ညဝိညာဉ်ကို ပစ်မှတ်ထားခြင်း
Vol. 17 Ch. 245
အခန်း ၂၄၅ - ညဝိညာဉ်ကို ပစ်မှတ်ထားခြင်း
ကမ္ဘာဦးအပျက်အဆီးနယ်မြေမှ ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော လေဟာနယ်ထဲတွင်.. ကြီးမားသည် တွင်းနက်ကြီးတစ်ခုက ပေါ်လာပြီး ထိုအထဲမှ လူနှစ်ယောက်က မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ကျဆင်းလာကြ၏။
ဆူဇီမို၏ ခန္ဓာကိုယ်က အလွန်ကြံ့ခိုင်သောကြောင့် သူသည် များစွာသိပ်ပြီး မခံစားရပေ။
“အီး..”
တစ်ဖက်မှာ မီးခိုးရောင်ဝတ်ကျင့်ကြံသူကတော့ နာကျင်စွာ ညည်းတွားအော်ဟစ်လိုက်၏။
သူက ရွှေအမြုတေအဆင့်ဖြစ်သော်လည်း.. သူ၏ရုပ်ပိုင်းဆိုင်ရာက ဆူဇီမိုလောက် မသန်မာပေ။
ဘေးပတ်လည်ကို ကြည့်ရှုလိုက်ပြီးနောက်.. သူတို့သည် ကမ္ဘာဦးအပျက်အဆီးနယ်မြေထဲမှ ထွက်လာ၍ လုံးဝစိမ်းသက်သော နေရာတစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း ဆူဇီမိုနားလည်လိုက်၏။
တည်နေရာရွှေ့ပြောင်းအဆောင်အသေး..
သူ့မျက်လုံးက အရောင်တောက်သွားပြီး တိုးတိုးရေရွတ်လိုက်၏။
သူသည် ထိုအဆောင်နှင့် ပတ်သတ်၍ ဘာမျှမသိဘဲ.. အခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။
သို့သော်လည်း.. တည်နေရာရွှေ့ပြောင်းအဆောင်အသေး၏ လုပ်ဆောင်နိုင်စွမ်းက ဆူဇီမိုကို မျက်စိပွင့်နားပွင့်ဖြစ်သွားစေ၏။
လေဟာနယ်ကူးပြောင်းခြင်း!
ထျန်ဟွမ်ကမ္ဘာတွင် ကျင့်ကြံသူအများစုသည် တစ်နေရာမှ အခြားတစ်နေရာသို့ ခုန်ကူးချင်သည်ဆိုလျှင် သူတို့သည် လေဟာနယ်ကူးပြောင်းခြင်းအစီအရင်တစ်ခုကို အရင်တည်ဆောက်ရပေမည်။
လေဟာနယ်ကူးပြောင်းခြင်းအစီအရင်၏ အရည်အသွေးက မြင့်မားလေလေ.. သူသည် ပိုဝေးသောနေရာသို့ ကူးပြောင်းရောက်ရှိနိုင်လိမ့်မည် ဖြစ်လေသည်။
ရိုးရှင်းသောအဆောင်လေးတစ်ခုရှိရုံနှင့် လေဟာနယ်ကူးပြောင်းခြင်း၏ အကျိုးသက်ရောက်မှုလိုမျိုး ရအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟူ၍ ဆူဇီမိုသည် ဘယ်တုန်းကမှ မတွေးမိဖူးပေ။
ပြောရမည်ဆိုလျှင် ကြုံတွေ့ခဲ့ရသော ထိုတည်နေရာရွှေ့ပြောင်းအဆောင်အသေးကြောင့်သာ မဟုတ်လျှင် မီးခိုးရောင်ဝတ်ကျင့်ကြံသူနှင့်သူသည် ထိုကြုံတွေ့ခဲ့ကြရသော အခြေအနေများမှ ရုန်းထွက်လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ကမ္ဘာဦးအပျက်အဆီးနယ်မြေမှ မထွက်လာခင်.. နောက်ဆုံးကြုံတွေ့ခဲ့ရသော တုန်လှုပ်ဖွယ်ရာမြင်ကွင်းက သူ့စိတ်ထဲတွင် ပြန်ပေါ်လာ၏။
