တက္ကသိုလ်၏ ပြောစမှတ်
Vol. 32 Ch. 467
“နေဦး၊ အဲ့ဒါက ဘာလဲ”
“မြတ်စွာဘုရား၊ ဝိုင်နတ်ဘုရားက ဝေ့ပေါ်မှာ ပို့စ်တင်တာလား”
“လခွမ်း၊ လခွမ်း၊ လခွမ်းပဲဟေ့၊ ခုနက မျက်နှာဖုံးနဲ့ ညီအစ်ကိုက ရဲ့နတ်ဘုရားလား”
“အား … အဲ့ဒီ မျက်နှာဖုံးနဲ့ ကောင်လေးကို ငါ တစ်ချက် ကြည့်ရုံနဲ့ ကြွေသွားတာ မဆန်းတော့ဘူးပဲ၊ ဒါ ကံတရားပဲ”
“ချီးပဲ၊ ဝိုင်နတ်ဘုရားက ငါတို့အရှေ့မှ ရှိနေတာတောင်မှ ငါတို့ မသိလိုက်ဘူး”
“သေစမ်း၊ ငါတို့ သူ့ကို ငါတို့မျက်စိအောက်ကနေ အဲ့လို ထွက်သွားခွင့် ပေးလိုက်မိတာလား”
“တင်ဆက်သူ ငါးယောက်လုံး လုံးဝ ဖိနှိပ်ခံလိုက်ရတာက အံ့ဩစရာ မဟုတ်တော့ဘူး၊ မတတ်နိုင်ဘူးလေ၊ သူတို့ရဲ့ ပြိုင်ဘက်က ဝိုင်နတ်ဘုရား ဖြစ်နေတာကိုး၊ သူကိုက တော်လွန်းနေတာ”
“ပန်ဒါ ထုတ်လွှင့်ရေးက တော်တော် လူမဆန်တာပဲ၊ ဝိုင်နတ်ဘုရား ရောက်လာမယ်ဆိုတာကို သူတို့ ဘယ်လိုတောင် ငါတို့ကို မပြောရဲတာလဲ၊ ဒီလှည့်ကွက်က ညစ်လွန်းတယ်”
“ဟုတ်တယ်၊ အကျင့်မကောင်းတဲ့ မျိုးမစစ်ကောင်၊ ငါတို့ သူ့ကို ဖမ်းမိနိုင်ဖို့ အချိန် ရသေးတယ်”
“ဝိုင်နတ်ဘုရား၊ မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက ကျနေတာ နည်းနည်းကြာပြီ၊ မင်းအလုပ်ကို မင်း မလေးစား လွန်းတာပဲ၊ ငါ နေ့တိုင်း စောင့်နေခဲ့တာကွ”
“ကျွန်မယောက်ျား ဝိုင်နတ်ဘုရားရေ၊ ကျွန်မကို စောင့်ပါဦး …”
…
ထိုနေရာရှိ လူအုပ်ကြီးသည် ရူးမတတ် ဖြစ်နေလေသည်။ သူတို့သည် အပူတပြင်း ပြောဆိုနေစဉ်မှာပင် မျက်နှာက နီရဲနေကြသည်။ တော်တော်များများက နောက်ကလိုက်ရန် ကြိုးစားကြသည်။
အစက အစီအစဉ်၏ ရိုးရှင်းသော ရင်းနှီးဖလှယ်မှုသော အစိတ်အပိုင်းသာ ဖြစ်သည်။ သို့သော် သူတို့သည် စိတ်လှုပ်ရှားသော ပြိုင်ပွဲတစ်ခုကို ကြည့်ခဲ့ရပြီး ဝိုင်နတ်ဘုရားကိုယ်တိုင် လူလုံးထွက်ပြလာခဲ့သည်။ အံ့ဩစရာပင်။ ယင်းက အံ့ဩစရာကြီးပင်။
လူအုပ်ကြီးသာမက ကိုးလ်နှင့် အဖွဲ့သားတွေတောင်မှ အံ့၏နေသည်။
*အဲ့လူက ဝိုင်နတ်ဘုရားလား*
ကိုးလ်နှင့် ဝူအာတို့က ပို၍ မှင်တက်နေကြသည်။ သူတို့ နှစ်ယောက်လုံးသည် မျက်နှာချင်းဆိုင်မှ ခုံလွတ်ကို စိုက်ကြည့်ပြီး မကျေမနပ် ဖြစ်နေကြသည်။
*ရှင် ဒီကို ရောက်လာပြီးမှတော့ ဘာလို့ ကျွန်မတို့ဆီလာပြီး စကားနည်းနည်းပါးပါး မပြောရတာလဲ*
*ဆိုးလိုက်တာ*
