← Chapters

ကောက်ကျစ်သော အကြံအစည်

Vol. 31 Ch. 473

ကောက်ကျစ်သော အကြံအစည်

Vol. 31 Ch. 473

ကင်းခြေများပေါ်က မိန်းမပျိုသည် စူးရှသော အော်သံတစ်ချက် ပြုလိုက်တော့သည်။ သူမ၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ရှားသွားပြီး ကင်းခြေများ၏ ခြေထောက်ပေါင်းတစ်ထောင်က ရွှံ့နံရံပေါ်တွင် လျင်မြန်စွာလှုပ်ရှားသွားသည်။ ၎င်းသည် သင်္ချိုင်းစာတို့ကို ခါချချင်သော်လည်း တတ်နိုင်စွမ်းမရှိခဲ့ပေ။

ထိုသင်္ချိုင်းစာတို့က သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်လာပြီး သူ့တကိုယ်လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားသည်။ ၎င်းတို့က မိန်းမပျို၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကိုပင် ဖုံးအုပ်တော့မည့်ဟန်ရှိလာသည်။

ထိုသင်္ချိုင်းစာများပေါ်မှ တစေမျက်နှာများသည် ဆိုးရွားသောအသံများ အဆက်မပြတ် အော်ဟစ်သည်တွင် အသံများသည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်နှံ့သွားတော့သည်။

“ဗိုက်ပြည့်သွားပြီလား။”

ထိုအသံတို့က အထပ်ထပ်မြည်နေပြီး လူပေါင်းများစွာ အော်ဟစ်နေသည့်အလားပင်။

ထိုမိန်းမပျို၏ မျက်နှာတွင် ခက်ထန်မှုတို့ ထင်ဟပ်လာသည်။ သူမက သင်္ချိုင်းစာများကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်းကို ခံစားမိလာပြီးနောက် သူမက ခန္ဓာကိုယ်ကို ရွှံ့နံရံထဲသို့ ဝင်တိုးလိုက်သည်။ ထိုရွှံ့တို့က ပြန့်ထွက်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် အတွင်းသို့ တိုးဝင်ထိုးဖောက်သွားကာ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် အောက်မှ အလောင်းများ၏ မျက်နှာများပေါ်က သင်္ချိုင်းစာများလည်း တစ်ခုပြီးတစ်ခု ပျံတက်လာကြပြီး ကင်းခြေများကြီး ဝင်သွားသည့်နေရာသို့ ဝဲပျံလာကြသည်။

တစေမျက်နှာတို့က ရယ်မောလိုက်ကြပြီး ရွှံ့နံရံထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကင်းခြေများကြီးနောက်သို့ လိုက်ပါသွားကြသည်။

ထိုနေရာသည် ထောင်ခြောက်တစ်ခု ဖြစ်နေသည်က မှန်နေဟန် ရှိသည်။ သို့သော် ပစ်မှတ်က ရွှီချင်းမဟုတ်ဘဲ ထိုထူးဆန်းသည့် ကင်းခြေများကြီးသာ ဖြစ်သည်။

သို့မဟုတ် ကင်းခြေများကြီးပေါ်ထွက်လာခြင်းက သင်္ချိုင်းစာတစေများကို ဆွဲဆောင်သွားပြီး ပစ်မှတ်ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။

ရွှီချင်းက မည်သည့်အရာက အမှန်ဖြစ်နေသည်ကို မသေချာနိုင်ဘဲ ခန့်မှန်းရုံသာတတ်နိုင်တော့သည်။

သူက ကင်းခြေများကြီး ထွက်သွားရာနေရာကို ကြည့်လိုက်ပြီး ထိုနေရာကို သတိပိုထားမိလာ၏။ သင်္ချိုင်းစာများဖြစ်စေ ကင်းခြေများကြီးဖြစ်စေ နှစ်ကောင်လုံးက သူ့အား ဘေးအန္တရာယ်ကြီးသည့် ခံစားချက်မျိုး ပေးနေသည်။

ထိုခံစားချက်က ကျင့်ကြံဆင့်နှင့် သက်ဆိုင်ခြင်းမရှိပေ။ ၎င်းသက်ရှိများကိုယ်တိုင်က ထူးဆန်းလျို့ဝှက်သော စွမ်းအားတစ်ခုခုကို ပိုင်ဆိုင်နေသည့်အလားပင်။

