ဆိုးသွမ်းမိစ္ဆာတစေ
Vol. 31 Ch. 471
ဆောင်းတွင်းမိုးက အေးစိမ့်မှုများ ရောပါနေသည်။ ၎င်းက လူတစ်ဦးပေါ်ကျရောက်သည်နှင့် တိတ်တဆိတ်စိမ့်ဝင်လာမည်ဖြစ်သည်။ ၎င်းအား အလွယ်တကူဖယ်ထုတ်၍ ရမည် မဟုတ်ဘဲ နောက်ဆုံးတွင် အရိုးကွဲမတတ် အေးလာပေတော့မည်။
သီချင်းသံသည်လည်း အလားတူပင် ဖြစ်သည်။
ရွှီချင်း ထိန်းမရနိုင်အောင် တုန်ယင်လာ၏။ သူက ခေါင်းဆောင်လဲ့နှင့် ရတနာမုဆိုးစခန်းတွင် အတူရှိနေခဲ့စဉ်က ကန့်သတ်နယ်မြေတောအုပ်ထဲတွင် သွေးမြူထဲ လျှောက်လှမ်းကာ နေခဲ့သည့် အမျိုးသမီးဖိနပ်တစ်စုံကို ပြန်အမှတ်ရလိုက်မိသည်။
ထိုအချိန်က သူသည် ချီစုဆောင်းသူအဆင့် တကိုယ်တော်ကျင့်ကြံသူသာ ဖြစ်နေခဲ့သေးကာ ထိုသို့တူညီသော အအေးဓာတ်က သူ့ဝိညာဉ်ကို အေးခဲသွားပြီး ခန္ဓာကိုယ်ကို ချုပ်နှောင်အေးခဲသွားစေသည်။
ယခု သူ့ကျင့်ကြံဆင့်က ထူးချွန်မြင့်မားလာခဲ့သော်လည်း ထိုသို့တူညီသည့် ခံစားချက်မျိုး ဖြစ်လာနေသေးသည်။
ထို တမလွန်ကကဲ့သို့ ရီဝေကာ သိမ်မွေ့ဆွဲငင်သော သီချင်းသံသည် သဏ္ဌာန်ဖြစ်တည်လာပြီး ဝိညာဉ်အား လှုပ်ခတ်ကာ ကြက်သီးထဖွယ် အသုဘတေးသံတစ်ခုအဖြစ် ပြောင်းလဲလာပြီး ပတ်ဝန်းကျင်ရှိ ထောင်ဂဏန်းထဲက သုံးလေးဆယ်ခန့်သော ကျင့်ကြံသူတို့အား နေရာမှ ယိမ်းယိုင်ကာ ပြုတ်ကျသွားသည်အထိ ပြုစားလိုက်သည်။ ၎င်းတို့က ဝါးမျိုခံရသည့်အလား နက်ရှိုင်းမှောင်မည်းသော ကျင်းကြီးထဲသို့ ကျဆင်းသွားကြတော့သည်။
ကျန်ရစ်သောသူတို့၏ စိတ်များလည်း ပြင်းထန်စွာ လှုပ်ခါလာပြီး ၎င်းတို့၏ မျက်နှာများတွင် ခြောက်ခြားဟန်တို့ ထိန်းမရနိုင်ဘဲ ပေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထို သီချင်းသံက တုန်ယင်လာသောကြောင့်ပင်။
စာသားတစ်လုံးတိုင်းတွင် မြောက်များစွာသော တုန်ယင်နေသည့်အသံများ ပါဝင်နေဟန်ဖြင့် သီဆိုနေသူသည် ကြောက်လန့်နေသည့် ပမာဖြစ်လာသည်။
၎င်းတို့က သေပြီးသူတို့အတွက် သရုပ်ဆောင်ပြနေသည့်အလားပင်။
ကျင်းနက်ကြီးတစ်ခုလုံးတွင် ထိုတေးသံသည်သာ ပဲ့တင်ကာ ပြန့်လွင့်နေသည်။ ထို့ပြင် လူတို့က နားများကို ပိတ်ထားလျှင်လည်း အချည်းနှီးသာ ဖြစ်သည်။ ထိုအသံက ၎င်းတို့ ဝိညာဉ်များထဲသို့ မြည်ဟိန်းဝင်လာပြီး ဓာတ်နှောများအဖြစ်ပြောင်းကာ အားလုံး၏ စိတ်အတွင်းတွင် ပွားများလာနေတော့သည်။
