← Chapters

ဘယ်သူလဲ… မင်းပဲလား…

Vol. 31 Ch. 468

ဘယ်သူလဲ… မင်းပဲလား…

Vol. 31 Ch. 468

ယင်ဟွမ်‌ဒေသကြီးမြောက်ဘက်ရှိ ရေခဲလွင်ပြင်များထဲတွင် လီယုံ‌ကျောက်တိုင်ကြီးဘေး၌ ရွှယ်လျန့်ကျစ်သည် ရွှီချင်း၊ ချန်အားညိုတို့နှင့် အတူထွက်ခွာရန် ပြင်နေသည်။

ထိုအချိန်၌ လီယုံကျောက်တိုင်ကြီးမှ အလင်းတန်းများစွာ ပေါ်ထွက်လာပြီး သူထံသို့ ဦးတည်လာကြသည်။

ထိုအလင်းတန်းများပေါ်ထွက်လာခြင်းကြောင့် အောက်မှ လူအုပ်ပင် ထိတ်လန့်တကြား အော်မိကြသည်။

ရွှယ်လျန့်ကျစ်၏ တုံပြန်မှုကလည်း လျင်မြန်လှသည်။ သူက လက်စကိုလှုပ်ခတ်လိုက်ပြီး ထိုအလင်းများ အနီးကပ်မလာနိုင်အောင် တားလိုက်သည်။ ထို့နောက်, နောက်လှည့်ကာ ချက်ချင်း ထွက်သွားလိုက်လေသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ တစ်ဦးပြီးတစ်ဦး ကျဆင်းသွားကြရာ အဆင့်လုပြိုင်ပွဲမှာ ပြီးဆုံးခါနီး ဖြစ်လာသည်။

တခြားလူများမှာ ဆက်လက် ပြိုင်နေကြသော်လည်း သူတို့အနေဖြင့် ပထမရရန်တော့ မဖြစ်နိုင်ပါ။

ပထမနေရာကို ရောက်နိုင်ခြေ အမြင့်ဆုံးကတော့ ချင်းချိုးပင် ဖြစ်သည်။ သူမသည် ယခု ပေနှစ်သောင်းကိုးထောင်တွင် ရှိနေပြီး အံကြိတ်ကာ ရှေ့သို့ တက်နေဆဲ ဖြစ်သည်။

ဓားကိုင်ရုံးတော်ထဲတွင် ထိုကိစ္စအား စောင့်ကြည့်နေခဲ့သည့် ဓားကိုင်အကြီးအကဲတို့ကတော့ ရွှယ်လျန့်ကျစ်နှင့်အတူ ပါသွားကြသည့် ရွှီချင်းနှင့် ချန်အားညိုတို့ကိုကြည့်ကာ မျက်လုံးများတွင် ထူးဆန်း‌သော အရိပ်အယောင်တို့ ထင်ဟပ်လာကြသည်။

“ဒီကောင်လေးတွေက အဲဒီနတ်ရုပ်ထဲက အရှိန်အဝါတစ်စစီ ရသွားခဲ့ကြပုံပဲ။”

“ကျုပ်တို့က ဒီနတ်ရုပ်ထဲက အရှိန်အဝါကို နှစ်များစွာလေ့လာနေခဲ့ပြီးပြီ။ အဲဒီအရှိန်အဝါက ဆန်းကြယ်လွန်းနေတယ်။ အဲဒီအရှိန်အဝါက စုပ်ယူလို့မရဘဲ အပြင်ပိုင်းပဲသုံးလို့ရတာက ဆိုးတာပါပဲ။”

“ဒါက သူတို့ ထိန်းချုပ်နိုင်တာမျိုး မဟုတ်ဘူး။ ဓားကိုင်သူတွေရဲ့ အတွင်းပိုင်းလုပ်ငန်းစဉ်အတိုင်း သူတို့ဆီက အဲဒါတွေကို သွားယူပြီး အကျိုးဆောင်မှတ်တိုးပေးဖို့ ပြောလိုက်ပါ။ သူတို့သဘောမတူရင်တော့ အတင်းအကြပ် ယူစရာမလိုဘူး။”

ပေနှစ်သောင်းကိုးထောင့်သုံးရာသို့ ရောက်ရှိလာခဲ့သည့် ချင်းချိုးကတော့ ရပ်တန့်လိုက်ရ၏။ သူမက ခံနိုင်စွမ်းအဆုံးသို့ ရောက်လာပြီ ဖြစ်သည်။

