အခန်း ၂၄၁ - အပြစ်တင်ခံရဖို့ မွေးဖွားလာတဲ့သူ
Vol. 17 Ch. 241
အခန်း ၂၄၁ - အပြစ်တင်ခံရဖို့ မွေးဖွားလာတဲ့သူ
ဟိန်းဟောက်သံက သိပ်မကြာမီ ပျောက်ကွယ်သွား၏။
သို့သော်လည်း ထိုထက် ပိုကြောက်စရာကောင်းသည့်ဖိအားက နတ်တောင်ဝန်းကျင်တခွင်ကို လွှမ်းခြုံလာ၏။
“ဝုန်း”
နားပင်းလောက်သည့် မြည်သံကြီးက ထွက်ပေါ်လာ၏။
ကြီးမားသည့် သက်ရှိကြီးက တောင်ကုန်းထိပ်သို့ ဆင်းသက်လာသလို.. တောင်ကုန်းတစ်ခုလုံးက တုန်ခါ၍ အချိန်မရွေး ပြိုလဲကျတော့မည်ကဲ့သို့ ဖြစ်လာ၏။
အခုနေ ထွက်ပြေးဖို့ တွေးသည့်သူက ရူးနေလို့သာ ဖြစ်ရပေမည်။
ဆူဇီမိုက မီးခိုးရောင်ကျင့်ကြံသူကို လှမ်းကြည့်လိုက်၏။ ထိုသူက ရွှေအမြုတေအဆင့် ဖြစ်သော်လည်း သူသည်လည်းပဲ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပေ။
အလောတကြီးဟန်မရှိဘဲ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက သူ့သိုလှောင်အိတ်ထဲကနေ အညိုရောင် ပိတ်စတစ်စကို ဆွဲထုတ်လိုက်၏။
သူက ထောင့်တစ်ထောင့်သို့ ပြေးကပ်လိုက်ပြီး.. သူ့ကိုယ်သူ ထိုပိတ်စဖြင့် ဆွဲအုပ်လိုက်၏။
ဆူဇီမို၏ မျက်စိရှေ့မှောက်မှာပင်.. မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ပုံရိပ်က သူ့အော်ရာနှင့်တကွ အလုံးစုံ ပျောက်ကွယ်သွား၏။ မည်သည့် သဲလွန်စမျှ မကျန်ခဲ့ပေ။
သူ့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းသာ မဟုတ်လျှင် ဆူဇီမိုသည် ထိုအခြင်းအရာကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက လေထဲတွင် ဒီအတိုင်း ပျောက်ကွယ်သွား၏။
သို့သော်လည်း.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက ထိုထောင့်တွင်သာ ရှိနေဦးမည်ဆိုတာကို ဆူဇီမိုသိ၏။
ထိုပိတ်စလေးက ကြည့်ရသည်မှာ ဘာမျှ ထူးခြားမှုမရှိသော်လည်း.. ၎င်းက လူတစ်ယောက်၏ ပုံရိပ်ကို ဖျောက်ပေးနိုင်ရုံသာမက.. အော်ရာပါ ကျန်မနေခဲ့ပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူရဲ့ အားကိုးက ဒါပေါ့လေ။
တစ်ခဏအတွင်း.. လိုဏ်ဂူထဲ၌ ဆူဇီမိုတစ်ယောက်တည်းသာလျှင် ကျန်ရှိတော့လေသည်။ သူ့ဘေးမှာ ရှိနေတာကတော့.. ပြန့်ကျဲကျနေသော ပြောင်စင်အောင်လျှက်ထားသည့် ဥခွံစများသာ ဖြစ်လေသည်။