သို့သော် သူတို့ ဝိုင်နတ်ဘုရား၏ အသွင်အပြင်ကို ပြန်တွေးလိုက်မိသည်။ သူက မျက်နှာဖုံး တပ်ထားသော်လည်း အတော်လေး ချောမောသည်ကို သူမတို့ ခံစားမိနေသေးသဖြင့် သူမတို့၏ ရင်ထဲမှ မျှော်လင့်ချက်က ပိုတိုးလာသည်။
“ဒါဆို အဲ့ဒါက ဘော့စ်ပေါ့၊ ငါတို့ ရှုံးသွားတာ အလကား မဟုတ်ဘူးပဲ”
ရည်းစားစာက မှတ်ချက်ချသည်။
“သေရောကွာ၊ ငါ့ကို တော်တော်လေး လန့်သွားစေတာ၊ အဲ့ဒါက ဒီအတိုင်း သာမန်လူလို့ ထင်နေတာ၊ ငါတို့ တွေ့ကရာလူဆီမှာ ဖျင်ချခံလိုက်ရတာဆိုရင် ငါတို့ ဂုဏ်သိက္ခာတွေ မြောင်းထဲ ရောက်သွားလောက်ပြီ”
ရှောင်ကွိုက်သည် သူ့စိတ်ထဲမှ ကြောက်စိတ်ကို ခံစားမိနေပါသေးသည်။
“ဟွန့်၊ ဒီတစ်ခေါက် အစ်ကို ဝိုင်နတ်ဘုရား လာမယ်ဆိုတာကို သူတို့ ဖိတ်တုန်းက ကျွန်မတို့ကို ပြောတောင် မပြောခဲ့ဘူး၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ်တောင် မပြင်ဆင်လိုက်ရဘူး”
ဝူအာက မပျော်မရွှင် ပြောဆိုလေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန် ဝေ့ပေါ်၌ ပို့စ်တင်ပြီးနောက် သူ၏ ဝေ့ပေါ်၌ ဆူညံပွက်လောရိုက်နေ၏။
[နောက်ဆုံးတော့ ဝိုင်နတ်ဘုရား ကိုယ်ထင်ပြလာပြီပဲ၊ မင်း ဘယ်တော့ တိုက်ရိုက် ထုတ်လွှင့်မှုအသစ်ကို စမှာလဲ၊ ငါ မင်းကို သိပ်လွမ်းနေတာ]
[လခွမ်း၊ လခွမ်း၊ ဝိုင်နတ်ဘုရား၊ မင်း anime ပွဲကို သွားခဲ့တာလား၊ သေစမ်းကွာ၊ မင်း ဘာလို့ စောစောက မပြောခဲ့တာလဲ]
[မြတ်စွာဘုရား၊ ငါ အစက ဒီနေ့ သွားဖို့ စီစဉ်ထားတာ၊ ငါတော့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပြီ]
[ပန်ဒါ ထုတ်လွှင့်ရေးက အကျင့်ယုတ်လွန်းပါတယ်၊ ဝိုင်နတ်ဘုရား လာမယ်ဆိုတာကို သူတို့ ဘာလို့ ငါတို့ကို အသိမပေးတာလဲ]
[သူက မျက်နှာဖုံး ဝတ်ထားပင်မယ့်၊ ဝိုင်နတ်ဘုရားက ရုပ်ချောတဲ့ လူတစ်ယောက်ဆိုတာ သေချာတယ်၊ ပြီးတော့ သူ့ပုံစံနဲ့ အရှိန်အဝါက လုံးဝ ကောင်းလွန်းတယ်၊ ဝိုင်နတ်ဘုရားက ရုပ်ဆိုးလို့ သူ့မျက်နှာကို ဖုံးထားတာလို့ ပြောနေတဲ့လူတွေ အခု မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီ မဟုတ်လား]
[အဓိကကတော့ ဝိုင်နတ်ဘုရားက အဘိုးအိုကြီးလို့ တစ်ယောက်က ပြောခဲ့ဖူးတယ်လေ၊ ထွီ … ဘယ်အဘိုးကြီးက ဂိမ်းကို အဲ့လောက် ကောင်းကောင်း ဆော့နိုင်မှာလဲ၊ အဲ့လိုဖြစ်ခဲ့ရင် ငါ့ကွန်ပျူတာကို ငါ စားပြလိုက်မယ်]
