← Chapters

အမှန်တရားကို သုံးသပ်ခြင်း

Vol. 31 Ch. 469

အမှန်တရားကို သုံးသပ်ခြင်း

Vol. 31 Ch. 469

ရွှီချင်းက တိကျသည့် ထူးခြားမှုကို အာရုံခံစားမိခြင်းတော့ မရှိခဲ့ပေ။ သို့သော် ထိုအစောပိုင်းတွင် သူသည် ရှင်းမပြနိုင်သည့် စိတ်နှလုံးတုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။

“အဲဒီမှာ…။”

ရွှီချင်းသည် အလွန်သတိကြီးသူဖြစ်ကာ အန္တရာယ်အငွေ့အသက်များအား ခံစားသိရှိနိုင်သည်။

သူ့ဒဏ်ရာတို့က ပြင်းထန်လှသဖြင့် သည်ရက်များတွင် တံခါးပိတ်ကာ ကုစားနေရသည်။ ထိုအချိန်တွင် ဒဏ်ရာအများစုမှာ ပြန်ကောင်းလာပြီဖြစ်သည်။ ထိုကြောင့် သူက အသံပို့ကျောက်စိမ်းပြားကို ကောက်ကာ လတ်တလောဖြစ်ပျက်သည်တို့ကို မေးမြန်းကြည့်လိုက်သည်။ အထူးသဖြင့် ထိုက်စီရှန်းမုန်ဂိုဏ်းနှင့် ပတ်သတ်သည့် အကြောင်းများအား မေးလိုက်သည်။

သူက ဘိုးဘေး ရွှယ်လျန့်ကျစ်ကို မေးလိုက်ခြင်းဖြစ်သည်။

ဘိုးဘေးကို ကျေးဇူးတင်စကားပြောနေခြင်းက အပိုများသာဖြစ်ကြောင်း ရွှီချင်း သိနေသည်။ သူ ပြုတ်ကျခဲ့ချိန်တွင် ဘိုးဘေးက ချက်ချင်းကယ်တင်ခဲ့သည်ကို သူ မှတ်မိခဲ့သည်။

ရွှီချင်းက ဘိုးဘေးပေးခဲ့သော အသက်ကယ်ဆေးလုံးကိုလည်း မေ့မည်မဟုတ်ပေ။

ရွှီချင်းက သူ့အား တခြားလူတို့က မည်မျှကောင်းစွာဆက်ဆံသည်ကို ကောင်းကောင်း မှတ်ထားလေသည်။ အနိုင်ကျင့်သူများအားလည်း မမေ့ပါ။

မကြာမီ ရွှီချင်း အဖြေရလာသည်။ တစ်ချိန်တည်းမှာပင် ဘိုးဘေးက သူ့အား လနတ်ရုပ်တုအကြောင်းနှင့်ပတ်သက်၍ ပြောပြသည်။ နေနှင့်လများ ကျဆင်းမှုအကြောင်း၊ နတ်ဘုရားတို့က မျက်နှာပျက်ကြီးတစ်ခုတည်းပင် ရှိသည်မဟုတ်ကြောင်းနှင့် ထိုကိစ္စတွင် လျို့ဝှက်ချက်များစွာရှိနေသေးကြောင်းတို့ ဖြစ်သည်။

ထိုအကြောင်းတို့ ကြားပြီးနောက်တွင် ရွှီချင်းနှလုံးအိမ်တွင် လှိုင်းများထန်သွားသည်။ ထိုစကားတို့ထဲတွင် ပါဝင်နေသည့် အကြောင်းအရာတို့က အံ့သြဖွယ်ရာကောင်းလွန်းနေပြီး သူ့အတွေ့အကြုံတို့နှင့်လည်း ကိုက်ညီနေ၏။

သူက  ကျင်းဝူလျန့်ဝမ့်လင်အတတ်နှင့် နဂါးလှည်းပေါ်မှ ဆေးရေးပန်းချီတို့ကို ပြန်စဉ်းစားလိုက်မိသည်။

