← Chapters

သံသရာခရီးတွင် စောင့်စားရင်း နစ်မြုတ်နေခဲ့သူ

Vol. 32 Ch. 474

သံသရာခရီးတွင် စောင့်စားရင်း နစ်မြုတ်နေခဲ့သူ

Vol. 32 Ch. 474

တာအိုသားတော၏ မန္တာန်အတတ်သည် လျို့ဝှက်ဆန်းကြည်လှသည်။ ထိုသို့ နေရာချင်းလဲသည့် စွမ်းရည်မျိုးအား ပထမဆုံးကြုံတွေ့ရချိန်တွင် ခုခံရန် မလွယ်ကူပါ။

တစ်ဖက်လူ၏ ရယ်သံကိုတော့ ရွှီချင်းက အသေအချာ ကြားလိုက်ပြီး ကောင်းကောင်း မှတ်သားထားသည်။

သို့ရာတွင် ယခုအချိန်တွင် ထိုအကြောင်းကို စဉ်းစားရန် အချိန် မဟုတ်သေးပေ။ မီးစွဲအလောင်းကောင်သည် သူ့ထံသို့ လျင်မြန်စွာ ခုန်အုပ်လာနေသည်။

ထိုအလောင်းကောင်သည် တာအိုသားတော်နှင့် တိုက်ခိုက်လုံးပမ်းနေရသည့် အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိရမည်ဟု ရွှီချင်း တွေးထင်ထားသည်။

သို့ဖြစ်ရာ သူက သတိမလစ်ရဲပေ။ သူသည် နောက်သို့ ဆုတ်လိုက်ပြီး လက်နှစ်ဘက်လုံးဖြင့် လက်ဟန်တို့ အတွဲလိုက် ပြုလုပ်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး လှိုင်းများထလာပြီး အလောင်းကောင်ထံသို့ တဝီဝီပျံကာ တိုက်ခတ်သွားကြသည်။

တစ်ချိန်တည်းမှာပင် အရိပ်လေးကလည်း အခေါင်းအသွင် ချက်ချင်းပြောင်းကာ နောက်ဆုတ်နေသည့် ရွှီချင်းထံသို့ ပေါင်းစည်းဝင်သွားသည်။

ကျယ်လောင်သော မြည်သံတစ်ခု အရပ်မျက်နှာမျိုးစုံသို့ ပြန့်ကားထွက်သွားပြီး ပင်လယ်လှိုင်းများအလား တိုက်ခတ်သွားကာ အလောင်းကောင်အား နစ်မြုပ်ဖုံးလွှမ်းသွားကြသည်။

ထိုအချိန်တွင် ရွှီချင်းမှာ အရိပ်လေးနှင့် ပေါင်းစည်းသွားပြီ ဖြစ်သည်။ သူ့ တကိုယ်လုံးသည် မည်းနက်နေပြီး မျက်လုံးတို့တွင် စူးရှသော အလင်းတစ်ခု ထင်ဟပ်လာသည်။ သူက ရှေ့သို့ ပြေးဝင်ခြင်း မပြုတော့ဘဲ နောက်သို့သာ ဆုတ်လိုက်ရ၏။

သူ့ အမြန်နှုန်းသည် ထိုးတက်သွားပြန်ကာ နတ်နန်းတော်ငါးခုအဆင့်သို့ ရောက်ရှိလာသည်။ သူက လျင်မြန်စွာဖြင့် လက်သီးချက်များ ထုတ်လွှတ်လိုက်‌သည်။

သူ့လက်သီးတို့ ကျရောက်သွားသည်နှင့် တပြိုင်နက် သူ့ရှေ့က လှိုင်းတို့သည် အတွင်းပိုင်းမှနေ၍ ပေါက်ကွဲပြိုကျလာ၏။

သူ့ရှေ့မှ မန္တန်အတတ်ကြောင့် ဖြစ်လာသော ပင်လယ်ရေလှိုင်းသည် အရပ်မျက်နှာမျိုးစုံသို့ ပြန့်နှံ့သွားသည်နှင့် တပြိုင်နက် မီးစွဲအလောင်းကောင် အပြင်သို့ ခုန်ထွက်လာ၏။