“အနီရောင်လနဲ့ နည်းနည်းတူတယ်…ငါ့တားမြစ်အဆိပ်ဆေးလုံးက သူတို့ကို ချေမှုန်းနိုင်လောက်မလား။ ဒါမှမဟုတ် ခရမ်းရောင်လကို သုံးလို့ရလောက်မလား။”

ရွှီချင်းက ရေရွတ်နေလိုက်သည်။ သို့ရာတွင် သူက ဤနေရာတွင် သူ့ကိုယ်သူ လူသိ မခံစေချင်သေးပေ။ သူက သတိကြီးစွာထားလျက် အောက်ဘက်မှ အလောင်းများထံ ချဉ်းကပ်လိုက်ပြီး ပတ်လည်တွင် ပြန့်ကျဲနေသည့် ကျောက်တိုင် အပိုင်းအစများနှင့် အလောင်းများပေါ်က သိုလှောင်အိတ်တို့ကို သိမ်းယူလိုက်သည်။

သူက ဆက်လက်ဆင်းသွားလိုက်ရင်း ထိုသိုလှောင်အိတ်များကို ဖွင့်ကြည့်လိုက်သည်။ ထိုအိတ်များထဲတွင် ကျောက်တိုင် အပိုင်းအစများ အမှန်ပင်ရှိနေပြီး စု‌စုပေါင်းတစ်ရာခန့်ရှိနေသည်။

၎င်းတို့အား သိမ်းလိုက်ပြီးနောက် ရွှီချင်းက သတိစိတ်ကပ်လျက်ပင် အောက်သို့ဆက်ဆင်းလိုက်သည်။

ထိုအနက်ပိုင်းတွင် အနံ့ဆိုးသည် ပိုမိုပြင်းထန်လာပြီး သီချင်းသံကလည်း ပိုပြတ်သားလာသည်။ အအေးဓာတ်နှင့် ဓာတ်နှောတို့ကလည်း ပိုလေးလံသိပ်သည်းလာကြသည်။ သို့ရာတွင် ပတ်ပတ်လည်တွင် ကျောက်တိုင် အပိုင်းအစအချို့လည်း ပေါ်ထွက်လာကြလေသည်။

ရွှီချင်းက ၎င်းတို့အား မြင်သည်နှင့် လျင်မြန်စွာ စုဆောင်းသိမ်းယူလိုက်သည်။

ဤသို့ဖြင့် တစ်ရက် ကုန်လွန်လာခဲ့သည်။

ထိုအချိန်တွင်းတွင် ရွှီချင်းက အလောင်းအချို့လည်း တွေ့ခဲ့ရသေးသည်။ ၎င်းတို့၏ ပုပ်သိုးမှုက ပြင်းထန်လွန်းလှကာ သူနှင့်အတူဝင်ရောက်ခဲ့သူများ ဟုတ်မဟုတ်ကိုပင် မပြောနိုင်တော့ပေ။

ထိုအ‌လောင်းများဘေးတွင် ခွေးရိုင်းများကဲ့သို့ ဝိုင်းနေသည့် တစေများလည်း’ ရှိတတ်ကြသေးသည်။

ထို့အပြင် ထိုအလောင်းများတွင် သိုလှောင်အိတ်များလည်း ရှိမနေကြတော့ပေ။

ထိုအချက်တွင် ရွှီချင်းက သတိပိုထားလာမိပြီး အောက်သို့ ဆင်းသည့်နှုန်းကိုလည်း လျှော့ချလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သူက မိစ္ဆာတစေဆိုးများစွာကိုလည်း ရင်ဆိုင်တွေ့ခဲ့ရသေးသည်။ ဥပမာဆိုရလျှင် တောင်ကဲ့သို့ အသားထုကြီးဖြင့် ဝမ်းဗိုက်နေရာတွင် အပေါက်ကြီးတစ်ခုရှိလျက် ၎င်းအပေါက်ကြီးမှ မြေသားများထွေးထုတ်နေသည့် အကောင်ကြီးတစ်ကောင်လည်း ရှိနေသေးသည်။

