← Chapters

သင်္ချိုင်းစာရွက်ပေါ်က တစေမျက်နှာ

Vol. 31 Ch. 472

သင်္ချိုင်းစာရွက်ပေါ်က တစေမျက်နှာ

Vol. 31 Ch. 472

ထိုအနံ့ဆိုးကြီးက ရွှီချင်းမျက်နှာကို လာရောက်တိုက်ခတ်ချိန်တွင် သူ့မျက်နှာ၌ အေးစက်သော အလင်းတစ်ချက်လက်သွားသည်။ သူက လျင်မြန်စွာနောက်ဆုတ်လိုက်သည်။ သူက ထိုဖုတ်ကောင်အဘိုးကြီးနှင့် အလုပ်ရှုပ်ကာ အချိန်ဖြုန်းမနေချင်ပေ။ ယခုသူ့တွင် သံပိုင်းစများရလာပြီဖြစ်ရာ ထိုနေရာတွင် ဆက်မနေလိုတော့ပေ။

သို့ရာတွင် ဖုတ်ကောင်က သူ့နောက်သို့ ပြေးလိုက်လာသည်။ ၎င်းခန္ဓာကိုယ်က ထုတ်လွှတ်သော အရှိန်အဝါတို့ကလည်း သိပ်သည်းပြင်းထန်လာသည်။ ၎င်းမသေမချင်းရပ်မည် မဟုတ်ကြောင်း ထင်ရှားနေသည်။

ရွှီချင်းက ဖုတ်ကောင်အဘိုးကြီးကို အေးစက်စွာ ကြည့်လိုက်သည်။

တစ်ဖက်လူသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကဲ့သို့ တူညီသည့်ခံစားချက်မျိုး ပေးနေသည်။ သို့ရာတွင် ၎င်း၏ ခြေလက်အဆစ်တို့ကတော့ ဖြတ်လတ်ခြင်းမရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ် မာကျောမှုနှင့် ပြန်ကောင်းနိုင်စွမ်းတို့ကတော့ ပို၍ပင် အစွမ်းထက်နေသေးသည်။

၎င်းတွင် အခြားအလောင်းကောင်ထူးခြားချက်များလည်း ရှိနေသေးသည်။

“နှလုံးခုန်ခြင်းမရှိဘူး… သွေးမရှိ… အသိဉာဏ်လည်းမရှိ။ သူက ကြမ်းကြုတ်သားရဲဆိုးထက် သန္ဓေပြောင်းကျင့်ကြံသူနဲ့ ပိုတူနေတယ်။ ပြီးတော့ သူ့ကိုယ်ခန္ဓာဟာ အချိန်ရဲ့ အငွေ့အသက်တွေလည်း ရှိနေသေးတယ်။”

“ဝိညာဉ်စွမ်းအားတော့ ရှိပုံမရဘူး ဒါပေမဲ့ သူထုတ်လွှတ်တဲ့ အရှိန်အဝါနဲ့ လေပြင်းတွေကတော့ အဆိပ်တွေပါနေတယ်။ ဒီအဆိပ်ဟာ ရုပ်အလောင်း အတန်းအစားထဲ ပါဝင်နေပြီး ပုပ်သိုးစေတဲ့ အာနိသင် အဓိကရှိနေတယ်။”

“သူ့ခန္ဓာကိုယ်ဟာ သန်မာပြီးတော့ တိုက်ခိုက်ရေးစွမ်းအားဟာ နန်းတော်လေးခုမှာရှိတယ်။ သူ့ရဲ့ ပြန်ကောင်းနိုင်စွမ်းနဲ့ အလောင်းမျိုးစိတ်ထူးခြားချက်တို့နဲ့ပေါင်းလိုက်ရင် သူ့အင်အားက နန်းတော်ငါးခုနားတော်တော်ကပ်သွားပြီ။”

ရွှီချင်းက ခန္ဓာကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားလိုက်သည်။ သူက ဖုတ်ကောင်အဘိုးကြီးခုန်အုပ်သည်ကို ဆက်ရှောင်လိုက်ပြီး ၎င်းအား နှံ့စပ်စွာ လေ့လာလိုက်၏။

