တစေဂူ
Vol. 31 Ch. 470
ဓားကိုင်သူရွေးပွဲသည် ဂိုဏ်းတပည့်ရွေးပွဲများနှင့် အနည်းငယ် ကွဲပြားသည်။ ဓားကိုင်သူရွေးပွဲမှာ ပိုမို တင်းကြပ်ကာ အဆင့်နှစ်ခု ခွဲထား၏။
ပထမအဆင့်သည် ဓားကိုင်သူ စမ်းသပ်ပွဲအတွင်းသို့ ပါဝင်နိုင်ခွင့်အတွက် အရည်အချင်းစစ် ဖြစ်သည်။
ထိုအဆင့်က တပည့်အများစုအား ပယ်ချရန်နှင့် နောက်ဆုံးစမ်းသပ်ပွဲတွင် လူအနည်းငယ်သာ ပြိုင်နိုင်ရန် အဓိက ရည်ရွယ်ထား၏။
ဂိုဏ်းအဖွဲ့ပေါင်းစုံမှ တပည့်ပေါင်း ၂၇၉၃ဦး ပါဝင်ရွေးချယ်ခံကြ၏။ သူတို့အားလုံးသည် ဤဆယ်နှစ်ထဲတွင် ယင်ဟွမ်ဒေသကြီး၏ အထူးချွန်ဆုံးတပည့်များ ဖြစ်ကြသည်။
သူတို့သည် ထိုလူများထဲမှ ထိပ်ဆုံးဆယ်ဦးကို ရွေးချယ်ကြပေမည်။
ထိုဆယ်ဦးကသာ ဓားကိုင်သူရွေးချယ်ပွဲ ဒုတိယအဆင့်ကို ပါဝင်ခွင့်ရပေမည်။
အဘယ်ကြောင့်ဆိုသော် ပါဝင်ခွင့်ရပြီးနောက် ဒုတိယတစ်ဆင့်က အနည်းငယ် ထူးခြားသည်။
အကြောင်းကား ဓားကိုင်သူအားလုံးက ထိုပွဲကို လာရောက်စောင့်ကြည့်ခြင်းကြောင့် ဖြစ်သည်။
ဤသို့ဖြင့် ရှေးအချိန်ကပင် စီနီယာကြီးများအား အနှောင့်အယှက်ဖြစ်ခြင်းအား လျှော့ချရန် အရေအတွက်အနည်းငယ်ကိုသာ ဒုတိယအဆင့်၌ ရွေးချယ်စေခြင်းလည်း ဖြစ်သည်။
ဓားကိုင်သူအကဲဖြတ်ပွဲသည် ဆယ်နှစ်တစ်ကြိမ် ကျင်းပ၏။ အကြိမ်တိုင်းတွင် ထိုအတော်ဆုံးများထဲမှ ထိပ်ဆုံးငါးဦးကို ပြန်လည်ရွေးချယ်ပြီး သုံးဦးသည် တရားဝင်ဓားကိုင်သူများ ဖြစ်လာကာ ကျန်နှစ်ဦးကတော့ ဓားကိုင်သူတစ်ဝက် ဖြစ်လာကြသည်။
တရားဝင်ဟု ဆိုသည်က သူတို့သည် ဓားကိုင်သူအဖြစ် ချက်ချင်း ချီးမြှင့်ပေးအပ်ခြင်းခံရမည် ဖြစ်ကာ ဓားအမိန့်ကို အသုံးပြုနိုင်ကြပြီး အင်ပါယာ၏ ဆုလဒ်ချီးမြှင့်ပေးခြင်းကိုလည်း ခံရမည်ဖြစ်သည်။
တရားဝင်ဟူသည် ကောင်းကင်နှင့် မြေကြီးတို့က သက်သေထူသော နည်းမှန်လမ်းမှန်ဖြင့် ဓားကိုင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းလည်း ဖြစ်သည်။
ဓားကိုင်သူတစ်ဝက်မှာကား အမိန့်ဓား ကိုင်ဆောင်ခွင့်မရှိဘဲ အင်ပါယာ၏ ဆုလဒ် ချီးမြင့်ခြင်းကိုသာ ရရှိမည်ဖြစ်သည်။ သူတို့သည် ဖုန်းဟိုင်ဒေသရှိ ဓားကိုင်နန်းတော်သို့ သွားရောက်ကာ အကဲဖြတ်မှုသစ်တစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပေသည်။