ထိုတခဏတွင် ကျင်းကြီးထဲ၌ ဓာတ်နှောများ ဆက်လက်ထူထပ်လာချိန်တွင် သီချင်းဆိုနေသည့် အသံက တဖြည်းဖြည်းတိုးလာ၏။ နောက်ဆုံးတွင် ခပ်သဲ့သဲ့သာကြားနိုင်တော့သည့် ရေရွတ်သံအဖြစ်သို့သာ ပြောင်းလဲသွားတော့သည်။
အားလုံးက လေပူများ မှုတ်ထုတ်လိုက်မိကြတော့သည်။ သို့ရာတွင် အခြားသီချင်းသံတစ်ခု ရုတ်တရက်မြည်ဟိန်းလာပြန်သည်။
“အရင်ဘဝမှာ မင်းကတော့ ဒီမှာမရှိခဲ့ပါ။ ငါကတော့ တမလွန်မှာ အမြဲသာ။ အချစ်ဒုက္ခကို ဘယ်သူဖြတ်တောက်ပြီး သေမျိုးလောကကို ဘယ်သူဆွဲသားသလဲ။…”
ဤတစ်ကြိမ်သီချင်းကတော့ ယခင်တစ်ကြိမ်နဲ့ မတူတော့ပေ။ ၎င်းက ဝိညာဉ်လှုပ်ခတ်ခြင်းနှင့် အေးစိမ့်ခြင်းများလည်း မဖြစ်တော့ပေ။ ၎င်းသီချင်းဆိုသူက ပြောင်းသွားပြီ ဖြစ်သည်။ သို့သော် ထိုသီချင်းက ပို၍ဆိုးရွားလာပြီး ကြားသူတို့စိတ်ကို တုန်ခါနေစေတော့သည်။ အားလုံးက ရွှီချင်းရှိနေသည့် ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
အသံက ထိုနေရာမှထွက်လာခြင်းဖြစ်သောကြောင့်ပင်။
ရွှီချင်းကလည်း ဖျပ်ခနဲလှည့်ကာ ခေါင်းဆောင်ဘက်သို့ ကြည့်လိုက်သည်။
ခေါင်းဆောင်ကလည်း မျက်လုံးများပြူးကာ ရွှီချင်းအား ပြန်ကြည့်လိုက်သည်။
ရွှီချင်းမျက်လုံးများထဲတွင် သူက သူ့လူရိပ်အပြင်…နောက်ထပ် ဝတ်စုံဖြူအရိပ်တစ်ခု လွင့်မျောလျက်ရှိသည်ကိုလည်း တွေ့မြင်လိုက်ရသည်။
သီချင်းဆိုနေသူသည် သူတို့ မသိလိုက်ချိန်တွင် ခေါင်းဆောင်၏ နောက်တွင် ပေါ်လာသည်။
ခေါင်းဆောင်က မျက်လုံးများမှုန်ကုတ်သွားပြီး မျက်နှာလည်း ခက်ထန်လာသည်။ သူမျက်လုံးအိမ်များထဲတွင် အခြားမျက်နှာတစ်ခုပေါ်လာပြီး သူ့တကိုယ်လုံးမှ အေးစိမ့်သော အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။ သူက ပါးစပ်ကိုပင် ဖွင့်လိုက်ပြီး သွားများဖြဲလိုက်သေးသည်။ ထိုနောက် ဖျပ်ခနဲလှည့်ကာ နောက်ဘက်သို့ အားပါးတရ ကိုက်လိုက်လေသည်။
သွားများ ရိုက်ခတ်သံက ဝန်းကျင်သို့ ပျံနှံ့သွားသည်။ ထိုကိုက်ချက်၏ ရက်စက်မှုကို ထင်ရှားစွာသိနိုင်ပေသည်။
သို့ရာတွင် သီချင်းဆိုသံက ရပ်မသွားသေးပေ။
သို့သော် ထိုအချိန်တွင် အသံက အခြားကျင့်ကြံသူတစ်ဦး၏ နောက်တွင် ပေါ်လာသည်။ ထိုကျင့်ကြံသူက တုန်ယင်လာပြီး အသက်အန္တရာယ်ထဲ ကျရောက်နေသည်ကို ခံစားလိုက်မိလေသည်။ သူက လက်ထဲရှိ တည်နေရာပြောင်းကျောက်စိမ်းပေလွှာကို ချေမွရန်ပြင်လိုက်စဉ်တွင်ပင် နောက်တခဏ၌ …သူ့မျက်လုံးများတွင် ရှုပ်ထွေးမှုများဖြစ်လာပြီး သူက သီချင်းဆိုလိုက်တော့သည်။ သူ့မျက်နှာကလည်း ခက်ထန်ရှုံ့တွလာသည်။