“သူ့အမြန်နှုန်းက ငါ့ထက်နည်းနည်းနှေးတယ်။ ငါက တားမြစ်အဆိပ်သုံးရင်တော့ သူ့ကို သတ်နိုင်လောက်မယ်။ ဒါပေမဲ့ ဖြုန်းတီးရာတော့ ရောက်သွားမယ်။”

“သူ့အဆိပ်က သိပ်မဆိုးဘူး။ လက်သည်းတွေကလည်း ပစ္စည်းတွေသွန်းလုပ်ဖို့ ကုန်ကြမ်းကောင်းတွေဖြစ်ပုံတော့ ရတယ်။”

“သူ့ပြန်ကုစားနိုင်စွမ်းရဲ့ဇစ်မြစ်ကို ရှာနိုင်ရင်တော့ တန်ဖိုးက ပိုကြီးလာလောက်တယ်။ အချိန်ကုန်ရကျိုး နပ်သွားလောက်မှာပဲ။”

ရွှီချင်းက စိတ်ထဲတွင် ဆန်းစစ်တွေးတောနေစဉ်မှာပင် ဖုတ်ကောင်အဘိုးကြီးသည် ရွှီချင်းအား ထိနိုင်ခြင်းမရှိသေးသဖြင့် ဒေါပွလာ၏။  ၎င်းကပါးစပ်ကို ဖွင့်လိုက်ပြီး ရွှီချင်းထံ ထွေးမှုတ်ထုတ်လာသည်။

၎င်းပါးစပ်ထဲမှ အနက်ရောင်မြူခိုးတစ်ဆုပ်လှိုင်းထွက်လာပြီး ရွှီချင်းအား ချက်ချင်းလွှမ်းခြုံသွားသည်။

“သူ့ကိုအရင် အနိုင်ချုပ်ပြီးမှ အစိတ်အပိုင်းတွေ တစ်ခုချင်း ဖြုတ်ယူတာပေါ့”

ရွှီချင်း စိတ်ပိုင်းဖြတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် အဆိပ်မြူများထဲ နစ်မြုပ်နေသော်လည်း နောက်ခဏတွင်ပင် အဆိပ်မြူသည် ဘက်ပေါင်းစုံသို့ ပေါက်ကွဲထွက်သွားတော့သည်။

၎င်းအတွင်းမှ ထိတ်လန့်ဖွယ်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး အဆိပ်မြူများ လေပြင်းထဲတွင် မျောပါသွားကြဟန်ရှိသည်။ ၎င်းသည် လျင်မြန်စွာ ပြန့်ထွက်သွားချိန်တွင်ပင် ပုံရိပ်ကျန်တစ်ခု အဆိပ်မြူများထဲက ပြေးထွက်လာသည်။

ထိုလူရိပ်လှုပ်ရှားမှုတို့က မျက်စိဖြင့် မြင်နိုင်သည့်နှုန်းထက်ပင် ကျော်လွန်နေပြီး ထိုဖုတ်ကောင်အဘိုးကြီး အာရုံခံနိုင်စွမ်းထက်လည်း မြန်နေသည်။ ၎င်းက အဆိပ်မြူများပေါက်ကွဲထွက်သွားချိန်တွင်မှ ထိုအရိပ်အား သတိပြုမိသည်။ နောက်တစ်ခဏတွင် ၎င်းကိုယ်ကြီးက ဝုန်းခနဲမြည်သွားပြီး ရှေ့က တိုက်ခိုက်လာသည့် အင်အားတစ်ခုကြောင့် နောက်သို့ လွင့်စင်သွား၏။