ထိုအချိန်က ထိုနံရံဆေးရေးပန်းချီများထဲတွင် နေသည် ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း ကောင်းကင်တွင် နေတစ်စင်းက ရှိနေသေးသည်ပင်။

ယခုအချိန်တွင်မှ ရွှီချင်း အဖြေရသွားတော့သည်။

နဂါးလှည်းပေါ်တွင် ထိုင်နေသည့် လူငယ်သည် ကျဆင်းသွားခဲ့ရသည့် နေများထဲမှ တစ်စင်းပင်ဖြစ်သည်။

“ဘိုးဘေးပြောခဲ့တာက လီယုံကျောက်တိုင်ကြီးပေါ်က ကမ္ပည်းနတ်ရုပ်ဟာ ဝမ်ကုဒေသကြီးက လက်ရှိ လဆယ့်နှစ်စင်းထဲက တစ်စင်းဖြစ်နေတာပဲ။ ဒီလဟာ ဝမ်ကုဒေသကြီးက အနောက်ဘက်စွန်ဖျားဒေသမှာ ရှိနေတယ်။ ဒါ့အပြင် မျိုးနွယ်အများစုက နေတွေနဲ့ လတွေပေါ်မှာ နတ်ဘုရားတွေ အိပ်စက်နေကြတယ်လို့ ထင်နေကြသေးတယ်။”

“အရင်က ငါ့စိတ်နယ်ပယ်ထဲမှာ လဆီက အသက်ရှူသံတွေကြားခဲ့ရသေးတယ်။ ပြီးတော့ စိတ်နယ်ပယ်ထဲက လူငယ်ဝိညာဉ်အရိပ်ရဲ့ စကားတွေက…”

ရွှီချင်း ငြိမ်ကျသွားသည်။ အမှန်တော့ အဖြေက သူစိတ်ထဲတွင် ပေါ်လာခဲ့ပြီးသားပင်။

“နတ်ဘုရား။”

“ဒါဆိုရင် ဓာတ်နှောတွေ ကျူးကျော်တိုက်စားပြီး ငါ လုယူလာခဲ့တဲ့ ခရမ်းရောင်လက နတ်ဘုရားစွမ်းအား တစ်ပိုင်းတစလား။”

ရွှီချင်းရေရွတ်လိုက်ပြီး စိတ်နယ်ပယ်ထဲက ခရမ်းရောင်လငယ်လေးကို အာရုံခံလိုက်သည်။

အနီရောင်လအရွယ်နှင့် ယှဉ်လျှင် ခရမ်းရောင်လသည် အပိုင်းအစငယ်ဟုပင် ဆိုဖွယ်ရာ မရှိသေးချေ။ သို့ရာတွင် ၎င်းအတွင်းတွင်ပါဝင်နေသည့် စွမ်းအားတို့က ရွှီချင်း ခံစားမိသည်နှင့် ဆံပင်မွေးများအားလုံး ထောင်ထလာမိသည် အထိ ပြင်းထန်အားကောင်း၏။

သူက မျက်လုံးများမှိတ်ထားသည့် နတ်ဘုရားမျက်နှာပျက်ကြီးကို ကြည့်လိုက်မိသည့်အလားပင်။

သူက ထိုစွမ်းအားဟိတ်ဟန်ကို ရှိန်ကာ လန့်နေမိခြင်းသာဖြစ်ပြီး ဘေးအန္တရာယ်၏ ခံစားချက်မျိုးတော့ မခံစားရသေးပေ။ အဘယ်ကြောင့်ဆိုသော်  ထိုခရမ်းရောင်လလေးသည် သူနှင့် နီးစပ်လွန်းသည့် ဆက်သွယ်မှုရှိနေပြီး ၎င်းအား သူ ထိန်းချုပ်နိုင်စွမ်း ရှိနေသောကြောင့်ပင်ဖြစ်သည်။