သူမက နောက်ထပ် ပေရာကျော် ဆက်တက်လျှင်လည်း သူမ၏အခြေခံအုတ်မြစ်သာ ထိခိုက်သွားနိုင်ကာ ပေသုံးသောင်းကိုတော့ ရောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ချင်းချိုးက နှမြောမိသော်လည်း လက်လျှော့ကာ ပြန်ဆင်းရန် ဆုံးဖြတ်လိုက်၏။

သူမ လက်လျှော့လိုက်သည်နှင့် လီယုံကျောင်တိုင်ပေါ်မှ အဆင့်လုပြိုင်ပွဲမှာ အဆုံးသတ်သွားလောက်သည်။ သို့ရာတွင် နောက်တစ်ခဏတွင် ခြောက်နာရီအချိန်အကန့်အသတ်တစ်ဝက် ကုန်လာချိန်၌ ထိုက်စီရှန်းမုန်ဂိုဏ်းထဲမှ လူတစ်ဦး လမ်းလျှောက်ထွက်လာသည်။

ထိုလူသည် မြင့်မားဖြောင့်တန်းသော အရပ်နှင့် တည်ကြည်လေးနက်သော သွင်ပြင်အပြည့်တို့ ရှိသည်။ သူ့မျက်နှာမှာ တည်ငြိမ်မှုများပြည့်နေပြီး သူ့ဝတ်စုံပြာသည် စီးဆင်းနေသည့် ရေများလွှမ်းနေသည့်သဖွယ် တဖျပ်ဖျပ်လက်နေသည်။

သူ့မျက်လုံးတို့က နက်ရှိုင်းနေပြီး မျက်လုံးအိမ်များထဲတွင် ကမ္ပည်းများ လှုပ်ခတ်လျက်ရှိသည်။

သူဖြတ်သွားသည့် နေရာတိုင်းတွင် ပတ်ဝန်းကျင် ဗလာနယ်သည် ပုံပျက်ကွေးညွတ်လျက် ရှိသည်။ သူ၏ကျင့်ကြံခြင်းအတတ်တစ်မျိုးမျိုးကြောင့် သူသည် လေဟာနယ်ကို ဖြတ်လျှောက်သွားသည့် ခံစားချက်အား ပေးနေသည်။

ထိုဖြစ်စဉ်မျိုးသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများထံတွင်ပင် မြင်ရခဲသည်။

သူ ပေါ်ထွက်လာခြင်းက အားလုံး၏ အာရုံကို ဖမ်းစားသည်။

အားလုံးက အော်သံများပြုလျက် ဘေးသို့ ရိုသေဟန်အပြည့် လမ်းဖယ်ပေးလိုက်ကြသည်။ သူသည် ထိုက်စီရှန်းမုန်ဂိုဏ်းမှ ကျန်းစစ်ယွင် ဖြစ်သည်။

သူက တည်ငြိမ်စွာဖြင့် ရှေ့သို့ ထွက်လျှောက်လာသည်။ သူက ပုရွက်ဆိတ်ကောင်များနှင့် အတူသွားလာရသည်ကို မကြိုက်သဖြင့် ရွှီချင်းနှင့် အခြားသူများရှိနေချိန်တွင် ထွက်မလာခဲ့ခြင်းဖြစ်သည်။

ယခု အားလုံး လက်မြှောက်အလျှော့ပေးသွားပြီးနောက်တွင် သူက အပြင်သို့ ထွက်လာပြီး လီယုံကျောက်တိုင်ကြီးထံသို့ လျှောက်သွားလိုက်၏။

အားလုံးအကြည့်များအောက်တွင်ပင် သူသည် ရှေ့မှ ‌ကျောက်တိုင်ပေါ်သို့ တက်သည်။

သူက ထိုကျောက်တိုင်ပေါ်သို့ ခြေလှမ်းမိသည်နှင့် မြန်ဆန်စွာဖြင့် တရိပ်ရိပ်တက်သွား၏။ သူ့အမြန်နှုူန်းသည် မြန်လွန်းသဖြင့် တခဏအတွင်းတွင် သူသည် ပေတစ်သောင်းအမြင့်သို့ ရောက်သွားသည်။