နောက်တစ်ကြိမ်တွင်တော့ ရွှံ့နံရံတွင် မျက်လုံးကဲ့သို့သော အပင်များကိုလည်း တွေ့ခဲ့ရသေးသည်။ ၎င်းတို့က ရွှီချင်းအား ခက်ထန်ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့ကြသည်။

လှပသော ဝတ်စုံများဖြင့် နတ်သမီးကဲ့သို့ အကမယ်များလည်း ရှိနေသေးသည်။

၎င်းတို့က ရွှံ့နံရံများမှ မျော့လွင့်ထွက်လာကြပြီး လှုပ်ရှားကခုန်လျက် တစ်ဖက်စွန်းက ရွှံ့နံရံသို့ ဖြတ်သန်းသွားကြသည်။ ၎င်းတို့က လှပလှသော်လည်း မျက်နှာတို့တော့ ကင်းမဲ့နေကြသည်။

ထိုနေရာတွင် အသည်းနုသူသာဖြစ်နေလျှင် ကြောက်စိတ်ဖြင့် ခြေထောက်များပျော့ခွေကာ တချိုးတည်း ထွက်ပြေးကြပေလိမ့်မည်။

ထိုနေရာက ပိန်းပိတ်အောင်ပင် မှောင်မည်းနေပြီး ကျဉ်းမြောင်းကာ အနံ့ဆိုးများဖြင့်လည်း ပြည့်နေသည်ပင်။ ထိုမိစ္ဆာတစေများဖြစ်စေ အမြဲရှိနေသည့် သီချင်းသံဖြစ်စေ စိတ်ဝိညာဉ်တို့အား တုန်လှုပ်မိစေသည်ပင်။

သို့ရာတွင် ရွှီချင်းကတော့ ထူးထူးခြားခြား မခံစားရပေ။ သူသည် ၎င်းထက် ဆိုးဝါးသော ဘဝအတွေ့အကြုံများစွာကို ကြုံတွေ့ဖူးပြီး ဖြစ်သည်။

ဒုတိယနေ့ကုန်ဆုံးခါနီးအချိန်တွင် လွန်စွာနက်ရှိုင်းသောအနက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည့် ရွှီချင်းက ကျောက်တိုင် အပိုင်းအစပေါင်း နှစ်ရာကျော်စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုမျှပမာဏသည် ထိပ်ဆုံးအဆင့်ထဲသို့ ဝင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

သူ ဆက်ဆင်းရန် စဉ်းစားနေဆဲတွင်ပင် အရိပ်လေး၏ဖြစ်တည်မှု အခေါင်းသည် သူ့အလိုလို ပေါ်ထွက်လာသည်။ ၎င်းမျက်လုံးတို့အားလုံးက ပွင့်နေပြီး တစ်ဖက်နံရံကို စိုက်ကြည့်လျက်ရှိနေကြသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်ပြတ်သားသော လှိုင်းများလည်း ရွှီချင်းထံပို့လွှတ်လာသည်။

ရွှီချင်း၏ စိတ်တို့ လှုပ်ရှားသွားသည်။ သူက ခေါင်းမော့လိုက်ချိန်တွင် သံချောင်းက ပျံထွက်သွားပြီး ရွှံ့နံရံသို့ တန်းဦးတည်ဝင်ရောက်သွားကာ ကျင်းပေါက်ကြီးတစ်ခုကို ဖောက်ခွဲလိုက်ပြီးနောက်တွင် အထဲရှိ သေအံ့ဆဲဆဲ ကင်းခြေများမိန်းမပျို ပေါ်ထွက်လာ၏။

ထိုအချိန်တွင် သူမ၏ကင်းခြေများ ခန္ဓာကိုယ်က သင်းချိုင်းစက္ကူများအဖြစ် ပြောင်းလဲသွားပြီပင်။ ၎င်းက အတွင်းကလီစာတို့ ဝါးမျိုခံထားရသည့်အလား ရှုံ့တွနေပြီး စက္ကူအရေပြားတစ်လွှာသာ ကျန်ရှိပေတော့သည်။

