← Chapters

တတိယနတ်ဘုရား

Vol. 32 Ch. 475

တတိယနတ်ဘုရား

Vol. 32 Ch. 475

သီချင်းသံသည် ဝဲကာ ပြန့်ကျဲနေသည့် သင်္ချိုင်းစာများထဲတွင် ခပ်သဲ့သဲ့ပဲ့တင်ထပ်နေသည်။

ထိုအသံမှာ ဤနေရာကဲ့သို့ပင် အေးစက်ကာ ကျောချမ်းစဖွယ် ဖြစ်သည်။

အရာအားလုံးသည် မည်ရွေ့ မည်မျှ ကြာမြင့်သွားပြီ မသိသော ယဇ်ပူဇော်မှုတစ်ခုနှင့် ဆင်တူလှ၏။

ရွှီချင်းအမြင်တွင်တော့ ငါးမြှောင့်သစ်သားတဲအိမ်လေးမှာ ယဇ်ပုလ္လင်တစ်မျိုး ဖြစ်ဟန်ရှိသည်။

အကြောင်းကား သစ်သားတဲအိမ်၏ ချိန်းကြိုးများ ချိတ်ဆက်ထားသည့် ထောင့်ငါးထောင့်တွင် ကြောက်မက်ဖွယ်ရာ အလောင်းသုံးလောင်း ရှိနေပါ၏။

ပထမအလောင်းသည် ခေါင်းအစ ခြေအဆုံး စိုရွှဲနေသည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ပုပ်ဆွေးနေပြီး အသွင်အပြင်ကိုပင် မှန်းဆ မရနိုင်တော့ပါ။ အဖိုအမကိုလည်း ခွဲခြားမသိနိုင်တော့ပါ။

ထိုအလောင်းသည် တဲအိမ်ကို မျက်နှာမူကာ ဒူးထောက်လျှက် စုတ်ပြဲနေသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ၎င်းသည် နှစ်ကာလပေါင်းများစွာကို ဖြတ်သန်းခဲ့ရသည့်အလား အပေါက်များစွာဖြင့် ပြည့်နှက်နေ၏။

သို့ရာတွင် အဆက်မပြတ်ကျဆင်းနေသည့် အလောင်းပေါ်မှ ရေများသည် ဖော်ပြနိုင်ခြင်းငှာ မတတ်နိုင်သော အစွမ်းတစ်မျိုးဖြင့် အတိတ်က သူ၏ သေဆုံးသွားသော ပုံစံအား ထိန်းသိမ်းထားဟန်ရှိသည်။

ယခုအချိန်ထိ အချိန်ကာလတို့ များစွာဖြတ်သန်းကုန်ဆုံးပြီး ဖြစ်သော်လည်း သူ၏ကိုယ်ဟန်မှာ ပြောင်းလဲခြင်း မရှိသေးပါ။

၎င်းသည် ရေနစ်သေထားသည့် အလောင်းတစ်လောင်း ဖြစ်သည်။

ဒုတိယအလောင်းသည်လည်း စုတ်ပြဲ ရွဲပြဲနေသော အနက်ရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ ထိုအလောင်းသည် ဒဏ်ရာရ ဝမ်းဗိုက်ကို လက်ဖြင့် အုပ်ကာ ဒူးထောက်လျက်သား တဲအိမ်အား မျက်နှာမူနေ၏။

သူ၏ဝမ်းဗိုက်မှာ ဟောင်းလောင်းပွင့်နေသည်။

အတွင်းတွင် ကလီစာတို့ ရှိမနေပါ။ ၎င်းတို့အား ဖြတ်ထုတ်ခံခဲ့ရကြောင်း ထင်ရှားနေသည်။ ထိုနေရာတွင် တစ်ခုခုရှိနေပုံ ရသော်လည်း ရှင်းလင်းစွာ မမြင်နိုင်ပေ။

သူသည် အသက်ရှိနေစဉ် ခံစားခဲ့ရသော နာကျင်မှုကြောင့် အရိုအသေပြု ရှိခိုးနေသည့်အလား ခေါင်းငုံ့ကာ ခါးကိုင်းလျက် ရှိနေသည်။

သူသည် ခန္ဓာကိုယ် ဖြတ်ထုတ်ခံရသော အလောင်းတစ်လောင်းဖြစ်သည်။

တတိယအလောင်းသည်တော့ ယခင်အလောင်းများနှင့် အနည်းငယ် ကွဲထွက်နေသည်။ အလောင်း၏ လည်ပင်းတွင် အနီရောင်နွယ်ပင်တစ်ပင် ရစ်ပတ်လျက်ရှိနေပြီး ၎င်းနွယ်တို့၏ ချွန်ထက်သော အဆူးတို့သည် အလောင်း၏လည်ပင်းထဲသို့ နက်ရှိုင်းစွာ နစ်ဝင်နေ၏။