ထိုသည်ကို မြင်သော မည်သူမဆို.. မည်သို့ဖြစ်ပျက်ထားသည့်ကို တန်းပြီး ခန့်မှန်းနိုင်ကြပေလိမ့်မည်။
ဆူဇီမိုမှာ စဉ်းစားတွေးတောဖို့ အချိန်များစွာ ရှိမနေပေ။ နတ်တောင်ထိပ်မှ စွမ်းအားကြီးသောသက်ရှိက အချိန်မရွေး ရောက်လာနိုင်၏။
ဖျတ်ကနဲ လှုပ်ရှားမှုနှင့်အတူ.. ဆူဇီမိုသည် မီးခိုးရောင်ကျင့်ကြံသူ ပျောက်ကွယ်သွားခဲ့သော ထောင့်သို့ ပြေးကပ်လိုက်ပြီး မလှုပ်မယှက် ရပ်နေလိုက်၏။
ပုန်းကွယ်နေသော မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် အစကတော့ ဆူဇီမိုတစ်ယောက် အရူးဖြစ်နေမှာကို စောင့်ကြည့်နေခြင်းဖြစ်၏။ ယခုဤသည်ကို မြင်သောအခါ သူတုန်လှုပ်သွား၏။
ထိုပိတ်စပိုင်းက သူ့ခန္ဓာကိုယ်နှင့် အော်ရာကို ဖုံးကွယ်ဖျောက်ပေးထားနိုင်သော်လည်း.. ကျရောက်လာမည့် တိုက်ခိုက်မှုကိုတော့ ခံနိုင်ရည်မရှိပေ။
အပြင်ဘက်မှ သတ္တဝါသည် လိုဏ်ဂူထဲက အဖြစ်အပျက်ကိုသာ တွေ့မြင်သွားလျှင်.. သူသည် ဒေါသအမျက်ချောင်းချောင်းထွက်ပြီး စိတ်လွတ်သွားပေလိမ့်မည်။
ထိုအချိန်၌ ထိုသတ္တဝါက ဆူဇီမိုရှိရာသို့ ဒေါမာန်အဟုန်နှင့် တိုက်ခိုက်ချေမှုန်းလိုက်လျှင် သူပါရောညှပ်ပြီး ပါသွားပေလိမ့်မည်။
မီးခိုးရောင်ကျင့်ကြံသူက ချက်ချင်းပင် ဆူဇီမို၏ စိတ်အကြံကို နားလည်လိုက်၏။
“မင်း.. ငါ.. တော်တော် အကြံပက်စက်တဲ့ကောင်!”
မီးခိုးရောင်ကျင့်ကြံသူက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
အခုနေ ဆူဇီမိုကို သူတိုက်ခိုက်မည်ဆိုလျှင် သူပြန်ပုန်းဖို့ နောက်ကျသွားမည်ဖြစ်ပြီး သူ့ကို မြင်တွေ့သွားပေလိမ့်မည်။
မီးခိုးရောင်ကျင့်ကြံသူက ဆူဇီမိုကို ကန်ထုတ်ပစ်ချင်နေ၏။ သို့သော်.. သူ့မှာ ရွေးချယ်စရာမရှိ.. ဆူဇီမိုကိုသာ သူ၏ ပိတ်စအောက်သို့ ဆွဲသွင်းလိုက်ရ၏။
ချက်ချင်းပင် သူတို့နှစ်ယောက်စလုံး၏ ပုံရိပ်နှင့်အော်ရာများက ပျောက်ကွယ်သွား၏။
ထိုသို့ သူပြုလုပ်ပြီးသည့် အချိန်မှာပင်.. နတ်တောင်ကုန်းပေါ်သို့ အလွန်တရာ ကြီးမားသည့်အားက ကျရောက်လာပြီး တောင်ထွတ်က ပြိုကျသွား၏။ လိုဏ်ဂူတစ်ခုလုံးက ထင်းကနဲ ပေါ်လာ၏။
. . .
