မဟာကျိုးမြို့တော်
Vol. 17 Ch. 247
အခန်း ၂၄၇ - မဟာကျိုးမြို့တော်
လင်းရွှမ်ကျီထွက်သွားပြီးနောက် ဆူဇီမိုသည် မြေပုံတစ်ချပ်ကို ထုတ်ယူကာ လက်ရှိနေရာနှင့် သေချာစွာ တိုက်ပြီးစစ်ဆေးကြည့်လိုက်၏။
ခဏကြာပြီးနောက် သူလက်ရှိရောက်နေသောနေရာက မဟာကျိုးအင်ပါယာ၏ မြို့တော်နှင့် ငါးကီမီလိုတာတောင် မဝေးတော့ကြောင်း တုန်လှုပ်ဖွယ်ရာ သိရှိလိုက်ရ၏။
ကမ္ဘာဦးအပျက်အဆီးနယ်မြေမှာ အသုံးပြုခဲ့သော တည်နေရာရွှေ့ပြောင်းအဆောင်အသေးက သူတို့ကို တစ်ကယ်ကြီး မဟာကျိုးမြို့တော်အနီးသို့ ပို့ပေးခဲ့လေသည်။
တန်လင်းတောင်ကြားမှ တိုက်ပွဲပြီးနောက် ဆူဇီမို၏ ကမူးရှူးသိုး ထွက်ပြေးမှုက သူ့ကို ဆန်းကြယ်တောင်ထွတ်မှ ဝေးသထက်ဝေးရာသို့ ခေါ်လာခဲ့၏။
သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ.. သူသည် ဤနေရာကနေ ဆန်းကြယ်တောင်ထွတ်ဆီသို့ နေ့မနားညမနား အိပ်စက်ခြင်း၊ အနားယူခြင်းမရှိ အပြင်းပြေးသွားလျှင်တောင် လပေါင်းအတော်အတန် ကြာမြင့်ပေလိမ့်မည်။
ဆန်းကြယ်တောင်ထွတ်မှ လူများ၏ ဘေးကင်းလုံခြုံမှုကို သူစိတ်ပူနေမိ၏။ ဆူဇီမိုသည် ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက်.. သူသည် မြို့တော်ထဲသို့ အရင်ဝင်ကာ သတင်းတချို့ ရလို့ရငြား စုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
မြေပုံကို ပြန်သိမ်းလိုက်ပြီး.. သူသည် ညဝိညာဉ်နှင့်အတူ ဓါးပျံစီးနင်း၍ မြို့တော်ရှိရာသို့ ဦးတည်ပျံသန်းလိုက်၏။
တစ်နာရီကြာပြီးနောက်.. သူ့ရှေ့တည့်တည့်မှ ငွားငွားစွင့်စွင့် မြင့်မားလှသော မြို့ရိုးကြီးကို လှမ်းမြင်လိုက်ရ၏။
မြို့ရိုးက မြေပြင်မှ ဘယ်နှင့်ညာဘက်သို့ ပြန့်ကားဆန့်ထွက်သွားကာ.. အဆုံးသတ်ကို မမြင်ရပေ။
အဝေးကနေ ကြည့်ရုံနှင့်ပင်.. မြို့တော်၏ ခမ်းနားထည်ဝါမှုကို ခံစားရနိုင်၏။
၎င်းမှာ ကမ္ဘာဦးနတ်နဂါးကြီးက ကန့်လန့်ဖြတ် လှဲလျောင်းနေသလိုပင်။
“ဒါက မဟာကျိုးအင်ပါယာရဲ့ မြို့တော်ပေါ့လေ”
မြို့တော်နားသို့ ချဉ်းကပ်လာလေလေ.. မြို့၏ အံ့မခန်းလှပတင့်တယ်မှုကို မြင်လာရလေလေဖြစ်၏။
သူ့ရှေ့မှ မြို့နှင့်နှိုင်းယှဉ်လျှင်.. ယန်တိုင်းပြည်၏ မြို့တော်က တစ်ကယ့်မြို့တော်ထဲက အိမ်တော်တစ်ခုသာသာပင် ရှိလေသည်။ ထိုမြို့နှစ်မြို့က ကမ္ဘာခြားသို ကွာခြားနေကြ၏။