၎င်းသည် ဒုတိယအဆင့်နေရာ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတို့ သက်သေ ထူပေးမည်လည်း မဟုတ်ပေ။ ပါဝင်ယှဉ်ပြိုင်သူတို့၏ စွမ်းဆောင်ရည်တို့အပေါ်တွင် ဓားကိုင်အကြီးအကဲတို့ ကိုယ်တိုင် ရွေးချယ်မည် ဖြစ်ပေသည်။
ထိုနှစ်ဆင့်မတိုင်ခင်တွင် တိုက်ခိုက်ရေးဝိညာဉ်အမှတ်သားများ ဆင်ခြင်ခြင်းနှင့် လီယုံကျောက်တိုင်ကြီးပေါ် တက်နိုင်ခဲ့သော အမြင့်တို့ကလည်း အရေးကြီးကြပေသည်။ ၎င်းတို့က ဒုတိယအဆင့်စစ်ဆေးခြင်းအတွက် အပိုဆုမှတ်များ ဖြစ်လာပေမည်။
ထိုအချိန်တွင် ကောင်းကင်၌ တိမ်များကျဲကာ ရှင်းလင်းနေပြီး ညနေခင်းနေရောင်သည် မြေပြင်ပေါ်ရှိ နှင်းခဲပြင်တို့အား ဖြန်းပက်ထား၏။
ကောင်းကင်မှ ကျဆင်းလာသော အလင်းတို့ဖြစ်စေ၊ မြေပြင်ရှိရေခဲပြင်များနှင့် နှင်းခဲပြင်များပေါ်သို့ ရောင်ပြန်ဟပ်လာသည့် အလင်းတို့ဖြစ်စေ အေးမြသော ခံစားချက်အားပေးကာ ကမ္ဘာမြေအား အရောင်အသွေးစုံအောင် အရောင်ခြယ်ပေးကြသည်။
မြောက်ဘက်မှ လေတစ်ချက်တိုက်ခတ်သွားပြီး နှင်းပွင့်များကို သယ်ဆောင်ကာ လူအုပ်ထဲသို့ ရိုက်ခတ်ရင်း သူတို့၏ ဝတ်စုံတို့အား လူးလွင့်စေသည်။
ဓားကိုင်ရုံးတော်က ဓားရိုက်သံတစ်ချက် မြည်ဟိန်းလာပြီးနောက် ယင်ဟွမ်းပြည်နယ်က လေလွင့်ကျင့်ကြံသူများနှင့် ဂိုဏ်းအဖွဲ့ပေါင်းစုံမှ တပည့် ၂၇၉၃ဦးတို့သည် လီယုံကျောက်တိုင်ကြီးဘေးတွင် စုရုံးရောက်ရှိလာကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့လည်း ထိုအထဲတွင် ပါဝင်ကြသည်။ သူတို့နှစ်ဦးသည် အတူတကွရပ်လျှက် ကောင်းကင်သို့ မော့ကြည့်နေကြ၏။
ရွှီချင်းမှာ တည်ငြိမ်နေပြီး ခေါင်းဆောင်၏ မျက်လုံးတို့ကတော့ တက်ကြွလှုပ်ရှားနေ၏။
ခေါင်းဆောင်သည် လိုအပ်များပြည့်မီနိုင်ခြင်းကို ရွှီချင်း မအံ့သြပေ။ သူသည် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ချိန်မှစ၍ သည်ပွဲအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သူအာရုံစိုက်နေမိသည်ကတော့ အဝေးက လူအုပ်ထဲရှိ ထိုက်စီရှိန်းမုန်ဂိုဏ်းမှ တာအိုသားတော်ပင် ဖြစ်သည်။
“သူကို ပစ်မှတ်လုပ်ထားလိုက်ပြီလား။”
ခေါင်းဆောင်က တီးတိုးလေသံဖြင့် မေးသည်။
ရွှီချင်းက ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး အသာခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင် တချက် ရယ်မောလိုက်၏။