၎င်းသည် ပေထောင်ချီအကွာရှိ ကျင်းနက်ကြီးနံရံသို့ သွားရောက်ထိရိုက်သည်။

ရွှံ့နံရံမှာ လှုပ်ခါသွားပြီး ဖုတ်‌ကောင်အဘိုးကြီး၏ ခန္ဓာကိုယ်သည် နံရံအတွင်းသို့ ချိုင့်ဝင်သွားသည်။ ၎င်းက ပြန်ကုန်းရုန်းထရန် ပြင်လိုက်စဉ်တွင်ပင် အနက်ရောင်လက်ဝါးတစ်ခုသည် သူ့မျက်နှာပေါ်သို့ ကျလာပြီး ပြင်းထန်စွာဖိချထားလိုက်သည်။

ဝုန်းခနဲမြည်သံတစ်ခု နှင့်အတူ ၎င်း၏ခေါင်းသည် နံရံထဲသို့ တဖန် ပြန်ဖိကပ်ခံရ၏။ ၎င်းက မည်မျှပင် ရုန်းကန်ပါသော်လည်း ထူးခြားမလာတော့ပေ။

ထိုအချိန်တွင်ပင် အနက်ရောင်လက်ဝါးပိုင်ရှင်ကလည်း ထိုဖုတ်ကောင်အဘိုးကြီးဘေးတွင် ပေါ်လာသည်။

၎င်းသည် နက်မှောင်နေသောလူရိပ်တစ်ခုဖြစ်သည်။ သူ၏ဝတ်စုံ၊ အသားအရေနှင့် ရှိသမျှ အရာအားလုံးမှာ နက်မှောင်နေ၏။

ထိုအချိန်တွင် အနက်ရောင်တို့က  ထိုလူရိပ်၏နဖူးနေရာသို့ လျင်မြန်စွာ စုစည်းလာကြပြီး လူရိပ်၏မူလသွင်ပြင်တို့ ပေါ်ထွက်လာ၏။ ထိုသူမှာ ရွှီချင်း ဖြစ်သည်။

အရိပ်လေးနှင့် ပေါင်းစည်းလိုက်ပြီးနောက်တွင် ရွှီချင်းသည် မန္တာန်အတတ်အား အသုံးပြုနိုင်ခြင်း မရှိတော့ပါ။ သို့ရာတွင် သူသည် အစွမ်းထက်လွန်းသည့် အပြင်ခွန်အား(ကာယစွမ်းအား) များကို ပိုင်ဆိုင်လာ၏။ သူ၏ အပြင်ခွန်အားသည် နတ်နန်းတော်လေးခုကို ကျော်လွန်ကာ နန်းတော်ငါးခုအဆုံးအထိပင် ရောက်ရှိလာခဲ့သည်။

သူ့မျက်လုံးများထဲတွင် ထိုဖုတ်ကောင်အဘိုးကြီး၏ အမြန်နှုန်းက လွန်စွာနှေးကွေးနေတော့သည်။ သူက ခံစားချက်မဲ့စွာဖြင့် ညာလက်ကို မြှောက်လိုက်ပြီး ဖုတ်ကောင်အဘိုးကြီး၏ လက်ချောင်းတို့ကို ဖမ်းဆုပ်လိုက်သည်။ တဂျွတ်ဂျွတ်မြည်သံများဖြင့် ၎င်း၏ မည်းနက်နေသော လက်သည်းဆယ်ချောင်းက တစ်ချောင်းချင်း ကျိုးထွက်လာ၏။

ခဏတွေးတောလိုက်ပြီးနောက် သူ့ညာလက်ညိုးက ဖုတ်ကောင်၏ လည်ပင်းပေါ်သို့ ကျရောက်သွားပြီး တစ်ခုခုရှာနေသည့်အလား တဖြည်းဖြည်း အောက်သို့ လျှော့ဆင်းလာသည်။ နောက်ဆုံးတွင်တော့ ဖုတ်ကောင်၏ ရင်ဘတ်တွင် ရပ်သွားပြီး ဇွပ်ခနဲ ထိုးဖောက်လိုက်သည်။