သို့ရာတွင် သူက ၎င်းကို ထိန်းချုပ်ခွင့်ရှိသည့်တိုင် သူ့ ကျင့်ကြံဆင့်က နိမ့်ကျလွန်းနေသောကြောင့် လတ်တလောတွင် အသုံးပြုနိုင်ရန်က ခက်ခဲနေသေးသည်။ သူက ခရမ်းရောင်လ၏ အရှိန်အဝါကို အနည်းငယ်လှုပ်ရှားထိန်းချုပ်နိုင်ရုံသာ တတ်နိုင်၏။

ထိုသို့ ဖြစ်သော်လည်းရွှိချင်း၏ စိတ်နယ်ပယ်ကိုတော့ ထိခိုက်ခြင်းမရှိပေ။

“ဓာတ်နှောတွေက ငါဆီက ပေါ်ထွက်လာတာဆိုတော့ သူတို့ ကျူးကျော်တိုက်စားတဲ့အရာတွေအတွက် ငါက မူလအခြေ ဖြစ်လာတာလား။”

ရွှီချင်း အာရုံခံလိုက်သည်။ သူ့တွက်ဆမှုကို အတည်ပြုလိုက်ပြီးနောက်တွင် သူက ညကောင်းကင်ကို မော့ကြည့်လိုက်မိတော့သည်။

“ဒါဆို ဒီနတ်ဘုရားမျက်နှာပျက်ကြီး တိုက်စားကျူးကျော်ခံရသမျှ အရာအားလုံးကလည်း’ သူ့ထိန်းချုပ်မှုအောက် ရောက်ကုန်ကြတာလား။”

ရွှီချင်းငြိမ်သက်သွားမိသည်။ ထို့နောက်တွင် သူက ခေါင်းဆောင်ကို တွေးလိုက်မိပြီး မျက်လုံးများ မှေးကြုတ်လိုက်မိသည်။

“ခေါင်းဆောင်လည်း တစ်ခုခုရသွားတဲ့ပုံပဲ။ ဒါပေမဲ့ သူ့ဗိုက်ပေါက်ကွဲတဲ့ပုံအရတော့ သူက အဲဒါကို ဝါးမျိုခဲ့ပုံရတယ်။ ငါနဲ့ မတူဘူး။”

ရွှီချင်းက ကျောက်စိမ်းပေလွှာတစ်ခုထုတ်ကာ သူ့မှန်းဆမှုတို့ကို ခေါင်းဆောင်ထံ အသံပို့ ပြောလိုက်သည်။

“ခေါင်းဆောင် အဲဒီအရှိန်အဝါကို စုပ်ယူဝါးမျိုရင် အန္တရာယ်ရှိလောက်တယ်နော်။”

“ကိစ္စမရှိပါဘူး။ ငါအစားများလွန်းသွားတာပါပဲ။ မင်းပြောသလို ငါက ထိန်းချုပ်ခံရမယ်ဆိုရင် ငါကို ဘယ်သူပိုင်မလဲဆိုတာ နတ်ဘုရားတွေ လုနေရတော့မှာပဲ။”

“ချင်းလေး ငါ့ကိုမနာလိုစရာမလိုပါဘူး။ မင်းကို မိန်းကလေးကျင့်ကြံသူတွေ ဝိုင်းလုနေကြပေမဲ့ ငါကတော့မတူဘူး။ ငါ့ကို နတ်ဘုရားတွေ ဝိုင်းလုနေကြပြီလေ။”

ခေါင်းဆောင်က ရယ်လိုက်သည်။

“ပြီးတော့ ငါ့ကိုယ်ထဲမှာ ချိပ်ပိတ်ပြီးရှိနေတာက အဲဒီထူးဆန်းတဲ့ သက်ရှိတစ်မျိုးတည်းမဟုတ်တာလည်း ဖြစ်နိုင်သေးတယ်။ ငါ့ကိုယ်ထဲမှာ နတ်ဘုရားတစ်ပါးတောင် ပိတ်မိနေသေးတယ်လို့ ခံစားနေမိသေးတယ်။ ဒီတော့ မင်းကို ငါကူညီပေးရမလား။ မင်း ဝေစု ငါ့ကို ပေးမယ်ဆိုရင် ခံစားရမဲ့ကိစ္စတွေကို ငါဖြေရှင်း ပေးနိုင်ပါသေးတယ်။”