ကြီးမားရှည်လျားသည့် ခန္ဓာကိုယ်ကြီးကို သံမဏိရည်များ လှည့်ပတ်စီးဆင်းနေသည့်အလား ကြေးခွံများက ဖုံးအုပ်ထား၏။
၎င်း၏ ဦးခေါင်းက အလွန်ကြောက်စရာကောင်းပြီး.. လက်သည်းများက ချွန်ထက်ပြောင်လက်နေကာ.. အလွန်ပြင်းထန်ပေါက်ကွဲစွမ်းအားများက ခေါင်းမှခြေဖျားအထိ လှည့်ပတ်ဖြာထွက်နေ၏။
“အဲ့ဒါက တစ်ကယ်ပဲ .. နဂါးတစ်ကောင်လား”
မီးခိုးရောင်ဝတ်ကျင့်ကြံသူကို ကြည့်ပြီး ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။
ယနေ့ကြုံတွေ့ခဲ့ရသော ကိစ္စများစွာက ထျန်ဟွမ်ကမ္ဘာနှင့် ကျင့်ကြံရေးလောကအပေါ် သူအရင်နားလည်ထားခဲ့သည်များထက် များစွာကျော်လွန်နေ၏။
ယခုအချိန်ထိတိုင်အောင်.. အသက်ရှူနေသော တစ်ကယ့်သက်ရှိနဂါးတစ်ကောင်က သူ့ရှေ့မှောက်မှာ ပေါ်လာခဲ့ဖူးသည်ဆိုတာကို သူ့မှာ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။
ဒါ့အပြင်.. ထိုနဂါးလက်ချက်ဖြင့် သူသေရတော့မလို့ ဖြစ်ခဲ့ရသေး၏။
ဆူဇီမို၏ အမေးကို ကြားရသောအခါ.. မီးခိုးရောင်ဝတ်ကျင့်ကြံသူက မျက်လုံးလှန်ကြည့်လိုက်ပြီး အေးစက်စက် ထေ့ငေါ့လိုက်၏။
“မင်းက ဘာကောင်လို့ ထင်နေလို့လဲ”
အဲ့ဒါက တစ်ကယ်ကြီး နဂါးတစ်ကောင်ပဲ။
အလွန်ရှေးကျသော ကမ္ဘာဦးခေတ်၌ ဘာနှင့်မှ မနှိုင်းယှဉ်သာအောင် သန်မာသော နဂါးမျိုးနွယ်သည် ထင်ရှားကျော်ဇောခဲ့ကြ၏။
ထို့နောက်.. ဆူဇီမိုသည် တစ်စုံတစ်ရာကို အတွေးပေါက်သွား၏။
အဲ့ဒီအစိမ်းရောင်သတ္တဝါက နဂါးတစ်ကောင်ဆိုတော့.. ဟိုလိုဏ်ဂူထဲက ဧရာမဥကြီးက.. .. နဂါးဥပေါ့လေ။
“ငါ တစ်ကယ်ကြီး နဂါးတစ်ကောင်ကို စားခဲ့တာလား”
ဆူဇီမိုသည် တုန်လှုပ်လန့်ဖျန့်သွား၏။
ပို၍ တိတိကျကျပြောရလျှင် နဂါးတစ်ကောင်မဟုတ်.. တစ်ဝက်ပင်ဖြစ်လေသည်။
အခြားတစ်ဝက်ကို ညဝိညာဉ်က စားခဲ့၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည်လည်း မြေပြင်ပေါ်မှ ထိုင်နေရင်း ထိုအကြောင်းကို တွေးရင်းတွေးရင်းနှင့် မချင့်မရဲဖြစ်နေ၏။
ဘေးဘက်မှ ဆူဇီမို၏ တီးတိုးရေရွတ်နေသော စကားသံကို ကြားရသည့်အခါ.. သူသည် ပိုလိုပင် ဒေါသထွက်လာပြီး မတ်တပ်ထရပ်လိုက်၏။ ရှေ့သို့တက်လိုက်ပြီး သူသည် ဆူဇီမိုကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ သွားစေ့ပြောလိုက်၏။
“မင်းစားခဲ့တာက နဂါးတစ်ကောင်ဆိုတာတော့ မင်းသိသေးတယ်ပေါ့”
“မင်းဘာလို့ အဲ့နဂါးဥကို စားပစ်လိုက်ရတာလဲကွ!”