မကြာခင် သူက လက်သီးဆုပ်အရွယ် အနက်ရောင်မြူခိုးတစ်လုံးကို ဆွဲထုတ်လိုက်၏။ ထိုမြူခိုးလုံးထဲတွင် သိပ်သည်းလှသော အလောင်းကောင်အဆိပ်တို့ ပါဝင်နေသည်။

ထို့သို့ လုပ်ပြီးနောက်တွင် ရွှီချင်းက ထပ်မံရှာဖွေလိုက်ပြန်သည်။ သူက ဖုတ်ကောင်၏ ပြန်လည်ကုသနိုင်စွမ်း အရင်းအမြစ်ကို ရှာဖွေလိုခြင်းဖြစ်သည်။

ထိုအချိန်တွင်ပင် အနက်ရောင်မြူခိုးကို ဆုံးရှုံးသွားရသည့် တုန်ခါနေသော ဖုတ်ကောင်သည် ချပ်ခနဲ ငြိမ်သက်ကာ ချက်ချင်းပုပ်သိုးလျက် အနက်ရောင်သွေးများအဖြစ် အရည်ပျော်ကာ ကျင်းနက်ကြီး၏ ချိုင့်နေသည့် နံရံအောက်သို့ စီးဆင်းသွားတော့သည်။

ရွှီချင်းက ထိုမြင်ကွင်းကို တွေ့မြင်ရချိန်တွင် သူ့နဖူးအလယ်ရှိ အရိပ်မျက်လုံးက ပြန်ထွက်လာပြီး သူ့တကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားပြီးနောက်တွင် အခေါင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပြီး ၎င်းအထဲမှ ရွှီချင်း၏ပုံရိပ် လမ်းလျှောက်ထွက်လာ၏။

“ဒီမြူခိုးနက်က အဆိပ်ပဲပါတာမဟုတ်ဘူး ဖုတ်ကောင်ဖြစ်တည်မှုကို ထောက်ပံ့ပေးတဲ့ ထူးဆန်းတဲ့ စွမ်းအားတစ်ခုလည်း ပါနေသေးတယ်။”

ရွှီချင်းအတွေးနက်သွားသည်။ သူက လက်သည်းများဖြင့် အနက်ရောင်မြူခိုးစုကို သိမ်းဆည်းလိုက်ပြီး ရှေ့သို့ ဆက်သွားလိုက်သည်။

ထိုနေရာအနီးတဝိုက်သည် ယခင်ထက် မှောင်မိုက်လာပြီး အနံ့ဆိုးများကလည်း ပို၍ပြင်းထန်လာနေသည်။ အအေးဓာတ်ခံစားချက်တို့ကလည်း ပိုမိုပြင်းထန်လာနေသည်။ တိတ်ဆိတ်မှုထဲတွင် သီချင်းဆိုသံတို့ ခပ်သဲ့သဲ့ကြားလာရသေးသည်။

၎င်းသီချင်းသည် အငြိုးအတေးများ၊ စိတ်ကျခြင်းများ၊ တမလွန်သို့ လွမ်းဆွတ်မှုများနှင့် ဝမ်းနည်းပူဆွေးခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

ထိုအသံသည် ရွှီချင်း၏ တကိုယ်လုံးအား ကျူးကျော်ဝင်ရောက်လာပြီး သူ့အား စိတ်မသက်မသာ ဖြစ်လာစေသည်။ ထို့အပြင် သူက ထိုအသံကို တားဆီးနိုင်ခြင်းလည်း မရှိချေ။

သူက ငေါထွက်နေသည့် ကျောက်နံရံတစ်ခုပေါ် တက်လိုက်ပြီး အောက်မှ အမှောင်ထုထဲသို့ ခေါင်းငုံ့ကြည့်လိုက်သည်။

“ဒီနေရာက ဘယ်လောက်အထိ နက်တာလဲ။”

ရွှီချင်း ရေရွတ်လိုက်ပြီး အောက်သို့ ဆင်းသွားလိုက်သည်။ တစ်နာရီကျော်ကြာလျှင် သူ့ခန္ဓာကိုယ်က တုံ့ခနဲရပ်သွားပြီး အောက်သို့ ကြည့်နေသည့် သူ့မျက်လုံးအိမ်များလည်း ကျုံ့ဝင်သွားသည်။