ကြောက်စရာကောင်းသည့် အော်ရာက ရောက်ရှိလာသည်ကို အာရုံခံသိရှိလိုက်ရသောအခါ အခုနေ ထွက်ခွာဖို့က နောက်ကျသွားပြီဖြစ်ကြောင်း.. နန်းတော်သခင်သည် နားလည်သိရှိလိုက်၏။ ထိုသို့လုပ်ခြင်းက အထင်အမြင်လွဲမှားမှုကိုသာ ဖြစ်စေပေလိမ့်မည်။
ကံကောင်းထောက်မစွာနှင့်.. သူသည် အခုချိန် လိုဏ်ဂူထဲကို မဝင်ရောက်ရသေးဘဲ.. ဒီနေရာမှာ နေထိုင်သော သတ္တဝါကို ရန်မစမိသေးပေ။
ထို့အပြင် သွေးကျိန်စာ၏ လမ်းပြမှုအရဆိုလျှင်.. ဆူဇီမိုက ဤလိုဏ်ဂူထဲမှာ ရှိနေရပေမည်။
ကမ္ဘာဦးအပျက်အဆီးနယ်မြေမှ သတ္တဝါရောက်ရှိလာသည့်အခါ ထိုကောင်လေးက ပြေးစရာမြေမရှိတော့ဘဲ.. သေချာပေါက် သေရပေလိမ့်မည်။
အားလုံးက အဆင်ပြေသွားသည့်အခါ သူက သူ့သရုပ်မှန်ကို ထုတ်ပြလိုက်သည်နှင့်.. တစ်ဖက်သူက သူ့ကို အကျပ်ရိုက်အောင် လုပ်တော့မည်မဟုတ်ပေ။
ခရီးစဉ်က အန္တရာယ်များလှသော်လည်း.. သူက ဤနေရာကနေ အေးဆေးသက်သာ ထွက်သွားရုံသာ ဖြစ်လေသည်။
ဂါး.. ဂါး.. ဂါး..!
နန်းတော်သခင်ထင်ထားသည့်အတိုင်းပင်.. ကြောက်စရာကောင်းသည့်အော်ရာ ရောက်လာပြီးနောက်.. စွမ်းအားကြီးသည့် ဟိန်းဟောက်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။ နားကွဲမတတ်ဟိန်းဟောက်သံများက ကောင်းကင်ထက် ပဲ့တင်ထပ်မြည်ဟည်းသွားပြီး ကျောက်ဆောင်ကျောက်သားများက အက်ကွဲကုန်၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကမ္ဘာဦးသတ္တဝါကြီးက နတ်တောင်ကုန်းပေါ်သို့ ဆင်းသက်လာ၏။
သူ့စိတ်ကို ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း.. ကမ္ဘာဦးသတ္တဝါကြီးကို သူ့မျက်စိနှင့် တပ်အပ်မြင်ရသည့်အခါ.. နန်းတော်သခင်၏ သူငယ်အိမ်က တင်းကျပ်သွားပြီး.. သူ့နုလုံးက တလျှပ်လျှပ်ခုန်လာ၏။
ကမ္ဘာဦးသတ္တဝါက အခုထိ သူ့ပုံစံအပြည့်အဝကို ထုတ်မပြရသေးပေ။
သို့သော်လည်း နတ်တောင်ကုန်းကို ရစ်ခွေထားသော သူ့ကိုယ်တစ်ဝက်ကပင်.. တောင်ကုန်းတစ်ခုလုံးနီးပါးကို ဖုံးအုပ်နေပြီဖြစ်၏။
ကြီးမားသည့်ကိုယ်ထည်ကြီးက နတ်တောင်ကုန်းကို လှည့်ပတ်နေပြီး.. မီတာရာပေါင်းများစွာ ရှည်လျားကာ အစိမ်းရောင်ကြေးခွံများက အေးစက်စက်အလင်းရောင်ဖြင့် တောက်ပနေ၏။
ခလန်း.. ခလန်း..!
ထိုကိုယ်ထည်ကြီး၏အောက်ဘက်တွင်.. ဧရာမလက်သည်းကြီးများက ပြူထွက်နေ၏။ သူတို့၏ အဆစ်ပိုင်းများက ငေါထွက်နေပြီး အလွန်တရာထက်ရှ၏။
ကမ္ဘာဦးသတ္တဝါကြီး၏ ဦးချိုနှစ်ဖက်က ငွားငွားစွင့်စွင့် ထောင်နေပြီး.. သူ၏ သတ်ဖြစ်လိုစိတ်အပြည့်နှင့် မျက်လုံးနှစ်လုံးက အေးစက်ခက်ထန်စွာ အောက်သို့ ငုံကြည့်လိုက်၏။
ကမ္ဘာဦးသက်ရှိကြီး၏ မေးစေ့အောက်တွင် မှုတ်ဆိတ်တစ်စု ရှိနေ၏။ သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဟလိုက်သည့်အခါ.. ကြောက်စရာကောင်းအောင် ထက်ရှနေသော သွားများက ပေါ်လာပြီး ဒေါမာန်ခက်ထန်နေသော သူ့နှုတ်ခမ်းထောင့်များမှ သွားရည်များက တများများ ကျလာ၏။
နဂါး!