နွယ်ပင်တို့က အလောင်း၏ လည်ပင်းကို တင်းကြပ်စွာ ရစ်ပတ်ထားသည်။ နွယ်ပင်၏  အစွန်းနှစ်ဖက်ကိုတော့ အလောင်း၏ လက်နှစ်ဖက်က ဆုပ်ကိုင်ထားသည်။ အလောင်းသည် မသေဆုံးခင် အစွမ်းကုန်သုံးကာ ဆွဲခဲ့ဟန်ရှိပြီး သူ၏လည်ပင်းမှာ နက်ရှိုင်းသော ညှစ်ရာကြီး ကျန်နေပါသေးသည်။

ဤကား လည်ပင်းညှစ်ခံရသော အလောင်းတစ်လောင်းပင်။

ထိုအလောင်း တစ်လောင်းချင်းစီတိုင်းမှာ ထူးဆန်း‌မှုတို့ဖြင့် ပြည့်နေသည်။ ထို့ကြောင့် ဤနေရာသည် ယဇ်ပူဇော်ခြင်း အစီအရင်ပလ္လင်တစ်ခုနှင့် ပိုတူနေသည်ဟု ရွှီချင်း ခံစားမိနေသည်။

ထို့အပြင် ထောင့်ငါးထောင့်၏ လေးခုမြောက်ထောင့်တွင် အလောင်းမရှိတော့သော်လည်း ကမ္ပည်းစာမဲ့ သင်္ချိုင်းမှတ်တိုင်တစ်ခု ရှိနေသည်။

သင်္ချုင်းကျောက်စာမှတ်တိုင်ရှိနေလျှင် အုတ်ဂူလည်း ရှိရပေမည်။

ထိုနေရာတွင် အုတ်ဂူမတွေ့နိုင်သော်လည်း မြုပ်နှံခြင်း၏ အဓိပ္ပာယ်သည် ထင်ရှားနေ၏။

ရွှီချင်းက ကိုယ်ဖြတ်ထုတ်ခံထားရသည့် အလောင်းထံ ဖြတ်ခနဲ အာရုံစူးစိုက် ကြည့်လိုက်သည်။

ထိုကိုယ်ဖြတ်ထုတ်ခံထားရသည့်အလောင်းဝမ်းဗိုက်ထဲတွင် မြေအချို့နှင့် သချိုင်းမြေပုံငယ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုမြေပုံထဲတွင် ကောင်းစွာ မမြုပ်နှံရသေးသည့် ကလေးငယ် အလောင်းတစ်လောင်း ရှိနေသည်။

ဤကား စတုတ္ထအလောင်း ဖြစ်ပေမည်။

ရွှီချင်းက ထိုအချင်းအရာများအားလုံးကို ကြည့်လိုက်ပြီးနောက်တွင် ပဥ္စဂံတဲအိမ်၏ နောက်ဆုံးထောင့်တွင် မီးလောင်ထားသည့် အကြွင်းအကျန်တို့ ရှိနေသည်ကို သတိပြုလိုက်မိလေသည်။ ထိုနေရာတွင် အလောင်းတစ်လောင်းထိုင်နေခဲ့ဟန် ရှိသည်။

ရွှီချင်းသည် အစောပိုင်းက မီးလောင်ကျွမ်းနေသည့် အလောင်းကို ပြန်သတိရလိုက်၏။

“ဖြတ်ထုတ်မှုအတွက် သတ္တု၊ ဆွဲကြိုးချမှုအတွက် သစ်သား၊ ရေနှစ်မှုအတွက် ရေ၊ လောင်ကျွမ်းမှုအတွက် မီး၊ မြှုပ်နှံမှုအတွက် မြေ။”

ဤယဇ်အစီအရင်၏ ရည်ရွယ်ချက်ကို ရွှီချင်းမသိသော်လည်း ထိုတဲအိမ်နှင့် အလောင်းလေးခုလုံးသည် အံ့မခန်းကြောက်မက်ဖွယ်ဖြစ်နေကြောင်းကိုတော့ သူ ကောင်းကောင်းသိနေသည်။

အကြောင်းကား သူက ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သူ၏ ဆံပင်မွေးများပင် ထောင်ထသွားရသည့်အရာမှာကား ထိုတဲအိမ်အောက်ရှိ ကျင်းနက်ကြီး၏ အောက်ဘက် အတွင်းပိုင်းမှ ထုတ်လွှတ်နေသည့် အရှိန်အဝါတို့နှင့် ဓာတ်နှောတို့ကြောင့်ပင်ဖြစ်သည်။