ထိုသို့အမြန်နှုန်းမျိုးက ကြည့်ရှုနေကြသူအားလုံး၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တို့ ထင်ဟပ်သွားစေသည်။ သို့ရာတွင် သူတို့က ဝေဖန်ခြင်းများ၊ ဆူညံခြင်းများ မပြုလုပ်ကြပါ။ သူ ထိုသို့လုပ်နိုင်သည်က သာမန်ကိစ္စတစ်ခုအလား သူတို့ တွေးထင်ထားခြင်းကြောင့် ဖြစ်သည်။

သူသည် ယင်ဟွမ်းဒေသကြီး၏ လက်ရှိမျိုးဆက်၌ အတော်ဆုံးသော လူငယ်မျိုးဆက် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ဓားကိုင်ရုံးတော်ထဲက ဓားကိုင်အကြီးအကဲများကလည်း ကျန်းစစ်ယွင်ကို ကြည့်လိုက်ကြသည်။

“သူက မဆိုးဘူးပဲ။ ဓားကိုင်သူတစ်ဝက်လို့ ပြောလို့ရနေပြီ။”

“သူ့ဆရာဘိုးဘိုးဖြစ်တဲ့ တောင်ပိုင်းရေးရာတာအိုဆရာဟာ နိုင်ငံရဲ့ ဓားကိုင်နန်းတော်က စီမံရေးမှူးလေးဦးထဲက တစ်ဦးဖြစ်တယ်။ သူ့အဆင့်က ကျုပ်တို့နဲ့ သိပ်မကွာနေပဲ သူဟာ ဓားနန်းတော်ထဲမှာ ရာထူးတစ်နေရာရထားတာ ဖြစ်တယ်။ ကျုပ်တို့က သူ့ကိုတွေ့ရင် အကြီးအကဲလို့ ခေါ်နေရသေးတယ်။”

“တောင်ပိုင်းရေးရာတာအိုဆရာက သူ့စီမံရေးမှူးနေရာမှာ ဆယ်နှစ်လုပ်ခဲ့တဲ့ အကျိုးအမြတ်ကိုသုံးပြီး အကဲဖြတ်မှုကနေ ချွင်းချက်ကင်းလွတ်ခွင့်ပေးဖို့ လုပ်ရမလား မေးခဲ့သေးတယ်။ ဒါပေမဲ့ ကောင်လေးက သူ့ကို ငြင်းလိုက်ပြီး အကဲဖြတ်ပွဲမှာပါဝင်ဖို့ ဒီကို ကိုယ်တိုင် လာခဲ့သေးတာပဲ။ သူက ဓားကိုင်သူတစ်ဦးဖြစ်ဖို့ တရားဝင်နည်းလမ်းကိုပဲ သုံးချင်နေတယ်။ နောက်မှသူက ဆရာဘိုးဘိုးရဲ့ နေရာကို အသုံးချပြီး အဆင့်တက်ဖို့ လုပ်မှာ။”

“ဒါက သူ့ကိုယ်သူ ယုံကြည်စိတ်ချလွန်းနေလို့ပဲ။ သုံးနေရာပဲ လွတ်တယ်ဆိုပေမဲ့ သူက ဝင်ရောက်နိုင်မယ်လို့ အသေအချာကို ယုံကြည်နေပုံရတယ်။”

“ဒီတစ်ကြိမ် ထူးချွန်တဲ့ပါရမီရှင်တွေက ရိုးစင်းတာတော့မဟုတ်ဘူး။ သူတို့ထဲက ဘယ်သူက သုံးနေရာထဲပါဝင်မလဲ စောင့်ကြည့်ကြတာပေါ့။”

ကျန်းစစ်ယွင်၏ အရှိန်က လျော့မလာသေးပေ။ သူသည် အမြင့်ပေတစ်သောင်းမှ တစ်သောင်းခုနစ်ထောင်ထိ ခုန်လိုက်ပြီး ပေနှစ်သောင်းသို့ အလွယ်တကူဝင်ရောက်နိုင်လာသည်။

ထိုအမြင့်တွင်တော့ အရှိန်တို့ အနည်းငယ်‌လျော့ကျလာပြီး တစ်ချက်တစ်ချက်တွင် ရပ်တန့်သွားသည်။ သို့ရာတွင် ယေဘုယျအားဖြင့်တော့ သူသည် လျင်မြန်လွန်းနေသေးသည်။