[ဝိုင်နတ်ဘုရားက ရုပ်ချောတဲ့ လူငယ်လေးပဲ၊ အခြားဝိုင်တွေလည်း ဘယ်လိုပုံတွေ ရှိမလဲ ငါ သိချင်လိုက်တာ၊ ဝါး … သူတို့အားလုံးက လူချောလေးတွေ ဖြစ်နေရင် ငါ ဘယ်သူ့ကို ရွေးသင့်လဲ၊ တကယ် ဒုက္ခပဲံ]
[ဟဲဟဲ တုံးလိုက်တာ၊ ကလေးလေးတွေပဲ ရွေးချယ်မှာ၊ ငါက သူတို့အားလုံးကို ယူမှာ]
…
ရဲ့လင်းချန်သည် သူ၏ လျှပ်တပြက် ဆုံးဖြတ်ချက်က ထိုမျှ ဆူညံပွက်လောရိုက်မှု ကြီးသွားလိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။ သူ၏ ရေပန်းစားမှုအမှတ်က ထပ်မံ၍ တိုးလာပြန်သည်။ ပန်ဒါ ထုတ်လွှင့်ရေး၏ ကျော်ကြားမှု သည်လည်း တိုးလာခဲ့သည်။
ဤသည်ကို မထင်မှတ်ထားသော အကျိုးအမြတ်ဟု ဆိုနိုင်ပေသည်။
“ရှောင်ရဲ့၊ မင်း ဘာလို့ အဲ့လောက် မြန်မြန် လမ်းလျှောက်နေတာလဲ၊ ငါတို့ ဂိမ်းကို နိုင်ခဲ့တာ မဟုတ်ဘူးလား၊ ငါတို့ အရိုက်ခံရမှာကို မင်း စိုးရိမ်နေတာလား”
အာလူးလေးသည် အမီလိုက်ရန် အခက်တွေ့နေပြီး လှမ်းမေးသည်။
“ရှောင်ရဲ့၊ မင်းကစားပုံက မိုက်လွန်းတယ်ကွာ၊ အဲ့ဒါ ထိပ်တန်း တင်ဆက်သူ ငါးယောက်လေ၊ မင်း အဲ့ဒီမှာ ဘယ်လို ပုံစံမျိုးနဲ့ အနိုင်ပိုင်းလိုက်တာလဲ သိရဲ့လား”
ရှန်းသည်လည်း စိတ်လှုပ်ရှားမှုနှင့်အတူ သွေးပူနေပြီး အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
သူတို့ စကားပြောနေစဉ်မှာပင် ရှောင်ကမ်းသည် သူ့ဖုန်းက တုန်ခါလာသည်ကို ရုတ်တရက် ခံစားလိုက်မိသည်။ သူ ထုတ်ကြည့်လိုက်ပြီးနောက် တအံ့တဩ ပြောလေသည်။
“မြတ်စွာဘုရား၊ ဝိုင်နတ်ဘုရားက သူ့ဝေ့ပေါ်မှာ အသစ်တင်ပြီပဲ၊ ငါ စစ်ကြည့်ဖို့ လိုတယ်”
“တကယ်လား၊ အတူတူ ကြည့်ကြည့်ရအောင်”
အာလူးလေးနှင့် အခြားသူများက ချက်ချင်း အနားသို့ ကပ်လာပြီး ကြည့်ကြသည်။ ထိုသို့နှင့် သူတို့၏ ခန္ဓာကိုယ်များ အကြီးအကျယ် တုန်ယင်လာပြီး မျက်လုံးများ ကျဉ်းမြောင်းကုန်သည်။
သူတို့သည် အရင်ဆုံး တည်ငြိမ်နေသော ရဲ့လင်းချန်ကို ကြည့်လိုက်ပြီးနောက် ဝေ့ပေါ်ကို ပြန်စစ်ဆေးလေသည်။ ထို့နောက် ရဲ့လင်းချန်ကို ပြန်ကြည့်ပြီး ဝေ့ပေါ်ကို ထပ်ကြည့်ပြန်သည်။
“ငါလခွမ်း၊ ရှောင်ရဲ့၊ မ…မ…မင်းက …”
ဟောင်ကျန်းက ခုန်ဆွခုန်ဆွ လုပ်နေပြီး ရဲ့လင်းချန်က တုန်တုန်ယင်ယင်နှင့် လက်ညှိုးထိုးလေသည်။ သူ အာစေးနေပြီး စကားကို ကောင်းကောင်း မပြောနိုင် ဖြစ်နေ၏။