ထိုအရှိန်အဝါမှာ ရွှီချင်း၏ စိတ်နှလုံးတို့ကို လှုပ်ခါနေစေသည်။ သူ ထိုသို့ နောက်ဆုံးတစ်ကြိမ် ခံစားဖူးသည်ကတော့ အနီရောင်လ အသက်ရှူလိုက်ချိန်တွင် ဖြစ်သည်။

ထိုအောက်အမှောင်ထုထဲတွင် ခန့်မှန်းကြည့်၍ပင် မဖြစ်နိုင်လောက်သည့် ကြောက်စရာ တည်ရှိမှုတစ်ခု ရှိမည်ကို ရွှီချင်းသိနေသည်။

တာအိုသားတော်သည်လည်း ဤနေရာသို့ ရောက်ရှိခဲ့သဖြင့် ထိုအကြောင်းကို သိနေပေလိမ့်မည်။

ထိုအချိန်တွင် ၎င်းတာအိုသားတော်သည် ပေထောင်ချီအကွာက ရွှံ့နံရံတစ်ခုတွင် သတိကြီးစွာ ဝပ်တွားလျက် ရှိသည်။

သူ လျင်မြန်စွာ လှုပ်ရှားလိုက်ပါက တဲအိမ်ထဲက အမျိုးသမီးနှင့် အလောင်းတို့အား အနှောင့်အယှက် ပြုမိမည်ကို စိုးရိမ်နေဟန်ရ၏။

သူသည် သံချိန်းကြိုးများထံမှ ပေရာအနည်းငယ်သာ ကွာဝေးလာတော့သည်။

ရွှီချင်းက တာအိုသားတော်ကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများထဲတွင် အေးစက်တင်းမာသွား၏။ ထို့နောက် သူက ညာလက်ကိုမြှောက်လိုက်ပြီး မှန်ငယ်လေးတစ်ချပ်နှင့် အနက်ရောင် သစ်သားတုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူက ဆေးလုံးများပါဝင်သည့် သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။

ထိုသိုလှောင်အိတ်ထဲတွင် အနက်ရောင်ဆေးလုံးများ ပါဝင်သည်။ ၎င်းတို့သည် မိမိကိုယ်ကို ဖောက်ခွဲပြီး ဓာတ်နှောများကို စုပ်ယူနိုင်စွမ်းရှိသည်။

လေအေးများနှင့် ဓာတ်နှောများပြည့်နေသည့် ထိုကျင်းနက်ထဲတွင် ဤနေရာတစ်ခုလုံးအား အနှောင့်အယှက်ပေးရန် ထိုဆေးလုံးများထက် ပိုသင့်တော်သောအရာ နောက်ထပ် မရှိနိုင်တော့ပါ။

ရွှီချင်းက အိတ်ကို တာအိုသားတော် အနှောင့်အယှက်မပေးရန် သတိထားနေသည့် ပဥ္စဂံတဲအိမ်သို့ အသာစောင်းချလိုက်သည်။ အနက်ရောင်ဆေးလုံးရာချီမှာ အိတ်ထဲမှ လိမ့်ထွက်သွားကြ၏။

တာအိုသားတော်မှာ ချက်ချင်း မျက်နှာပျက်သွားသည်။ သူက ခေါင်းကို ဖျပ်ခနဲ မော့ကြည့်လိုက်ရာ ရွှီချင်းနှင့် ထိုဆေးလုံးတို့ကို တန်းမြင်လိုက်သည်။

သူက အထိတ်တလန့်ဖြင့် ဟန့်တားရန်ပြင်လိုက်စဉ် ရွှီချင်းက ခပ်ဖွဖွပြောလိုက်သည်။

“ပေါက်ကွဲစမ်း…”

သူ့စကားတို့ ဆုံးသည်နှင့် အနက်ရောင်ဆေးလုံးတို့ တစ်လုံးပြီးတစ်လုံး အဆင့်ဆင့် ပေါက်ကွဲသွားကြသည်။ အသံကျယ်လောင်လှသည် မဟုတ်သော်လည်း ၎င်းတို့ပေါက်ကွဲသည့် တစ်ခဏတွင်ပင် ဓာတ်နှောများစွာတို့သည် အပေါ်နှင့် အောက်တို့မှ လှိုင်းထန်ကာ ဝင်ရောက်လာကြသည်။

အနက်ရောင်ဆေးလုံးများ ရာနှင့်ချီအောင် ဖောက်ခွဲလိုက်ခြင်းကြောင့် ကြီးမားလှသော စုပ်အားကြီးတစ်ခုသည်လည်း ထွက်ပေါ်လာ၏။

မျက်စိတမှိတ်အတွင်း ၎င်းသည် လေဝဲကတော့ကြီးတစ်ခု ဖြစ်လာပြီး ကမ္ဘာမြေ တုန်ဟီးသည့်အလား တဝုန်းဝုန်းအသံတို့ပင် မြည်ဟိန်းလာတော့သည်။