မျက်လုံးအောက်မှ စသည့် လူ့ကိုယ်တစ်ပိုင်းကလည်း ထိုနည်းတူပင်ဖြစ်သည်။ သူမသည် ထိုနေရာတွင် မလှုပ်မယှက်ဖြင့် သေခြင်းကို စောင့်နေသည့်အလား အာရုံမဲ့နေသည့် မျက်လုံးတို့ဖြင့် လဲလျောင်းနေတော့သည်။

ရွှီချင်းက တစ်ချက်ကြည့်လိုက်ပြီး အကြည့်ပြန်လွှဲလိုက်သည်။ သူက ထွက်ရန်ပြင်လိုက်စဉ်မှာပင် အရိပ်လေးထံမှ တောင်းပန်သည့်ဟန် လှိုင်းများ ထွက်လာသည်။

“သူကို ကယ်တင်ပေးစေချင်တာလား။”

ရွှီချင်းအံ့သြသွားသည်။ အရိပ်လေးထံမှ ထိုသို့ခံစားချက်မျိုးထွက်လာသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

“အရှိန်အဝါက….ရင်းနှီးနေ…..ကယ်စေချင်…”

ရွှီချင်း ငြိမ်ကျသွားသည်။ အချိန်အတန်ကြာပြီးနောက်တွင်မှ သူ ခေါင်းညိတ်လိုက်တော့သည်။

“ကြိုးစားကြည့်တာပေါ့။”

အရိပ်မှ ဖြစ်လာသည့် အခေါင်းသည် ချက်ချင်း ယိမ်းနွဲ့လှုပ်ရှားသွားသည်။  ရွှီချင်းက တစ်ချက် ကြည့်လိုက်သော်သည်း  အရိပ်လေးက ကျင်းကန်းဂိုဏ်းဘိုးဘေးကြောင့် အကျင့်ပျက်လာသည်ကို သူကျင့်သားရနေသည်ပင်။

သူက စက္ကူကင်းမြီးကောက်ရှိသည့် ကျင်းကြီးထံလျှောက်သွားလိုက်သည်။

သူ ရောက်ရှိသွားချိန်တွင် သင်္ချိုင်းစက္ကူအဖြစ်ပြောင်းလဲသွားသည့် ထိုမိန်းမပျို၏ အသက်မဲ့နေဟန်မျက်လုံးတို့က လှိုင်းအနည်းငယ် ထလာသည်။ သို့သော် သူမက စကားပြောနိုင်စွမ်းတော့ မရှိသေးပေ။

ရွှီချင်းက တည်ငြိမ်စွာ လျှောက်လာလိုက်ပြီး သေချာကြည့်လိုက်သည်။ သူ့ကိုယ်ထဲက တတိယနတ်နန်းတော်သည် တုန်ခါလာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ထဲက အဆိပ်စွမ်းအားတို့ ပြန့်ထွက်လာကာ ကင်းခြေများမိန်းမပျိုထံ ပြန့်ထွက်သွားသည်။

ထိုအဆိပ်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းကျူးကျော်ပျံ့နှံ့သွားသည်။

ထိုမိန်းမပျို၏ မျက်လုံးတို့တွင် ခြောက်ခြားမှုတို့ထင်ဟပ်လာသည်။ နောက်တစ်ခဏတွင် သူမကိုယ်ပေါ်ပေါ်ရှိ သင်္ချိုင်းစက္ကူစာများအားလုံးသည် တစေမျက်နှာများအဖြစ် တပြိုင်နက်ပြောင်းသွားကြပြီး ရွှီချင်းထံစိုက်ကြည့်ကာ ပြိုင်တူအော်လိုက်ကြသည်။

သို့ရာတွင် ၎င်းတို့က မိစ္ဆာစကားသံတို့ မဟုတ်တော့ဘဲ စူးရှသော အော်သံတို့ အဖြစ်သာ ထွက်လာကြတော့သည်။

ရွှီချင်း၏ အဆိပ်တို့က သင်္ချိုင်းစက္ကူစာများထဲသို့ စိမ့်ဝင်သွားကြသည်။ ၎င်းတို့ ဖြတ်သွားရာနေရာတိုင်းတွင် သင်္ချိုင်းစာများသည် မည်းနက်သွားပြီး အရည်ပျော်ကျလာကြသည်။ မကြာမီ သင်္ချိုင်းစာများအားလုံးက အနက်ရောင်အရည်များအဖြစ် ပြောင်းလဲကာ မြေကြီးထဲသို့ စိမ့်ဝင်သွားကြတော့သည်။