“မ…မ…မင်းက …”
အာလူးလေးက ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး ပြောစရာစကား လုံးဝ ပျောက်ဆုံးနေသည်။
“လခွမ်း၊ ရှောင်ရဲ့၊ ဒါကြီးက မိုက်တယ်ကွာ”
ရှောင်ကမ်းက ပို၍ တဲ့တိုးဆန်ပြီး သူ့အား ကျယ်လောင်စွာ အားပေးလေသည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါလေးက နောက်ခံလေးတစ်ခု သက်သက်ပဲကို၊ အရမ်းကြီး စိတ်ထဲ ထားမနေပါနဲ့”
ရဲ့လင်းချန်က အရေးမစိုက်စွာ လက်ခါယမ်းပြလိုက်သည်။
“ချီးပဲ၊ မင်း ငါတို့ရှေ့မှာ ခပ်မိုက်မိုက်ပုံလုပ်နေတာ ရပ်လိုက်တော့”
“မင်းကိုယ်မင်း ကောင်းကောင်းကြီး ပုန်းနေနိုင်တာပဲ၊ ဒီတစ်လျှောက်လုံး မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ငါ လိုက်ကြည့်ခဲ့မိတာကို တွေးမိရင် ရှက်တောင်ရှက်တယ်”
တစ်ခဏမျှ ထိတ်လန့်နေပြီးနောက် သူတို့သည် အံ့ဩနေရာမှ သတိဝင်လာပြီး ရဲ့လင်းချန်အား စနောက် တော့သည်။
လက်ရှိတွင် ရဲ့လင်းချန်က အနုပညာရှင်တစ်ဦး ဖြစ်ပြီးနေလေပြီ။ ထပ်တိုးလာသော နောက်ခံတစ်ခုက သူတို့ကို အလွန် မအံ့ဩစေပါ။ ယင်းက နောက်ထပ် အပေါ်ယံ အဆင်တန်ဆာ တစ်ခုသက်သက်သာ ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်က မီးအိမ်မှုတ်တစ္ဆေနှင့် ဆင်တူသော အလောင်းပြင်သူအကြောင်းနှင့် ပတ်သက်သည့် ပုံပြင်အား ပြောခဲ့သည်ကို သူတို့ သတိရသွားသည်။ လတ်စသက်တော့ လူတစ်ယောက်တည်း ဖြစ်နေသည်ကိုး။
“ရှောင်ရဲ့ မင်းက တော်လွန်းတယ်၊ မင်းက ဂိမ်းကစားတာလည်း တော်သလို ဗဟုသုတတွေလည်း အများကြီး ရှိတယ်၊ ရူးချင်စရာပဲကွ”
“မင်းက ကံကောင်းခြင်း သားတော် ဟုတ်တယ်မလား၊ မြတ်စွာဘုရား၊ ငါတို့ဘရိုက ကံကောင်းခြင်း သားတော်ပဲ၊ နောက်ဆို ငါတို့ သေချာပေါက် ချမ်းသာလာတော့မှာ”
“ရှောင်ရဲ့၊ ငါ anime ပွဲထဲ ဝင်နိုင်ဖို့အတွက် လက်မှတ်တစ်ခုကို သုံးလိုက်ရတာနော်၊ မင်း ငါ့ကို အစားထိုးပေးဖို့ လိုတယ်”
သူတို့ အံ့ဩခဲ့သော်လည်း အဘယ်ကြောင့် ရဲ့လင်းချန် အလျင်စလို ထွက်ခွာနေရသလဲ ဆိုသည်ကို နားလည် သွားကြသည်။ သူတို့အနောက်မှ လူအုပ်ကြီးက မြေလှန်ရှာနေသည်ကို ခံစားမိပြီး ငါးယောက်သား ပို၍ မြန်မြန် လမ်းလျှောက်ကြလေသည်။