အနီးကပ်ကြည့်မည်ဆိုလျှင်.. မြို့ရိုး၏ မျက်နှာပြင်မှ ရာသီဥတုတိုက်စားထားမှုဒဏ်များကို မြင်ရနိုင်၏။ မြို့ရိုးက အိုဟောင်း၍ ခြစ်ရာစင်းရာများထင်နေသော်လည်း.. နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ငွားငွားစွင့်စွင့် မားမားမတ်မတ် ရပ်တည်၍ မဖျက်ဆီးနိုင်အောင် ရှိနေ၏။
ထိုမြို့က မဟာကျိုးအင်ပါယာ၏ ပင်မအူတိုင်ပင် ဖြစ်လေသည်။
ပဒေသရာဇ်အခြေစိုက်ရာ.. အင်ပါယာ၏ မြို့တော်ဖြစ်၏။
ဆူဇီမိုရောက်လာရာ မြို့ရိုးဘက်တွင် မြင့်မားသည့် မြို့ဂိတ်တံခါး သုံးဂိတ်ရှိပြီး.. တစ်ဖက်တစ်ချက်စီတွင် အစောင့်များကို ထူထပ်စွာချထား၏။ ကူးလူးသွားလာသူများက အတောမသတ်ရှိနေကြပြီး.. သူတို့ထဲမှ တစ်ဝက်ကျော်မှာ ကျင့်ကြံသူများ ဖြစ်ကြ၏။
“ဟေး.. ဟိုအပေါ်က ကျင့်ကြံသူ.. မြို့တော်ထဲမှာ ရွှေအမြုတေအဆင့်အောက်ဆိုလျှင် ပျံသန်းသွားလာခွင့် မရှိဘူး.. လာ မြန်မြန်အောက်ဆင်းလာခဲ့!”
ထိုအချိန်မှာပင် မြို့ဂိတ်တံခါးမှ အစောင့်တစ်ယောက်၏ အော်သံက ဆူဇီမို၏ အတွေးများကို ဝင်ရောက်နှောင့်ယှက်လိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင် သူသည် မြို့ဂိတ်တံခါးရှေ့သို့ ရောက်လာပြီဖြစ်ပြီး.. အောက်ကအစောင့် လှမ်းအော်ပြောနေသည်မှာ သူ့ကို ဖြစ်လေသည်။
ယန်တိုင်းပြည်ကဲ့သို့သော ပြည်နယ်ခွဲလေးမှာတောင်.. မြို့တော်ထဲ၌ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းများ ရှိကြ၏။ မဟာကျိုးအင်ပါယာ၏ မြို့တော်ကဲ့သို့သော ခမ်းနားထည်ဝါသည့်မြို့ကြီးမှာဆိုရင်တော့ ပြောနေစရာပင် မလိုပေ။
သူ့ဓါးပျံကိုသိမ်း၍ ဆူဇီမိုသည် မြို့ဂိတ်တံခါးရှေ့ ဆင်းသက်လိုက်ပြီး လူအုပ်ကြီးနှင့်အတူ ရောနှောဝင်ရောက်လိုက်၏။
သူသည် ဘေးပတ်လည်ကို သေချာအကဲခတ်လိုက်ကြည့်ရင်း.. အစောင့်များက မြို့ဝင်ကြေးအဖြစ် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံး ကောက်ခံကြောင်း သူသိရှိလိုက်ရ၏။
ချီစုဖွဲ့စစ်သည်တော်များက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံး ပေးရပြီး.. အခြေတည်အဆင့်ကျင့်ကြံသူများကတော့ အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးပေးချေရ၏။
ရွှေအမြုတေအဆင့်များကတော့ ဒီအတိုင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်၏။