“မင်းသာ အဲ့နဂါးဥကို စားမပစ်ခဲ့ဘူးဆိုရင်.. ငါက အဲ့နဂါးဥကို ခိုးယူလာမလို့ကွ.. အဲ့လိုဆို နောက်ကျရင် ငါက နဂါးလေးတစ်ကောင်မွေးပြီး ငါ့အနားမှာထားလို့ရပြီ.. အခုတော့ကွာ.. ငါ့မှာဘာမှ မရှိတော့ဘူး!”
ဆူဇီမိုက မတုန့်ပြန်သေးခင်မှာပင်.. ဝတ်ရုံစထဲမှာ ကွယ်ဝှက်နေသော ညဝိညာဉ်က ရုတ်တရတ် သူ့လက်သည်းများကို ထုတ်လိုက်ပြီး အေးစက်စက် စိုက်ကြည့်လိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူကသာ မူမမှန်တာ တစ်ခုခုလှုပ်ရှားခဲ့လျှင် သူကလည်း တုံ့ဆိုင်းမနေဘဲ အချိန်မရွေးတိုက်ခိုက်မည့် အနေအထားပြင်ထားလိုက်၏။
ညဝိညာဉ်က သူ့လက်သည်းများကို ထုတ်လိုက်သည့်ခဏ၌ မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် ကြက်သီးမွှေးညင်းများထသွား၏။
တစ်ခုခုကို အာရုံခံမိလိုက်သလို.. သူသည် ခေါင်းကိုနှိမ့်၍ ညဝိညာဉ်ကို စိုက်ကြည့်လိုက်ပြီး မာန်မဲလိုက်၏။
“ဘာလဲ.. ခွေးမည်းလေး.. မင်းက ငါ့ကို ကိုက်ချင်တာလား.. မင်းနို့နံ့တောင်မစင်သေးဘူး တော်တော်မိုက်မဲ...အာ”
ညဝိညာဉ်၏ လက်သည်းများကို ကြည့်လိုက်ပြီး မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် မျက်စိကိုမှေးကျဉ်း၍ အံ့အားတသင့် ရေရွတ်လိုက်၏။
ညဝိညာဉ်၏ လက်သည်းများက နဂါးဥပေါ်က အပေါက်ရာနှင့် တထေရာတည်း တူညီနေ၏။
“အို့”
မီးခိုးရောင်ကျင့်ကြံသူသည် နားလည်သဘောပေါက်သွားပြီး ပြောလိုက်၏။
“လက်စသတ်တော့ အဲ့ဒါကို အရင်စခဲ့တာကို မင်းပဲကိုး!”
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ ရူးနှမ်းနှမ်း အမူအယာမှ တစ်ကယ့်ရန်လိုစိတ်ကို မခံစားမိသောအခါ.. ညဝိညာဉ်က ဆက်လက်အရေးလုပ်မနေတော့ပေ။ သူသည် မျက်လုံးကို မှေးစင်းလိုက်ပြီး.. ညဝိညာဉ်ရင်အုပ်ထဲတွင် ပြန်ခွေလှဲနေလိုက်၏။
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ညဝိညာဉ်ကို ချိန်ဆကြည့်နေပြီး.. အလေးအနက် တွေးတောစဉ်းစားနေလိုက်၏။
အစကတော့ ညဝိညာဉ်သည် ခွေးလေးတစ်ကောင်သာ.. ဘာမှမဟုတ်ပါဟု သူတွေးမိခဲ့၏။
ခွေးတစ်ကောင်ကို စိတ်ဝိညာဉ်တောကောင်အဖြစ် မွေးထားသည်ဆိုပြီး ဆူဇီမိုကိုပင် သူလှောင်ခဲ့သေး၏။
သို့သော် အခုကြည့်ရပုံအရ.. ညဝိညာဉ်က သိပ်တော့မရိုးစင်းပေ။