“မင်းလည်း အာရုံခံမိခဲ့တာပဲ။”
ရွှီချင်း အကြည့်တို့ တောင့်တင်းသွားသည်။ သူက မေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်မှ ဓားရိုက်သံနှင့် သတ္တုရိုက်သံများ မြည်ဟိန်းလာပြန်သည်။ လီယုံကျောက်တိုင်ကြီးအဆုံးမှ ကြီးမားသော လူရိပ်သုံးခု ဆင်းသက်လာကြသည်။
ထိုလူရိပ်သုံးခုတွင် နှစ်ခုသည် အဘိုးကြီးနှစ်ဦးဖြစ်နေပြီး ကျန်တစ်ခုကတော့ သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။
သူတို့သုံးဦးသည် အမှုထမ်းဝတ်စုံများ ဝတ်ထားကြသည်။ သူတို့၏ အရှိန်အဝါတို့က ခန်းနားထည်ဝါလွန်းသဖြင့် ကမ္ဘာတစ်ခုလုံး တုန်ဟီးနေသကဲ့သို့ ထင်မှတ်ရကာ ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်သွားသည်။ အဘိုးကြီးနှစ်ဦးသည် အမှန်ပင် စွမ်းအားမြင့်မားလှသည်။ သူတို့၏ မျက်လုံးများထဲတွင် တာအိုအမှတ်အသားများ ထောင်ချီကာ စီးဆင်းနေပြီး ကောင်းကင်အား လှုပ်ခါလျက်ရှိသည်။
အလယ်မှ ကျင့်ကြံသူကတော့ ပို၍ပင် ကြောက်ခမန်းလိလိပုံစံ ဖြစ်သည်။ ၎င်းနောက်တွင် ပုံရိပ်သွင်ပေါင်းများစွာ ပေါ်ထွက်လာပြီး ပုံရိပ်များက ကောင်းကင်အား ချိတ်ဆက်လျက်ရှိနေသည်။ ကောင်းကင်တဝက်သည် သူ့ခန္ဓာကိုယ်မှ ပြန့်ကားထွက်သွားသည့် အလားပင်။
အောက်တွင် ရှိနေသူအားလုံးနှင့် လီယုံမြို့ထဲက ကျင့်ကြံသူများအားလုံး၏ စိတ်တို့က ထိုဖိအားတွင် တသိမ့်သိမ့်တုန်နေကြတော့သည်။
ထို့နောက် လူပေါင်း ၂၇၉၃ဦး၏ စိတ်ထဲတွင် ထည်ဝါသော အသံကြီးသည် မိုးချိန်းသံအလား မြည်ဟိန်းလာသည်။
“အရင်က ဒီပြိုင်ပွဲထဲပါဝင်ရာမှာ အသက်ဘေးအန္တရာယ်ဖြစ်တဲ့အခြေအနေတွေ အရမ်းနည်းတယ်။”
“ဒါပေမဲ့ ဒီတစ်ကြိမ် ယင်ဟွမ်ဒေသကြီးက ကျင့်ကြံသူတွေအတွက် အရည်အချင်းစစ်ပွဲဟာ အရင်ကနဲ့မတူတော့ဘူး။ ဓားကိုင်ရုံးတော်ရဲ့ ဆုံးဖြတ်ချက်အရ အရည်အချင်းစစ်ပွဲ ကျင်းပမဲ့နေရာကို တစေဂူသို့ ပြောင်းလိုက်ပြီ။”
တည်ကြည်သော အသံကြီး ဟိန်းထွက်လာသည်။ ထိုစကားတွင် လူအများစုက ထိတ်လန့်ကာ တွေဝေသွားကြသည်။ သူတို့က တစေဂူအကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးသေးပေ။ တပည့်အနည်းငယ်နှင့် ဂိုဏ်းပေါင်းစုံက တာအိုအစောင့်အရှောက်တို့သာ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားကြသည်။