ဓာတ်နှောများသည်လည်း ပို၍ ပြင်းထန်စွာ လှိုင်းထန်လာသည်။ ဓာတ်နှောတို့အား ပင်လယ်ရေဖြင့် တင်စားပြောရလျှင် ယခုအချိန် ၎င်းတို့မှာ ဆူနာမီလှိုင်းများကဲ့သို့ ဖြစ်သည်။

အောက်ဘက်တွင် အရာအားလုံးမှာ မှုန်ဝါးလာပြီး ပတ်ပတ်လည်နေရာတစ်ခုလုံး ပုံပျက်ကွေးညွတ်လာသည်။ ပဥ္စဂံတဲအိမ်သည် လှုပ်ခါသွားပြီး တေးဆိုသံမှာလည်း ရပ်တန့်သွား၏။

တဲအိမ်ထောင့်လေးခုမှ အလောင်းလေးလောင်းတို့က မျက်လုံးများတပြိုင်နက် ဖွင့်လိုက်ကြ၏။ ၎င်းမျက်လုံးတို့တွင် ရူးသွပ်မှုနှင့် ရက်စက်မှုတို့ ထင်ဟပ်နေကြသည်။ သူတို့က ဟိန်းသံများ ထုတ်လွှတ်လျက် အနီးဆုံးတွင် ရှိနေသည့် ကျန်းစစ်ယွင်အား ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ပြင်းထန်ကြမ်းတမ်းလှသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။

တာအိုသားတော်မှာ မျက်နှာပျက်သွားပြီး သူ၏ စိတ်နှလုံးထဲတွင် ဖော်မပြနိုင်စွမ်းငှာ မတတ်နိုင်သော ဒေါသနှင့် ခြောက်ခြားမှုတို့ ပေါက်ဖွားလာ၏။

ရွှီချင်းသည် မီးစွဲအလောင်းကောင်ထံမှ လွတ်မြောက်လာနိုင်မည်ဟု သူ ထင်မထားခဲ့ပေ။ သူသည်ပင် ထိုသို့ မလုပ်နိုင်ပါ။

သို့ရာတွင် ရွှီချင်းသည် မီးစွဲအလောင်းကောင်ထက်ထဲမှ လွတ်လာနိုင်သည့်အပြင် သူ့ကိုပင် လာရောက် ကြံစည်နေသေးသည်။

ထိုအရာအားလုံးတို့က တာအိုသားတော်အား ထိတ်လန့်ကာ ဒေါသထွက်စေသည်။

သူ့အကြံသည်ပင် ပျက်စီးသွားသလို သူကိုယ်တိုင်လည်း ဘေးအန္တရာယ်ကြီးထဲသို့ ကျဆင်းသွားရသည်။ သူ၏ မျက်လုံးတို့တွင် သွေးနီလွှမ်းများပြီး သူက နေရာပြောင်းစွမ်းရည်ကို ထပ်မံသုံးရန် ရွှီချင်းထံသို့ လက်ဟန်အတွဲလိုက် ပြုလုပ်လိုက်သည်။

သို့ရာတွင် ယခု တစ်ကြိမ်တွင်တော့ ရွှီချင်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ရွှီချင်းက တစ်ဖက်လူ၏ နေရာပြောင်းစွမ်းရည်ကို တစ်ကြိမ် ကြုံထားပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းစွမ်းရည်ကို ခုခံရန်နည်းလမ်းလည်း ပြင်ဆင်ထားသည်။

ထို့ကြောင့် ကျန်းစစ်ယွင်က လှုပ်ရှားလိုက်သည်နှင့် ရွှီချင်းက ကြိုတင် ထုတ်ယူထားသော မှန်ချပ်ဖြင့် ကာလိုက်၏။

မှန်ချပ်၏ လှုပ်ခတ်နေသည့် အလင်းသည် ကျန်းစစ်ယွင်၏ မျက်လုံးများထဲသို့ ကျရောက်သွားသည်။

ကျန်းစစ်ယွင်၏ စိတ်နှလုံးတို့ ဗလောင်ဆူသွားသည်။ မှန်၏ လွှမ်းမိုးမှုအောက်တွင် သူ့ဝိညာဉ်မှာ ချက်ချင်းအေးခဲသွားပြီး သူ့မန္တာန်အတတ်သည်လည်း ပျက်စီးသွား၏။

တစ်ချိန်တည်းမှာပင် ရွှီချင်းက အနက်ရောင်သစ်သားတုံးကိုလည်း အသက်သွင်းလိုက်သည်။

နောက်တစ်ခဏတွင် အနက်ရောင်သစ်သားတုံးသည် ရွှမ်လင်းယုံလီတံခါးအဖြစ် ပြောင်းလဲသွားပြီး ကျန်းစစ်ယွင်အား မျက်နှာမူလိုက်သည်။