အစစ်အမှန် နဂါးတစ်ကောင်ပင်!
နန်းတော်သခင်သည် သူ့ကလန်၏ ရှေးဟောင်းမှတ်တမ်းများထဲတွင် နဂါးတစ်ကောင်၏ ပုံပန်းသဏ္ဌာန်အကြောင်း ဖတ်မှတ်ခဲ့ဖူး၏။ သို့သော် တစ်ကယ်လက်တွေ့ဘဝမှာ သူကိုယ်တိုင် မြင်တွေ့ရသောအခါ သူသည် အလွန်တရာ တုန်လှုပ်သွားရဆဲဖြစ်၏။
ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသည်က တစ်ကယ်အပြင်လက်တွေ့၏ တစ်ရာခိုင်းနှုန်းလောက်သာ ပါရှိလေသည်။
အလွန်ဆုံးအနေနှင့်.. ရှေးဟောင်းမှတ်တမ်းများက ရုပ်ရည်သွင်ပြင်ကိုသာ အဓိကမှတ်တမ်းတင်နိုင်၏။ သို့သော်လည်း.. နဂါးတစ်ကောင်၏ ထူးခြားအော်ရာနှင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းတို့က မှတ်တမ်းထဲတွင် ချရေးဖို့ မလွယ်ကူသော အရာများ ဖြစ်လေသည်။
ဆူဇီမိုသာ အခုနေ ဤနတ်နဂါးကို မြင်တွေ့ရလျှင် သူသည် တစ်ခုခု သေချာပေါက် ပြန်မြင်ယောင်လာပေလိမ့်မည်။
ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲသို့ မဝင်ရောက်ကြခင်က.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက တစ်ခါပြောခဲ့ဖူး၏။
‘ငါ အရင်က နဂါးတစ်ကောင်ကို မြင်ဖူးတယ်.. အဲ့ဒါက ကြေးခွံတစ်ခွံနဲ့ လက်သည်းတစ်ဝက်ဆိုပေမယ့်လည်း တစ်ကယ်တုန်လှုပ်လောက်တယ်.. သူ့ကြေးခွံက ငါတို့ ခန္ဓာကိုယ်ထက်တောင်ကြီးပြီး သူ့လက်သည်းက ငါတို့ရဲ့ဓါးပျံတွေထက်တောင်မှ ထက်ရှသေးတယ်’
မည်သူမျှ သူ့စကားကို အတည်မယူခဲ့ကြပေ။
သို့သော်လည်း.. ယခုကြည့်မည်ဆိုလျှင် နတ်နဂါး၏ သွင်ပြင်က မီးခိုးရောင်ဝတ်ကျင့်ကြံသူ ပြောပြခဲ့တာထက်ပင် များစွာသာလွန်နေသေး၏။
ခွန်အားများစွာ အသုံးမပြုဘဲနှင့်တောင်.. နတ်နဂါးက နတ်တောင်ကုန်း၏ အပေါ်ပိုင်းတစ်ဝက်ကို ဖယ်ထုတ်ပစ်လိုက်ပြီး လိုဏ်ဂူအတွင်းရှိ အရာရာတိုင်းကို အတိုင်းသား မြင်လာရစေ၏။
နန်းတော်သခင်က တစ်ချက်ကြည့်လိုက်ပြီး.. သူ့မျက်နှာက ချက်ချင်းပင် သွေးဆုတ်ဖြူလျော့သွား၏။
မည်သူမျှ မရှိ!
လိုဏ်ဂူ၏ အတွင်းဆုံးပိုင်းက ညစ်ပေပွနေ၏။ ဧရာမနဂါးဥကြီးက အပိုင်းပိုင်း ကြေမွနေ၏။ အထဲမှ ဥရည်များက မရှိတော့ဘဲ.. ဥခွံများက ပြောင်လက်နေအောင် ရှင်းလင်းနေ၏။
သို့သော်.. အထဲမှာ မည်သူမျှ မရှိ။
အတိအကျပြောရလျှင်.. ဤနေရာ၌ တစ်ဦးတည်းရှိနေသောသူမှာ... သူသာလျှင်..!