ထို့နောက်ချက်ချင်းပင်တွင် သူ့ကိုယ်က တုန်ခါလာပြီး သူကိုယ်တွင်းတွင် ဓာတ်နှောများ ချက်ချင်းပင်အဆုံးစွန်ထိ ပေါက်ကွဲထွက်လာကြသည်။ သူသည် ချက်ချင်း သန္ဓေပြောင်းသွားတော့သည်။
သူ့နောက်ကျောတွင် ဘုကြီးများဖောင်းထလာပြီး သူ့လက်တို့ကလည်း အဆများစွာ ကြီးထွားလာသည်။ အရိုးဆူးချွန်တို့က သူ့အသားနှင့် ဝတ်စုံတို့အား ထိုးဖောက်ထွက်လာကြသည်။
သူခြေထောက်တို့ကလည်း ထိုနည်းတူကြီးထွားလာပြီး ပေါင်နေရာမှ ပေါက်ကွဲထွက်သွားသည်။ ပေါင်နှစ်ဖက်မှ သွေးရောင်အကျိအချွဲများ ဖုံးလွှမ်းနေသည့် လက်တံရှည် ခုနစ်ချောင်းရှစ်ချောင်းတို့ ထိုးထွက်လာကြသည်။ အကြီးဆုံးပြောင်းလဲမှုကတော့ သူ့ခေါင်းပင်။ သူ့ခေါင်းတစ်ခုလုံးက…အပြာရောင်မျက်လုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။
သူကိုယ်ခန္ဓာက ဖျပ်ခနဲပျောက်သွားပြီး ဂိုဏ်းငယ်ကျင့်ကြံသူတစ်ဦးရှေ့တွင် ပြန်ပေါ်လာသည်။ ထိုကျင့်ကြံသူကလည်း သာမန်တော့ မဟုတ်ပေ။ သူက ချက်ချင်းလက်ဟန်တို့ ပြုလိုက်ရာ ဝန်းကျင်တွင် မီးလျှံများပေါ်ထွက်လာပြီး ထိုသန္ဓေပြောင်းကျင့်ကြံသူအား ဖုံးလွှမ်းသွားသည်။
သို့ရာတွင် ထိုတိုက်ကွက်က အချည်းနှီးပင်။ မီးလျှံများကြားမှ လက်တံရှည်တစ်ချောင်း ဆန့်ထွက်လာပြီး ကျင့်ကြံသူ၏ပါးစပ်အား ထိုးဖောက်သွားသည်။
ကျင့်ကြံသူက အော်ဟစ်လိုက်သည်။ သူကိုယ်က လေထဲမြောက်တက်သွားပြီး ဗိုက်ကလည်း အဆက်မပြတ်ဖောင်းကားကာ နောက်ဆုံး ပေါက်ကွဲထွက်သွားသည်အထိပင်။
ပေါက်ကွဲသံထွက်ပေါ်ပြီးနောက်တွင် သူ့ကိုယ်ထဲသို့ တိုးဝင်လာသည့် လက်တံရှည်ကြီးက ယမ်းခါနေပြီး အဆက်မပြတ် လှုပ်ရှားကာ အသွေးအသားတို့မှာ နေရာအနှံ့ပြန့်ကျဲထွက်ကုန်ကြသည်။
ထိုမြင်ကွင်းတွင် အားလုံးအသက်ရှူမှားကုန်ကြသည်။
သန္ဓေပြောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်လှုပ်ရှားလျက် လျန်မြန်လှသော နှုန်းဖြင့် နောက်ထပ်လူတစ်ဦးထံ ပြေးဝင်လိုက်ပြန်သည်။
ထိုခဏတွင် အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာ၏။
စက္ကန့်အနည်းငယ်ကြာသော် လူများစွာသတ်ခဲ့ပြီးသော သန္ဓေပြောင်းကျင့်ကြံသူက ရွှီချင်းဘေးသို့ ရောက်လာသည်။