ပေနှစ်သောင်းနှစ်ထောင်၊ နှစ်သောင်းလေးထောင်၊ နှစ်သောင်းခြောက်ထောင်။

ထိုအမြင့်တွင် သူ‌ အနည်းငယ်မောဟိုက်စပြုလာသည်။ ထိုနေရာရှိ အငြိုးအတေးရိုက်ခတ်ခြင်းတို့က လွန်စွာအားကောင်းလာပြီ ဖြစ်သည်။ သို့ရာတွင် နောက်တစ်ခဏတွင် သူ့ခေါင်းပေါ်တွင် အမိုးကာတစ်ခု ပေါ်လာပြီး သူတကိုယ်လုံးတွင် ချက်ချင်းအဖြူရောင်အလင်းတို့ လှုပ်ခတ်လာသည်။

၎င်းက သူ၏သက်စောင့်မီးအိမ်ပင်ဖြစ်သည်။

ထိုသက်စောင့်မီးအိမ်မှာ ရွှီချင်း၏ထီးနက်နှင့် သက်တန့်တေးသံတို့မှ ကွဲထွက်သည်။ ၎င်းသည် ဆွတ်ဆွတ်ဖြူနေပြီး မြင့်မြတ်သန့်စင်သော ခံစားချက်ကို ဖြစ်စေသည်။ မီးလျှံတို့ကလည်း ဖြူဖွေးသော မီးလျှံများသာဖြစ်သည်။

၎င်း၏သွင်ပြင်က တော်ဝင်ဆန္ဒအားမာန်တို့ ထုတ်လွှတ်နေသည့် ပြောင်းပြန်တောင်တစ်လုံးကဲ့သို့ပင်။

၎င်းသည် တောင်ကုန်းဖြူတော်ဝင်သက်စောင့်မီးအိမ်ပင်ဖြစ်သည်။

အဖြူရောင်မီးလျှံများစွာက တောင်ကုန်းထိပ်မှ အစွန်းများသို့ ဖြာထွက်ကာ စီးကျလာကြသည်။ ၎င်းတို့ဖြတ်သန်းရာ နေရာတိုင်းတွင် ဗလာနယ်တို့ လောင်ကျွမ်းသွားကြသည်။

တောင်ကုန်းဖြူ တော်ဝင်သက်စောင့်မီးအိမ်အောက်တွင် ကျန်းစစ်ယွင်၏ ခန္ဓာကိုယ်က အဖြူရောင်မီးတောက်များ လောင်ကျွမ်းကာ အဖြူရောင်အလင်းများ ထုတ်လွှတ်လျက်ရှိနေ၏။ သူ၏အပြာရောင်တာအိုဝတ်ရုံ၊ ထူးချွန်လှသော သွင်ပြင်နှင့် တည်ငြိမ်သောအကြည့်တို့ဖြင့် ပေါင်းသော် တော်ဝင်အငွေ့အသက်တစ်မျိုးအား ခံစားလာရ၏။

သူ့နောက်တွင် ဟိန်းသံကြီးတစ်ခု မြည်ဟိန်းသွားသည်။

သူ့နောက်မှ ဗလာနယ်နေရာတွင် ကွဲအက်သံများထွက်လာသည်။ နဂါးဖြူကြီးတစ်ကောင်က အက်ကြောင်းထဲမှ ထွက်လာပြီး သူ့အား ဝန်းရံလျက် ဝန်းကျင်အား အရှိန်အဝါတို့ထုတ်လွှတ်သည်။

ကျန်းစစ်ယွင်၏ ဘေး ဘယ်ညာနှစ်ဖက်တွင် နဂါးနှုတ်ခမ်းမွေးနှစ်ချောင်း တွဲလောင်းကျနေပြီး တုန်ခါလှုပ်ရှားလျက်ရှိသည်။

နဂါးကြီးလည်ပင်းမှ မုတ်ဆိတ်တို့သည်လည်း လေထဲ အတူယိမ်းနွဲ့လှုပ်ရှား နေသေးသည်။ ထိုအရာအားလုံးတို့ဖြင့် ကျန်းစစ်ယွင်သည် မိုးနှင့်မြေအကြား ရပ်တည်ကာ နဂါးကို ချုပ်နှောင်နိုင်သည့် နတ်ဘုံလောကမှ အင်မော်တယ်တစ်ပါး အသွင် ဖြစ်နေစေ၏။

သူက ခေါင်းမော့ကာ အေးစက်စက်ပြောသည်။

“ခုနက ပုရွက်ဆိတ်တစ်အုပ်က ငါ့အထက်မှာ ရပ်နေဖို့ မထိုက်သေးဘူး။ မင်းတို့ကို ငါဘယ်လို အနိုင်ယူနင်းခြေမလဲဆိုတာ ကြည့်ထားကြ။”