ထိုအလောင်းကောင်သည် လျင်မြန်လွန်းလှသဖြင့် ရွှီချင်းသည်ပင် အသေအချာ မမြင်လိုက်ပါ။ တစ်ဖက်လူက ပြန့်ကားထွက်နေသည့် လှိုင်းများပေါ် တက်လှမ်းနေသည်ကိုသာ အာရုံခံမိလိုက်ပြီး မျက်စိတမှိတ်အတွင်း ၎င်းသည် သူ့ရှေ့သို့ ရောက်ရှိလာ၏။

၎င်းသည် ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသော မီးစွဲအလောင်းကောင် ဖြစ်သည်။

၎င်းက နားကွဲမတတ် ဟိန်းသံတစ်ချက် ပြုလိုက်ပြီး ရွှီချင်း၏ ညာလက်သို့ လက်သီးများဖြင့် ထိုးနှက်တိုက်ခိုက်သည်။

တစ်ဖက်လူ၏ လက်သီးမှ အံ့မခန်း ပြင်းထန်သော စွမ်းအားများ ထွက်လာသည်ကို ရွှီချင်း ခံစားလိုက်မိပြီး အားလှိုင်းများသည် သူ၏ ခန္ဓာကိုယ်သို့ လာရောက် ထိမှန်ရိုက်ခတ်ကြသည်။ သူလက်ရှိ ရုပ်ခန္ဓာသန်မာမှုဖြင့်ပင် ထိုလက်သီးချက်ကို ခံနိုင်ရည် မရှိပေ။

ဝုန်းခနဲ မြည်သံနှင့်အတူ သူသည် နောက်သို့ လွင့်စင်သွားကာ ရွှံ့နံရံနှင့် ထိမှန်လျက် ထိုနေရာ၌ ချိုင့်ခွက်ကြီး ဖြစ်သွားသည်။

“သူ့တိုက်ခိုက်ရေးစွမ်းရည်ဟာ တကယ်ပဲ နန်းတော်ခြောက်ခု ရှိနေတာပဲ။”

“ဒါပေမဲ့ သူက ကျန်းစစ်ယွင်နောက်ကို လိုက်မသွားဘူးဆိုတော့ အသိဉာဏ်မရှိဘဲ ပင်ကိုယ်သိစိတ်ပဲ ရှိတဲ့ သားရိုင်းတစ်ကောင်လိုပဲ။ ဒါပေမဲ့ သူ့မှာ ပင်ကိုယ်သိစိတ် ရှိနေသရွေ့ အဆင်ပြေတယ်။”

“သူက အခုမှ ငါ့ကို ပစ်မှတ်ထားနေတာပဲ။ ငါ လက်သီးချက် ထုတ်လိုက်ပြီးတဲ့နောက်မှာ သူဟာ ငါ့ထက် မြန်နေပေမဲ့ ငါ့လက်သီးကိုပဲ ပြန်ထိုးတယ်။ ဒီတော့ သူ့တွေးခေါ်ပုံဟာ အရမ်းရိုးစင်းတာကို ပြနေတာပဲ။”

ရွှီချင်းက လျင်မြန်စွာ တွက်ဆရင်း အသက်ရှူနှုန်းတို့ မြန်လာသည်။

ထိုအလောင်းကောင်မှာ မည်မျှ အံ့မခန်း ဖြစ်သည်ကို သူ ခံစားသိနိုင်သည်။ ၎င်း၏မန္တာန်အတတ်တို့က မဆိုးလှသော်လည်း အံ့အားသင့်စရာကတော့ သူ့ခန္ဓာကိုယ် ဖြစ်သည်။

ထိုရုပ်ခန္ဓာသန်မာမှုမှာ နန်းတော်ခြောက်ခုသို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။ ရွှီချင်းသည် အရိပ်လေးဖြင့် ပေါင်းစပ်လိုက်ပါက နန်းတော်ငါးခု၏ အမြင့်ဆုံးရုပ်ခန္ဓာသန်မာမှုသို့ ရောက်လာနိုင်သော်လည်း သူက တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။