“ကျေးဇူးပါပဲ။ မလိုသေးပါဘူး။ ခေါင်းဆောင်။”

ရွှီချင်းက ကျောက်စိမ်းပေလွှာကို ပြန်ပိတ်လိုက်သည်။ သူ့အစ်ကိုကြီးအကြောင်း နားလည်ထားမှု အရဆိုလျှင် သူက ထိုကိစ္စကို ဖြေရှင်းနိုင်စွမ်းရှိကြောင်း ပြောနေခြင်းသာဖြစ်သည်။ နတ်ဘုရားတစ်ပါးပိတ်မိခြင်း ဆိုသည်ကိုတော့ ရွှီချင်း မယုံသေးပေ။

သူက ထိုအတွေးကို စိတ်ထဲမြုပ်ထားလိုက်သည်။ စိတ်တို့ပြန်လည် ထိန်းညှိလိုက်ပြီးနောက်တွင် သူက ထိုက်စီရှိန်းမုန်ဂိုဏ်းရှိရာအရပ်မှ ခံစားခဲ့ရသော နှလုံးတုန်လှုပ်မှုအကြောင်းကို ပြန်လည် သုံးသပ်ကြည့်နေလိုက်သည်။

“ထိုက်စီရှိန်းမုန်ဂိုဏ်းက တာအိုသားတော်ဟာ ပေသုံးသောင်းမှာ ပြုတ်ကျလာပြီး ကိုယ်ခန္ဓာနဲ့ စိတ်ဝိညာဉ်တို့ ပျက်စီးလုနီးပါးထိဖြစ်သွားခဲ့တယ်ဆိုပဲ။”

“ဒါဆိုရင် တာအိုသားတော်ဖြစ်တဲ့ပြဿနာက ပေသုံးသောင်းကို ရောက်ပြီးမှဖြစ်တာပဲ။”

ထိုအတွေးတွင် ရွှီချင်း က ရုတ်တရက်အတွေးတစ်ခု မှန်းဆလိုက်မိသည်။

“ခေါင်းဆောင်နဲ့ငါတို့ ဝါးမျိုးစုပ်ယူခြင်းနဲ့ လုယက်ခြင်းတွေကြောင့် လနီပေါ်က အိပ်ပျော်နေတဲ့ နတ်ဘုရားက နိုးထလာတာလား။ အဲဒီနောက်မှာ နတ်ဘုရားက ကျန်းစစ်ယွင်ကို တွေ့သွားခဲ့ပြီး…”

ရွှီချင်းမျက်လုံးတို့ပြူးကျယ်သွားသည်။ သူ ထိုအကြောင်းကို စဉ်းစားလေ ထိုသို့ဖြစ်နိုင်ခြေများကြောင်း ခံစားမိလေ ဖြစ်လာသည်။ ထိုအချက်ဖြင့် ကျန်းစစ်ယွင်က သေခါနီးဖြစ်ခဲ့ရခြင်းကိုလည်း ရှင်းပြနိုင်လေသည်။

“ဒါပေမဲ့ ဒါကလည်း မမှန်သေးဘူး။ နတ်ဘုရား တကယ်နိုးထလာရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ ကျန်းစစ်ယွင်က ဘယ်လိုလုပ် အသက်ရှင်ရက် လွတ်နိုင်မှာလဲ။”

ရွှီချင်း နှုတ်ဆိတ်သွားပြီး အစောပိုင်းက နှလုံးတုန်လှုပ်မှုကို ပြန်စဉ်းစားကြည့်လိုက်သည်။

“ဘာလို့ ကယ်တင်ခံထားရတဲ့ ကျန်းစစ်ယွင်က ငါ့ကို အန္တရာယ်ခံစားမိစေပြီး နှလုံးတုန်လှုပ်အောင် လုပ်နိုင်တာလဲ။”

ရွှီချင်းက ခဏစဉ်းစားနေလိုက်ပြီးနောက် အသက်ရှူနှုန်းတို့ မြန်ဆန်လာသည်။ သူ့စိတ်ထဲတွင် ကြောက်မက်ဖွယ်မှန်းဆချက်တစ်ခု ပေါ်လာသည်။