သူက လှုပ်ရှားလိုက်သည်။

ပေနှစ်သောင်းခုနှစ်ထောင်၊ နှစ်သောင်းရှစ်ထောင် နှစ်သောင်းကိုးထောင်။

ဤသို့ ဖြင့် သူက ချင်းချိုး၏ ယခင်အမြင့်နေရာကို ကျော်ကာ ပေသုံးသောင်းကို ခုန်တက်လိုက်တော့သည်အထိပင်။

သူက ဆက်တက်ရန် ကြံစည်လိုက်စဉ်မှာပင် နောက်တစ်ခဏ၌ ထိုအမြင့်နေရာရှိ ထူးဆန်းသည့် နတ်ရုပ်သည် ပထမနှစ်ကြိမ်ပြီးနောက်တွင် တတိယအကြိမ် လင်းလာပြန်ပြီး ပွင့်လာပြန်သေးသည်။

ကျန်းစစ်ယွင်၏ ခန္ဓာကိုယ်က တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် ယင်ဟွမ်ဒေသကြီးမှ လွန်စွာဝေးလှသော ဝမ်ကုဒေသကြီး၏ အနောက်ဘက်စွန်းဖျားဒေသ၏ ကောင်းကင်တွင် အဆုံးမဲ့ညကောင်းကင်အမြင့်၌ ရှိနေသည့် အနီရောင်လထံမှ ရေရွတ်သံသဲ့သဲ့ထွက်လာနေသေးသည်။

“ငါ့နတ်ဘုရား ရင်းမြစ်အားတစ်စကို ခိုးသွားတာဘယ်သူလဲ…။”

“မင်းလား”

ထိုအသံထွက်လာသည်နှင့် ကျန်းစစ်ယွင်မျက်နှာသည် တည်ငြိမ်ရာမှ ထိတ်လန့်မှုသို့ပြောင်းလဲသွား၏။

သူ့မျက်လုံးများထဲတွင် တည်ငြိမ်မှုတို့ ပျောက်သွားပြီး ခြောက်ခြားမှုတို့သာ ပြည့်လာသည်။

သူ့မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နေပြီး သူက ဖော်မပြနိုင်လောက်အောင် တုန်လှုပ်မှုတို့အား ခံစားနေရသည်။ နတ်ဘုရားတစ်ပါးက ဆင်းသက်လာပြီး သူ့အား ဒေါသတကြီး သုတ်သင်ရှင်းလင်းလိုသည့် စိတ်ဆန္ဒတို့ဖြင့် ဖိအားပေးလာနေသည်။

ထိုအရာအားလုံးက လျပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ သူက ဧရာမလူဘီလူးကြီးလက်ချောင်းအောက်က ပုရွက်ဆိတ်ကဲ့သို့ပင် တွန်းလှန်နိုင်မှု အလျင်းမရှိဘဲ နုနယ်သေးနုတ်လွန်းလှသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများစွာ အန်ထုတ်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒွါရကိုးပေါက်မှ သွေးများ အဆက်မပြတ် ပန်းထွက်လာကြသည်။

သူ့ခေါင်းပေါ်မှ သက်စောင့်မီးအိမ်မှာ မှိန်ကျသွားပြီး  ငြိမ်းသွားလုမတတ် ဖြစ်လာသည်။ သူ့‌နောက်မှ အဖြူရောင်နဂါးကြီးကလည်း နာကျင်စွာ အော်သည်။ ၎င်း၏ ကိုယ်တပိုင်းသည် ပေါက်ကွဲထွက်သွားပြီး အဖြူရောင်ကိုယ်ထည်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။

သူခြေထောက်တို့က ချက်ချင်း ပြိုလဲသွားပြီး သူ့ခန္ဓာကိုယ်တဝက်မှာလည်း များစွာသော အသားအပိုင်းအစများသို့ ပေါက်ကွဲထွက်သွားကြသည်။ ထိုပျက်စီးမှုစွမ်းအားက ဆက်လက်ပြန့်ထွက်နေသေးသည်ပင်။ သူ့မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် သွေးပျက်မှုနှင့် နားမလည်မှုတို့ ပေါ်ထွက်လာ၏။