ရွှီချင်းကလည်း မှင်တက်မိသွားပြီး ခေါင်းဆောင်အား အလိုလိုကြည့်လိုက်မိသည်။
ခေါင်းဆောင်၏ မျက်လုံးအိမ်တို့ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ရွှီချင်း၏ အကြည့်ကို ခံစားလိုက်မိရာ သူက မြေကြီးထဲသို့ ညွှန်ပြလိုက်သည်။
ရွှီချင်း အတွေးနက်သွားတော့သည်။
ထို့နောက်တွင်တော့ ထိုတည်ကြည်သည့်အသံကြီးက ဆက်မပြောသေးဘဲ ခဏမျှ စောင့်နေလိုက်သေးသည်။
“မင်းတို့ထဲက တချို့ကတော့ ကြားဖူးလောက်မှာပါ။ ဒါပေမဲ့ အများစုကတော့ ဘာလဲဆိုတာ မသိလောက်သေးဘူး။”
အောက်မှ လူအားလုံးက အာရုံစိုက်ကာ နားထောင်လိုက်ကြသည်။ ဤကား သူတို့၏ အောင်မြင်နိုင်ခြင်းနှင့် ကျရှုံးခြင်းတို့ဖြင့် ပတ်သက်နေသည်။
ရွှီချင်း၏ မျက်နှာထားတို့လည်း လေးနက်သွားသည်။
“မင်းတို့အားလုံးက လီယုံကျောက်တိုင်ကြီးရဲ့ မူလဇစ်မြစ်ကိုတော့ သိလောက်မှာပဲ။ တစေဂူက… လီယုံကျောက်တိုင်ကြီးရဲ့အောက်မှာရှိနေတာပဲ။”
အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရွှီချင်း၏ မျက်လုံးများ မှုန်ကုတ်သွားသည်။
“လီယုံကျောက်တိုင်ကြီးအောက်မှာ အမျိုးအမည်မသိတဲ့ နေရာတစ်ခုဆီကို ဦးတည်တဲ့ တွင်းနက်ကြီးရှိတယ်။ အဲဒီမြေအောက်တွင်းကြီးဟာ အရမ်းများတဲ့…သေချာနားထောင်ပါ။ ထူးဆန်းတဲ့ မကောင်းဆိုးဝါး မဟုတ်တဲ့ ဆိုးသွမ်းမိစ္ဆာတစေတွေနဲ့ ပြည့်နေတယ်။”
ကောင်းကင်ရှိ သက်လတ်ပိုင်းလူကြီးက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။
“ထူးဆန်းမကောင်းဆိုးဝါးတွေဟာ ပုံရိပ်လောက်ပဲဖြစ်ပြီးတော့ ဆိုးသွမ်းမိစ္ဆာတစေကတော့ အကောင်အထည်ရှိနေတယ်။ ပထမတစ်ခုက ယုတ်ညံ့ကောက်ကျစ်ပြီး ဒုတိယတစ်ခုကတော့ ကြမ်းကြုတ်ရက်စက်တယ်။”
“ဝမ်ကုဒေသကြီးမှာ တစေဂူတွေအများကြီးရှိတယ်။ ဂူတွေအားလုံးဟာ ဆန်းကြယ်မှုတွေ ဘေးအန္တရာယ်တွေနဲ့ ပြည့်နေကြတယ်။ ဒါပေမဲ့ ဂူအတွင်းနက်ပိုင်းအထိ မသွားသရွေ့ ဘေးအန္တရာယ်ဟာ ထိန်းချုပ်လို့ရနိုင်တဲ့အဆင့်ပဲ”
“လီယုံကျောက်တိုင်ကြီးက ဒီတစေဂူကို ဖိနှိပ်ထားတာပဲ။ ပြီးတော့ နှစ်တွေ အများကြီး ဖိနှိပ်ထားခဲ့တာ။”