သူ ရောက်ရှိလာသည်နှင့် ရွှီချင်းအား ဖက်လိုက်သည်။ သူ၏ ဗိုက်နေရာတွင် ကြောက်မက်ဖွယ်ပါးစပ်ပေါက်ကြီးတစ်ခု ပေါ်လာပြီး ရွှီချင်းအား ဝါးမျိုရန်ကြိုးစားလိုက်သည်။
ကျင်းနက်ထဲတွင် အန္တရာယ်တို့ထွက်ပေါ်လာသည်နှင့် အတ္တကြီးသော လူ့သဘာဝလည်း ပေါ်လာ၏။ ထိုနေရာတဝိုက်တွင် လူပေါင်းတစ်ထောင်ကျော်ရှိနေသည်က ထင်ရှားနေပြီး သူတို့အားလုံးပင် ပေါင်းတိုက်ရန် လိုသည်မဟုတ်ပေ။ ခုနစ်ဦးရှစ်ဦးခန့် ပူးပေါင်းတိုက်ခိုက်သရွေ့ ထိုသန္ဓေပြောင်းကျင့်ကြံသူက မည်မျှမြန်ဆန်သည်ဖြစ်စေ အန္တရာယ်ပေးနိုင်တော့မည် မဟုတ်ပေ။
သို့ရာတွင် အားလုံးတွင် ကိုယ်ပိုင်အကြံအစည်များ ရှိကြပေသည်။ လူများစွာတို့သည် သန္ဓေပြောင်းကျင့်ကြံသူက အခြားသူများကို တိုက်ခိုက်သည်ကို အခွင့်ကောင်းယူကာ ကျင်းနက်ထဲသို့ ဝင်ရောက်သွားကြပြီး ဤနေရာက အန္တရာယ်တို့ကို ရှောင်ရှားလိုက်သည်။
ထိုသို့လူများက ရာချီနေသည်။ အချို့ကတော့ ကျောက်စိမ်းအဆောင်များကို ပြတ်သားစွာ ချေမွလျက် ပြိုင်ပွဲမှ ထွက်ခွာရန် ရွေးချယ်လိုက်ကြတော့သည်။
ထိုနေရာက ရှုပ်ထွေးနေတော့သည်။
ရွှီချင်းကတော့ ထိုကိစ္စတို့အား အာရုံမစိုက်ပေ။ သန္ဓေပြောင်းကျင့်ကြံသူ ရောက်လာသည်နှင့် သူမျက်လုံးထဲတွင် အေးစက်သော အလင်းတို့လက်သွားသည်။ သူက နောက်သို့မဆုတ်ဘဲ ရှေ့သို့သာ ပြေးဝင်လိုက်ကာ သန္ဓေပြောင်းကျင့်ကြံသူအား ချက်ချင်းချဉ်းကပ်လိုက်သည်။ ထို့နောက် လက်သီးချက်ပစ်လွှတ်လိုက်သည်။
သူကိုယ်ထဲရှိ နတ်နန်းတော်သုံးခုနှင့် ရွှေကျီးကန်းတို့ထံမှ ခွန်အားများ ပေါက်ကွဲထွက်လာ၏။
သန္ဓေပြောင်းကျင့်ကြံသူက နာကျင်စွာအော်သံတစ်ချက်ပြုလိုက်ပြီး နောက်ဆုတ်သွားသည်။
သို့ရာတွင် ၎င်းနောက်ဆုတ်လိုက်ပြီး မကြာခင်တွင် အအေးဓာတ်အရှိန်အဝါတစ်ခုက သူ့နောက်သို့ ရောက်လာသည်။ ခေါင်းဆောင် တိတ်တဆိတ်ပေါ်လာပြီး သူ့မျက်လုံးများတွင် အနက်ရောင်အရိပ်များဖြတ်သန်းလျက် သူက ထိုသန္ဓေပြောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ပါးစပ်ကို ဖွင့်လိုက်ပြီး မျက်လုံးပြာပေါ်သို့ ကိုက်ချလိုက်တော့သည်။
ပိုကျယ်သော် အော်သံတစ်ခုက ထိုသန္ဓေပြောင်းကျင့်ကြံသူ၏ ဝမ်းဗိုက်နေရာတွင် ရှိသော ပါးစပ်မှ ထွက်လာသည်။ ရွှီချင်းလည်း ရောက်လာပြီး လက်သီးတစ်ချက် ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