မည်သည့်အရာများ ဖြစ်နေသည်ကို သူ နားမလည်ပါ။

ထိုဖြစ်ရပ်တို့က လျင်မြန်လွန်းလှသည်။

ထိုခဏအတွင် ထိုက်စီရှန်းမုန်ဂိုဏ်းထဲမှ လူရိပ်တစ်ခု ပျံထွက်လာသည်။ ဓားကိုင်ရုံးတော်က ဓားကိုင်အကြီးအကဲများပင် လှုပ်ရှားပျံထွက်လာကြသည်။

၎င်းတို့က ဘက်လိုက်ခြင်းတော့ မဟုတ်ပေ။ ရွှီချင်းနှင့် ချန်အားညိုတို့လည်း ထိုစဉ်က ဒဏ်ရာရခဲ့ကြသော်လည်း ၎င်းတို့ ကပြင်းထန်လှသည်မဟုတ်ဘဲ အသက်ဘေးကိုလည်း ထိခိုက်မည့်ဟန်တော့ မရှိခဲ့ပေ။

သို့ရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် ဤကျန်းစစ်ယွင်ကတော့ ခန္ဓာကိုယ်ပျက်စီးတော့မည့် အခြေအနေဖြစ်လာသည်။

သူတို့က ကောင်းကင်လက်ရွေးစင်တစ်ဦး ဤနေရာတွင် သေဆုံးရမည်ကိုတော့ ရပ်မကြည့်နိုင်ကြပေ။

မျက်စိတမှိတ်အတွင်း ထိုက်စီရှန်းမုန်ဂိုဏ်းက လူရိပ်အပါအဝင် ဗလာနတ္တိအဆင့်လေးဦးက ကျန်းစစ်ယွင်ဘေးသို့ ရောက်လာပြီး သူ့အား ကုသလိုက်ကြသည်။

ထိုက်စီရှန်းမုန်ဂိုဏ်းက အဘိုးကြီးကတော့ သဘာဝရတနာများစွာ ထုတ်လိုက်ပြီး အဖိုးတန်လှသော ထိုက်စီဆေးလုံးတစ်လုံးပင် တိုက်ကျွေးလိုက်သေးသည်။

သူက ထိုဆေးအား ကျန်းစစ်ယွင် အရေးကြီးဆုံးအချိန်တွင် အသုံးပြုရန် တမင်ချန်ထားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယခုအချိန်တွင်တော့ သူ ဂရုမစိုက်နိုင်တော့ပေ။ ၎င်းထဲတွင် ပါဝင်သည့် ပြင်းထန်လှသော အသက်စွမ်းအင်နှင့် ဆေးဂုဏ်သတ္တိ မြောက်များစွာတို့ကို သုံးကာ သူက ကျန်းစစ်ယွင်၏ဒဏ်ရာတို့ကို ထိန်းချုပ်ကုသလျက် ကယ်တင်လိုက်၏။

ထိုသို့ပြုလုပ်ပြီးနောက် အဘိုးကြီးက အားအင်ယှတ်လျော့ကာ သတိမေ့နေသေးသည့် ကျန်းစစ်ယွင်ကို ထွေးမလျက် ရှေ့မှ ဓားကိုင်အကြီးအကဲများအား လက်မှိုင်ချကာ ကြည့်လိုက်၏။

“ဆရာတို့ ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။”

ဓားကိုင်အကြီးအကဲသုံးဦးလုံးလည်း နားမလည်ကြပါ။ သူတို့က လီယုံကျောက်တိုင်၏ ပေသုံးသောင်းနေရာကို လှမ်းကြည့်လိုက်ကြပြီး မချိပြုံးပြုံးကာ ခေါင်းခါယမ်းလိုက်ကြ၏။

“ဒီကိစ္စကို ကျုပ်တို့နောက်မှ ပြန်စုံစမ်းကြည့်ရပါလိမ့်မယ်။”

ထိုက်စီရှန်းမုန်ဂိုဏ်းမှ အဘိုးကြီး သက်ပြင်းချလိုက်ပြီး လက်သီးနှစ်ဖက်ဆုပ်ကာ ကျန်းစစ်ယွင်ကိုသယ်လျက် ထွက်သွား၏။