သူသည် တဖက်ရန်သူ၏ လှုပ်ရှားမှုတို့ကိုပင် အသေအချာ မြင်နိုင်စွမ်း မရှိသေးပေ။

သို့ရာတွင် ဤနေရာပတ်ဝန်းကျင်က အလောင်းကောင်၏ လှုပ်ရှားနိုင်စွမ်းတို့အား ကန့်သတ်ထားသည်။

ဤကျင်းနက်၏ အကျယ်က များလှသည်မဟုတ်ပေ။ သူက တိုက်ခိုက်ခြင်း လမ်းကြောင်းတို့ကို ရှေ့ပိုင်းသို့သာ ကန့်သတ်ထားနိုင်သရွေ့ အလောင်းကောင် မည်မျှ လျင်မြန်ပါစေ၊ ရွှီချင်းက တန်ပြန်တိုက်ခိုက်ရန် နည်းလမ်း ရှိပေမည်။

ထို့ကြောင့် သူက ရှောင်တိမ်းရန်မကြိုးစားတော့ပေ။ ရှောင်တိမ်းခြင်းသည် သူ့အား ဘက်ပေါင်းစုံမှ တိုက်ခိုက်ခြင်း ခံရစေနိုင်၏။

သူက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး ရွှံ့နံရံထဲသို့ တိုးဝင်လိုက်သည်။ သူ့နောက်တွင် ရွှံ့နံရံတစ်ခု ရှိနေကာ ဘေးနှစ်ဘက်တွင်လည်း ရွှံ့နံရံများ ရှိနေကြသည်။ သူရှေ့က နေရာတစ်ခုသာ လွတ်နေတော့သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ တတိယနတ်နန်းတော်အတွင်းရှိ တားမြစ်အဆိပ်ဆေးမှာ လျင်မြန်စွာ လှုပ်ခါလာတော့သည်။ အဆုံးမဲ့အဆိပ်တို့က ပေါက်ကွဲထွက်လာပြီး ရွှီချင်း၏ တကိုယ်လုံးသို့ ပြန့်ကားထွက်သွားကာ သူ့ရှေ့တွင် စုစည်းလာကြသည်။

ရွှီချင်း  ရွှံ့နံရံထဲသို့ ဝင်သွားသည့် တခဏတွင်ပင် အလောင်းကောင်က ထပ်မံ ဟိန်းလိုက်ပြန်သည်။ ၎င်းတကိုယ်လုံးမှ အနီရောင်မီးတောက်များ ဖြာထွက်လာပြီး မီးတောက်တစေပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းသွားကာ ရွှီချင်းထံသို့ ပြင်းထန်စွာ ခုန်အုပ်လာတော့သည်။

ရွှီချင်းက ရှောင်တိမ်းခြင်းမပြုပေ။ သူက ရွှံ့နံရံကိုသာ မှီလိုက်ပြီး ဘောလုံးအဖြစ်ကွေးကာ ဖြူကောင်အလား အစွမ်းကုန် ခုခံလိုက်သည်။

မီးလျှံများက ပြန့်ထွက်လာပြီး အလောင်းကောင်၏ အရှိန်အဝါတို့လည်း ပေါက်ကွဲ မြင့်တက်လာသည်။ ၎င်းက ပုံရိပ်ယောင်တစ်ခုအလား ရွှံ့နံရံရှေ့သို့ ရောက်လာပြီး ရွှီချင်းအား လက်သီးဖြင့် ထိုးလိုက်၏။

ရွှီချင်း သွေးဆုတ်သွားသည်။ သူ့နောက်မှ ရွှံ့နံရံမှာ ပြိုကွဲသွားပြီး သူ၏ ခန္ဓာကိုယ်သည် ကြီးမားသောအားကြီးကြောင့် တွန်းထုတ်ခံလိုက်ရသည်။ သို့ရာတွင် အလောင်းကောင်မှာလည်း နောက်ဆုတ်သွားရသည်။ အလောင်းကောင်သည် ပထမဆုံးအကြိမ်အဖြစ် ရူးသွပ်မှုအပြင် သတိထားမှုတို့လည်း ရှိလာပေသည်။