ဆူဇီမိုသည် ဘာပြဿနာမှ မဖြစ်ချင်ဘဲ.. အစောင့်တစ်ယောက်ဆီသို့ အလယ်အလတ်စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးကို ဒီအတိုင်းထုတ်ပေးလိုက်၏။
အစောင့်တစ်ယောက်က ဆူဇီမိုသည် အခုမှ ပထမဆုံးအကြိမ် မြို့တော်သို့ ရောက်လာသူဖြစ်ကြောင်း သူပြောနိုင်သောကြောင့်.. မြို့ထဲတွင် သတိထားသင့်သည့် စည်းမျဉ်းစည်းကမ်းများကို စေတနာအရင်းခံဖြင့် ဆူဇီမိုအား ပြောပြလိုက်၏။
ထိုစည်းကမ်းများကို သူချိုးဖောက်မိလျှင် အပေါ့လျော့ဆုံးပြစ်ဒဏ်အနေနှင့် မြို့ထဲမှ ကန်ထုတ်ခံရမည်ဖြစ်ပြီး ပြဿနာက ကြီးမားလျှင် ပြင်းထန်စွာ အပြစ်ပေးခံရနိုင်၏။
သူသည် ကျေးဇူးတင်ကြောင်း ပြသလိုက်ပြီးနောက်.. ဆူဇီမိုသည် မြို့ထဲသို့ ဝင်လာခဲ့၏။
ဝင်လာရင်းနှင့် သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။
မြို့တော်ထဲရှိ စိတ်ဝိညာဉ်ချီက အပြင်မှာထက် ပို၍ ပေါကြွယ်ဝ၏။
ထိုကဲ့သို့ အကျိုးသက်ရောက်မှု ရရှိနိုင်ရန်.. ဝင်္ကပါအစီအရင်သခင်တစ်ယောက်က မဟာကျိုးမြို့တော်အတွင်းအပြင်တွင်.. အလွန်ကြီးမားသည့် စိတ်ဝိညာဉ်စုဆောင်းဝင်္ကပါအစီအရင်ကြီးတစ်ခုကို တည်ဆောက်ခင်းကျင်းထားရပေမည်။
ဆူဇီမိုသည် အပြာရောင်ကျောက်ပြားများခင်းထားသော လမ်းပေါ်တွင်လျှောက်ရင်း အတွေးလွန်နေမိ၏။
ထိုစဉ် သူ့ဗိုက်က ဆာလောင်လာ၏။
မဟာကျိုးမြို့တော်အတွင်း၌ သတင်းအချက်အလက် စုဆောင်းဖို့ အကောင်းဆုံးနေရာမှာ စားသောက်ဆိုင်ဖြစ်လေသည်။
သူခေါင်းမော့ကြည့်လိုက်သောအခါ.. သူ့ဘယ်ဘက် မလှမ်းမကမ်းတွင် နှစ်ထပ်စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်ရ၏။
မွန်းလွဲချိန်သို့ မရောက်သေးသော်လည်း.. ဆိုင်အတွင်း၌ စားသောက်သူ အများအပြား ရှိနေကြပြီဖြစ်၏။ သူတို့အများစုမှာ ကျင့်ကြံသူများ ဖြစ်ကြ၏။
စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက်.. ဆူဇီမိုသည် ဒုတိယထပ်ရှိ သီးသန့်အခန်းများဆီသို့ မသွားတော့ဘဲ.. ပထမထပ်ရှိ ပြတင်းပေါက်အနီး စားပွဲတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး.. စားစရာအချို့ကို လှမ်းမှာလိုက်၏။
သိပ်မကြာမီ ပထမထပ်၌ လူသူများစွာ စုဝေးလာကြ၏။
များစွာသောကျင့်ကြံသူများသည် အုပ်စုငယ်လေးများ ဝိုင်းဖွဲ့၍ ကျင့်ကြံရေးလောကတွင် လတ်တလော ဖြစ်ပျက်နေသည်များကို ဆွေးနွေးငြင်းခုန်နေကြ၏။
ဆူဇီမိုသည် စိမ်ပြေနပြေ စားသောက်ရင်း.. နားစွင့်နေ၏။