နောက်ဆုံးတွင်း ဝုန်းခနဲ ကျယ်လောင်စွာ မြည်ဟိန်းသွားပြီး ထိုသန္ဓေပြောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားတော့သည်။ ၎င်းအသားစတို့က အောက်ထဲရှိ ကျင်းနက်ကြီးထဲသို့ ပြန့်ကျဲထွက်သွားသည်။
ထိုအချိန်တွင် ကျင့်ကြံသူလေးငါးဆယ်ခန့်သာ ကျန်တော့သည်။ ကျန်သောသူတို့က တည်နေရာပြောင်းကာ ထွက်သွားခြင်းနှင့် အောက်သို့ဆင်းသွားခြင်းတို့ဖြင့် ပျောက်ထွက်သွားကြပြီပင်။
“ချင်းလေး လူစုခွဲကြတာပေါ့။ ငါတို့အမြန်လုပ်မှ ရမယ်။”
ခေါင်းဆောင်က ဘေးသို့ ထွေးလိုက်သည်။ ၎င်းက အရသာ ဆိုးဝါးဟန်ရသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်ပြီး နှစ်ဦးသား ချက်ချင်းဆင်းလိုက်ကြတော့သည်။
သူတို့က လွန်စွာမြန်ဆန်နေသည်။ ရွှီချင်းက အရှိန်တင်လိုက်ရင်း ကြိုတင်ထွက်သွားကြသော ဂိုဏ်းအဖွဲ့မျိုးစုံက တပည့်များကို တွေ့မြင်လိုက်ရသည်။
ထိုလူများအားလုံးသည် ယခုအခါ အချင်းချင်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ၎င်းတို့၏ ရန်သူအချို့ကတော့ ယခင်အစောပိုင်းတွင် ပေါ်လာခဲ့သော အဖြူရောင်ကိုယ်ရိပ်များဖြစ်ကြပြီး ကျန်သော ရန်သူများကတော့ ထိုလူရိပ်သဏ္ဌာန်များ ပူးကပ်ခံကြရသည့် သန္ဓေပြောင်းကျင့်ကြံသူများပင် ဖြစ်ကြသည်။
သူတို့သည် အရေအတွက်အားဖြင့် များပြားစွာရှိနေကြပြီး အများစုက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ပြိုင်ပွဲထဲသို့ ဝင်ရောက်ရဲသူတို့ ဖြစ်သဖြင့် သူတို့တွင် နည်းလမ်းအချို့တော့ ရှိကြသည်ချည်းဖြစ်ကာ အနိုင်ရနေသည့်အခြေအနေဖြစ်သည်။
သို့ရာတွင် အပြင်သို့ တည်နေရာပြောင်းနိုင်ချိန် မရခဲ့သဖြင့် လူများစွာတို့သည်လည်း သေဆုံးခဲ့ရ၏။
ထိုအရည်အချင်းစစ်ပွဲက အမှန်ပင် ဘေးအန္တရာယ်များနေသည်။
ရွှီချင်းက ထိုတိုက်ပွဲတို့ကို ရှောင်ရှားလိုက်သည်။ အတွင်းပိုင်းသို့ရောက်လာလေ အအေးဓာတ်တို့က ပိုမို ပြင်းထန်လာလေဖြစ်သည်။ ဖိအားများမှာလည်း ပြင်းထန်လာပြီး အသက်ရှူပင် ကြပ်လာရသည်။
နောက်ပိုင်းတွင် သူက သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်လာသည်။ ထို့အပြင် သူ့အမြင်အာရုံတို့လည်း မှုန်ဝါးလာပြီး ကောင်းစွာမြင်နိုင်ခြင်းတို့လည်း မရှိတော့ပေ။
