ထင်ဟပ်လာသည်။ သူ့ကိုယ်ထဲမှ တတိယနတ်နန်းတော်သည် ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ အဆိပ်တို့ အဆက်မပြတ် ပန်းထွက်လာပြီး ရွှီချင်း၏ တကိုယ်လုံးသို့ စီးဆင်းသွား၏။

၎င်းသည် သူ့ခန္ဓာကိုယ်ပြင်ပသို့ ပြန့်နှံ့လာခြင်းတော့ မရှိဘဲ သူ့အသွေးအသားတို့အား တစ်လက်မ, မကျန် ဖြန့်ကျက်သွား၏။

တားမြစ်အဆိပ်ဆေးလုံးသည် အရာအားလုံးကို အဆိပ်သင့်နိုင်စွမ်းရှိသည်။ အငြိုးအတေးများမှာလည်း ခြွင်းချက် မဟုတ်ပါ။ ရွှီချင်းက ဖီးနစ်တားမြစ်နယ်ထဲတွင် တစေဈေးထဲမှ ဘုန်းကြီးဦးခေါင်းနှင့် ရင်ဆိုင်ရချိန်၌ ထိုအချက်ကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။

ထိုအချိန်တွင် အဆိပ်သို့သည် သူ့ အသွေးအသားသာမက စိတ်နယ်ပယ်များထဲသို့ပင် စုဝေးနေသော အငြိုးအတေးများအား ရိုက်ခတ်သွားကာ ချက်ချင်းပင် ညည်းတွားအော်ဟစ်သံများ ပေးလျှက် ပျက်စီးကြရသည်။

ရွှီချင်းက ဖျက်ဆီးချိန်တွင် ခေါင်းဆောင်က အန်ထုတ်သည်။

ထိုနည်းနှစ်ခုလုံးသည် တူညီသော ရလဒ်ကို ပေးသည်။ ၎င်းသည် သူတို့ကိုယ်ခန္ဓာအား ပြန်လည်သန့်စင်ခြင်း ဖြစ်သည်။

နောက်တစ်ခဏတွင် ရွှီချင်း၏ အမြန်နှုန်းတို့ ပေါက်ကွဲထွက်သွားပြီး ပေနှစ်သောင်းကိုးထောင်သို့ ရောက်ရှိသွားသည်။ ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ ပေသုံးသောင်းသို့ တက်လှမ်းလိုက်သည်နှင့် တပြိုင်နက် ရွှီချင်းလည်း ပေသုံးသောင်းနေရာသို့ ပြိုင်တူ ရောက်လာသည်။

ထိုနေရာတွင် အထူးနတ်ရုပ်တစ်ခု ရှိသည်။

၎င်း၏ သွင်ပြင်သည် လူနှင့် ခပ်ဆင်ဆင်ရကာ မျက်နှာကို ကွယ်ဝှက်လျက် လပေါ်တွင် ထိုင်နေသည်။ သူတို့နှစ်ဦးလုံးက ပေသုံးသောင်းနေရာသို့ ခြေလှမ်းလိုက်သည်နှင့် တပြိုင်နက်တည်း နီးပါးတွင် ထိုနတ်ရုပ်သည် လင်းလက်သွားပြီး သာမန်အငြိုးအတေးများမှ ကွဲထွက်နေသော စွမ်းအားလုံးနှစ်လုံးအဖြစ် အသွင်ပြောင်းသွားသည်။ ၎င်းတို့က နတ်ဘုရား အငွေ့အသက်အချို့အား သယ်ဆောင်လာပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ထံသို့ ပျံဝင်ကာ သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားကြသည်။

ရွှီချင်း တကိုယ်လုံး တုန်ခါသွားသည်။

ခေါင်းဆောင်ကလည်း ထိုနည်းတူပင်။

သူတို့နှစ်ဦးလုံးက ပေသုံးသောင်းအမြင့်တွင် ချက်ချင်းရပ်တန့်သွားကြလေသည်။ သူတို့၏ စိတ်နယ်ပယ်များထဲတွင်တော့ ကြည့်ရန်မဖြစ်နိုင်သည့် သဏ္ဌာန်တစ်ခု ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် တိမ်များအပေါ်ရှိ ဓားကိုင်ရုံးတော်ထဲတွင် အခြေအနေကို စောင့်ကြည့်နေကြသည့် ဓားကိုင်အကြီးအကဲများက ထူးဆန်းသော အမူအရာများ ဖြစ်လာသည်။

“နောက်ဆုံးတော့ …ပေသုံးသောင်းရောက်နိုင်တဲ့ ပြိုင်ပွဲဝင်သူတွေရှိလာပြီပဲ။”

“ကျုပ်တို့ ရှာဖွေတွေ့ရှိမှုတွေအရဆို အဲဒီနေရာက နတ်ရုပ်ဟာ ဝမ်ကု‌ဒေသကြီးက အရင် သုံးဆယ့်ခုနစ်ခုသော လတွေထဲက တစ်ခုပဲ။ အဲဒါဟာ ဝမ်ကုဒေသကြီးမှာ အခုထိ ရှိနေတုန်းပဲ။”

***

All Chapters