အတန်ကြာပြီးနောက် လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရတ် ထပြောလိုက်၏။
“ဂိုဏ်းပေါင်းစုံပြိုင်ပွဲ ကျင်းပဖို့တောင် နှစ်နှစ်ကျော်ပဲ လိုတော့တယ်နော်.. ဒီတစ်ခု ပြိုင်ပွဲကျရင် ဆန်းကြယ်တောင်ထွတ်ကတော့ သွားပြီ”
“အမှန်ပဲ.. ဆန်းကြယ်တောင်ထွတ်က အဲ့လောက်အထိနာသွားမှတော့.. အဆင့်သတ်မှတ်စာရင်းလေးခုမှာ နေရာလွတ်တွေ ပိုထွက်လာတော့မှာပဲ.. လွတ်သွားတဲ့နေရာတွေကို ဘယ်သူတွေ အမိဖမ်းနိုင်မလဲ ကြည့်ရသေးတာပေါ့”
အားလုံးဆွေးနွေးနေကြစဉ်မှာပင်.. ဘယ်ဆီဘယ်ဝယ်က ရောက်လာသည်မသိရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ရုတ်တရတ် ထ၍ ဝင်မေးလိုက်၏။
“ကျုပ်ကြားမိတာတော့ ဆန်းကြယ်တောင်ထွတ်က အခြေတည်အဆင့်ကျင့်ကြံသူတွေ အများကြီး တန်လင်းတောင်ကြားမှာ အသတ်ခံခဲ့ကြရတယ်ဆို.. အဲ့နောက် ဘာဆက်ဖြစ်သွားလဲဗျာ.. ဆန်းကြယ်တောင်ထွတ်က တပည့်ဘယ်လောက်များများ လွတ်မြောက်သွားတယ်လို့ ကြားမိကြလဲဗျ”
လူတိုင်းက ဆူဇီမိုကို အထူးတဆန်းသဖွယ် ကြည့်လိုက်ကြ၏။
သူက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။
“ဒီလိုပါ.. ကျုပ်က လူသူမရောက်ပေါက်တဲ့ အပြင်ဘက်ကို လျှောက်သွားနေတာ အခုမှ ပြန်ရောက်လာတာလေ.. ကျုပ်ဒီသတင်းကို ကြားမိတာ ပထမဆုံးအကြိမ်မို့လို့ပါ”
“အို့”
ကျင့်ကြံသူများ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ကြ၏။
တစ်ယောက်က ပြောလိုက်၏။
“ဆန်းကြယ်တောင်ထွတ်ကလူတွေ အစုပြုံလိုက်အပြုံလိုက် အသတ်ခံရတာ.. တော်တော်ထိချက်ပြင်းတယ်တဲ့.. ငါသိသလောက်ဆိုရင် အခြေတည်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်ကျော်လောက်ပဲ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်တဲ့.. အမွေခံတပည့်သုံးယောက်ထဲက နှစ်ယောက်တောင် အဲ့တိုက်ပွဲမှာ အသတ်ခံလိုက်ရတယ်တဲ့”
အလုံးစုံ ချေမှုန်းခံရခြင်း မဟုတ်သည့်အတွက် ဆူဇီမိုသည် နည်းနည်းတော့ တော်သေးပါသည်ဟု တွေးလိုက်၏။
သို့သော်လည်း ဖက်တီးလေးနှင့် လမ့်ရိုတို့ အဆင်ပြေခဲ့ရဲ့လားဟု သူစိတ်ပူနေရဆဲဖြစ်၏။
“ဆန်းကြယ်တောင်ထွတ်က ရွှေအမြုတေတွေရော ဘယ်နှယ့်လဲ.. သူတို့ ဘာဖြစ်သွားကြသေးလဲ” ဆူဇီမိုသည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။
“သူတို့က ပိုတောင်အခြေအနေဆိုးသေးတယ်”