နဂါးဥကို တစ်ယောက်ယောက်က ဖောက်စားသွား၏။
အခုမှ ရောက်ရှိလာသော နတ်နဂါးအပြင် ဤနေရာ၌ ရှိနေသော တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ သူသာလျှင် ဖြစ်လေသည်။
သူမည်သို့ ရှင်းပြရပါမည်လဲ။
နန်းတော်သခင်သည် အနည်းငယ် ကြောင်အနေ၏။ အဖြစ်အပျက်များက သူကြိုတွေးထားသည်နှင့် လုံးဝမတူ ခြားနားနေ၏။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဥခွံများကို မြင်တွေ့လိုက်သောအခါ.. နတ်နဂါး၏ မျက်လုံးထဲမှ အဆုံးမဲ့ ဒေါသအမျက်များက ထွက်ပေါ်လာပြီး.. မီးထတောက်မတတ် ဖြစ်လာ၏
ချက်ချင်းပင်.. နန်းတော်သခင်သည် သူ့ထံသို့ ကျရောက်လာသော ကျောချမ်းဖွယ်ရာ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်၏။
“မ..မဟုတ်.. အဲ့ဒါက ကျူပ်မဟုတ်ဘူး”
နန်းတော်သခင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။
ဗလာနတ္တိအဆင့်၊ တာအိုသက်ရှိတစ်ယောက်အနေနှင့် သူသည် မဟာကျိုးအင်ပါယာအတွင်း၌ ယှဉ်ပြိုင်ဘက် မရှိလုနီးပါးဖြစ်၏။ ထိုသို့ဆိုသော်လည်း အရွယ်ရောက်နဂါးတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင်..
ထောင့်တွင် ပုန်းနေသော မီးခိုးရောင်ဝတ်ကျင့်ကြံသူသည်လည်း အနည်းငယ် ကြောင်အသွား၏။
ဒီနေရာမှာ နောက်ထပ်တစ်ယောက် ရှိနေသေးတာလား။
“ဒီလူက တစ်ကယ့်ဆရာကြီးပဲ.. သူက အပြစ်တင်ခံရတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်မယ်ထင်တယ်.. ဒီလိုအခြေအနေ ရောက်နေချိန်မှာ သူက ဒီနေရာကို အချိန်ကိုက်၊ တိုင်ပင်ကိုက် ရောက်လာတယ်ဆိုတော့...” မီးခိုးရောင်ဝတ်ကျင့်ကြံသူက စိတ်ထဲကနေ ရေရွတ်လိုက်၏။
သူတို့နှစ်ယောက်က ထောင့်လေးမှာ မလှုပ်မယှက် ပုန်းနေကြ၏။ အပြင်ဘက်တွင် ဘာတွေဖြစ်ပျက်နေသည်ဆိုတာကိုပင် သူတို့ မစပ်စုရဲကြပေ။
သို့သော်လည်း အပြင်ဘက်မှ အုန်းအုန်းကျက်ကျက် အသံများကို ကြားလိုက်သည့်အခါ.. ဘာတွေဖြစ်ပျက်နေသည်ဆိုတာကို ဆူဇီမိုသည် အကြမ်းဖျင်းတော့ ခန့်မှန်းမိသွား၏။
စောစောက စကားပြောလိုက်သည့်သူက သူ့ကို အမဲဖျက်ဖို့ လိုက်လာသည့်သူ ဖြစ်ရပေမည်။
ဆူဇီမိုသည် ပိတ်စကိုမ၍ ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို ကြည့်ချင်မိ၏။ အခုပေါ်လာသော ကမ္ဘာဦးသတ္တဝါ၏ သွင်ပြင်ကိုလည်း သူစူးစမ်းချင်မိသေး၏။
သို့သော်လည်း.. သူ့မှာ ဆင်ခြင်တုံတရား ရှိသေးပြီး အောင့်အည်းထားလိုက်၏။
ဒီလိုအချိန်၌ နည်းနည်းလေး လှုပ်ရှားလိုက်လျှင်ပင် သူတို့နှစ်ယောက်က ပေါ်သွားလိမ့်မည်။