ရွှီချင်းက အဝေးတစ်နေရာရှိ မြေထဲသို့ စိုက်ဝင်နေသည့် လီယုံကျောက်တိုင်ကြီးအပိုင်းနေရာကို လှမ်းကြည့်လိုက်သည်။ တစေအင်ပါယာက သူ့လက်နက်အား ပစ်လွှတ်လိုက်ရခြင်းတွင် ရည်ရွယ်ချက်တစ်ခု ရှိနေသည်ဟု နောက်ပိုင်းမျိုးဆက်တို့က သုံးသပ်ခဲ့ကြောင်း ခေါင်းဆောင်က ပြောခဲ့သည်ကို သူ မှတ်မိခဲ့သေးသည်။
ထိုရည်ရွယ်ချက်က ထိုတစေဂူကို ဖိနှိပ်ထိန်းချုပ်ရန် ဖြစ်နေနိုင်လောက်သည်။
“တစေအင်ပါယာက ဘာလို့ဒီလိုလုပ်ခဲ့တာလဲ။ ပြီးတော့ တစေအင်ပါယာက လီယုံကျောက်တိုင်ကို သုံးပြီး ထိန်းချုပ်ဖိနှိပ်ရတဲ့အထိဖြစ်အောင် တစေဂူထဲမှာ ဘာများရှိနေတာဘာလိမ့်။”
ရွှီချင်းက အကြောင်းရင်းကို မသိသော်လည်း ဓားကိုင်ရုံးတော်တွင် အဖြေရှိနေလိမ့်မည်ဟု ခံစားမိနေသည်။
ထိုအချိန်တွင် အမှုထမ်းဝတ်စုံနှင့် လူကြီးက ဆက်ပြောသည်။
“ဒီလိုလုပ်ရတာက တစေဂူထဲကို ဝင်သွားတဲ့ လီယုံကျောက်တိုင်ကြီးရဲ့အပိုင်းဟာ တစေဂူရဲ့ အရှိန်အဝါတွေဆက်တိုက် တိုက်စားတာကို ခံနေရတယ်။ ဒီတော့ ကျောက်တိုင်ကြီးပေါ်မှာ အက်ကြောင်းတွေဖြစ်လာတယ်။”
“လတ်တလောနှစ်တွေမှာ အပိုင်းအဆတွေ ပိုကွဲကြေထွက်လာပြီး လီယုံကျောက်တိုင်ကြီးရဲ့ အပိုင်းအစအများကြီးကို တစေဂူထဲ ပျံ့ထွက်သွားစေတယ်။ တချို့ဟာ အဆုံးမဲ့ကျင်းနက်ကြီးထဲကျကုန်ပြီး တချို့ကတော့ တစေဂူရဲ့ နံရံနဲ့ ထောင့်နေရာကို ပြန့်ကျဲထွက်ကုန်ကြတယ်။”
“အရင်က ဓားကိုင်သူတွေဆင်းပြီး အဲဒီအပိုင်းအစတွေကို အချိန်မှန်စုဆောင်းသိမ်းယူပြီး လီယုံကျောင်တိုင်ကြီးထဲကို ပြန်ပြီး သန့်စင်ပြုပြင်ခဲ့ကြတယ်။ ဒီနေ့တော့ မင်းတို့တွေ သွားကြရမယ်။”
“အချိန်အကန့်အသတ်က သုံးရက်ပဲ။ ကျောက်တိုင်စ အများဆုံးရရှိနိုင်ခဲ့တဲ့ ထိပ်ဆုံးဆယ်ဦးက စမ်းသပ်ပွဲဒုတိယအဆင့်ကို ပါဝင်ခွင့်ရမှာဖြစ်တယ်။”
ပြိုင်ပွဲဝင်အများစု၏ မျက်နှာသို့ တည်ကြည်လေးနက်သွားကြသည်။ ၎င်းက အရည်အချင်းစစ်ပွဲ၏ စည်းမျဉ်းဖြစ်နေကြောင်း အားလုံး နားလည်မိကြသည်။
“ပြီးတော့ သတိပေးရဦးမယ်။ တစေဂူထဲမှာ အသက်ဘေးအန္တရာယ်ရှိတယ်။ ဒီတော့ အခု မင်းတို့လက်မြှောက်ပြီး ထွက်သွားနိုင်တဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဒီစမ်းသပ်မှုမှာ ပါဝင်လိုက်တာနဲ့ အားလုံးကို တည်နေရာပြောင်းအဆောင်တွေ ထည့်ပေးလိုက်မှာဖြစ်ပြီး အန္တရာယ်ကြုံတာနဲ့ တည်နေရာပြောင်း ထွက်ပြေးနိုင်ပေမဲ့ လုံးဝ အာမခံနိုင်တာမျိုးတော့ မဟုတ်ဘူး။ မထင်မှတ်ထားတာတွေလည်း ဖြစ်လာနိုင်သေးတယ်။”