ထိုအခြေအနေကို သူ အချိန်အတန်ကြာကျင့်ယူရဦးမည်ပင်။ သူက ပတ်ဝန်းကျင်နေရာတို့အား အသေအချာ ပြန်မြင်နိုင်လာချိန်တွင် ပတ်လည်ရှိ ရွှံ့နံရံများတွင် ဂူလမ်းခွဲများ တစ်ခါတစ်လေ ပေါ်လာတတ်ကြောင်း သတိပြုလိုက်မိသည်။ ဤမြေအောက်ကမ္ဘာတွင် လမ်းကြောင်းတစ်ခုတည်းရှိနေသည် မဟုတ်ကြောင်းတော့ ထင်ရှားနေသည်။
သို့ရာတွင် လမ်းဆုံလမ်းခွဲများရှိသည့်တိုင် အနံ့ဆိုးတို့ကတော့ လျော့ကျသွားခြင်းမရှိဘဲ ပို၍ပင် ပြင်းထန်လာသေးသည်။
ထို့ပြင် ဓားကိုင်သူစမ်းသပ်ပွဲတွင် ပါဝင်နိုင်ခွင့်ရစေမည့် သံချောင်းစတို့ တစ်ခုတစ်လေမျှပင် မတွေ့ရပေ။
၎င်းသည် လူများစွာက သူ့ရှေ့က ကြိုထွက်သွားခြင်းကြောင့်ဟု သူနားလည်ထားလိုက်သည်။ အလွယ်တကူတွေ့နိုင်သည့် သံချောင်းစတို့အားလုံးက ယူဆောင်သွားပြီးလောက်သည်ပင်။
ရွှီချင်းက ပတ်ပတ်လည်သို့ ဝေ့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းနွဲ့လိုက်ပြီး မြေသားတို့ ထိုးထွက်နေသည့် ကျင်းကြီးအစွန်းနေရာသို့ သွားရောက်လိုက်သည်။ သူက ထိုနေရာတွင် ရပ်ကာ အပေါ်သို့ မော့ကြည့်လိုက်သည်။
အပေါ်မှတိုက်ခိုက်သံများ ခပ်သဲ့သဲ့ကြားနေရသည်။ တစ်ချက်တစ်ချက်တွင် သွေးစများပင် လွင့်စင်လာသေးသည်။ အောက်ကတော့ လေအေးများ ပြင်းပြင်းထန်ထန် တိုက်ခတ်နေသလို သီချင်းသံသဲ့သဲ့ကိုလည်း ကြားနေရသေးသည်။
ခေါင်းဆောင်ကတော့ အနီးတွင် မရှိတော့ပေ။ နှစ်ဦးသား မကြာသေးခင်က လူခွဲလှုပ်ရှားရန် သဘောတူခဲ့ကြသည်။ သူတို့က ပစ္စည်းများ ရှာနေကြခြင်းဖြစ်သဖြင့် လူခွဲလှုပ်ရှားခြင်းက ပို၍ အကျိုးရှိသည်။
“အခြားလမ်းတွေ မသွားတော့ဘူး။ ဒီလမ်းကိုပဲ အဆုံးထိလိုက်တော့မယ်။”
ရွှီချင်းက ခုန်လိုက်ပြီး အောက်သို့ တဝီဝီဆင်းသွားလိုက်သည်။ တဖြည်းဖြည်း သူသည် အတွင်းပိုင်းသို့ရောက်လာပြီး ဝန်းကျင်နေရာတို့က မှောင်မိုက်လာလေသည်။ ပိတ်လှောင်မွန်းကြပ်မှုတို့က ပို၍သိသာလာချိန်တွင် ရွှီချင်းက တုံ့ခနဲရပ်လိုက်သည်။ သူက ခြေလှမ်းအချို့နောက်ဆုတ်ကာ လေထဲတွင် တန့်လျက် ရှေ့သို့မျှော်ကြည့်လိုက်သည်။
ရှေ့မှ ဂူထဲတွင် လမ်းဆုံခွတစ်ခုရှိနေသည်။
ထိုနေရာအစွန်တွင် လူရိပ်တစ်ခု ရပ်လျက်ရှိသည်။
ထိုလူရိပ်သည် ဝတ်ရုံနက်ဝတ်ထားသည့် အဘိုးကြီးတစ်ဦးပင်ဖြစ်သည်။ သူက အရှိန်အဝါတို့ ထုတ်လွှတ်ခြင်း အလျင်းမရှိဘဲ ပတ်ဝန်းကျင်အမှောင်ထုနှင့် တသားတည်းဖြစ်နေသည့်အလားပင်။ သူ့အား မမြင်မိဘဲကျော်သွားမိရန်လွယ်ကူနေသည်။