ရှေးဦးအဆက်နွယ်သားရဲများ သို့မဟုတ် မူလသွေးမျိုးဆက်သားရဲများပင်လျှင် သူတို့ရှေ့၌ နဂါးဥတစ်လုံးကို ချထားပေးပါက.. စားဖို့ကို တွန့်ဆုတ်နေပေလိမ့်မည်။
သို့သော် မည်မျှပင် သူစဉ်းစားသော်လည်း.. ညဝိညာဉ်နှင့် ဆင်တူသော မည်သည့်စိတ်ဝိညာဉ်သားရဲတောကောင်ကိုမျှ သူပုံဖော်လို့ မရပေ။
မီးခိုးရောင်ဝတ်ကျင့်ကြံသူသည် သူ့မေးစေ့ကိုပွတ်.. မျက်လုံးကို ကလယ်ရင်း အတွေးတစ်ခုက သူ့စိတ်ထဲ တဖြည်းဖြည်းပေါ်လာ၏။
ထိုအချိန်မှာပင် ဘေးကနေ ဆူဇီမိူက စကားထပြောလိုက်၏။
“ကျုပ်က ဆန်းကြယ်တောင်ထွတ်က ဆူဇီမိုပါ.. တာအိုရောင်းရင်း ခင်ဗျားနာမည်ကရော ဘယ်လိုခေါ်လဲ မသိဘူး”
“လင်းရွှမ်ကျီ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ စိတ်အာရုံက ညဝိညာဉ်အပေါ်မှာသာ ကျရောက်နေသောကြောင့် ဘာမျှ စဉ်းစားမနေဘဲ သူပြန်ဖြေလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး.. လေးနက်စွာဖြင့် လက်သီးဆုပ်လေးစားဟန် ပြလိုက်၏။
“ဒီတစ်ကြိမ် ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်.. နောက်မှာ အခွင့်ပေါ်လာခဲ့ရင် သေချာပေါက် ကျုပ်ပြန်ပေးဆပ်ပါမယ်”
“ဘာမှ နောက်မှတွေဘာတွေ လုပ်မနေနဲ့.. မင်းအဲ့ဒါကို အခု ပြန်ပေးဆပ်လို့ ရတာပဲ”
လင်းရွှမ်ကျီက အပြုံးတစ်ခုကို ထုတ်ဖော်၍ ဆူဇီမို၏ ရင်ခွင်ထဲရှိ ညဝိညာဉ်ကို မေးငေါ့ပြလိုက်၏။
“ရောင်းရင်း.. မင်းသာ ငါ့ကို အဲ့ခွေးလေးပေးမယ်ဆိုရင်.. ငါတို့အကြား အကြွေးကြေပြီလို့ သတ်မှတ်လိုက်မယ်”
လင်းရွှမ်ကျိသည် ညဝိညာဉ်၏ နောက်ခံကို မပြောနိုင်သေးသော်လည်း.. ၎င်းက တိုးတက်ဖို့ အလားအလာများစွာရှိကြောင်း သူပြောနိုင်၏။
အဲ့ကောင်လေးက တစ်ကယ်ပဲ ခွေးတစ်ကောင်ဆိုလျှင်တောင်.. နဂါးဥတစ်ဝက်ကို စားထားပြီးဖြစ်သည့်အတွက်.. ဒေါမာန်ဟုန်ပြင်းထန်၍ ကြောက်စရာကောင်းသော စိတ်ဝိညာဉ်တောကောင်တစ်ကောင်အဖြစ်သို့ သေချာပေါက် အသွင်ပြောင်းလာလိမ့်ပေမည်။
ညဝိညာဉ်ကိုသာ အပိုင်ရယူနိုင်မည်ဆိုလျှင်.. သူဒီတစ်ခေါက် ဆုံးရှုံးခဲ့ရသည်များကို ပြန်လည်ထေမိလိမ့်မည်ဟု လင်းရွှမ်ကျီ ခံစားမိနေ၏။
“ညဝိညာဉ်လား”
ဆူဇီမိုက ခဏမျှ ငေးငိုင်သွား၏။
လင်းရွှမ်ကျီက ညဝိညာဉ်ကို ပစ်မှတ်ထားလိမ့်မည်ဟု သူ မထင်ထားမိပေ။
ဆူဇီမိုက ရယ်မောလိုက်ရင်း ပြန်ပြောလိုက်၏။
“အဲ့ဒါက ကျုပ်သဘောတူဖို့က သိပ်ကိစ္စမရှိပါဘူး.. ဒါပေမယ့် ညဝိညာဉ်က ခင်ဗျားနောက်ကို ဘယ်လိုမှ လိုက်မှာ မဟုတ်ဘူး”