အောက်ဘက် ပေရာကျော်ခန့်တွင် အလောင်းများ သုံးလေးဆယ်ခန့် လေထဲမျောနေသည်ကို ရွှီချင်း တွေ့မြင်လိုက်ရသည်။

၎င်းတို့ထဲမှ တစ်ဦးသည် လီယုံကျောက်တိုင်ကြီး၏ ပေတစ်သောင်းသို့ ရောက်နိုင်ခဲ့သော ဂိုဏ်းငယ်ကျင့်ကြံသူပင် ဖြစ်နေသေးသည်။

သို့ရာတွင် ထိုသူသည် ရွှီချင်းအား တိုက်ခိုက်ခဲ့သော လူငယ်မဟုတ်သည့် တခြားလူငယ်တစ်ယောက် ဖြစ်သည်။ အခြားသော အလောင်းများထဲတွင်တော့ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများနှင့် ထိုက်စီရှန်းမုန်ဂိုဏ်းက တပည့်များပါဝင်နေသည်ကို ရွှီချင်း တွေ့မြင်လိုက်ရသည်။

ထိုလူများအားလုံး ဤနေရာတွင် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ထူးဆန်းသည်က သူတို့၏ မျက်နှာများတွင် အဝါရောင် သင်္ချိုင်းစာများ ဖုံးထားကြခြင်းဖြစ်သည်။

ထိုသင်္ချိုင်းစာများအောက်က မျက်နှာတို့သည် အစိမ်းရောင်များဖြစ်ကာ သူတို့ မသေခင် နာကျင်မှုကြီးစွာ ခံစားခဲ့ရဟန်ဖြင့် ရှုံ့မဲ့နေလျက်ရှိနေသည်။ လက်ထဲတွင် တည်နေရာပြောင်း အဆောင်ဆုပ်ကိုင်ထားဆဲ လူအနည်းငယ်ပင် ရှိနေသေးသည်။ ထိုဖြစ်စဉ်က မြန်ဆန်လွန်းသဖြင့် သူတို့က တည်နေရာ ရွှေ့ပြောင်းနိုင်ချိန်တွင် ရလိုက်ဟန်မတူပါ။

၎င်းတို့ ပတ်လည်ရှိ ရွှံ့နံရံများပေါ်တွင်တော့ လီယုံကျောက်တိုင် အပိုင်းအစများ လင်းလက်လျက်ရှိနေကြသည်။ ထိုလူတို့၏ သိုလှောင်အိတ်များထဲတွင် အခြားသော အပိုင်းအစများ ထပ်ရှိနေဦးမည်ကို ရွှီချင်း မှန်းဆနိုင်သည်။

ထိုသူတို့သည် ကျင်းနက်ကြီးထဲ ဝင်‌ရောက်လာချိန်က ဦးဆုံးမှ ဝင်သော အဖွဲ့ထဲ ပါပေသည်။

သို့ရာတွင် ရွှီချင်းက အလောတကြီးတော့ မလှုပ်ရှားသေးပေ။ တစ်ဖက်တွင် အရာအားလုံးက ထောင်ခြောက်အသွင် ဖြစ်သည်။ တစ်ဖက်တွင်တော့ အလောင်းများပတ်လည်တွင် သင်္ချိုင်းစာများ လှုပ်ခါလျက်ရှိနေသည်။

၎င်းတို့က အဝါရောင်လိပ်ပြာများကဲ့သို့ ပျံသန်းကာ ‌အောက်ဘက်ရှိ ကျင်းနက်ကြီးမှ ထုတ်လွှတ်သည့် လေလှိုင်းများထဲတွင် အပေါ်အောက် လူးလွင့်ပျံသန်း လှုပ်ရှားနေကြသည်။