ထိုကိစ္စက အဆုံးသတ်သွားပြီဟု ဆိုနိုင်ပေသည်။ ဓားကိုင်ရုံးတော်ကလည်း သွက်လက်စွာ လှုပ်ရှားသည်။ သူတို့က လီယုံကျောက်တိုင်ကြီးကို ပိတ်လိုက်ပြီး မည်သူ့ကိုမျှ တက်ခွင့်မပေးတော့ချေ။ ထို့နောက်တွင် လီယုံကျောက်တိုင်ကြီးကို စတင်ဆန်းစစ်ကြည့်ကြ၏။

ထို့နောက် ထွက်လာသည့် ဆူညံသံများကြားတွင် ကျန်းစစ်ယွင်ကို ခေါ်လာခဲ့သည့် အဘိုးကြီးက အစွမ်းကုန်ကုသပေးခဲ့ရာ ဒဏ်ရာများအား ထိန်းချုပ်နိုင်လာသည်။

ကျန်းစစ်ယွင်သည်လည်း သာမန်တော့မဟုတ်ပေ။ သူ့ဒဏ်ရာတို့ ထိန်းချုပ်နိုင်လာပြီး နှစ်ရက်အကြာတွင်ပင် အကောင်းပကတိအခြေအနေသို့ ပြန်ရောက်လာနိုင်ခဲ့သည်။

သို့ရာတွင် သူကိုယ်တိုင်ဖြစ်စေ၊ ထိုက်စီရှန်းမုန်ဂိုဏ်းက အဘိုးကြီးဖြစ်စေ၊ ဓားကိုင်ရုံးတော်ဖြစ်စေ ၎င်းတို့ထဲက မည်သူကမှ ကျန်းစစ်ယွမ် ကြုံတွေ့ခဲ့သော အခြေအနေအား မရှင်းပြတတ်ပေ။

ကျန်းစစ်ယွင်က ပြန်ကောင်းလာပြီးနောက်တွင် သူ့စိတ်နယ်ပယ်၏ ချောင်ကျသော ထောင့်တစ်နေရာတွင် အနီရောင်လတစ်စင်းပေါ်လာသည်။

ထိုလပေါ်တွင် ထိုင်နေသည့် ကိုယ်ရိပ်က လက်တို့ ဖြည်းညင်းစွာဖယ်ရှားလိုက်ရာ ထူးဆန်းသော မျက်နှာတစ်ခုပေါ်လာသည်။

ထူးဆန်းရခြင်းက ထိုမျက်နှာတွင် မျက်နှာသွင်ပြင်တို့ရှိမနေခြင်းကြောင့်ပင်။

ထိုနေရာတွင် တွ့န်လိမ်လှုပ်ရှားကာ ကျုံ့လိုက်ကျယ်လိုက်ဖြစ်နေသည့် အပေါက်ငယ်လေးများစွာက အနီရောင်သွေးများစီးဆက်ရှိနေ၏။ ထိုမျက်နှာက ဆိုးရွားသည့် ခံစားချက်တစ်မျိုး ထုတ်လွှတ်သည်။

“မင်း မဟုတ်ဘူး။”

“လုယူသွားသူက ငါ့လိုမျိုးပဲဖြစ်ရမှာ…ငါပြန်ဆင်းသက်လာချိန်ရောက်ရင် သူတို့ကို ပြန်ရှာပြီး ဝါးမျိုပစ်မယ်။”

“ဒီခန္ဓာကိုယ်က အားနည်းနေပြီး အားဖြည့်ဖို့လိုသေးတယ်။ အဲဒီအချိန်မတိုင်ခင်.. ငါဆက်အိပ်နေလိုက်ဦးမယ်။”

လ‌ပေါ်က လူရိပ်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး အသံကတိုးဝင်သွားသည်။

ကျန်းစစ်ယွင်ကတော့ ထိုကိစ္စတို့ကို သိနိုင်စွမ်းမရှိပေ။ သူက အားလုံးပုံမှန်ဖြစ်နေသည်ဟု ထင်နေသော်လည်း ၎င်းသည် သူ မသေရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းသာဖြစ်သည်။

သို့ရာတွင် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်စခန်းထဲတွင် ရှိနေသည့် ရွှီချင်းကတော့ ဖျပ်ခနဲမျက်လုံးများဖွင့်သည်။ သူက ထိုက်စီရှန်းမုန်ဂိုဏ်းဘက်သို့ကြည့်လိုက်ကာ သူမျက်လုံးတို့တွင် တုန်လှုပ်မှုနှင့် ထိတ်လန့်မှုများ ထင်ဟပ်နေ၏။

All Chapters