ထိုတံခါးက ပွင့်လာပြီး ပုပ်ဆွေးနေသည့် နှလုံးတစ်ခု ပျံထွက်လာသည်။

ထိုနှလုံးပေါ်လာသည်နှင့် ကျန်းစစ်ယွင်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ့မျက်လုံးတို့တွင် စိတ်ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်လာတော့သည်။

စတေးသန့်စင်မှုနှစ်ကြိမ် ပြီးသွားသည့်နောက်တွင် ရွှမ်လင်းယုံလီတံခါးသည် အသက်အလွှာကိုပင် ချိတ်ပိတ်နိုင်ပြီ ဖြစ်သည်။ ထိုအချိန်တွင် ကျန်းစစ်ယွင်၏ အသက်ဝိညာဉ်မှာ အေးခဲတုံ့ဆိုင်းသွား၏။

သူက မန္တာန်အတတ်ကို ဆက်လက် ထုတ်နိုင်ခြင်း အလျင်းမရှိ‌တော့ပေ။ ထိုအခွင့်ကောင်းကိုယူကာ ရွှီချင်းက အမြန်နောက်ဆုတ်လိုက်ပြီး လေထဲသို့ ပျံတက်လိုက်သည်။

ဤမျှဖြင့် သူ့နှလုံးသားထဲက သတ်ဖြတ်လိုစိတ်တို့ကို ဖြေဖျောက်နိုင်မည်တော့ မဟုတ်ပေ။ ထို့ကြောင့် သူက မြန်ဆန်စွာ ပျံတက်နေစဉ်မှာပင် အရိပ်လေးအား အောက်သို့ဆင်းကာ ကျန်းစစ်ယွင်ထံသို့ ဖြန့်ထုတ်လိုက်သည်။

ကျန်းစစ်ယွင်၏ အသက်ဝိညာဉ်လွှာ ချိတ်ပိတ်ခံထားရသော အချိန်ကို အခွင့်ကောင်းယူကာ အရိပ်လေးက သူ့အား ပြင်းထန်စွာ လွှဲရိုက်လိုက်သည်။ ကျန်းစစ်ယွင်၏ ခန္ဓာကိုယ်မှာ ဖုန်းခနဲ လွင့်စင်သွားပြီး ပဥ္စဂံတဲအိမ်ဘေး၌ ဒေါသတကြီးဖြစ်နေသည့် အလောင်းများထံသို့ လွင့်ထွက်သွားသည်။

စည်းမျဉ်းတွင် အခြားပြိုင်ပွဲဝင်များကို သတ်ဖြတ်ခြင်းအား ခွင့်မပြုသဖြင့် ရွှီချင်းက ထိုစည်းကိုတော့ ချိုးဖောက်မည် မဟုတ်ပေ။ ဓားကိုင်ရုံးတော်က သူ့အား ကြိမ်ဖန်များစွာ သတိပေးခဲ့သဖြင့် သူတို့တွင် ဤနေရာမှ အခြေအနေတို့ကို စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခု ရှိရပေမည်။

ဥပမာ သူတို့ ထုတ်ပေးလိုက်သော နေရာပြောင်းအ‌ဆောင်များသည် ဖြစ်ပျက်သမျှအား ပြန်လည်စစ်ဆေးနိုင်လောက်၏။

သို့ရာတွင် အခြားတစ်ယောက်ကို အသုံးပြုကာ သတ်ဖြတ်ခြင်းကိုတော့ စည်းမျဉ်းထဲတွင် တားမြစ်ခြင်း မရှိပါ။

ထိုသို့လုပ်ဆောင်ပြီးသောအခါ အရိပ်လေးသည် မြန်ဆန်စွာ ပြန်ရောက်လာ၏။ ရွှီချင်း၏ အမြန်နှုန်းတို့ ပေါက်ကွဲထွက်သွားပြီး သူသည် ချက်ချင်း ပေတစ်သောင်းအဝေးသို့ ရောက်ရှိသွားသည်။

ထိုအမြင့်တွင် ကျင်းနက်ကြီး၏ အောက်ခြေကိုပင် မြင်နိုင်ခြင်း မရှိတော့ပေ။ သို့ရာတွင် ဟိန်းသံလှိုင်းများနှင့် ကျန်းစစ်ယွင်၏ သတိပြန်လည်လာပြီး နာကျင်စွာအော်လိုက်သံတို့ကတော့ အောက်တွင် ပဲ့တင်ထပ်နေ၏။

“ပြီးတော့ သူ့သက်စောင့်မီးအိမ်။”