ရွှီချင်း ကြည့်နေစဉ်မှာပင် ထိုအဝါရောင်သင်္ချိုင်းစာများသည် လေထဲတွင် ဖျပ်ခနဲရပ်တန့်သွားကြပြီး အားလုံးပြိုင်တူ မြင့်တက်လာကြသည်။ သူတို့က တစေမျက်နှာများကဲ့သို့ပင် ရွှီချင်းရှိနေသည့် နေရာသို့ လှည့်ကြည့်လာကြသည်။

သင်္ချိုင်းစာများစွာ စိုက်ကြည့်ချင်းခံရခြင်းက ဆံပင်မွေးညင်းများပင် ထောင်ထလာစဖွယ် ချောက်ခြားမှုကို ပေးသည်။

ရွှီချင်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်တစ်ချက် လင်းလက်သွားသည်။ သင်္ချိုင်းစာများသည် လေထဲတွင် တလှစ်လှစ်ဖြင့် သူ့ထံသို့ ပြိုင်တူဝဲပျံလာကြသည်။ ထိုသင်္ချိုင်းစာများထဲတွင် ရွှင်မြူးသံများပင် လှိုင်းထွက်လာသေးသည်။

ထိုရယ်သံတို့တွင် ထူးဆန်းမှုနှင့် လောဘများပါဝင်နေသည်။ ၎င်းတို့က အသွေးအသားနှင့် ဝိညာဉ်တို့အား ဆာလောင်တောင့်တနေသည့်အလားပင်။ ၎င်းတို့က လွန်စွာလျင်မြန်နေပြီး တခဏအတွင်း သူ့ အနီးသို့ ရောက်လာနိုင်ကြသည်။

သူတို့ နီးကပ်လာသည့်အချိန်တွင် ရွှီချင်းက ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

ထိုဖိချက်နှင့်အတူ သူ့နတ်နန်းတော်သုံးခု၏ စွမ်းအားတို့ ပေါက်ကွဲထွက်သွားသည်။ ရွှေကျီးကန်းသည် သူ့နောက်တွင် ဖြစ်တည်လာပြီး ရွှီခနဲ အော်လိုက်သည်။ ၎င်းက အတောင်ပံများအား ခတ်ကာ မီးလျှံတို့အား အရပ်မျက်နှာမျိုးစုံတို့ ဖြန့်ထုတ်လိုက်ပြီး ထိုသင်္ချိုင်းစာများကို မီးမြိုက်ရန် ကြိုးစားလိုက်သည်။

သင်္ချိုင်းစာများမှာ ချက်ချင်းနောက်သို့ ပြန်လွင့်သွားကြပြီး အနီးသို့ ကပ်နိုင်ခြင်း မရှိကြ‌တော့ပေ။ သို့ရာတွင် ထူးဆန်းသော ရယ်သံကတော့ ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ပို၍ပင် ပြတ်သားကြည်လင်လာသေးသည်။

ထို့နောက် ချက်ချင်းတွင် ထိုသင်္ချိုင်းစာများက စုစည်းသွားပြီး ပုစဉ်းရင်ကွဲကောင်ကြီးတစ်ကောင် ဖြစ်သွားသည်။

၎င်း၏ အတောင်တို့ကလည်း သင်္ချိုင်းစာများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေသည်။ စက္ကူပုစဉ်းရင်ကွဲသည် အ‌တောင်များကို ဖြန့်လိုက်ပြီး လျင်မြန်စွာ လူးလားခတ်လျက် တဝီဝီသံများ ထုတ်လွှတ်နေတော့သည်။ သင်္ချိုင်းစာများထံမှ ရယ်သံများကလည်း ၎င်း၏အတောင်ပံခတ်သံတို့ဖြင့် ပဲ့တင်သံထွက်လာကြသည်။

“ဟေ့ ဆာနေတာလား။ ငါ့ကိုစားချင်သလား။”

ထိုအသံက စူးရှကြမ်းကြုတ်ကာ နားကလော်ဖွယ်ဖြစ်သည်။ ထိုအသံသည် ရွှီချင်းထံသို့ ရောက်လာချိန်တွင် ရွှီချင်းပတ်ပတ်လည်မှ မီးလျှံတို့အား နောက်တွန့်သွားစေသည်။