သင်္ချိုင်းစာများ ကွယ်ပျောက်သွားပြီးနောက် ကင်းခြေများ၏ ခုခံရာမဲ့ကိုယ်ထဲသို့လည်း ရွှီချင်း၏ အဆိပ်များ ကျူးကျော်ပျံ့နှံ့သွားကြသေးသည်။

ထိုမိန်းမပျို၏ မျက်လုံးအောက်ပိုင်းနေရာတို့မှ စတင်ညိုမဲလာသည်။ သူမမျက်လုံးတို့က ပို၍ အခွံသက်သက်ဖြစ်လာကြချိန်တွင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ တတိယနတ်နန်းတော် လှုပ်ခါသွားလေသည်။

ချက်ချင်းပင် ကင်းခြေများမိန်းမပျို၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့နေသည့် အဆိပ်များအပါအဝင် ပြန့်ထွက်နေသည့် အဆိပ်များအားလုံး၊ ဂယက်လှိုင်းထ လှုပ်ရှားလာပြီး ရွှီချင်း၏ နတ်နန်းတော်ထဲသို့ ပြန်ဝင်သွားကြသည်။

ထိုသို့လုပ်ဆောင်ပြီးနောက်တွင် ကင်းခြေများမိန်းမပျို၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူမက အားအင်ဖျော့တော့စွာ ခေါင်းထလာ၏။ သူမက ရွှီချင်းကို တစ်ချက်ကြည့်လိုက်ပြီး မြေကြီးထဲသို့ ဝင်ရောက်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

ရွှီချင်းကလည်း အာရုံမစိုက်တော့ပေ။ သူက ကျင်းအစွန်တွင် ရပ်နေလျက် ခေတ္တစဉ်းစားနေလိုက်သည်။ သူသည် ထိပ်ဆုံးဆယ်ဦးထဲသို့ သေချာပေါက်ဝင်နိုင်ရန်အတွက် တိုင်အပိုင်းအစများ ဆက်လက်ရှာဖွေခြင်းက ပိုကောင်းမည်ဟု တွေးမိသည်။

ထို့ကြောင့် သူက အောက်သို့ ခုန်ကာ ဆက်လက် ဆင်းသက်လိုက်တော့သည်။ ဤသို့ဖြင့် နေ့တဝက်ထပ်မံကုန်လွန်သွားပြီးနောက်တွင် ရွှီချင်းသည် အပိုင်းအစ ၂၄၃ခု အထိ စုဆောင်းမိ၏။

ပြိုင်ပွဲဝင်များအား ပေးအပ်ထားသော အချိန်သည် နေ့တဝက်သာ ကျန်တော့သည်။ ရွှီချင်းက ဆက်သွားရန် စိတ်မကူးတော့ဘဲ ထွက်ခွာရန်ပြင်လိုက်သည်။

သူက နောက်ဆုံးအပိုင်းစကို သိမ်းနေချိန်တွင်ပင် သူ့မျက်လုံးအိမ်တို့ ကျဉ်းမြောင်းသွားတော့သည်။

သက်ရှိလူတစ်ဦးကို တွေ့မြင်လိုက်ရခြင်းပင်။

ဤကား တစ်ရက်နှင့် နေ့တစ်ပိုင်းအချိန်အတွင်းတွင် သူ ပထမဆုံးမြင်တွေ့ရသည့် သက်ရှိလူပင်ဖြစ်သည်။

ထိုက်စီရှန်းမုန်ဂိုဏ်းက တာအိုသားတော်ပင်ဖြစ်သည်။

ထိုလူသည် ကျင်းကြီးထက် ပိုနက်သော နေရာတွင် ရှိနေသည်။

ထိုနေရာပတ်လည်တွင် ဂူများ ရှိနေကြသည်။ ထိုအချိန်တွင် တာအိုသားတော်က ထိုဂူပေါက်များ အကြား လူးလာပျံသန်းလျက် မိစ္ဆာတစေတစ်ကောင်နှင့် တိုက်ခိုက်နေ၏။