သူက ထိုသို့ ပြောလိုက်လျှင် ကျောက်စိမ်းအဆောင်များသည် ကောင်းကင်မှပျံလာပြီး ပြိုင်ပွဲဝင်အားလုံးရှေ့သို့ ဆင်းသက်လာကြသည်။ အားလုံးကလည်း အလျှိုလျှိုဖမ်းလိုက်ကြလေသည်။
ဓားကိုင်သူအကဲဖြတ်ပွဲထဲ ပါဝင်နိုင်သူတို့က စိတ်ဓာတ်ပျော့ညံ့သူများ မဟုတ်ကြပေ။ ထိုအချိန်တွင် ထွတ်ခွာသွားသူလည်း မရှိကြပေ။ တည်နေရာပြောင်းအဆောင် ရရှိပြီးနောက်တွင် မေးခွန်းထုတ်လာသူအချို့ပင် ရှိလာကြသေးသည်။
“ဆရာကြီး အရည်အတွက်တွေက တူနေရင်တော့ ဘယ်လိုရွေးမှာပါလဲ။”
“လီယုံကျောက်တိုင် အဆင့်တွေအတိုင်း ဆက်ဆုံးဖြတ်သွားမယ်။”
ထိုလူကြီးက တည်ငြိမ်စွာပြောလိုက်တော့သည်။
“နောက်ဆုံးအနေနဲ့ သတိထပ်ပေးရဦးမယ်။ ဒီတစေဂူက ဥပဒေမဲ့နေရာမဟုတ်ဘူး။ ဓားကိုင်ရုံးတော်နယ်မြေအတွင်းမှာပဲ ရှိပါသေးတယ်။ မင်းတို့ တိုက်ခိုက်လို့တော့ ရပေမဲ့ သတ်ဖြတ်မှုကိုတော့ တင်းကြပ်စွာတားမြစ်ထားတယ်။”
“အခု ဓားကိုင်သူ အရည်အချင်းစစ်ပွဲစတင်ပြီ။”
သူအသံက ပဲ့တင်ထပ်သွားပြီး လိယုံကျောက်တိုင်ကြီးထံမှ စူးရှသောအလင်းတို့ ထုတ်လွှတ်လာသည်။ ၎င်းက ဆက်လက်ဖြာထွက်နေပြီး ကျောက်တိုင်ကြီးက ပြင်းထန်စွာတုန်ခါလာသည်။
ထို့နောက်တွင် ၎င်းက တစ်ဆကျုံ့ဝင်သွားပြီးလေထဲသို့ ပျံကာ အောက်သို့ မြုပ်နေသည့် လီယုံကျောက်တိုင်တစ်ပိုင်း ပေါ်ထွက်လာ၏။
အားလုံး၏ အကြည့်က ထိုနေရာသို့ ကျရောက်သွားကြသည်။ လီယုံကျောက်တိုင်ကြီး၏ ပေါ်ထွက်လာသော အောက်ခြေပိုင်းနေရာက မည်းနက်နေသည်ကို အားလုံးထင်ရှားစွာ မြင်လိုက်ကြသည်။ ၎င်းတွင် အကွက်များထနေပြီး ပြင်းထန်စွာ တိုက်စားခံထားရသည်။
အမှန်ဆိုရလျှင် ကျောက်တိုင်ကြီးအောက်ခြေက အပေါက်များဖြင့် ပြည့်နေပြီပင်။
လီယုံကျောက်တိုင်ကြီး လေထဲမြောက်လာချိန်တွင် မြေပြင်တွင် တွင်းပေါက်ကျယ်ကြီးတစ်ခု ပေါ်လာသည်။ လူမဟုတ်သည့်ဟိန်းသံများနှင့် အနက်ရောင် ဆိုးရွှားမြူခိုးများ လှိုင်းထန်ကာ ထွက်လာလာကြသည်။
ထိုဟိန်းအော်သံများထဲတွင် အဆုံးမဲ့နာကျင်မှုတို့နှင့် ရူးသွပ်မှုတို့ ပါဝင်နေသည်။ ထိုကျင်းကြီးက မြေအောက်ငရဲလောကနှင့် ချိတ်ဆက်ထားသည့်အလားပင်။
ထိုမြင်ကွင်းတွင် ထိုနေရာရှိလူ အားလုံး၏ မျက်နှာထားတို့ ပြောင်းလဲကုန်ကြသည်။ အချို့သော စိတ်ဆုံးဖြတ်ထားသူတို့က ယခုတွင်တော့ ကြောက်ရွံ့စိတ်တို့ ဖြစ်လာကြသည်။