“တာအိုသားတော် သေခါနီးဖြစ်တဲ့ကိစ္စက လနီနဲ့ သက်ဆိုင်နေတယ်ဆိုတော့ သူ မသေတဲ့အချက်ကလည်း လနီနဲ့ သက်ဆိုင်နေတာဖြစ်မယ်။…”

ရွှီချင်း၏ စိတ်တို့ လှုပ်ခါလာပြီး သတိစိတ်တို့လည်း ပြင်းထန်လာ၏။ သူ့ မှန်းဆချက်က မှန်လား မှားလား သတိသေးသော်လည်း သူက အနာဂတ်တွင် ပိုသတိထားရပေတော့မည်။ သူက အမှားလုပ်ရန် တတ်နိုင်မည်မဟုတ်ပေ။

ဤသို့ဖြင့် အချိန်တို့ ကုန်လွန်သွားပြန်သည်။ မကြာမီခုနစ်ရက် ကျော်လွန်ခဲ့ပြီး ဓားကိုင်သူအရည်အချင်းစစ်တိုက်ပွဲစတင်တော့မည့် အချိန်သို့ရောက်ရှိလာ၏။

ထိုခုနစ်ရက်အတွင်း ကိစ္စများစွာ ဖြစ်ခဲ့သေးသည်။

ဥပမာ လီယုံကျောက်တိုင်ကြီးအား စစ်ဆေးခြင်းက မပြီးပြတ်သေးချေ။ ထိုအချက်ကြောင့် လီယုံကျောက်တိုင်ကြီးက ကန့်သက်နေရာဖြစ်သွားသးည်။ ၎င်းက နှမြောစရာကောင်းသည်ဟု ရွှီချင်း ခံစားလိုက်မိသည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်နယ်ပယ်ထဲက တစေအင်ပါယာသည် ပိုမိုပြတ်သားလာသည်ပင်။ ၎င်းမျက်နှာက ရွှီချင်းနှင့် ကိုးဆယ်ရာနှုန်း တူညီလာသည်။

တစေအင်ပါယာတောင်ကုန်းလက်ထဲတွင် ပေါ်လာသည့် သံချောင်းချောင်းကလည်း မှုန်ဝါးရာမှ အကြည်ရောင်ဖြစ်လာကာ ယခင်ကထက် ပြတ်သားထင်ရှားလာလေသည်။

ယခင်အဆင့်သတ်မှတ်ပြိုင်ပွဲကလည်း အဆုံးသတ်သွားခဲ့ပြီ။

ရွှီချင်း၊ ချန်အားညိုနဲ့ ကျန်းစစ်ယွင်တို့အားလုံးက ပေသုံးသောင်းသို့ ရောက်ရှိကာ ပထမနေရာကို ပူးတွဲယူထားကြသည်။

၎င်းတို့တစ်ဦးချင်းစီက လူသားမျိုးနွယ်၏ အင်ပါယာအဆင့်ကျင့်ကြံခြင်းပညာရပ်ကို လေ့လာနိုင်ခွင့်တစ်ကြိမ်စီ ရရှိမည်ဖြစ်ကြသည်။

သို့ရာတွင် ၎င်းတို့က ဓားကိုင်သူအကဲဖြတ်ပွဲပြီးသွားချိန်တွင်မှ လုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် ဘိုးဘေးကလည်း ယခင်လီယုံကျောက်တိုင်ကြီးအား တက်နိုင်ခဲ့သည့်အတွက်ဆုလဒ်များကို ပို့ပေးခဲ့သေးသည်။ သို့ရာတွင် တစ်ဦးချင်းစီ မည်မျှဝေစုရမည်ကိုတော့ မသေချာနိုင်သေးပေ။ ထို့ကြောင့် ဘိုးဘေးက ရွှီချင်းအား ယခင်စွမ်းဆောင်နိုင်ခဲ့မှုတို့အရ ခုနစ်ဆယ်ရာနှုန်းခွဲဝေပေးခဲ့ပြီး ချန်အားညိုအား ကျန်သည့်သုံးဆယ်ရာနှုန်း ခွဲဝေပေးခဲ့သည်။