၎င်း၏ညာလက်မှာ ပုပ်ဆွေးလာနေ၏။

၎င်းနောက်ဆုတ်သွားချိန်တွင် တခဏချင်းရောက်လာပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခြင်းကြောင့် ဟစ်အော်လိုက်ရသည်အထိ ဖြစ်သွားရသည့် အနီရောင်လျှပ်စီးကြောင်းလည်း ရှိနေသေးသည်။ အနီရောင်မိုးကြိုးလျှပ်စီးတို့သည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ လှုပ်ရှားကူးခတ်သွားပြီး ထိုလျှပ်စီးတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အသွေးအသားတို့မှာ အအေးလွန်ကဲဓာတ်များ ထုတ်လွှတ်သည့် သလင်းကျောက်များအဖြစ် ပြောင်းလဲသွားကြသည်။

မိုးကြိုးနီက သူ၏တိုက်ခိုက်မှု ပြီးသွားလျှင် ရွှံ့နံရံ ပြိုကျသွားသည့်နေရာသို့ ပြန်လှည့်သွားသည်။ ထိုနေရာတွင် သံတုတ်တစ်ချောင်း ရှိနေပြီး ရွှီချင်း၏ ရှေ့လေထုတွင် မြောက်တက်နေသည်။

ရွှီချင်း သွေးတပွက်အန်လိုက်သည်။ သူ့တကိုယ်လုံးရှိ အနက်ရောင်တို့သည်လည်း နဖူးအလယ်အကြောကွက်နေရာသို့ စုစည်းသွားကြပြီး အရိပ်လေး၏ မျက်လုံးများအဖြစ် ပြောင်းလဲသွားကြ၏။

အရိပ်လေးက အလောင်းကောင်ကား စူးစိုက်ကြည့်နေသည်။

အရိပ်လေး၏ မျက်လုံးများအောက်တွင်တော့ ရွှီချင်၏ တည်ငြိမ်သောမျက်နှာ ရှိနေသည်။ ၎င်းမျက်လုံးတို့က တိုက်ခိုက်ရေးအားမန်များ ပြင်းထန်စွာဖြင့် မီးစွဲအလောင်းကောင်ကို စူးစူးရဲရဲ ကြည့်သည်။

သူ့ခန္ဓာကိုယ်သန်မာမှု၊ မန္တာန်အတတ်နှင့် မြန်နှုန်းတို့မှာ မီးစွဲအလောင်းကောင်ထက် နိမ့်ကျသည်ကို သူ သိသည်။ သို့ရာတွင် သူက အရှုံးမပေးပါ။ သူက ဦးစွာ ရွှံ့နံရံများကိုသုံးကာ တိုက်ခိုက်နိုင်သည့် အကွာအဝေးအား ကန့်သတ်လိုက်သည်။

ထိုအချက်ကြောင့် တဖက်လူ၏တိုက်ခိုက်မှုတို့သည် သူ့ရှေ့မှသာ လာနိုင်မည်။

မီးစွဲအလောင်းကောင်မှာ ကျင့်ကြံသူတစ်ဦးကဲ့သို့ အသိဉာဏ်မရှိဟု ရွှီချင်း တွက်ဆမိသောကြောင့်သာ ထိုနည်းလမ်းအား သုံးရခြင်း ဖြစ်သည်။

သူ့တားမြစ်အဆိပ်ဆေးလုံးမှာလည်း သူ့ခန္ဓာကိုယ်သန်မာမှုထက် ကျော်လွန်နိုင်စွမ်းရှိသည့် အနိုင်ဖဲချပ်တစ်ခု ဖြစ်နေသေးကာ အဆိပ်တို့သည် သူရှေ့တွင် စတင်စုစည်းနေကြပြီ ဖြစ်သည်။ တဖက်လူက တိုက်ခိုက်လာသည်နှင့် အဆိပ်သင့်ရန် သေချာ၏။ သူက တစ်ဘက်လူ တိုက်ခိုက်သည်ကို တောင့်ခံကာ အဆိပ်တို့ တိုက်စားရန်အချိန်တစ်ခုကို စောင့်ဆိုင်းရန်သာ လိုပေသည်။