သူ၏ လက်တို့အောက်သို့ တွဲလောင်းကျနေသည်။ အနီးကပ်ကြည့်လိုက်သော် သူ့လက်ဆယ်ချောင်းလုံးက လွန်စွာချွန်ထက်သော အနက်ရောင်လက်သည်းများဖြင့် ဖြစ်နေသည်ကို ရွှီချင်း သတိပြုလိုက်မိသည်။
သူက ရွှီချင်းအား နောက်ကျောပေးထားခြင်းဖြစ်သဖြင့် မျက်နှာကိုတော့ မမြင်နိုင်သေးပေ။
သူ့ခန္ဓာကိုယ်က အနည်းငယ်စောင်းနေပြီး ကျင်းကြီးအောက်ခြေမှ ထွက်လာနေသည့် သီချင်းသံတို့အား နားထောင်နေသည့်ဟန်ဖြစ်နေသည်ကိုသာ တွေ့မြင်နိုင်ပေသည်။ သူက အသေအချာ အာရုံစိုက် နားထောင်နေဟန်ဖြစ်သည်။
သို့ရာတွင် ထိုတစေဂူထဲတွင် ၎င်းသွင်ပြင်ကို တွေ့မြင်သူတိုင်းက သတိဖြင့် ကြည့်မိကြမည်ပင်။
ရွှီချင်းက ထိုလူရိပ်ကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်သည် ထိုခြောက်ခြားစရာလူရိပ်ပေါ်သို့ ဖြတ်သွားပြီးနောက် ၎င်းဘေးက မြေနေရာသို့ ကျရောက်သွားသည်။ ထိုမြေပြင်တွင် သံစသုံးစ စိုက်ဝင်နေသည်။
ထိုသံစသုံးခုက ရွှီချင်းလိုအပ်နေသည့်အရာတို့ပင် ဖြစ်သည်။
ရွှီချင်း ငြိမ်ကျသွားသည်။ ထိုနေရာကို ဖြတ်သွားသူမရှိဟုတော့ သူ မယုံနိုင်သေးပေ။ သို့သော် သံအပိုင်းစများက ထိုနေရာတွင်ပင် ရှိနေသေးသည်။ ထိုအချက်အရ ဤနေရာကို ဖြတ်သွားသည့် လူများသည် သေဆုံးသွားခြင်း သို့မဟုတ် လှုပ်ရှားကာ သံစများကို မယူရဲခြင်းတို့သာ ဖြစ်ပေမည်။
ရွှီချင်းက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး အရင်ဆုံးပတ်ဝန်းကျင်အား လှည့်ပတ်လည့်လိုက်သည်။ ထိုနေရာတွင် ခြုံခိုတိုက်ခြင်းတို့ မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူက အရိပ်လေးထံ နတ်အာရုံ ပို့လွှတ်လိုက်သည်။
နောက်တစ်ခဏတွင် အရိပ်လေးက ဆန့်ထွက်သွားပြီး သီချင်းနားထောင်နေသည့် အဘိုးကြီးဘေးသို့ ချဉ်းကပ်သွားသည်။ အရိပ်လေးက သံပိုင်းစတစ်ခုကို ရစ်ပတ်လိုက်ပြီး ဆွဲယူရန်ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ အဘိုးကြီးက လက်ကိုမြှောက်လိုက်ပြီး သံပိုင်းစအား ပြင်းထန်လှသော အားဖြင့် ဖိချလိုက်သည်။ မြေပြင်ပင် တုန်ဟီးသွားသည်။
ထို့နောက်တွင် သူ၏ခေါင်းကို နောက်သို့ လှည့်လာရာ ရွှီချင်း၏ မျက်လုံးထဲတွင် သူ၏ ခံစားချက်မဲ့သော အစိမ်းရောင်မျက်နှာကြီး ထင်ဟပ်လာ၏။