ခေါင်းဆောင်က လွန်စွာအံ့သြမိနေသည်။ ရွှီချင်းကတော့ ဆူညံအံ့သြခြင်းမပြုချေ။ အထူးသဖြင့် ထိုဆုများထဲတွင် အမွေအနှစ်ကျင့်ကြံခြင်းပညာရပ်တစ်ခု ပါရှိနေသေးသည်။

ထိုကျင့်ကြံခြင်းပညာရပ်က ရွှေရောင်သတ်ဖြတ်ခြင်းအတတ်ဟု ခေါ်ပေသည်။ ၎င်းအားအသုံးပြုပြီးနောက် ပတ်ဝန်းကျင်က သတ္တုချီတို့အား ထိန်းချုပ်နိုင်စွမ်းရှိလာပြီး ကိုယ်ပိုင်လက်နက်အဖြစ်ပြောင်းလဲနိုင်စွမ်းရှိလာပေမည်။ ၎င်း၏ သတ်ဖြတ်စွမ်းအားက မြင့်မားလှသည်။

ရွှီချင်းက ၎င်းပညာရပ်အား ကျင့်ကြံပြီးနောက် ခေါင်းဆောင်အား ပေးလိုက်သေးသည်။ ခေါင်းဆောင်ကလည်း ရွှီချင်းက တော်ဝင်သတ္တုချီများ စုဆောင်းနေသည်ကို သိသဖြင့် သူ ရရှိနိုင်ခဲ့သည့် သတ္တုချီတို့ကို ပို့လွှတ်ပေးပြီး အခြားချီများ ပြန်တောင်းခဲ့သည်။

ကျန်သည့်အရာတို့ကိုတော့ ရွှီချင်းက မူလတွင် ရောင်းချရန်ကြံထားသော်လည်း ခေါင်းဆောင်က သိမ်းထားရန်ပြောခဲ့သည်။ သူတို့ ဖုန်းဟိုင်ဒေသမြို့တော်သို့ သွားချိန်တွင် ၎င်းတို့က လွန်စွာအသုံးဝင်မည်ဖြစ်ပေသည်။

ထို့ကြောင့် ရွှီချင်းက သိမ်းထားလိုက်တော့သည်။

ထို့နောက် ဓားကိုင်ရုံးတော်က သူတို့ထံမှ လနတ်ရုပ် အရှိန်အဝါကို ပြန်လာတောင်းမည့်ဖြစ်နိုင်ဖွယ်ကိုလည်း နှစ်ဦးသား ဆွေးနွေးလိုက်ကြသည်။

ခေါင်းဆောင်က ထိုကိစ္စကို သူတို့ကိုယ်သူတို့ဖြေရှင်းရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက ၎င်းတို့ကို အရင်ဦးစွာ ပြန်ပေးရန် အကြံပေးသည်။ ခေါင်းဆောင်ပြောသည်က အဓိပ္ပာယ် ဆီလျော်ကြောင်း ရွှီချင်းလည်း သိနေသည်။

သို့ရာတွင် သူက ၎င်းအရှိန်အဝါကို ထုတ်နိုင်ခြင်းလည်း မရှိပေ။ သူ ထုတ်လိုက်သည်ကလည်း လနီအရှိန်အဝါမဟုတ်ဘဲ ခရမ်းရောင်လ အရှိန်အဝါသာ ဖြစ်သည်။

သို့ရာတွင် ခေါင်းဆောင်က ထိုအရှိန်အဝါတစ်စ ပို့ပေးလာသည်။

ရွှီချင်း အနည်းငယ်အံ့သြသွားသည်။ ခေါင်းဆောင်က ထိုသို့ရက်ရောခြင်းရှိသည်က ရှားလှသည်။