ရွှီချင်းက မျက်လုံးများမှုန်ကုတ်လိုက်ပြီး အောက်သို့ စိုက်ကြည့်လိုက်သည်။ သူက တစ်ဖက်လူသေသည်အထိစောင့်ပြီး သူ၏သက်စောင့်မီးအိမ်ကို ယူနိုင်ရန်အခွင့်ကောင်းကို စောင့်စားလိုသည်။

သို့ရာတွင် ရွှီချင်းက ထိုသို့စဉ်းစားလိုက်ချိန်တွင်ပင် သူဆံပင်နှင့် မွေးညင်းများအားလုံး ထောင်ထသည်အထိ ဘေးအန္တရာယ်အာရုံတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

သူ့စိတ်ထဲတွင် အထိတ်တလန့် ခံစားချက်များစွာ လှိုင်းထန်လာသည်။ ထိုအရာအားလုံးက ကျင်းနက်ကြီးအောက်ခြေတွင် ထွက်ပေါ်လာသည့် အလင်းရောင်တစ်ခုမှ အစပြုလာခဲ့ခြင်းဖြစ်သည်။

ရွှီချင်းက ခေါင်းကိုငုံကာ အောက်သို့တစ်ချက်ကြည့်လိုက်မိရုံမျှဖြင့်ပင် သူ၏ စိတ်နှလုံးတစ်ခုလုံး ပြင်းထန်စွာလှုပ်ခါသွားပြီး တလောကလုံး ချာချာလည်သွားတော့သည်။

ကမ္ဘာကြီးက ပုံပျက်သွားပြီး ပတ်ပတ်လည်နေရာတစ်ခုလုံး မှုန်ဝါးသွားသလို ထင်ရသည်။ ထိုအချိန်တွင် သူ့ဝိညာဉ်နှင့် အသွေးအသားတို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်တော့မည့်အလား ခံစားရ၏။

အကြောင်းကား သူ့အောက်တွင် ချိန်းကြိုးငါးခုဖြင့် ဆိုင်းထားသည့် သစ်သားတဲအိမ်လေးကိုသာမက ထိုတဲအိမ်၏ အောက်ဘက်၌ အဆုံးမဲ့သော အမှောင်ထုကျင်းကြီးထဲတွင် ပေါ်ထွက်လာခဲ့သည့် အရာတစ်ခုကြောင့် ဖြစ်သည်။

မျက်လုံးကြီးတစ်လုံး။

ဧရာမ ရွှေမျက်လုံးကြီးတစ်လုံး။

ထိုမျက်လုံးကြီးသည် ကျင်းကြီးကဲ့သို့ပင် ကြီးမားလွန်းလှသည်။

ထိုကျင်းနက်ကြီး အောက်ခြေတွင် စိတ်ကူးဖြင့်ပင် မှန်းဆမရနိုင်လောက်သည့် ဖြစ်တည်မှုကြီးတစ်ခု အိပ်စက်နေသည့်အလားပင်။ ၎င်းအတွက်တော့ ကျင်းနက်ကြီးက သူ၏ မျက်လုံးပေါ်က အပေါက်တစ်ခုသာ ဖြစ်ပေသည်။

ထိုအချိန်တွင် ၎င်းဖြစ်တည်မှုကြီးက နိုးထလာပြီး မျက်လုံးဖွင့်ကာ အပေါက်သို့ ကြည့်နေသည်။

မျက်လုံးကြီးထဲက အေးစက်မှုတို့သည် သက်ရှိအရာအားလုံးသည် ပုရွက်ဆိတ်များဖြစ်နေသည့် အလား ခံစားမှုကို ပေး၏။ သူနှင့် အတူယှဉ်တွဲ တည်ရှိနိုင်ရန်အတွက်ကား အသက်အရင်းအမြစ်မှစ၍ ပြောင်းလဲပစ်မှ ဖြစ်နိုင်ပေလိမ့်မည်။

၎င်းသည် အသက်ဝိညာဉ် အလွှာအဆင့် ဖိနှိပ်ခြင်း ဖြစ်သည်။

အကြည့်တစ်ချက်ဖြင့် ရွှီချင်း၏ ဆံပင်၊ မျက်လုံး၊ လက်ချောင်းတို့နှင့် သူ့ အသွေးအသားတို့အားလုံး ကိုယ်ပိုင်သိစိတ်တို့ ရရှိလာသည့်အလား…။ သူတို့က သူနှင့် မသက်ဆိုင်တော့ဘဲ သူ့ကိုယ်မှ ခွဲထွက်တော့မည့်အလား ခံစားရသည်။