ကျင်းနက်ကြီးသည် တိတ်ဆိတ်သွား၏။ အလောင်းကောင်က ရွှီချင်းအား ဒေါသနှင့် သတိတို့ရောကာ စိုက်ကြည့်လျက်ရှိသည်။ ၎င်း၏ ညာလက်ပေါ်တွင် ပုပ်ဆွေးမှုတို့က ပြန့်နှံ့လာပြီ ဖြစ်သည်။

နောက်ဆုံးတွင် ရုန့်ရမ်းကြမ်းတမ်းမှုသည် ကြောက်စိတ်ကို ဖိနှိပ်သွားသည်။ ဖုတ်ကောင်က တစ်ချက်လှုပ်ရှားလိုက်လျှင် နန်းတော်ခြောက်ခု တိုက်ခိုက်စွမ်းအားတို့ ပေါက်ကွဲထွက်လာကာ ရွှီချင်းအား မီးလျှံများဖြင့် ဖုံးလွှမ်းနစ်မြုပ်လိုက်တော့သည်။ ထို့နောက် ရွှံ့နံရံထံ‌သို့ တဖန် ပြေးဝင်လာပြန်သည်။

တစ်ခဏအတွင်း တဝုန်းဝုန်းများမြည်ဟိန်းသံများ ထွက်ပေါ်လာသည်။

အချိန်ခဏကြာသော် မီးစွဲအလောင်းကောင်သည် မြန်ဆန်စွာ နောက်ဆုတ်လိုက်ပြီး လေထဲသို့ ဝဲပျံလာသည်။

ထိုအချိန်တွင် သူ၏ညာလက်တစ်ခုလုံး အရည်ပျော်ကျနေပြီး ၎င်း၏ ကိုယ်ခန္ဓာမှာ အဆိပ်များ တိုက်စားခြင်းကို ခံနေရသည်။ သူ၏ မျက်နှာအမူအရာသည် ရူးသွပ်နေဟန်ရသော်လည်း ကြောက်စိတ်တို့လည်း ပိုများလာပုံပေါ်သည်။

သူ့ရှေ့မှ ရွှံ့နံရံတွင်တော့ ရွှီချင်းသည် ဒွာရခုနစ်ပေါက်မှ သွေးများ ယိုစီးကျနေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ခရမ်းရောင်သလင်းကျောက်သည် လျင်မြန်စွာ လည်ပတ်လျက် သူ့အား ပြန်လည်ကုစားနေ၏။

သူရှေ့တွင်တော့ ပတ်ပတ်လည်နေရာတို့အား တိုက်စားနေကာ ဓာတ်နှောများ ထုတ်လွှတ်နေသည့် အဆိပ်ထုတို့ ရှိနေသည်။

ရွှီချင်းမှာ ဒဏ်ရာတို့ကို အာရုံမစိုက်အားပေ။ ထိုအချိန်တွင် သူက အလောင်းကောင်ကိုသာ သတ်ဖြတ်လိုစိတ်ပြင်းစွာဖြင့် စိုက်ကြည့်နေ၏။

သို့ရာတွင် သူက လှုပ်ရှားခြင်းတော့ မပြုသေးပေ။ သူက ရွှံ့နံရံထဲတွင် ညာလက်ကို မြှောက်လိုက်ပြီး အ‌လောင်းကောင်ထံသို့ လက်ဖြင့် ဟန်ပြလိုက်သည်။

“လာလေ ဆက်လုပ်ပါဦး။”

အလောင်းကောင်သည် ဒေါသများထွက်လာဟန်ဖြင့် ဟိန်းအော်လိုက်သည်။ သို့ရာတွင် သူ့မျက်နှာတွင် ဝေခွဲမရမှုူ တွန့်ဆုတ်မှုများ ရှိနေ၏။