“ငါက ပိုကြီးတာတစ်ခု ရှာတွေ့ထားလို့ပဲ။ ဟဲဟဲ ငါကြံနေတာတစ်ခု ရှိသေးတယ်။ အဲဒီအချိန်ရောက်ရင် ငါ့ကိုကူညီပေး။ ဒီတစ်ကြိမ်တော့ ငါစိတ်ကြိုက် စားသောက်လိုက်တော့မယ်။”

ရွှီချင်း အတွေးနက်သွားသည်။ သူ့သံချောင်းက သတ္တုချီလုံလောက်စွာရှိလာပြီးနောက် ဝိညာဉ်လက်နက်ဖြစ်လာသည်။ ကျန်းကန်းဂိုဏ်းဘိုးဘေးကလည်း ထိုသံချောင်းထဲသို့ ပြန်လည်ပေါင်းစည်းသွားသည်။

သံချောင်း၏ စွမ်းအားက များစွာတိုးတက်လာခဲ့သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မိုးကြိုးနီ ကောင်းကင်ဒဏ်ခတ်ခြင်းနှင့်ပေါင်းလျှင် ၎င်းသည် နန်းတော်သုံးခုအောက်က လူများကို သတ်ဖြတ်နိုင်စွမ်းရှိလာသည်။

ရွှီချင်းက သံတုတ်နှင့် ခဏတာ ဆော့ကစားပြီးနောက် လွန်စွာကျေနပ်နေမိသည်။

အရိပ်လေးကတော့ ဝန်လေးနေသော်လည်း ၎င်းတွင် ရွေးချယ်စရာမရှိတော့ပေ။ ၎င်းက နတ်အာရုံလှိုင်းများစွာ ရွှီချင်းထံ ပို့လွှတ်ကာ နာခံမည့်အကြောင်း အာမခံနေတော့သည်။ တစ်ချိန်တည်းမှာပင် သူက သူ၏ခရမ်းရောင်လအပေါ် ကြောက်ရွံ့ခြင်းနှင့် လိုချင်ဆန္ဒတို့အား ဖော်ပြနေတော့သည်။

၎င်း၏ သနားစဖွယ်ဟန်ပန်ကိုမြင်သော် ရွှီချင်းက ၎င်းအား ခရမ်းရောင်လအနီးသို့ သွားခွင့်ပေးလိုက်သည်။

အရိပ်လေးက ဂရုတစိုက်ချဉ်းကပ်သွားပြီးနောက် ၎င်းက တစ်ဦးတည်းသော သင်းကွဲဝံပုလွေကဲ့သို့ပင် လကို ကိုးကွယ်နေတော့သည်။ ၎င်းက လကို အမှန်ပင် ဦးချကိုးကွယ်ကာ ကျင့်ကြံလိုက်လေသည်။

ထိုမြင်ကွင်းတွင် ရွှီချင်းက ထူးဆန်းလာပြီး ခရမ်းရောင်လအပေါ် နားလည်မှုတို့ တိုးလာမိလေသည်။

“ဒီခရမ်းရောင်လကို ပဥ္စမမြောက်နန်းတော်အတွက် အမြုတေအဖြစ်သုံးလို့ရနိုင်တာပဲ။”

ရွှီချင်း ရေရွတ်လိုက်သည်။

ယခုသူ့တွင် နတ်နန်းတော်သုံးခုရှိနေပြီး စတုတ္ထမြောက်နန်းတော်အတွက်လည်း စီစဉ်ပြီးဖြစ်သည်။ သူက ထိုအထဲတွင် မိုဆာဆောကို ထည့်သွင်းမည်ဖြစ်သည်။ ၎င်းက ကိုယ်ပိုင်နတ်နန်းတော်တစ်ခု ဖြစ်လာပေမည်။

သာမန်အခြေအနေများတွင် ဤကိုယ်ပိုင်နတ်နန်းတော်က ချီစုစည်းခြင်းအဆင့်၌ တားမြစ်ပင်လယ်ဝနဂါးကို သုံးသပ်နားလည်နိုင်ခဲ့သော သတ္တမတောင်က ကျင့်ကြံသူတို့၏ ပထမဆုံးနတ်နန်းတော်ဖြစ်ခဲ့ရမည်ဖြစ်သည်။