သူ့ကိုယ်ထဲတွင် ပြင်းထန်လှသော ဓာတ်နှောများ ပေါက်ကွဲထွက်လာသည်။ ရွှီချင်း၏ ခန္ဓာကိုယ်မှာ သန္ဓေပြောင်းလဲမှုတို့ပင် စတင်ဖြစ်လာနေသည်။ ဖော်မပြနိုင်လောက်သော နာကျင်မှုများနှင့် ဆွဲဖြဲသည့် ခံစားချက်တို့ သူ့တကိုယ်လုံးအနှံ့ ပြန့်နှံ့လာ၏။

ရွှီချင်းက တည်နေရာ ရွှေ့ပြောင်းရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် သူသည် အဆောင်ကို ချေမွရန်ပင် ခက်ခဲနေ၏။ သူက စိတ်ခွန်အားကို မနည်းအားတင်းကာ သူ့ကိုယ်သူ ထိန်းထားရသည်။ သူ့ကိုယ်ထဲတွင် ခရမ်းရောင်လသည် ပြိုးပြိုးပြက်ပြက်လက်လာပြီး အဆိပ်ဆေးလုံးမှာလည်း ပေါက်ကွဲထွက်လာသည်။ သူက ဓာတ်နှောတို့အား ဖိနှိပ်ချေဖျက်ရင်း  အစွမ်းကုန်အရှိန်မြှင့်တင်ကာ ထွက်ပြေးလိုက်သည်။

သို့ရာတွင် ရွှေမျက်လုံးကြီးထံမှ အရှိန်အဝါတို့သည် ကြောက်ခမန်းလိလိ ပြင်းထန်လွန်းလှသည်။ ရွှီချင်း ရုန်းကန်နေသည့်ကြားမှပင် သူ့အမြန်နှုန်းသည် တဖြည်းဖြည်း လျော့ကျလာ၏။

ထိုအချိန်၌ ရွှီချင်းက အရိပ်လေးကို သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံရန်အတွက် ဆင့်ခေါ်ရန် ပြင်လိုက်စဉ်…။

ရွှံ့နံရံမှ ကင်းခြေများတစ်ကောင် ရုတ်တရက်ပျံထွက်လာပြီး ရွှီချင်းထံ မြန်ဆန်စွာ ချဉ်းကပ်လာသည်။

ကင်းခြေများပေါ်မှ မိန်းမပျိုက ရွှီချင်း၏ လက်ကို ဖမ်းဆုပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က တစ်ချက်ယိမ်းနွဲ့သွားကာ ကင်းခြေများကြီးက ရွှီချင်းအား အတူသယ်ဆောင်လျှက် ကျင်းနက်ကြီးထိပ်သို့ လျင်မြန်စွာ ပြေးသွားတော့သည်။

သူမ၏ ကျင့်ကြံဆင့်က ရွှီချင်းထက် နိမ့်သော်လည်း သူမ၏ အမြန်နှုန်းသည် မျက်လုံးကြီး၏ အကြည့်ကြောင့် လွှမ်းမိုးခံရခြင်း မရှိပေ။ ထိုအချိန်တွင် သူမက ပေပေါင်းသောင်းချီ အကွာအဝေးသို့ ပျံသန်းသွားပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင်းနက်ကြီးထံမှ တေးသံတစ်သံ တုန်ယင်စွာ ပျံ့လွင့်လာပြန်သည်။

“အရင်ဘဝဟာ ဒီမှာမဟုတ်ပေမဲ့ တမလွန်ကတော့ ဒီမှာအမြဲ…။ အချစ်နာကျမှုကို ငါ ဖြတ်တောက်ပြီး သေမျိုးလောကကို ဆွဲထားခဲ့တယ်..”

“ဒီတသက်တာ လှည့်လည်ခဲ့ပြီး ကျန်တသက်မှာ မြုပ်နှံခံရပြီ။ ဘဝသံသရာမှာ ဘယ်သူများစောင့်နေသလဲ။…”

အသံသည် ဆွေးမြည့်စွာဖြင့် ပဲ့တင်ထပ်နေတော့သည်။ ရွှေမျက်လုံးကြီးမှာလည်း တဖြည်းဖြည်း ပြန်ပိတ်လာတော့သည်။ ထိုတေးသံသည် သူ့အတွက် အထူးအဓိပ္ပာယ်ရှိနေသည့်အလား တဖြည်းဖြည်း အိပ်မောကျသွားတော့၏။

သို့ရာတွင် ထိုနေရာရှိ ဓာတ်နှောတို့ကတော့ ပြင်းထန်သိပ်သည်းသွားပြီး ဖြစ်သည်။ ပတ်ပတ်လည်နေရာများတွင် မိစ္ဆာတစေများစွာ ပေါ်ထွက်လာပြီး စူးရှသော အော်သံ ဟိန်းသံများ အဆက်မပြတ် ပေးကြသည်။