“မဆင်းကြဘူးလား။”
ထိုလူကြီးအသံက ပေါက်ကွဲထွက်လာသည်။ ကျင်းနက်ကြီးပတ်လည်ရှိ ဂိုဏ်းအဖွဲ့စုံမှ တပည့်များနှင့် လေလွင့်ကျင့်ကြံသူတို့က အံကြိတ်ကာ ကျင်းထဲသို့ ပြေးသွားလိုက်ကြသည်။
ချင်းချိုးလည်း ထိုသူများထဲပါဝင်နေသည်။ သူမက ပထမဆုံးဝင်ရောက်သည့်အဖွဲ့ထဲတွင် ပါဝင်နေသည်။ ထိုက်စီရှန်းမုန်ဂိုဏ်း၏ တာအိုသားတော်၊ ဂိုဏ်းငယ်က လူငယ်နှင့် အခြားသေါအဖွဲ့တို့မှ ကောင်းကင်လက်ရွေးစင်များ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြလေသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့လည်း လှုပ်ရှားလိုက်ကြသည်။
မကြာမီ ကျင့်ကြံသူကိုးဆယ်ရာနှုန်းခန့် ဝင်ရောက်သွားကြပြီဖြစ်သည်။ ကျန်ရှိသည့် ကျင့်ကြံသူတို့က တွန့်ဆုတ်နေကြချိန်တွင်ပင် ထိတ်လန့်ဖွယ်အသံကြီးတစ်ခု မြည်ဟိန်းလာသည်။ လေထဲသို့ မြောက်တက်နေသည့် လီယုံကျောက်တိုင်ကြီးက ပြန်ကျလာပြီး ပေတစ်သောင်းပတ်လည်ပြန်ဖြစ်သွားကာ ကျင်းကြီးထဲသို့ ပြန် ထိုးဖောက်သွားသည်။
၎င်းက ကျင်းကြီးအား ပြန်ပိတ်ဆို့သွားလေပြီ။
ထိုခဏတွင် အနက်ရောင်မြူနှစ်များ ပျက်ပြယ်သွားပြီး အော်ဟစ်သံများလည်း ပျောက်ကွယ်သွားကြတော့သည်။ အားလုံးက ပုံမှန်ပြန်ဖြစ်လာသည်။
ကျင်းကြီးထဲတွင်တော့ အမှောင်ထုသာ ကြီးစိုးသွားသည်။
ရွှီချင်းက အထဲသို့ ခြေလှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်အစွန်နေရာများသို့ ကပ်သွားလိုက်သည်။ မြေကြီးနဲ့ ထိလိုက်မိပြီးနောက်တွင် သူက ပတ်ဝန်းကျင်သို့ အေးစက်စွာကြည့်လိုက်တော့သည်။
ထိုနေရာက ထူးဆန်းနေသည်။ သူက မျက်လုံးများထဲတွင် စွမ်းအားများ စုစည်းနိုင်သော်လည်း အားလုံးကို ရှင်းလင်းစွာမြင်နိုင်ခြင်းမရှိသေးပေ။
ယခင် ပြင်ပမှကြားခဲ့ရသော ဟိန်းအော်သံများကလည်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ သူ့အသက်ရှူသံမှလွဲလျှင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်နေ၏။
သူရှေ့က အမှောင်ထုနှင့် ပိတ်လှောင်နေသည့် နေရာတို့က မွန်းကြပ်မှုတို့ ခံစားရစေပြီး ထူးဆန်းသော ကြောက်လန့်မှုတို့ ဖြစ်လာစေသည်။