သူတို့၏လှုပ်ရှားမှုများက မြန်ဆန်လွန်းလှသည်။ သူတို့က တိုက်ကွက်ခြင်းဖလှယ်နေရာမှ တဝုန်းဝုန်း အသံများ ရံဖန်ရံခါ ပဲ့တင်ထွက်လာသေးသည်။ သို့သော် ထိုပတ်လည်နေရာတို့က ထူးခြားစွာရှိနေသဖြင့် အသံတို့က များစွာဝေးသည်အထိတော့ ပျံ့နှံ့ခြင်းမရှိပေ။

တာအိုသားတော်နှင့် တိုက်ခိုက်နေသည့် မိစ္ဆာတစေကတော့ လွန်စွာအစွမ်းထက်ကာ ခက်ထန်ကြမ်းကြုတ်လှသည်။

၎င်းသည် လူအသွင်ရှိသော်လည်း ခန္ဓာကိုယ်ရေပြားတော့ ကင်းမဲ့နေသည်။ ၎င်း၏တကိုယ်လုံးက ခြောက်သွေ့နေပြီး အက်ကွဲကာ မီးကျွမ်းနေသည့်အလောင်းကဲ့သို့ ဖြစ်သည်။

သို့ရာတွင် ၎င်း၏ လှုပ်ရှားမှုတို့ကတော့ သွက်လက်လျင်မြန်လွန်းလှသဖြင် တာအိုသားတော်ပင် လွတ်မြောက်နိုင်ခြင်းမရှိသေးပေ။

မီးကျွမ်းအလောင်းကောင် တိုက်ကွက်တိုင်းတွင် ဝန်းကျင်တခုလုံး အနက်ရောင်မီးတောက်များ လောင်မြိုက်သွားလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် ၎င်းထုတ်လွှတ်နေသည့် အရှိန်အဝါတို့ကလည်း ရွှီချင်းတစ်လျှောက်လုံးတွေ့ခဲ့သမျှထဲတွင် အပြင်းထန်ဆုံးဖြစ်သည်။

၎င်းသည် နန်းတော်ခြောက်ခုအဆင့်သို့ရောက်ရှိနေ၏။

အထူးသဖြင့် ၎င်း၏အနက်ရောင်မီးတောက်က စွမ်းအားပြင်းလှသည်။ သူ ထုတ်လွှတ်သည်က လောင်ကျွမ်းမှုအပူဓာတ်မဟုတ်ဘဲ အအေးဓာတ်သာဖြစ်သည်။

၎င်းသည် မြေအောက်ကမ္ဘာမီးတောက်ဖြစ်သည်။ ဝိညာဉ်ကို စွဲလောင်နိုင်စွမ်းရှိနေသည်။

ထိုအချက်တို့အားလုံးကြောင့် တာအိုသားတော် မျက်နှာပျက်လာရသည်။ သူက ထိုမီးလောင်နေသည့် အလောင်းကောင် လိုက်လံတိုက်ခိုက်သည်ကို ကြာမြင့်စွာ ခံနေခဲ့ရသည်။ သူက လျို့ဝှက်အတတ်တစ်ခုသုံးကာ ၎င်းအား ကြိမ်ဖန်များစွာ ဖျက်စီးနိုင်ခဲ့သော်လည်း နောက်တခဏတွင်း အလောင်းကောင်သည် ပြန်လည် ပုံပေါ်လာပြန်သည်။ သူ့အား ထိခိုက်အောင် လုပ်နိုင်မည့်နည်းလမ်းအား သူ ရှာမတွေ့ချေ။

သူက ဝိညာဉ်ဖျက်ဆီးခြင်းအတတ်တချို့ ထုတ်သုံးခဲ့သည့်တိုင် အချည်းနှီးသာ ဖြစ်နေခဲ့သေးသည်။ ထိုမီးစွဲလောင်နေသည့် အလောင်းကောင်သည် သေဆုံးနိုင်ခြင်းမရှိသကဲ့သို့ ဖျက်စီးမရနိုင်ဖြစ်နေဟန်ရှိတော့သည်။ ၎င်းက တစ်ခါတစ်ရံတွင် ထူးဆန်းသော စွမ်းအားများဖြင့် ပေါက်ကွဲထွက်တတ်သေးရာ ကြောက်စိတ်တို့ စွဲထင်နေမိသည်အထိပင်။