စက္ကူပုစဉ်းရင်ကွဲက ထိုအခွင့်ကောင်းကို ယူလိုက်ပြီး ရွှီချင်းထံ ချဉ်းကပ်လာသည်။ ၎င်းကိုယ်ပေါ်တွင် တစေမျက်နှာပေါင်းများစွာ ပေါ်လာပြီး ထိုမျက်နှာအားလုံးက လောဘနှင့် လိုအင်ဆန္ဒများကို ဖော်ပြနေကြသည်။

“ငါ့ကိုစားပါ… ငါ့ကိုစားပါ… ငါ့ကိုစားပါ…”

အသံတို့က ထပ်နေပြီး ဆက်လက်ပဲ့တင်ကာ ရွှီချင်း၏ စိတ်ထဲသို့ သဏ္ဌာန်မဲ့ဆူးများကဲ့သို့ ဝင်ရောက်လာသည်။

ရွှီချင်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက်ဖြတ်သွားသည်။ သူက တိုက်ခိုက်ရန်ပြင်လိုက်ချိန်မှာပင် သူ့မျက်နှာက မည်းသွားပြီး နောက်သို့ ဖျပ်ခနဲဆုတ်လိုက်တော့သည်။

သူ ဆုတ်လိုက်သည်နှင့် တပြိုင်နက်နီးပါးတွင် သူ့နံဘေးမှ ကျင်းကြီး၏ ရွှံ့နံရံသည် ရုတ်တရက်မှုန်ဝါးသွားသည်။ ပေတစ်ရာအနံရှိသော ကင်းခြေများကြီးတစ်ကောင် ကျင်းကြီး၏ ရွှံ့နံရံအား တန်းတန်းမတ်မတ် ဖြတ်ကျော်ထွက်လာသည်။ ၎င်း၏ ပစ်မှတ်ကတော့ ရွှီချင်းမဟုတ်ဘဲ….မိစ္ဆာသံများထုတ်လွှတ်နေသည့် စက္ကူပုစဉ်းရင်ကွဲကောင်သာ ဖြစ်သည်။

ကင်းခြေများကြီးကလည်း ခက်ထန်ကြမ်းတမ်းဟန်ဖြင့် ပုပ်သိုးသည့်အနံ့ဆိုးများ ထုတ်လွှတ်လျက်ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်ကလည်း အကြည်ရောင်ဖြစ်နေကာ ပုံရိပ်ယောင်ပမာဖြစ်သည်။

၎င်းသည် မြန်လွန်းလှသဖြင့် မျက်စိတမှိတ်အတွင်း၌ပင် ကင်းခြေများကြီးက စက္ကူပုစဉ်းရင်ကွဲကို ကိုက်သွားပြီး ကျင်းကြီး၏တစ်ဖက်ရွှံ့နံရံသို့ ရောက်သွားပြီဖြစ်သည်။ ၎င်းက ထိုနေရာတွင် ရပ်လျက် ကိုယ်ကို လှုပ်ကာ ပုစဉ်းရင်ကွဲအား အစွမ်းကုန်ကိုက်ဖြတ် ဝါးစားနေတော့သည်။

ထိုကင်းခြေများကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လူရိပ်တစ်ခုထိုင်လျက်ရှိနေသည်။ ၎င်းသည် မိန်းမပျိုတစ်ဦးဖြစ်သည်။ သူမ၏ ခန္ဓာအောက်ပိုင်းသည် ကင်းခြေများနှင့် တဆက်တည်းဖြစ်ကာ အတူတူကြီးထွားခဲ့သည့်ဟန်ရှိသည်။

သူမ၏ အပေါ်ပိုင်းခန္ဓာကိုယ်ကတော့ အဝတ်မဲ့နေသော်လည်း ရှည်လျားနက်မှောင်သော ဆံသားတို့က ခန္ဓာကိုယ်အား ဖုံးအုပ်ထားသည်။