အောက်မှ တိုက်ခတ်လာသည့် တစ်ခုတည်းသော လေစီးကြောင်းကလည်း နံစော်နေသည်။ သူ့ဘေးမှ ဆံပင်များစွာ ဖြတ်တိုက်သွားသည့်အလားပင်။ ၎င်းတို့က သူ့အရေပြားအား ထိတွေ့မိချိန်တွင် သူဆံပင်တို့ပင် အလိုလိုထောင်ထလာကြသည်။
အချိန်ခဏမျှကြာသော် သူ့မျက်လုံးတို့က အမှောင်ထုကို ကျင့်သားရလာခြင်း၊ သူ့ကျင့်ကြံမှုက ထိုနေရာနဲ့ ကိုက်ညီစွာရိုက်ခတ်မိနေခြင်းတို့ကြောင့် ဖြစ်ပေမည်၊ ရွှီချင်း၏ အမြင်အာရုံတို့က တဖြည်းဖြည်း ပြတ်သားလာလေသည်။
ထိုနေရာက ကျင်းနက်ကြီးတစ်ခုပင်ဖြစ်သည်။ သူက ပတ်ဝန်းကျင်အား ရှင်းလင်းစွာ မြင်နိုင်လာသော်လည်း အောက်တွင်တော့ အဆုံးမဲ့ခြောက်ကမ်းပါးကြီးကဲ့သို့ပင် နက်မှောင်နေသည်။
ပတ်လည်နံရံများတွင် အနက်ရောင်အပင်အချို့ ပေါက်ရောက်နေကြသည်။ ၎င်းတို့၏သစ်ရွက်များတွင် မသဲမကွဲ တစေမျက်နှာတစ်ခု ရှိနေပြီး နံရံကိုမှီကာ စောင့်ကြည့်နေကြသူတို့အား ပြုံးပြလျက်ရှိနေသည်။
လူပေါင်းနှစ်ထောင့်လေးရာ နှစ်ထောင့်ငါးရာခန့် ရောက်ရှိလာနိုင်ခဲ့ကြပြီး ထိုအထဲက တစ်ဝက်ခန့်ကသာ ပတ်လည်နံရံများတွင် သတိဖြင့် နေနေကြသည်။
ကျန်တဝက်ကတော့ ဤနေရာသို့ ရောက်လာသည်နှင့် အတွင်းနက်ပိုင်းသို့ တန်းပြေးဝင်သွားကြဟန်ရှိသည်။
ရွှီချင်းက မျက်လုံးများမှေးကြုတ်ကာ ဘေးသို့ လှည့်လိုက်သည်။ ခေါင်းဆောင်က သူ့ထံမှ ပေသုံးဆယ့်အကွာတွင်ရှိနေပြီး သူဘက်သို့ ပြန်လှည့်ကြည့်နေသည်။ ထို့နောက်တွင် သူက အောက်သို့ ညွှန်ပြလိုက်သည်။
ရွှီချင်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးက နံရံတို့မှ ခွာကာ ခုန်ဆင်းရန်ပြင်လိုက်စဉ်တွင်ပင်…
တမလွန်ကဖြစ်ဟန် အေးစက်လှသော အသံတစ်ခုက ဆွဲဆွဲငင်ငင်သီဆိုလိုက်သည့် အသံတစ်ခု အားလုံးနားထဲသို့ ပဲ့တင်ကာ ဝင်ရောက်လာသည်။
ထိုအသံက သိမ်မွေ့မှုနဲ့ စူးရှမှုတို့ ပေါင်းစည်းထားပြီး ဖော်ပြ၍မရနိုင်သည့် သံစဉ်တစ်ခုဖြစ်လာသည်။
“အတတ်ဘဝကတော့ ဒီမှာမဟုတ်ပေမဲ့ တမလွန်သဝကတော့ ဒီမှာပါ။ ငါကတော့ အချစ်ဒုက္ခကို ဖြတ်တောက်ပြီး လူလောကကို ရေးဆွဲခဲ့တယ်…”
ထိုအသံ၏ လိင်ကို ခွဲခြားမရနိုင်ပေ။ ၎င်းအသံက တပည့်များစွာ၏စိတ်ထဲသို့ မသိလိုက်ဘဲ စိမ့်ဝင်သွားကာ ၎င်းတို့ဦးရေပြားများ ကျိန်းလာရသည့်အထိပင်။ ၎င်းတို့နောက်ကျောများတွင်လည်း အေးစိမ့်မှုလှိုင်းများကို ခံစားလာရသည်။
ဆောင်းတွင်းမိုး၏ အေးစိမ့်မှုက သူတို့ကိုယ်ထဲစိမ့်ဝင်လာသည့်အလားပင်။