ရွှီချင်းက ထိုမြင်ကွင်းကို ကြည့်ကာ သူ့ဘေးမှ ရွှံ့နံရံတို့အား လက်ဖြင့် ဖိလိုက်သည်။ သူ ထရပ်လိုက်ချိန်တွင် တားမြစ်အဆိပ်ဆေးလုံးစွမ်းအားတို့က ဝုန်းခနဲ ပြန့်ထွက်လာပြီး တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြင်လိုက်၏။

နန်းတော်ခြောက်ခုတိုက်ခိုက်ရေးစွမ်းရည် ရှိနေကြောင်း ထင်ရှားသည့် ကျန်းစစ်ယွင်သည် ထိုအလောင်းကောင်နှင့် အဘယ်ကြောင့် အချိန်ကြာမြင့်စွာ လုံးပမ်း တိုက်ခိုက်နေရသည်ကို သူ နားမလည်ပေ။ သို့ရာတွင် သူက သားရိုင်းကောင်များ၏ သဘောသဘာဝကို နားလည်ကာ ၎င်းတို့က မည်သို့သော အချိန်များတွင် ကြောက်လန့်တတ်ကြောင်း သိပေသည်။

အထူးသဖြင့် ကိုယ်တွင်းစိတ်တို့ဖြင့်သာ လှုပ်ရှားတတ်ကြသည့် သားရိုင်းကောင်များသည် ထိုသို့သော အချိန်များ၌ အလွယ်တကူ ကြောက်လန့်တတ်ပေသည်။

ထို့ကြောင့် ၎င်းအား ဆက်လက်နှောင့်ယှက်နေမည့်အစား အလိုလိုထွက်သွားအောင်လုပ်ခြင်းက ပိုကောင်းနေပေသည်။

ရွှီချင်းတိုက်ကွက်ပြင်လိုက်ကာ တားမြစ်အဆိပ်စွမ်းအားတို့ ပြန့်ထွက်သွားသည့် အချိန်ခဏ၌ အလောင်းကောင်၏ မျက်လုံးများထဲတွင် ကြောက်စိတ်တို့ ပိုမိုပြင်းထန်လာပြီး သူ၏ ခန္ဓာကိုယ်ကလည်း အလိုအလျောက် နောက်ဆုတ်သွားသည်။

နောက်ဆုံးတွင် ၎င်းက ဟိန်းသံတစ်ချက်ပေးပြီး အပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။

ရွှီချင်းက သွေးများအား ထွေးထုတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ ထို့နောက် သူက ကျင်းကြီးအောက်ခြေသို့ အေးစက်စွာကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်မှုတို့က ပိုမို အားကောင်းလာနေ၏။

တာအိုသားတော်သည် အစွမ်းထက်လွန်းကြောင်းနှင့် အနီရောင်လနှင့်လည်း ဆက်စပ်နေလောက်ကြောင်းတို့ကို သိနားလည်ရာ ထိုသူ မည်မျှ အန္တရာယ်များကြောင်း ရွှီချင်း သိသည်။

သို့ရာတွင် ရွှီချင်းက အလွယ်တကူ လက်လျှော့တတ်သူ မဟုတ်ပေ။

“ဒါက လီယုံ‌ကျောက်တိုင်နဲ့ ဓားကိုင်ရုံးတော်ရဲ့နယ်မြေပဲ။ ဒီလူမှာ ထူးဆန်းတဲ့ သက်ရှိတစ်မျိုး ပိုင်ဆိုင်ပြီးတော့ ဒီနေရာမှာ ပေါ်ထွက်လာရင် အဲဒီသက်ရှိကို ဖြေရှင်းမဲ့လူ ရောက်လာမှာပဲ။ အန္တရာယ်ရှိတယ်ဆိုပေမဲ့ နောက်ကလိုက်ပြီး အခွင့်အရေးရှာဖို့တောင် မရဲဘူးဆိုရင် ငါဟာ နန်ဟွမ်ပြည်နယ်ကို ပြန်တာပဲ ကောင်းမယ်။”