စကားပြောနေစဉ်မှာပင် ရဲ့လင်းချန်က သူတို့ကို ဒကာခံမည်ဟု အကြံပြုလိုက်သဖြင့် ကျန်လူများက ချက်ချင်း သဘောတူလေသည်။ လူချမ်းသာ တစ်ယောက်က သူတို့နှင့်အတူ ရှိနေမှတော့ သူ့ကို တစ်နပ်စာအတွက် အခွင့်ကောင်း မယူရလျင် သူတို့အတွက် ဖြုန်းတီးရာ ကျပေသည်။
အဖွဲ့သည် ခပ်ဝေးဝေးလျှောက်ရန် ပျင်းရိလွန်းပြီး တက္ကသိုလ် ဝန်းအတွင်းမှ ဈေးအကြီးဆုံး စားသောက်ဆိုင်ကို ရွေးလိုက်ကြသည်။
ယွဲ့ဟုန်စံအိမ်၊ သူတို့၏ ထူးခြားမှုမှာ တရုတ်ဟင်းလျာများ ဖြစ်ပြီး အများအပြား ရွေးချယ်နိုင်သည်။ ၎င်းသည် တက္ကသိုလ်ဝန်း အတွင်းမှ အထက်တန်းလွှာများသာ ပျော်ပါးနိုင်သော နေရာ ဖြစ်လေသည်။ သူဌေးသားများမှ လွဲ၍ သာမန် ကျောင်းသားများသည် ထိုသို့ အဆင့်မြင့်သော စားသောက်ဆိုင်၌ စားသောက်ခွင့် ဘယ်သောအခါမှ ရမည် မဟုတ်ပါ။
သို့သော် ယနေ့တွင် ကျောင်းသား ငါးယောက်သည် သူဌေးသား ဖြစ်ရခြင်းက ဘယ်လို ခံစားရသလဲ ဆိုသည်ကို သဘောပေါက် နားလည်သွားကြသည်။
ရဲ့လင်းချန်က လက်တစ်ချက် ယမ်း၍ ဆလပ်ရွက်အချို့နှင့် ဈေးပေါသော ဟင်းလျာအချို့ကို ဖယ်၍ ကျန်သည့် အရာအားလုံးကို မှာယူ၍ သူ၏ ရက်ရောက်မှုကို ပြသခဲ့သည်။
ထိုသို့မှာသော်လည်း ဟင်းတစ်ပွဲက သူ့အား တစ်သိန်းစွန်းစွန်းမျှသာ ကုန်ကျစေသည်။ ရဲ့လင်းချန် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
*ဟူး … လူချမ်းသာ ဖြစ်ရတဲ့ ပြဿနာပါလား*
ထိုအခိုက်တွင် ယွဲ့ဟုန် စံအိမ်မှ ဝန်ထမ်းများသည် ဘယ်သူဌေးသားက ပိုက်ဆံ ဖြုန်းနေသလဲ ပြောဆိုရင်းနှင့် အလုပ်များနေသည်။
*အလကား ဖြုန်းနေတဲ့သူပဲ၊ သူ့မိဘတွေတော့ ဒုက္ခရောက်ပြီ*
ရဲ့လင်းချန်၏ မိဘများ စိတ်ထဲ၌ ဒုက္ခများနေသလား သူတို့ မသိသော်လည်း သူတို့ကတော့ သေချာပေါက် ရင်နာနေကြသည်။
*အဲ့လိုလူက ဘာလို့ သူဌေးသားအဖြစ် မွေးလာရတာလဲ၊ သူ့နေရာမှာသာ ငါဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲ၊ ငါဆို အဲ့လို ဖြုန်းတီးနေတဲ့သူ ဖြစ်မလာမှာ သေချာတယ်၊ ကောင်းကင်ဘုံက မတရားလိုက်တာ*
ယွဲ့ဟုန်စံအိမ်မှ အဖြစ်သည် နောက်ပိုင်း၌ တက္ကသိုလ်အတွင်း ပျံ့နှံ့သွားပြီး လူပေါင်းများစွာ ပြောဆိုကြသော အကြောင်းအရာ တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မထင်မှတ်ဘဲ ယင်းက တက္ကသိုလ်၏ ပြောစမှတ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။