“လခွမ်းပဲ… အဲဒီနေရာကို ခြေတစ်လှမ်းလောက်ပဲ လိုတော့တာ။ ဒီဓာတ်ငါးပါးအလောင်းကောင်က ဘယ်လို လွတ်ထွက်လာနိုင်တာလဲ။ ဆရာဘိုးဘိုးရဲ့ တွက်ချက်မှုက မှားနေပြီး အောက်မှာ တစ်ခုခုများဖြစ်ခဲ့တာလား။”

တာအိုသားတော်၏ မျက်နှာက သုန်မှုန်နေတော့သည်။ အမှန်က ဆရာဘိုးဘိုးပေးအပ်သည့် တိုက်ရိုက်ခန့်အပ်ခြင်းကို ငြင်းပယ်ခဲ့ရခြင်းမှာ ထိုတစေဂူကို ဝင်နိုင်ရန်အတွက်သာ ဖြစ်သည်။

သူက ဤတစ်ကြိမ်အရည်အချင်းစစ်ပွဲသည် တစေဂူတွင် ကျင်းပမည်ကို သိရှိခဲ့ပြီး ဖြစ်သည်။ သူ့ဆရာဘိုးဘိုးကလည်း တစေဂူအပေါ်ပိုင်းတွင် သူလိုသည့်အရာများ ရှိနေကြောင်း အလေးပေးပြောခဲ့သေးသည်။ သူ ရနိုင်ခြင်း မရနိုင်ခြင်းကတော့ ကံအပေါ်သာ မူတည်နေ၏။

အမှန်တော့ ဤနေရာရှိ အနေအထားအချို့ကိုလည်း သူကောင်းကောင်းသိထားပြီး ဖြစ်သည်။ ထိုကြောင့် သူက တစေဂူထဲသို့ ဝင်ရောက်လာသည်နှင့် ထိုနေရာသို့ တန်းတန်းမတ်မတ် လာခဲ့ခြင်းပင်ဖြစ်သည်။

သို့ရာတွင် နောက်ဆုံးတွင်တော့ မီးစွဲအလောင်းကောင်က သူ့အားဟန့်တားထားသဖြင့် ‌ရှေ့ဆက်သွားနိုင်ခြင်းမရှိတော့ပေ။ ထိုအလောင်းကောင်ကလည်း သူ့နောက်သို့ တစိုက်စိုက်မတ်မတ်လိုက်နေပြီး ခါချမရနိုင်အောင်ပင်။ သူ အတင်းထိုးဖောက် ပြေးထွက်ချိန်တိုင်းတွင် အလောင်းကောင်သည် ခက်ထန်စွာဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်သေးသည်။

သူ့ရှေ့က ထိုကြောက်မက်ဖွယ် အစွမ်းထက်အလောင်းကောင်အကြောင်းကို သူ ကောင်းကောင်းသိနေကာ ၎င်းသည် သာမန်မဟုတ်ကြောင်းကို ကောင်းစွာ နားလည်ထားသည်။

“ဒီအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူး။”

သူက မည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေရင် ရုတ်တရက်နောက်ဆုတ်လိုက်ပြီး ရှေ့က မီးစွဲအလောင်းကောင်ကို ရှောင်တိမ်းလိုက်သည်။ ထိုအလောင်းကောင်က နောက်တစ်ကြိမ် ခုန်အုပ်လာသည်ကို သူကစောင့်ကြည့်နေလိုက်သည်။

သူ့မျက်လုံးတွင် စူးရှသော အလင်းတစ်ချက် လက်သွားပြီး တိုက်ခိုက်ရန်ပြင်လိုက်စဉ်မှာပင် ရောက်ရှိလာခါစ ရွှီချင်းအား တွေ့မြင်လိုက်မိတော့သည်။

သူတို့နှစ်ဦးကြားတွင် ပေနှစ်ထောင်ခန့်ကွာဝေးနေသေးသည်။

ဝန်းကျင်နေရာတို့က မှောင်ကျနေသော်လည်း သူတို့က အချင်းချင်းပြတ်သားစွာ မြင်နိုင်သေးသည်။ ၎င်းတို့ အကြည့်ချင်းဆုံသည့် တခဏတွင် ရွှီချင်းက မျက်ခုံးများ ပင့်လိုက်ပြီး အောက်က ချောက်ကမ်းပါးကြီးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်သူက နောက်ပြန်ဆုတ်လိုက်သည်။