ရွှီချင်း၏ စိတ်တို့ လှုပ်ခါသွားသည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်၏။

ဤတစေဂူထဲရှိ အရာအားလုံးက ထူးခြားဆန်းကြယ်နေပေသည်။

ဤပုံအရ တစ်စုံတစ်ဦးသည် ဤနေရာတွင် သစ်သားတဲအိမ်နှင့် အစီအရင် တစ်ခုပြုလုပ်ခဲ့ပြီး ကျင်းနက်ကြီးထဲက ဖြစ်တည်မှုကြီးကို အိပ်မောကျအောင် ပြုခဲ့ခြင်းဖြစ်ပေမည်။

ထိုကင်းခြေများမိန်းမပျိုသည်လည်း ရွှီချင်းတွေ့ကြုံဖူးသည့် ထူးဆန်းသောမကောင်းဆိုးဝါးများနှင့် လုံးဝကွဲပြားနေသည်။

သူမက အရေးကြီးဆုံးအချိန်တွင် ပေါ်လာပြီး သူ့ကို ကယ်ပေးလိုက်သေးသည်။ ရွှီချင်းက သူမကို ဦးစွာ ကယ်တင်ပေးခြင်းကြောင့် ဖြစ်သော်လည်း အခြားသောမျိုးနွယ်တစ်ခုက ဤသို့ ကျေးဇူးကြွေးကို ပြန်လည်ပေးဆပ်ခြင်းမျိုးအား ရွှီချင်း တစ်ကြိမ်တစ်ခါမှ မမြင်ဖူးပေ။

သူက ဘေးမှ ကင်းခြေများမိန်းမပျိုကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်သည်။ သူမကတော့ သူအား လှည့်မကြည့်ဘဲ အသားကုန် ပြေးနေ၏။ ရွှီချင်းအား နောက်ထပ် ပေတစ်သောင်းအကွာသို့ ခေါ်လာခဲ့ပြီးနောက်တွင်မှ သူမက ရပ်တန့်သွားတော့သည်။

ရွှီချင်းထံ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကင်းခြေများမိန်းမပျိုက ပါးစပ်ကို ဖွင့်လိုက်ပြီး လီယုံကျောက်တိုင်အပိုင်းအစများစွာတို့အား ထွေးထုတ်လိုက်သည်။ အပိုင်းစပေါင်း ၁၇၀ ၁၈၀ခန့် ရှိပေမည်။

၎င်းတို့အား ရွှီချင်းထံ ပစ်ပေးပြီးနောက် သူမက ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ မြေထဲသို့ ငုပ်လျိုးပျောက်ကွယ်သွားတော့သည်။

ရွှီချင်း ငြိမ်ကျသွားပြီးနောက် မိစ္ဆာတစေများဖြင့် ပြည့်နေသည့် အန္တရာယ် ကျင်းနက်ကြီးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့လက်ထဲရှိ တည်နေရာပြောင်းအ‌ဆောင်မှာ အလိုလိုလင်းလက်လာသည်။

အကဲဖြတ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ရွှီချင်းက သူကိုယ်တိုင် ခြေမွရန်ပင် မလိုတော့ပေ။ တည်နေရာပြောင်းစွမ်းအားတို့ ဖျပ်ခနဲပေါက်ကွဲထွက်လာသည်။

ရွှီချင်းသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း တည်နေရာပြောင်းအဆောင်ကို လွှင့်ပစ်ခြင်းတော့ မပြုပေ။ သူက အလင်းဖုံးလွှမ်းသည်ကို လက်ခံလိုက်ပြီး တည်နေရာ ပြောင်းစေလိုက်သည်။

သူ တည်နေရာမပြောင်းခင် နောက်ဆုံးအခိုက်အတန့်တွင် သူက ကျင်းနက်ထဲသို့ ပြန်ကြည့်လိုက်ပြန်သည်။

“ဒီနေရာမှာ ဘယ်လိုလျို့ဝှက်ချက်တွေများ ရှိနေတာလဲ…”

“ဒီယဇ်ပလ္လင်ကို ဘယ်သူစီရင်ခဲ့တာလဲ။”

“တဲအိမ်ထဲက အမျိုးသမီးကရော အသက်ရှိတာလား မရှိဘူးလား။”

“သူ့သီချင်းသံက ဘာလို့ မြေအောက်က နတ်ဘုရားကို အိပ်မောကျစေနိုင်တာလဲ။”

ဤကား ရွှီချင်း တွေ့ဆုံရသော တတိယမြောက် နတ်ဘုရား ဖြစ်သည်။

ပထမနတ်ဘုရားသည် မျက်နှာပျက်ကြီးဖြစ်သည်။

ဒုတိယနတ်ဘုရားမှာ အနီရောင်လ ဖြစ်သည်။

All Chapters