ထိုအချိန်တွင် အကဲဖြတ်ပွဲအတွက် ပေးထားသော အချိန်အကန့်အသတ်မှာ နီးကပ်လာပြီ ဖြစ်သည်။ ရွှီချင်း၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်မှုတို့ ထင်ဟပ်လာသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ကျင်းကြီးအောက်ခြေသို့ တဟုန်ထိုး ဆင်းသွားလိုက်တော့သည်။

လမ်းတွင် သူက တားမြစ်အဆိပ်တို့အား ဘက်ပေါင်းစုံသို့ ဖြန့်ကြက်ထားလိုက်သည်။ ဤကား သူ့နောက်သို့ လိုက်လာနိုင်လောက်သေးသည့် အလောင်းကောင်ကို မောင်းထုတ်ခြင်း ဖြစ်ပေသည်။

ဤသို့ဖြင့် သူက ဆက်လက်ဆင်းလာခဲ့ရာ သင်္ချိုင်းစာများကို ပြန်တွေ့လိုက်ရတော့သည်။

သင်္ချိုင်းစာများသည် ကျင်းကြီးထဲမှ ပျံထွက်လာပြီး ပတ်ဝန်းကျင်တဝိုက်တွင် လူးလာပျံသန်းနေလျက်ရှိသည်။

ရွှီချင်း၏ မျက်လုံးတို့ မှုန်ကုတ်သွားသည်။ သူက ရွှံ့နံရံသို့ ကပ်နေလိုက်ပြီး သတိကြီးစွာဖြင့် တွားသွားဆင်းလိုက်သည်။

အချိန်တို့ ကုန်လွန်လာပြီး မကြာမီ အကဲဖြတ်ပွဲပြီးရန် တစ်နာရီသာ ကျန်ရှိပေတော့သည်။ တပည့်အများစုသည် ‌ကျောက်စိမ်းအဆောင်များကို ချေမွကာ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

ကျင်းကြီးထဲတွင် ကျင့်ကြံသူများစွာ မကျန်ရှိတော့ပေ။ ထိုအနက်တွင်တော့ ပို၍ပင် နည်းပါးလှပေတော့သည်။ ရွှီချင်းနှင့် တာအိုသားတော်တို့သာ ကျန်ရှိနေတော့သည်။

သူတို့ ဆက်ဆင်းလာသည်နှင့် သင်္ချုင်းစာများ ပိုများလာပြီး အနံ့ဆိုးသည်လည်း ပိုပြင်းထန်လာသည်။ အအေးဓာတ်နှင့် ဓာတ်နှောတို့ကလည်း ပိုမိုသိပ်သည်းလာကာ သီချင်းသံမှာလည်း ပိုမိုကြည်လင် ပြတ်သားလာတော့သည်။

အမွေးတိုင်တစ်တိုင်စာ ကြာချိန်ကုန်သွားပြီးနောက် အောက်သို့ အဆက်မပြတ်ဆင်းနေသည့် ရွှီချင်း တုံ့ခနဲ ရပ်သွားသည်။

သူက လှုပ်ရှားခြင်းအလျင်းမရှိဘဲ ရွှံ့နံရံတွင်သာ မှီကပ်နေလိုက်သည်။ သူ့မျက်လုံးတို့က မှေးကြုတ်လိုက်ပြီး ပုန်းခိုကာ အောက်ပေတစ်ထောင်မှ နေရာသို့ ကြည့်လိုက်တော့သည်။

ထူးဆန်းသည့် အ‌ဆောက်အအုံတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

သစ်သားတဲတစ်လုံးပင်။

ထိုသစ်သားတဲအိမ်လေးသည် နှစ်ကာလများစွာဖြတ်သန်းခဲ့ရဟန်ဖြင့် ဆွေးမြည့်ယိုင်နဲ့နေသည်။

တဲအိမ်လေးသည် ငါး‌မြှောင့်အသွင်ရှိသည်။

ထောင့်တစ်ခုချင်းစီတွင် အဝေးက ရွှံ့နံရံများအား ချိတ်ထားသည့် မီးခိုးရောင်သံချိန်းကြိုးများ ရှိနေသည်။