သူက ထိုနေရာမှ ထွက်သွားရန် စိတ်ကူးထားပြီးဖြစ်ကာ တိုက်ပွဲထဲ ဝင်မပါလိုပေ။

“မင်းပဲ။”

သို့ရာတွင် ရွှီချင်းနောက်ဆုတ်လိုက်သည့် တခဏတွင်ပင် ပေနှစ်ထောင်အကွာရှိ တာအိုသားတော်၏ မျက်နှာတွင် ထူးဆန်းသည့် အလင်းတစ်ခုလက်သွားသည်။

သူက တွန့်ဆုတ်ခြင်း အလျင်းမရှိပေ။ အလောင်းကောင်က လျင်မြန်စွာခုန်အုပ်လာသော်လည်း သူက အာရုံမစိုက်‌တော့ပေ။ ထိုအစား လက်နှစ်ဖက်ဖြင့်သာ လက်ဟန်တို့ အတွဲလိုက် ပြုလုပ်နေတော့သည်။

ချက်ချင်းတွင် သူ့ ခန္ဓာကိုယ်ပြင်ပရှိ ဗလာနယ်သည် တွန့်လိမ်သွားပြီး လေဟာနယ် တုန်လှိုင်းများ ဖြစ်လာသည်။ ထို့နောက်တွင် သူ့ညာလက်ကို မြှောက်လိုက်ပြီး နဖူးကို ရိုက်လိုက်တော့သည်။ ထိုခဏ၌ သူ့နဖူးတွင် အက်ကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုနဖူးကြားရှိ အက်ကြောင်းထဲမှ လက်တဝါးအရွယ် သိုးနက်တစ်ကောင် ခေါင်းပြူထွက်လာပြီး ရွှီချင်းထံ လှမ်းအော်ကာခေါ်လိုက်သည်။

ပဲဟဲဟဲ…

ရွှီချင်း၏ စိတ်တို့ ချက်ချင်းလေးလံလာပြီး နောက်သို့အမြန်ဆုတ်လိုက်သည်။ သို့ရာတွင် သူ့ပတ်လည်ရှိ ဗလာနယ်မှ လေဟာနယ်အပိုင်းစများစွာ ကြေမွသကဲ့သို့ ကွဲအက်သံတို့ကို ခံစားမိလိုက်ရသည်။ ၎င်းတို့နှစ်ဦးအား ခေါ်ယူသွားပြီး နေရာချင်းလဲသွားပြီးနောက်မှ လေဟာနယ် ပြန်ဖြစ်လာသည်။

ကမ္ဘာကြီးတစ်ခုလုံး လည်သွားလေသည်။ အားလုံးပြန်လည် ကြည်လင်လာချိန်တွင် ရွှီချင်းက တာအိုသားတော်၏ယခင်နေရာကို ရောက်ရှိလာနေကြောင်းသိလိုက်ရပြီး သုန်မှုန်သွားသည်။

တစ်ဖက်လူကတော့ သူ့ယခင်နေရာတွင် သွားပေါ်နေသည်။ ၎င်းတို့က ထိုခဏအတွင်း နေရာချင်း အတင်းအကြပ်လဲလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အလောင်းကောင်ကလည်း အနီးသို့ရောက်လာပြီး ရွှီချင်းထံ ခုန်အုပ်လာ၏။

တာအိုသားတော်ကတော့ ရွှီချင်း ယခင်ရှိနေခဲ့သောနေရာတွင် ရပ်ကာ ရယ်လိုက်သေးသည်။ သူက ရွှီချင်း အကူအညီဖြင့် မီးစွဲအလောင်းကောင်ကို မျှားကာ သူ့အရှိန်ကလည်း ပေါက်ကွဲထွက်သွားပြီး ကျင်းကြီး၏ အောက်ခြေသို့ ထွက်ခွာသွားလေသည်။

ရွှီချင်းက တာအိုသားတော်၏ ထွက်ခွာသွားသည့်နောက်ကျောကို အေးစက်စွာ ကြည့်လိုက်တော့သည်။

All Chapters