သို့ရာတွင် ရွှီချင်းကျင့်ကြံခြင်းလမ်းစဉ်က အခြားလူများထံက ကွဲထွက်နေသည်။ သက်စောင့်မီးအိမ်နှစ်လုံးက နတ်နန်းတော်များအဖြစ် ပြောင်းလဲသွားကြပြီး တားမြစ်အဆိပ်ဆေးလုံးကလည်း ပျယ်လွင့်ခြောက်ကပ်သွားမည့် ဘေးမှကာကွယ်ရန်အတွက် ကြိုတင်နန်းတော်ထဲ ထည့်ထားခဲ့ရလေသည်။ ထိုအချက်တို့ကြောင့် ကိုယ်ပိုင်နတ်နန်းတော်က နောက်သို့ရောက်ခဲ့ရခြင်းဖြစ်သည်။

ရွှီချင်းက လီကျစ်လျန့်၏ သလင်းကျောက်သဲ့သို့သော ရွှေအမြုတေလေးခုကို စုပ်ယူခဲ့ချိန်တွင် သူ့စတုတ္ထနတ်နန်းတော်တစ်စိတ်တပိုင်းက ဖြစ်တည်လာခဲ့လေသည်။ ရွှီချင်း တွက်ဆမှုအရ စတုတ္ထနတ်နန်းတော်သည် ဖြစ်တည်လာရန် အချိန်များစွာမလိုတော့ပေ။

ထိုခုနစ်ရက်တွင် ဓားကိုင်သူအချို့က ရွှီချင်းထံလာရှာပြီး ဓားကိုင်ရုံးတော်က နတ်လောက၏နတ်ရုပ်အရှိန်အဝါကို အလိုရှိကြောင်း ပြောလာသည်။ ထိုအရှိန်အဝါကိုပေးလျှင် စစ်ရေးအကျိုးပြုမှတ်တို့နှင့် ဖလှယ်နိုင်သေးသည်ဟုလည်း ပြောကြသေးသည်။

စစ်ရေးအကျိုးပြုမှတ်တို့က အရေအတွက်တစ်ခုသို့ ရောက်လာလျှင် ရာထူးအဆင့်တိုးမြင့်နိုင်လေသည်။

သူက နောင်တွင် ဓားကိုင်သူဖြစ်မလာလျှင်လည်း ထိုစစ်ရေးအကျိုးပြုမှတ်များကို ဓားကိုင်ရုံးတော်မှ ကျင့်ကြံခြင်းရင်းမြစ်တချို့နှင့် ဖလှယ်နိုင်သေးသည်။

ရွှီချင်းက ထိုအကြောင်းကို ခေါင်းဆောင်နှင့် ကြိုတင်တိုင်ပင်ထားခဲ့ပြီးဖြစ်သည်ပင်။ ထို့ကြောင့် သူက တွေဝေဟန်ဖြင့် အချိန်အတန်ကြာစဉ်းစားလိုက်ပြီးနောက် ထိုအရှိန်အဝါတစ်စကို ထုတ်ပေးလိုက်တော့သည်။

ဤသို့ဖြင့် ခုနစ်ရက်ကုန်လွန်သွားချိန်တွင် ဂိုဏ်းအဖွဲ့ပေါင်းစုံက ကျင့်ကြံသူများ စောင့်မျှော်နေကြသည့် ဓားကိုင်သူ အရည်အချင်းစစ်ပွဲ ကြေညာချက်ထွက်လာ၏။

ထိုအရည်အချင်းစစ်ပွဲထဲတွင် လူပေါင်းထောင်ချီပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း နောက်ဆုံးတွင် ဆယ်ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။

ထိုဆယ်ဦးက နောက်ဆုံးဓားကိုင်သူအကဲဖြတ်ပွဲတွင် ပါဝင်နိုင်ခွင့်ရကြမည်ဖြစ်သည်။

ထို့နောက်တွင်မှ ဓားကိုင်သူအစစ် ဖြစ်လာပေတော့မည်။

All Chapters