ထိုသံချိန်းကြိုးငါးခုအောက်တွင် သစ်သားတဲအိမ်လေးသည် လေထဲချိတ်ဆွဲကာ ဝဲလျက်ရှိနေသည်။

ထိုတဲအိမ်ပြတင်းပေါက်မှနေ၍ ဆီမီးအိမ်တစ်ခုထံက အနီရောင်အလင်းတို့ မှိန်ပျပျ ထွက်နေသည်။

ထိုပြတင်းပေါက်နှင့် အပေါ်မှ ဆွေးနေသည့် ပက်ကြားအက်မှ ဝတ်စုံနီဝတ်ထားသည့် မိန်းမပျိုတစ်ဦးအသွင်ကို တွေ့မြင်နိုင်သည်။

သူမသည် ပြတင်းပေါက်အနီးတွင် ထိုင်နေပြီး ကျောက်စမ်းပမာ လက်တို့ကိုဆန့်ထုတ်လျက် သင်္ချိုင်းစာများကို အပြင်သို့ ဖြန့်ကျဲပက်လျက်ရှိနေသည်။ ထိုသင်္ချိုင်းစာတို့သည် အေးစိမ့်သောလေးလှိုင်းများနှင့်အတူ အပေါ်သို့ ပျံဝဲတက်သွားကြသည်။

ရွှီချင်းသည် သင်္ချိုင်းစာများ၊ လက်နှင့် အနီရောင်လင်းနေသည့် ဆီမီးအိမ်တို့ကို တွေ့မြင်သည်။

သူက ထိုသင်္ချိုင်းစာများကို တွေ့မြင်လိုက်သည်နှင့် သူ လမ်းတွင် တွေ့ခဲ့သော သင်္ချိုင်းစာတို့၏ မူလဇစ်မြစ်ကို သိလိုက်ရတော့သည်။ သူက ထိုလက်ကို မြင်မိလိုက်သည့် ခဏတွင်ပင် သူနှလုံးတို့ အလိုလိုပြင်းထန်စွာ တုန်လှုပ်လာမိတော့သည်။

သို့ရာတွင် ဆီမီးအိမ်ကို မြင်လိုက်ချိန်တွင်တော့ အရာအားလုံးက ပြင်းထန်သော ထိတ်လန့်အံ့သြမှုအဖြစ်‌ ပြောင်းလဲသွားတော့သည်။

အဘယ်ကြောင့်ဆိုသော ဆီမီးအိမ်သည် သက်စောင့်မီးအိမ်တစ်လုံး ဖြစ်နေသောကြောင့်ပင်။

ထိုအချိန်တွင် သစ်သားတဲအိမ်လေးထဲမှ သီချင်းဆိုသံ သဲ့သဲ့ ပျံ့လွင့်လာပြီး နက်မှောင်ကျဉ်းမြောင်းသော ကျင်းကြီးထဲသို့ ပဲ့တင်ထပ်သွားတော့သည်။

“ဒီဘဝမှာ လျှောက်သွားခဲ့တယ်… လက်ကျန်ဘဝမှာတော့ နစ်မြုတ်နေခဲ့ရပြီ။ သံသရာခရီးမှာတော့ ဘယ်သူ စောင့်မျှော်နေဦးမလဲ… ”

သူမ၏ အသံတွင် ဝမ်းနည်းကြေကွဲမှု၊ မိန်းမဆန်မှုတို့ နှင့်အတူ အထီးကျန်သော အငွေ့အသက်များ ရောယှက်နေသည်။

သူမက မည်သူ့အတွက် သီဆိုနေကြောင်းကို သူမသိပေ။

ရွှီချင်းလည်းဖြစ်နိုင်သည်။ ထိုနေရာတွင် ရှိနေသည့် တာအိုသားတော်ကို ဆိုလိုသည်လည်း ဖြစ်နေနိုင်သည်။ သို့မဟုတ် ကျင်းနက်အတွင်းပိုင်းက အမျိုးအမည်မသိ ဖြစ်တည်မှုအား ရည်မှန်း၍ သိဆိုနေခြင်းလည်း ဖြစ်နိုင်၏။

All Chapters