ဘေးဘက်က ကျင့်ကြံသူတစ်ယောက်က ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
“ငါကြားတာတော့ ဆန်းကြယ်တောင်ထွတ်ဘက်က ရွှေအမြုတေငါးယောက်မှာ တစ်ယောက်ပဲ လွတ်လာခဲ့တယ်တဲ့.. အဲ့တစ်ယောက်က ဒဏ်ရာတော်တော်ပြင်းပြင်းဆိုပဲ.. သူသေမလား ရှင်မလားဆိုတာတောင် မသေချာဘူးတဲ့”
ဆူဇီမိုသည် သက်ပြင်းချလိုက်၏။
သူတို့ပြောကြပုံအရဆို.. ဆန်းကြယ်တောင်ထွတ်က တော်တော်အထိနာခဲ့လေသည်။
သူတို့၏ ထိန်တန်းပင်မအခြေအတည်အဆင့်များ အားလုံးနီးပါးသည် တန်လင်းတောင်ကြား၌ ကြွေလွင့်ခဲ့ရ၏။
နောက်ထပ် သူသေချာ မသိရသေးသည်မှာ.. ထွက်ပြေးလွတ်မြောက်ခဲ့သည်ဆိုသော ရွှေအမြုတေအဆင့်မှာ တောင်ထွတ်သခင်ဝမ်ရွှမ်းလား၊ အကြီးအကဲယုဆိုတာလားကိုပင်။
ထို့နောက် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ထပ်ပြောလိုက်၏။
“ငါကြားတာတော့ အစတုန်းက ဆန်းကြယ်တောင်ထွတ်က တပည့်တွေအကုန်လုံးက တစ်ယောက်မှ လွတ်ဖို့ အခွင့်အရေးမရှိခဲ့ဘူးတဲ့.. ဒါပေမယ့် အဲ့အခြေအနေကနေ အပြောင်းအလဲတစ်ခု ပေါ်လာခဲ့တယ်တဲ့.. သူ့ရဲ့ဂိုဏ်းသားဂိုဏ်းဖော်တွေကို ကယ်ဖို့အတွက် တပည့်တစ်ယောက်က သူ့ကိုယ်သူ စတေးခံပြီး.. ရန်သူတစ်ဝက်ကျော်လောက်ကို မြှားခေါ်ထုတ်နိုင်ခဲ့တယ်တဲ့.. ..”
“ဟုတ်တယ် ငါလဲအဲ့လိုကြားတယ်.. အဲ့လိုလူမျိုးတစ်ယောက် သေသွားရတာ တစ်ကယ်နှမြောစရာပဲကွာ” နောက်ထပ်ကျင့်ကြံသူတစ်ယောက်က နှမြောတမ်းတသော အမူအယာနှင့် ခေါင်းခါလိုက်၏။
သူတို့ပြောနေကြသော ဆန်းကြယ်တောင်ထွတ်က ထိုတပည့်မှာ သူ့ကိုရည်ညွှန်းပြောနေကြခြင်းဖြစ်ကြောင်း ဆူဇီမို နားလည်လိုက်၏။ သို့သော်လည်း သူတို့သိထားသော အကြောင်းအရာများမှာ တစ်ကယ့်အဖြစ်မှန်နှင့် ကွာဟနေသေး၏။
“တစ်ကယ်ဆို အဲ့လူက သေချင်မှလဲ သေဦးမှာပေါ့.. ဟုတ်တယ်မလား” ဆူဇီမိုက ဒီအတိုင်း ဝင်ထောက်ပြောလိုက်၏။
“ဟေး”
တစ်ယောက်က အေးစက်စက် သရော်လိုက်၏။
“သူ့နောက်ကို ရွှေအမြုတေအဆင့်တွေရော၊ မရေမတွက်နိုင်တဲ့ အခြေတည်အဆင့်တွေရော လိုက်သွားကြတာလေ.. ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ဦးလဲ”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကပါ ကြားဖြတ်ဝင်ပြောလိုက်၏။
“သူသာ မသေဘူးဆိုရင်.. ငါ့ခေါင်းကို ငါကိုယ်တိုင်ဖြတ်ပေးလိုက်မယ်.. မင်းတို့ကောင်တွေ ဘောလုံးလုပ်ပြီးသာ ကန်လိုက်ကြတော့.. ..”