“ဟီးဟီး”
လင်းရွှမ်ကျီက ထူးဆန်းစွာ ရယ်လိုက်ရင်း ပြောလိုက်၏။
“ဒါဆို မင်းကတော့ အဲ့ဒါကို သဘောတူတယ်ပေါ့.. အဲ့လောက်ဆိုရပြီ.. ငါတို့ကြား ဘာအကြွေးမှမရှိတော့ဘူးလို့ သဘောထားလိုက်တော့”
“ဒါပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲကနေ ကြိတ်ရယ်လိုက်၏။
ညဝိညာဉ်၏ စိတ်နေစရိုက်ကို သူကောင်းကောင်းသိလေသည်။ မီးခိုးရောင်ဝတ်ကျင့်ကြံသူက ညဝိညာဉ်ကို သွေးဆောင်ဖြားယောင်းနိုင်မည်ဟု သူ့ကိုယ်သူထင်နေလျှင် အရှုံးကြီးရှုံးပေတော့မည်။
“မိုက်တယ်”
လင်းရွှမ်ကျီက ဆူဇီမို၏ ပုခုံးကို ပုတ်လိုက်၏။
“အဓိက မင်းသဘောတူဖို့ပဲလိုတာ.. ကျန်တာက ငါ့တာဝန်ထားလိုက်.. ငါဘာလုပ်နိုင်တယ်ဆိုတာ မင်းကို ပြရသေးတာပေါ့”
ဆူဇီမိုက ပြန်မပြောဘဲ ပြုံးရုံသာပြုံးနေလိုက်၏။
ညဝိညာဉ်၏ ရှေ့သို့ ရောက်လာပြီးနောက် လင်းရွှမ်ကျီက ပြုံး၍ မေးလိုက်၏။
“ခွေးမည်းလေး.. မင်းငါ့နဲ့ လိုက်မယ်မလား”
ညဝိညာဉ်က အိပ်မောကျနေသလို မျက်လုံးကိုမှိတ်၍ သူ့ကိုလျစ်လျူရှုထား၏။
လင်းရွှမ်ကျီက သူ့ခေါက်ယပ်တောင်ကို မ၍ ညဝိညာဉ်၏ ခေါင်းကို လှမ်းပုတ်လိုက်ရင်း.. နူးညံ့စွာ အပြစ်တင်လိုက်၏။
“ဒီကောင်လေးကတော့.. ငါ့ကိုလာပြီး ဟန်ဆောင်ပြနေပြန်ပါပြီ။”
ခေါက်ယပ်တောင်က ညဝိညာဉ်က ဦးခေါင်းပေါ် ကျရောက်တော့မည့်အချိန်မှာပင်.. ညဝိညာဉ်က ရုတ်တရတ် နိုးထလာ၏။
သူက ခေါင်းကိုမော့၍ လင်းရွှမ်ကျီ၏ ခေါက်ယပ်တောင်ကို ဆတ်ကနဲ့ ဖမ်းကိုက်ကာ ခြိမ်းခြောက်သလို ဝမ်းခေါင်းသံဖြင့် မာန်ဖီလိုက်၏။
“ဟေးဟေ့”
လင်းရွှမ်ကျီ ရင်ထိတ်သွားပြီး သူ့ခေါက်ယပ်တောင်ကို ကပျာကယာ ပြန်ဆွဲယူလိုက်၏။
သို့သော်လည်း ညဝိညာဉ်က ၎င်းကို အသေကိုက်ထားပြီး လုံးဝလျှော့မပေးပေ။
“မလုပ်နဲ့နော်”
လင်းရွှမ်းကျီသည် သူ့လက်ကို ပြုတ်ထွက်တော့မည့်အလား အရူးအမူးလှုပ်ခါလိုက်၏။ ထိုအခါမှသာ ညဝိညာဉ်ပါးစပ်ထဲမှ သူ့ခေါက်ယပ်တောင်ကို ပြန်ဆွဲယူနိုင်လိုက်၏။
ဆူဇီမိုက လင်းရွှမ်းကျီ၏ ခေါက်ယပ်တောင်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ထိုခေါက်ယပ်တောင်က တစ်ကယ့်ရတနာပင်။
ညဝိညာဉ်၏ သွားများက အလွန်သန်မာပြီး သားရဲချုပ်နှောင်ကျော့ကွင်းကိုပင် ကိုက်ဖြတ်နိုင်ခဲ့၏။ သို့သော်လည်း ထိုခေါက်ယပ်တောင်က အရာလေးတောင် မထင်ပေ။