၎င်းက ဖုတ်ကောင်တစ်ကောင်အလားပင်။
ထိုအသက်မဲ့မျက်လုံးတို့မှ အနီရောင်အလင်းများထုတ်လွှတ်လျက် ရွှီချင်းအား စိုက်ကြည့်လာသည်။ ထိုအကောင်၏ ပါးစပ်ထောင့်များကွဲထွက်ကာ ပွင့်ဟလာပြီး ချွန်ထက်နေသော သွားများ ပေါ်ထွက်လာ၏။
နောက်တခဏတွင် ထိုအကောင်က ခက်ထန်ကြမ်းတမ်းသော ဆန္ဒအားမာန်များ ပေါက်ကွဲထွက်ကာ ရွှီချင်းထံ ပြေးဝင်လာသည်။
သူ၏လက်သည်းတို့က ဗလာနယ်ကို ထိုးခွဲသွားသည့်အလား တရွှီးရွှီးမြည်လျှက် လေကို ခွင်းကာ ရွှီချင်းထံသို့ ပြင်းထန်စွာ ကုတ်ဆွဲလာ၏။
ရွှီချင်း၏ မျက်လုံးတို့ မှုန်ကုတ်သွားသည်။ သူ့မျက်နှာသို့ ငါးညှီနံတို့ ရိုက်ခတ်လာသည်နှင့် သူ့ကိုယ်အပေါ်ပိုင်းကလည်း နောက်သို့ ယိမ်းပေးလိုက်သည်။
ထိုဖုတ်ကောင်အဘိုးကြီး၏ မည်းနက်နေသည့် လက်သည်းတို့က သူ့ရှေ့မှ ဝှစ်ခနဲဖြတ်သွားသည်ကို ကြည့်ကာ ရွှီချင်းက အခွင့်ကောင်းယူလိုက်ပြီး နောက်သို့ လှဲချလိုက်သည်။ သူက ခန္ဓာကိုယ်ကို လိမ်ကောက်ကာ ခေါင်းကို နှိမ့်လျှက် ညာခြေကို အပေါ်မြှောက်ကာ ခွန်အားများကို စုစည်းလိုက်၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်အပြင်အားများအားလုံးကို ညာခြေတွင် စုစည်းလိုက်ပြီး အဘိုးကြီးမေးစေ့နေရာကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ဝုန်း…
ဖုတ်ကောင်အဘိုးကြီး၏ ဦးခေါင်းမှာ ကွဲအက်သွားပြီး ပုံပျက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ ရွှီချင်း၏ကန်ချက်တွင် ပေရာချီကာ လွင့်ထွက်သွားသေးသည်။
တစ်ချိန်တည်းမှာပင် အရိပ်လေးကလည်း သံပိုင်းစသုံးခုကို ရစ်ပတ်ယူဆောင်ကာ ရွှီချင်းထံ ပြေးဝင်လာ၏။
သို့ရာတွင် နောက်တစ်ခဏတွင်ပင် ထိုဖုတ်ကောင်အဘိုးကြီး၏ ဦးခေါင်းသည် ဖျပ်ခနဲလှုပ်လာပြီး နောက်သို့ ပြန်လှည့်လာ၏။ ၎င်း၏ မျက်လုံးများထဲတွင် အနီရောင်အလင်းတို့က ပြင်းထန်စွာလင်းလက်လာပြီး ရန်လိုစိတ်တို့လည်း အဆုံးထိမြင့်တက်လာ၏။ သူ့တကိုယ်လုံးတွင် ဓာတ်နှောများပြင်းထန်စွာ လှိုင်းထနေတော့သည်။
သူ့ပါးစပ်မှ သားရဲဟိန်းသကဲ့သို့ အသံများပြုလိုက်ပြီး ပြင်းထန်သော အရှိန်အဟုန်တို့ဖြင့် ရွှီချင်းထံသို့ ရက်စက်ကြမ်းတမ်းစွာ ဦးတည်လာသည်။
သူက ချက်ချင်းအနီးသို့ နီးကပ်လာပြီး ရွှီချင်း၏ လည်ပင်းအား ကိုက်လိုက်တော့သည်။