သူမသည် ဘီးတစ်ချောင်းကိုလည်း ကိုင်ဆောင်ထား၏။ ထိုဘီးဖြင့် ဆံပင်တို့အား ဖီးကာ လေချဉ်တက်ဟန်ဖြင့် အစာမကြေဖြစ်နေသည့် သင်္ချုင်းစာအချို့ကို ထွေးထုတ်လိုက်သေးသည်။ သူမက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ရွှီချင်းဖက်သို့ ကြည့်လိုက်သည်။ ထို့နောက် သင်္ချိုင်းစာများကို မြှောက်လိုက်ပြီး ပြုံးပြလိုက်သည်။

“အရသာအရမ်းရှိတယ်။ မစားဘူးလား။”

ရွှီချင်းသတိအပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုမြင်ကွင်းက ထူးဆန်းလွန်းနေသည်။ တစ်ဖက်လူက သူ့ကိုပြောနေခြင်းမဟုတ်ဘဲ သူ့နောက်ကိုကြည့်ကာ ပြောနေသည်ဟု ရွှီချင်း ရိပ်တိတ်တိတ် ခံစားလိုက်မိသည်။

သူ့နောက်တွင် အနက်ရောင်အခေါင်းတစ်ခုထောင်တက်လာပြီး မိစ္ဆာအရှိန်အဝါလှိုင်းတို့ ထုတ်လွှတ်လာသည်။

၎င်းက လှုံ့ဆောင်မှုကြောင့် အလိုလိုပေါ်ထွက်လာသည့် အရိပ်လေးပင်ဖြစ်သည်။ ၎င်းပေါ်တွင် မျက်လုံးများစွာထွက်ပေါ်လာပြီး ထိုအမျိုးသမီးလက်ထဲက သင်္ချိုင်းစာများကို စိုက်ကြည့်ကာ မျက်လုံးများကို အဆက်မပြတ် ဖွင့်ချည်ပိတ်ချည် လုပ်နေ၏။

“ဘာတွေမျက်တောင် ပေကလပ်လုပ်နေတာလဲ။ ဒီဟာကို စိုက်ကြည့်နေတာလား။”

ကင်းခြေများပေါ်က မိန်းမပျိုက လက်ထဲက သင်္ချိုင်းစာများကို ကြည့်လိုက်သည်။

သို့ရာတွင် ထိုအချိန်၌ ထူးဆန်းသည့်အရာတစ်ခု ဖြစ်လာသည်။ ထိုမိန်းမပျိုလက်ထဲမှ သင်္ချိုင်းစာများပေါ်တွင် တစေမျက်နှာတစ်ခုပေါ်လာပြီး သူမအား ပြုံးပြလိုက်သည်။

“ဗိုက်ဝသွားပြီလား။”

၎င်းစကားဆုံးသွားသည်နှင့် ထိုမိန်းမပျိုရှိနေသည့် ကင်းခြေများက တုန်ခါသွားသည်။ ကင်းခြေများ၏ ကိုယ်ထဲတွင် သင်္ချိုင်းစာပေါင်းမြောက်များစွာ ဖြစ်လာသည်ကို မြင်နိုင်ရသည်။ ထိုသင်္ချိုင်းစာတို့က ကင်းခြေများတကိုယ်လုံးပြည့်သည်ထိ ဖြစ်လာပြီး ၎င်းက အကြည်ရောင်သွင်ပြင်တို့ ဆုံးရှုံးကာ စက္ကူကင်းခြေများတစ်ကောင်အဖြစ် ပြောင်းလဲလာ၏။

ထိုအချိန်တွင် သင်္ချိုင်းစာများအားလုံးတွင် တစေမျက်နှာများပေါ်လာကြသည်။ ၎င်းတို့ တစ်ခုပြီးတစ်ခု ရယ်လိုက်ကြပြီး တစ်ခွန်းတည်းသာ ပြောနေကြတော့သည်။

“ဗိုက်ပြည့်သွားပြီလား…”

All Chapters